September 19, 2009

ရွေးကောက်ပွဲ လုပ်ကြရအောင်

သတ္တိရှိလျှင်ရွေးကောက်ပွဲလုပ်ကြရအောင်

၁၉၄၅ ခု၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ရွှေတိဂုံ စေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် မိန့်ကြားသည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ... ။

ယနေ့ ... ပြည်သူ့အစည်းအဝေးကြီး ခေါ်ဆိုရသည့်အကြောင်းမှာ ... သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် နေသူရိန် ပြည်သူ့ အစည်းအဝေးကြီးက ... ဆုံးဖြတ်ခဲ့သော ... ဆုံးဖြတ်ချက်များအတိုင်း ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးက ဘယ်လို ဆောင်ရွက်ခဲ့သည် ... ။ ဘယ်လောက်ထိ ရောက်ခဲ့သည် ... ရှေ့ တွင် ဘာလုပ်ဖို့ လိုသည် စသည်တို့ကို ... အစီရင်ခံရန်နှင့် ထိုအစီရင်ခံချက်များအရ ... ပြဋ္ဌာန်းသင့်သော ဆုံးဖြတ်ချက်များကို ... ပြဋ္ဌာန်းရန်ပင်ဖြစ်သည် ... ။ အထူးသဖြင့် ... ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးနှင့် အင်္ဂလိပ်ဘုရင်ခံ ... နှစ်ဦး နှစ်ဖက်တို့သည် .. ယာယီအမျိုးသားအစိုးရ တည်ထောင်ရေး ... ကိစ္စတွင် သဘောကွဲလွဲခြင်းနှင့် စပ်လျဉ်း၍ ... တိုင်းသူပြည်သားများအား .. ရှင်းလင်းပြရန်နှင့် ... ရှေ့ တွင်မည်သို့ စခန်းသွားသင့်သည်ကို... ဆွေးနွေးရန်ပင် ဖြစ်ပါသည် ။

ဤကိစ္စများနှင့် ပက်သက်၍ ... အစီရင်ခံချက် အရပ်ရပ်ကို အထွေထွေ အတွင်းရေးမှူးက ဖတ်ပြပါလိမ့်မည် ... ။ ကျွန်တော် ပြောဆိုလိုသော အချက်များမှာ... အောက်ပါအတိုင်းပင်ဖြစ်ပါသည် ... ။

၁။ ဗမာ့တပ်မတော်ကိစ္စ ... ။ ဗမာ့တပ်မတော်ကိစ္စနှင့် ပက်သက်၍ ... သီးခြားအစီရင်ခံစာ တင်ပြပါလိမ့်မည် ... ။ ထို့ကြောင့် ... ကျွန်တော် အကျယ်တ၀င့် ဤကိစ္စတွင် မပြောလိုပါ ... ။ တချက် နှစ်ချက်လောက်မျှသာ အစီရင်ခံလိုပါသည် ... ။ ဗမာ့တပ်မတော် ကိစ္စနှင့် ပက်သက်၍ အချို့ မလိုသော ... ပုဂ္ဂိုလ်များသည် ဗမာ့တပ်မတော်ကို အင်္ဂလိပ် အစိုးရလက်အောက်ခံ ... တပ်မတော်အဖြစ် ထားရမလားဟု အပြစ်ပြောကြပါသည်... ။ ကျွန်ုပ်က ... ထိုကဲ့သို့ အပြစ်ပြောသူများကို ... အင်္ဂလိပ်အစိုးရ လက်အောက်ခံစစ်တပ်အဖြစ် ... မထားလို့ရှိလျှင် ဘယ်လိုလုပ်ထားရမှာလဲဟု မေးလိုပါသည် ... ။ ကျွန်ုပ်တို့က ကျွန်ုပ်တို့ ... တိုင်းပြည်ကို ... ကျွန်ုပ်တို့ သဘောကျ ... ကျွန်ုပ်တို့အကျိုးအတွက် ... စီမံဖန်တီးနိုင်သော ... လွတ်လပ်ရေးကို ... အလိုရှိကြ၏ ... ။ ထိုလွတ်လပ်ရေး ရရာ ရကြောင်း ... ကျွန်ုပ်တို့ ကြိုးစားခဲ့၏ ... ။ ဆောင်ရွက်ခဲ့၏ ... ။ ဤကဲ့သို့ ... ကျွန်ုပ်တို့ ... ဆောင်ရွက်ခဲ့ပုံကို ... တိုင်းပြည် တပြည်လုံး အသိဖြစ်၏ ... ။ သို့သော် ... ကျွန်ုပ်တို့ အလိုရှိသော ... လွတ်လပ်ရေးသည် ... ကျွန်ုပ်တို့လက်ဝယ် မရရှိသေး ... ။ ထိုကဲ့သို့ ... ကျွန်ုပ်တို့ လွတ်လပ်ရေး မရရှိသေးသည်မှာ ... ကျွန်ုပ်တို့ လွတ်လပ်ရေး လုပ်ငန်းအင်အားသည် ... လွတ်လပ်ရေး ရနိုင်သည်အထိ မပြည့်စုံသေး၍သာ... ဖြစ်ကြောင်း ... ။

ဗမာ့တပ်မတော်ကိစ္စမှာ ... လက်ငင်းအားဖြင့် ... အဖျက်အသိမ်းခံမည်လော၊ ... သို့တည်းမဟုတ် ... စစ်တပ်အဖြစ်တည်ရှိရန် ... ကြိုးစားမည်လောဟူသော ... အမေးနှစ်ရပ်ကို ... မူတည်၍ ... ကျွန်ုပ်တို့လုပ်ကိုင်ခဲ့ခြင်း ... ဖြစ်သည် ... ။ ဤကိစ္စမှာ... လက်ငင်း အရေးဆို၊ လက်ငင်းဆုံးဖြတ်ရမည့်ကိစ္စ ... ဖြစ်သဖြင့် ... ဗမာနိုင်ငံလွတ်လပ်ရေးရသည်အထိ ... ရွှေ့ ဆိုင်းနိုင်သော ... ကိစ္စမဟုတ်ပေ ... ။ ထိုကဲ့သို့ လွတ်လပ်ရေးရသည်အထိ ... ဗမာ့တပ်မတော်ကို ... အဖျက်အသိမ်းမခံလိုလျှင် ... အင်္ဂလိပ်နှင့် စစ်တိုက်ရန်သာ ရှိသည် ... ။ သို့သော် စစ်တိုက်ခြင်း၊ နိုင်ငံလွတ်လပ်ရေးအတွက် ... ဆောင်ရွက်ခြင်း မည်သည်မှာ ... ကလေးကစားသလို ... စိတ်ထင်တိုင်းပြုကျင့်အပ်သည့်အရာမျိုး မဟုတ်သဖြင့် အင်္ဂလိပ်လက်အောက်၌ ... ထားပင်ထားရစေကာမူ ... စစ်တပ်အဖြစ် ... တည်ရှိရန် ပဓာန ဖြစ်ရကား ... ၊ မူလကပင် ... ကျွန်ုပ်တို့သည် ... ရှင်းရှင်းလင်းလင်း ... ဆိုထားခဲ့ပေသည် ... ။ နေသူရိန်ပြည်သူ့ အစည်းအဝေးကြီး၌ ... ကျွန်ုပ်၏ ဥက္ကဋ္ဌမိန့်ခွန်းကို ဖြစ်စေ ... ၊ တပ်မတော်နှင့်ဆိုင်သောဆုံးဖြတ်ချက်ကိုဖြစ်စေ ... သေသေချာချာ ဖတ်ကြည့်က ... ဤအချက်များသည် ... ရှင်းလင်းသွားပါလိမ့်မည် ... ။ တပ်မတော်နှင့် ပက်သက်သော သီးခြား အစီရင်ခံချက်ကိုလည်း ခင်ဗျားတို့ ကြားနာသည့်အခါ ရှင်းလင်းပါ လိမ့်မည် ... ။

အမှန်စင်စစ် ဤအစီရင်ခံစာကို အောက်တိုဘာလ ၆ ရက်နေ့ ဗဟိုဦးစီး အဖွဲ့အစည်းအဝေးတွင် တင်ပြသည့်အခါ သတင်းစာတိုက်များသို့လည်း ဝေငှပြီးဖြစ်ကြောင်း ... ၊ ဗမာ့တပ်မတော်သည် ဗမာပြည်လွတ်လပ်ရေး လုပ်ငန်းအတွက် မိမိစွမ်းအားရှိသမျှ ဆောင်ရွက်ခဲ့ပြီးလေပြီ ... ။ ၎င်းတို့ ဆောင်ရွက်ခဲ့သည့်အတွက် ဗမာတိုင်းပြည်နှင့် ဗမာလူမျိုးတို့၏ ဂုဏ်ရည်သည်လည်းကောင်း ... ၊ ဗမာ့လွတ်လပ်ရေး လုပ်ငန်းအဆင့်သည်လည်းကောင်း ... ၊ ကမ္ဘာတခုလုံးက အသိအ မှတ်ပြုခံရသည့် အခြေသို့ရောက်ခဲ့ပြီ ... ။ ဗမာ့တပ်မတော်၏ စစ်လုပ်ငန်းများသည် ပြီးဆုံးခဲ့ပြီ ... ။ ဗမာ့တပ်မတော်သည် တာဝန်ကြေခဲ့ပြီ ... ။ တပ်မတော် ပြင်ဖက်ရှိ နိုင်ငံရေးသမားများနှင့် တိုင်းသူပြည်သားများက ကျန်ရှိသေးသော လွတ်လပ်ရေး လုပ်ငန်းများကို ဆက်လက်၍သာ ပြုလုပ်ရန် ရှိတော့သည် ... ။ ထိုကဲ့သို့ လွတ်လပ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရာတွင် ဗမာ့တပ်မတော်၏ ရည်ရွယ်ချက်အတိုင်း လျင်မြန်စွာ အောင်မြင်နိုင်ရန် ကျွန်ုပ်နိုင်ငံရေး နယ်တွင်းသို့ ပြန်လည် ၀င်ရောက်ရခြင်း ဖြစ်သည် ... ။ ဤကား တပ်မတော်ကိစ္စနှင့် ပက်သက်၍ ပြောဆိုလိုသော အချက်များပင်တည်း ... ။

ယာယီ အမျိုးသားအစိုးရကိစ္စ ... ။ ဤကိစ္စနှင့် ပက်သက်၍လည်း အထွေထွေ အတွင်းရေးမှူး၏ အစီရင်ခံစာတွင် ပါရှိပါလိမ့်မည် ... ။ သို့သော် ကျွန်ုပ်တို့ အဖွဲ့ချုပ်ကြီးသည် ဤကိစ္စတွင်လည်းကောင်း ... ၊ အခြား ကိစ္စများတွင်လည်းကောင်း ... အခြားကိစ္စများတွင် လည်းကောင်း ဖက်ဆစ်ဆန်သည်ဟု အင်္ဂလိပ်ဖက်နှင့် အင်္ဂလိပ်ရဲ့ လူများက တိုးတိုးတမျိုး ... ၊ ကျယ်ကျယ်တဖုံ ... ၊ ဝေဖန်ချက်ကို ချေပလိုပါသည် ... ။ ကျွန်ုပ်တို့ အဖွဲ့ချုပ်ကြီး၏ ၀ါဒ ... ၊ စည်းမျဉ်း လုပ်ငန်းအရပ်ရပ်တွင် မည်သည့်အရာသည် ဖက်ဆစ် ဆန်ပါသနည်း ... ။ သိုးသိုးသန့်သန့် ကြားရသော သတင်းတရပ်အရ နေသူရိန် အစည်းအဝေးကြီးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ တဖက်သက် ချမှတ်ခဲ့သလို တချို့ ပြောသည်ဟု သိရပေသည် .... ။ အဘယ်အကြောင်းများ ကြောင့် ဤကဲ့သို့ တဖက်သတ် ဆုံးဖြတ်ချက်များဟု ပြောနိုင်သနည်း ... ။ ကန့်ကွက်သူ မရှိသဖြင့် ပြောဆိုခြင်းပင်လော ... ။ ကန့်ကွက်သူ မရှိသည်မှာ ကန့်ကွက်ရန် အခွင့်အရေး မရှိ၍မဟုတ်ဘဲ ... ၊ ထိုကဲ့သို့ အခွင့်အရေး ရှိထားလျက် ထိုစဉ်အခါက ကန့်ကွက်လိုသူများသည် မကန့်ကွက်ခြင်းမှာ အဆိုပါ ကန့်ကွက်လိုသူများ၏ အပြစ်သာ ဖြစ်၍ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး၏ အပြစ်မဟုတ်။ ဘုရင်ခံ၏ ကိုယ်စား ကြေငြာချက်တွင် လည်းကောင်း ... အခြားအစိုးရပိုင်း သို့မဟုတ် အစိုးရနှင့် မကင်းသူများထံမှ ပြောကြားချက်များတွင် လည်းကောင်း၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကပင် ဖက်ဆစ်ဆန်သလို ရေးသား ပြောဆိုကြ၏ ... ။

ဘုရင်ခံသည် သူ့စကားအရပင် ၁၉၃၅ ခု၊ ဗမာပြည် အုပ်ချုပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃၉ အရ အင်္ဂလိပ် ပါလီမန် ကို သူတဦးတည်း တာဝန်ခံ အုပ်ချုပ်ရသဖြင့် သူမတတ်နိုင်ပါဟူသော သဘောကို ပြောထားပြီးဖြစ်ရာ ဤကဲ့သို့ အုပ်ချုပ်ခြင်းသည် တစ်ဦးတည်းအုပ်ချုပ်ခြင်း ဖြစ်သဖြင့် ဖက်ဆစ်ဆန်ခြင်းဆန်လျှင် ဘုရင်ခံသာလျှင် ဖက်ဆစ်ဆန်ကြောင်း ထင်ရှားလှပေသည် ... ။ အင်္ဂလိပ် ဘုရင်ခံသည် တိုင်းပြည်မှ နောက်လိုက် ဘာမျှမရှိသော လူပုဂ္ဂိုလ်များ စုပေါင်းထားသော အမှုဆောင်ကောင်စီ ၀န်ကြီးအဖွဲ့ကို ခန့်ထားခြင်းသည် ဘယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီလို့ ခန့်ပါသလဲ ... ။ ဖက်ဆစ် စနစ်မဟုတ်ပါဘူးလို့ အင်္ဂလိပ်ဘုရင်ခံက ဆိုရဲပါရဲ့လား ... ။ ထိုဘုရင်ခံ၏ အလိုတော်ရှိ ဗမာ ၀န်ကြီးသစ်များသည် ကျုပ်တို့ တပြည်လုံးက အဖွဲ့စုံပါတဲ့ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးဆိုဒါ သိပါလျက်နှင့် ပါတီတဖွဲ့တည်းသာလျှင်ရှိသော တိုင်းပြည်သည် ဖက်ဆစ် တိုင်းပြည်ဖြစ်သည်ဟု ဗြောင်လိမ်သော စကားယောင်ဝါးသော နိုင်ငံရေး သဘောကို ပြောဆိုလိုက်ရာ သူတို့ကတော့ ဘယ်လိုအကြောင်းတွေကြောင့် .... ဒီမိုကရေစီစနစ်ကို လိုက်တယ်လို့ ပြနိုင်ပါသလဲ ... ။ ရာထူး လိုချင်လို့ ရာထူး ယူပါတယ်ဆိုရင် တိုင်းပြည်ကို မလိမ်မကောက်ဘဲ ပြောရာရောက်လို့ ... တိုင်းသူ ပြည်သားတွေကို ရိုသေ လေးစားတဲ့သဘော ဖြစ်နိုင်သေးတယ် ... ။ ဒီမိုကရေစီကို ကာယကံမြောက် မလိုက်နာနိုင်ပေမဲ့ ဒီမိုကရေစီစိတ်ရှိသေးတယ်လို့ ခေါ်နိုင်ပါသေးရဲ့ ... ။ အခုတော့ ဒီမိုကရေစီ စနစ်နဲ့လဲ ဘယ်လို လုပ်လို့မှ သူတို့လုပ်တာ ညီညွတ်တယ်လို့ မပြောနိုင် .... ၊ တိုင်းပြည်ကိုလည်း ထပ်လှည့်စားပြန်ဆိုတော့ ဒီလို လူမျိုးတွေကိုမှ ဖက်ဆစ်ဝါဒ မဟုတ်ဘူးဆိုလို့ရှိရင် ဘယ်သူ့ကို ဖက်ဆစ်ခေါ်ရမှာလဲ ... ။ နောက်ပြီး ဖက်ဆစ်ဝါဒဆိုဒါ ဘာလဲ သိကြရဲ့လား ... ။ ကျုပ်တို့ နားလည်သလောက်ဖြင့် ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလဲ တိုင်းသူ ပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ် ... ၊ အခြား လူမျိုးတွေကိုလဲ ငါတို့ လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ်လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကိုအမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ ဝါဒလို့ ကျုပ်နားလည်တာပဲ ... ။ နယ်ချဲ့ ဝါဒ နဲ့ ဖက်ဆစ်ဝါဒ ထူးခြားပုံဟာ နယ်ချဲ့ ဝါဒကတော့ မိမိတိုင်းပြည် တွင်းမှာ ဒီမိုကရေစီ စနစ် လုပ်တန်သလောက်လုပ်ပြီး မိမိပိုင် ကျွန်နိုင်ငံတွေမှာ ဖက်ဆစ် ဆန်သလောက်ဆန် တယ် ... ။ ဖက်ဆစ်ဝါဒကတော့ ကိုယ့်တိုင်းပြည်မှာရော သူများတိုင်းပြည်မှာရော ဘယ်နေရာမှာမဆို ဖက်ဆစ်နည်းကို သုံးတယ် ... ။ စစ်မဖြစ်ခင်တုန်းက အင်္ဂလိပ်အစိုးရဟာ နယ်ချဲ့ အစိုးရပင်ဖြစ်တယ် ... ။ နယ်ချဲ့ အစိုးရချင်းမှာတောင် ထိုစဉ်အခါက သူပိုပြီး ရက်ရောတဲ့စိတ် ရှိတယ် ... ။ ဒါဘာဖြစ်လို့လဲ ... ၊ စီးပွားရေး အခြေအနေ ကြောင့်ဘဲ ... ။

ဟိုတုန်းက အင်္ဂလိပ်အစိုးရဟာ ကမ္ဘာပေါ်အကြီးဆုံး အင်ပိုင်ယာကြီးကို ပိုင်ထားတဲ့အတွက် စီးပွားရေး အခြေမှာ တခြားနယ်ချဲ့  အစိုးရတွေ ထက်ပိုပြီး တောင့်တင်းတယ် ... ။ မိမိတိုင်းပြည် အလုပ်သမား ဆင်းရဲသားများကိုလဲ ဖြန့်ဖြူး ပေးနိုင်တယ် .... ။ လက်အောက်ခံ ကျွန်တိုင်းနိုင်ငံတွေ အပေါ်မှာလဲ ရက်ရောခဲ့တယ် ... ။ ပြင်သစ်ပိုင် အင်ဒိုချိုင်းနား ... ၊ ဒတ်ခ်ျပိုင် အင်ဒိုနီးရှား စသော တိုင်းပြည်များတွင် တခြားနယ်ချဲ့ အုပ်ချုပ်ရေး စနစ် တွေထက်ပိုပြီး ရက်ရောသလောက် ရက်ရောခဲ့တယ် ... ။ သို့သော်လဲ ယခုဗြိတိသျှ နယ်ချဲ့  အစိုးရမှာ စစ်ကိုနိုင်တယ်ဆိုပေမဲ့ ... ၊ စစ်ကြောင့် ၎င်း၏ အခြေများမှာ အင်မတန်ပင် ယိုင်လဲနေတယ် ... ။ အထူးသဖြင့် ၎င်း၏ စီးပွားရေးအခြေမှာ အလွန်ပင် ချည့်နဲ့နေတယ် ... ။ ရေနစ်အံ့ဆဲဆဲ ဖြစ်သောသူဟာ ရမိရရာ မြဲမြဲကြီး ဆုပ်ကိုင်သလို အင်မတန် ဇယားကောင်းပြီး ဘ၀ပြောင်းတော့ မလောက်ဖြစ်နေတဲ့ ဗြိတိသျှနယ်ချဲ့ စနစ်ဟာလဲ ဖက်ဆစ်စနစ်ကြီးကို စီးပွားရေးသဘော အိမ်နောက်ဖေးကသွင်းနေတယ် ... ။ အဲဒီလို စီးပွားရေး သဘော ဖက်ဆစ်စနစ်ကို လုပ်ဆောင်နိုင်အောင် နိုင်ငံရေးသဘောကိုလဲ ရမယ်အမျိုးမျိုးရှာပြီး ဖက်ဆစ်စနစ်ဘဲ လုပ်လာရပြီ ... ။ ဥပမာ ဖက်ဆစ်ဆန့်ကျင်ရေး သမားများကို အကြောင်းအမျိုးမျိုး ဖန်တီးပြီး ဖမ်းဆီးလျက် ရှိသေးခြင်း .... ၊ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးနှင့် ဘုရင်ခံစေ့စပ်ရာတွင် ... နောက်ဆုံး အဖွဲ့ချုပ်ကြီးက လိုလားသော တင်းပြည့်ယာယီ အမျိုးသားအစိုးရ မပေးနိုင်ရုံတွင်မက ကုလား ပြည်တွင် အင်္ဂလိပ်က ပေးသလောက်ကိုပင် မပေးငြားသော်လည်း ... ၊ အဖျက်လုပ်ငန်းကို မလုပ်လိုသဖြင့် အဖွဲ့ချုပ်ကြီးက ဘုရင်ခံတဦးတည်း အုပ်ချုပ်ရေးကို တိုင်းပြည်သို့ တာဝန်ခံအုပ်ချုပ်နိုင်သော အစိုးရသဘော အုပ်ချုပ်စေရန် ကျွန်တော်တို့က လျှော့လျှော့ပေါ့ပေါ့ လုပ်တာတောင် ပရိယာယ် အမျိုးမျိုးသုံးပြီး ဘုရင်ခံသည် ထင်ရာကိုလုပ်နေခြင်း ... ၊ စစ်ပြီးသော်လည်း ဗမာပြည်ကာကွယ်ရေး ဥပဒေကို မရုပ်သိမ်းသေးခြင်း၊ ချောက် စသော မြို့များတွင် စစ်အုပ်ချုပ်ရေး ရှိသေးခြင်း၊ တနင်္သာရီနယ်ဖက်တွင် ဂျပန်များ လက်နက်ချပြီးပြီဟု သိရှိရသော်လည်း စစ်အုပ် ချုပ်ရေး မရုပ်သိမ်းသေးခြင်း၊ ပုလိပ်ထံ ၀န်ခံချက်များကို သက်သေခံအဖြစ်ဥပဒေ၀င်သည်ဟု ဥပဒေ ပြောင်းလွဲ ထားသဖြင့် ဂျပန်ကင်ပေတိုင် စနစ်အတိုင်း ဖြစ်နေခြင်း၊ ထောင်ခြောက်လအထိ ကျနေသောထောင်ကျ လူများ ကို အယူမခံမရှိဆိုခြင်း ... စသော အရာများသည် နိုင်ငံရေးသဘောအရ ဖက်ဆစ်ဝါဒပင်ဖြစ်သည် ... ။ ဂျပန်ဖက် ဆစ်ဝါဒမှာ စစ်ဖက်က အုပ်ချုပ်သော ဖက်ဆစ်ဝါဒဖြစ်၍ ဗြိတိသျှနယ်ချဲ့ ဝါဒမျာ ယခုအခါတွင် စီးပွားရေးဖက်ဆစ် ၀ါဒအသွင်သို့ ပြောင်းလွဲရန် လွတ်လပ်ရေး ဗန်းပြလျက် နိုင်ငံရေးသံသရာ ရှည်နိုင်သမျှ ရှည်အောင် ကြိုးစားလျက် နိုင်ငံရေး ဖက်ဆစ်ဝါဒကို ရမယ်အမျိုးမျိုးရှာကာ အသုံးပြုနေလေပြီ ... ။ ဤကိစ္စနှင့် ပက်သက်၍ ယနေ့တင်ပြမည့် စီးပွားရေးနှင့် ပက်သက်သော အဆို ... ၊ ပြစ်ဒဏ် ငြိမ်းချမ်းရေးနှင့် ပက်သက်သော အဆိုများ တင်သွင်းသည့် အခါ ပိုမိုသိရှိနားလည် လာကြပါလိမ့်မည်။

ဒုတိယ ... ကျွန်တော်ပြောလိုသော အချက်မှာ ... ဘုရင်ခံကသော်လည်းကောင်း၊ အချို့ သတင်းစာများက သော် လည်းကောင်း ကျွန်ုပ်တို့နှင့် ဘုရင်ခံသဘောကွဲလွဲခြင်းတွင် ပေါ်လစီကြောင့် ကွဲခြင်းမဟုတ် .... ၊ ပုဂ္ဂိုလ်စွဲကွဲခြင်းဖြစ် သည်ဟု ဆိုကြသည်။ ဤစကားမှာ လုံးဝမှားသော အချက်ပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ဤကိစ္စနှင့် ပက်သက်၍ ကျွန်ုပ်တို့ထုတ်ပြန်ချက်များ၊ စာများ၊ ဆုံးဖြတ်ချက်များကို သတင်းစာတိုက်များ အားပေးထားရုံမက ကျွန်ုပ်တို့ ဗဟိုဦးစီအဖွဲ့ အစည်းအဝေး ဆွေးနွေးချက်များကိုပင် နားထောင်ခွင့် ပြုထားပါလျက် ဤကဲ့သို့ မဟုတ်သောစကားကို ဘုရင်ခံက အင်္ဂလိပ်အစိုးရအဖို့ ပြောသည်ကို နားလည်နိုင်သော်လည်း အချို့ သတင်းစာများက ရေးသားသည်ကို နားမလည်နိုင်အောင်ပင် ဖြစ်ရတော့ကြောင်း ... ။ ကျွန်ုပ်တို့က နေသူရိန်စာချုပ်အရ ဆောင်ရွက်၍ ဘုရင်ခံက သူ့စက္ကူဖြူစာတန်းအရ ဆောင်ရွက်၏ ... ။ ကျွန်ုပ်တို့က ဘုရင်ခံ တဦးတည်း အုပ်ချုပ်ရေးအစား အဖွဲ့နှင့်ကာကွယ်နိုင် သော အုပ်ချုပ်ရေးကို တောင်း၍ ဘုရင်ခံက သူထားရာကနေသော တဦးစီအနေဖြင့်ပါသော ၀န်ကြီးအဖွဲ့ကိုသာ အလိုရှိ၏ ... ။ ကျွန်ုပ်တို့ ပြုလုပ်ခြင်းကား ဘုရင်ခံက ဥပဒေအရ အာဏာရှင်စံနစ် သုံးမည့်အရေးကို လုပ်ငန်းစဉ်သဘောတွင် ဒီမိုကရေစီစနစ်ဖြစ်အောင် လုပ်ချင်၏။ ဤအချက်များကို ကြည့်လျှင် ကျွန်ုပ်တို့သည် ဘုရင်ခံနှင့် သဘောကွဲ လွဲရာတွင် ပုဂ္ဂိုလ်စွဲ သဘောနှင့်ချည်း ကွဲလွဲခဲ့သည်မဟုတ် ... ၊ စနစ်သဘော ... ၊ ပေါ်လစီသဘောလည်း ကွဲလွဲသည်မှာ ထင်ရှားလှပေသည် ... ။ ၎င်းပြင် ပုဂ္ဂိုလ်နှင့်ပက်သက်၍ ဂရုမစိုက်ရဆိုသည်မှာ အရာရာတွင် မမှန်၊ တိုင်းပြည်တည်း ဟူသော စက်ကြီးကို ထူထောင်ရာ၌လည်း ကောင်းရန်လိုသည်။ ဘုရင်ခံက အကြောင်းမလုံလောက်ဘဲ ... ၊ အချို့ ပု ဂ္ဂိုလ်များကိုပယ်၏။

ဘာကြောင့်ပယ်သနည်း။
ဤကဲ့သို့ ကျွန်ုပ်တို့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးက တညီတညွှတ်တည်း လုပ်သည်ကို မရှုဆိတ်နိုင်၍ ပြုလုပ်ခြင်းသာ ဖြစ်၏ ... ။ ဘုရင်ခံက အင်္ဂလိပ်ဓနရှင်များ အကျိုးအတွက် ဤကဲ့သို့ လုပ်ခြင်း ကို နားလည်နိုင်သော်လည်း ဗမာအချို့က ဘုရင်ခံ၏လေကို ထောက်ခံခြင်းသည် တိုင်းပြည်ညီညွှတ်ပြီး လွတ် လပ်ရေး မြန်မြန် ကောင်းကောင်းရမှာ စိုး၍လော ... ။ ဤကဲ့သို့သော လူမျိုးကို ရာဇ၀င်တည်းဟူသော တရားသူကြီးသည် ကျုပ်တို့တိုင်းပြည်နှင့် လူမျိုး၏အကြီးဆုံးသော ရန်သူဟူ၍ ဖျက်မပစ်နိုင်သော အနာရွက်ထင်အောင် တံဆိပ်ခတ်နှိပ်ပေးဖို့သာ ရှိတော့သည် ... ။ ကျွန်ုပ်တို့အဖို့ကား မည်သို့မှ စိတ်မရှိပေ ... ။ သို့သော် ရာဇ၀င်တည်းဟူသော မညှာတမ်း တရားသူကြီး၏ မဖျက်နိုင်သော အပြစ်ပေးမှုကို ဤကဲ့သို့ လူမျိုးများရှိပါက ကျွန်ုပ်တို့နှင့် မသက်ဆိုင် ဘဲ ဘယ်သူမပြု မိမိမှုဆိုသလို ထိုသူများ၏ အပြစ်သာဖြစ်တော့သည် ... ။

တတိယ...... အချို့ပုဂ္ဂိုလ်များက ဘုရင်ခံနှင့် စကားဆိုရာတွင် တင်းလွန်းသည်ဟု ပြောကြရာ တဖက်တွင် ကျွန်တော်အတော်အတန် ရှင်းလင်းပြသခဲ့သည့်အတိုင်း မည်သည့် နေရာတွင် ကျွန်တော်တို့တင်းပါသနည်း ဟူ၍ ပြောဆိုသော သူများကိုသာ ပြန်လှန်မေးလိုလှပေကြောင်း ... ။ဤကား ယခုလက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ကျွန်ုပ်ရှင်းလင်းလိုသည့် အချက်များပင်တည်း ။

ယခုလက်ရှိ နိုင်ငံရေး အခြေအနေကို သုံးသပ်ပြီးသည့်နောက် ရှေ့နိုင်ငံရေး အလားလာနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးလိုပေကြောင်း... ။ ကမ္ဘာ့ နိုင်ငံရေး အလားအလာမှာ ယခုအခါ ကမ္ဘာရှိ နိုင်ငံအသီးသီးသည် စစ်ပန်းကျ နေချိန်ဖြစ်သဖြင့် တကြောင်း ... ။ မိမိနိုင်ငံ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေသည့် အချိန် ဖြစ်သဖြင့် တကြောင်း ... ။ တနိုင်ငံနှင့် တနိုင်ငံ အကျိုးချင်း ညှိနှိုင်း၍ မလုပ်ဘဲ မိမိနိုင်ငံကို ထူထောင်ရန် ခဲယဉ်း နေသော အချိန်အခါဖြစ်ကြောင်း ... ။ အင်္ဂလိပ်အစိုးရသည် အလွန်ပင် အင်အားနည်းသော အချိန်အခါဖြစ်၍ ပြဿနာ မြောက်မြားစွာနှင့် ရင်ဆိုင်တွေ့နေရသော အချိန်ဖြစ်နေသဖြင့် သူထင်ရာ သူလုပ်ခြင်းငှာ မစွမ်းနိုင် ... ၊ ကျွန်ုပ်တို့၏ လွတ်လပ်ရေး လုပ်ငန်းစဉ်မှာလည်း အင်္ဂလိပ် အစိုးရ ဖုံးဖိမထားနိုင်အောင် ကမ္ဘာကသိခဲ့ပြီးလေပြီ ... ။ မည်သည့် တိုင်းပြည်၏ ပြဿနာမဆို ကမ္ဘာ ပြဿနာအထိ ဆိုက်ရောက်နိုင်သော အချိန်အခါမျိုးတွင် ဗမာ ပြည်သူ ပြည်သားများသည် မိမိတို့ လွတ်လပ်ရေး လုပ်ငန်းစဉ်များတွင် မိမိတို့ချည်းတို့ မဟုတ်ဘဲ ကမ္ဘာနှင့်အ ၀ှန်းမှ ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို လိုလားသော အင်္ဂလိပ်လူထုကြီးအပါအ၀င် ကမ္ဘာသူ ကမ္ဘာသား လူထုကြီးများ နှင့် အထူးသဖြင့် ကျွန်နိုင်ငံ ဖြစ်နေကြသော လူမျိုးများ ကျွန်ုပ်တို့အာရှတိုက်များတို့သည် သွေးစည်းနိုင်သမျှ သွေးစည်း၍ဆောင်ရွက် ပိုမိုထိရောက်စွာ အောင်မြင်နိုင်မည်မှာ အထူး ရှင်းလင်း ပြောပြစရာ မလိုပေ ... ။

သို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို အေးဆေးသော နည်းဖြင့် ရနိုင်ရန် ကမ္ဘာတွင် ၀ါဒဖြန့် ခြင်း ဘိလပ်အစိုးရနှင့် တိုင်းသူပြည်သားများအား ဗမာပြည်လက်ရှိ အခြေအနေမှန်ကို အတိအကျသိစေရန်နှင့် ကျွန်ုပ်တို့၏ လိုလားချက်များကို ထောက်ခံလာစေရန် ကိုယ်စားလှယ်များစေလွှတ်၍ ဆောင်ရွက်စေခြင်း ... ၊ ကျွန်ုပ်စတင်အကြံဥာဏ်ပေးခဲ့ အိန္ဒိယနိုင်ငံ ကွန်ဂရက်ဥက္ကဋ္ဌ စသောပုဂ္ဂိုလ်များက ထောက်ခံသော အာရှတိုက်ပေါ့စဒန် အစည်းအဝေးကြီးကို အမြန်ခေါ်နိုင်ရန် ကြိုးစားပြီးလျှင် ကျွန်ုပ်တို့အချင်းချင်း ကျွန်ုပ် နိုင်ငံအသီးသီး လွတ်လပ်ရေးနှင့် ကောင်းစားရေးများကို ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးစားခြင်း အစရှိသော လုပ်ငန်းများကိုလည်း ဆောင်ရွက် ရန်လိုပေလိမ့်မည် ... ။ ကျွန်ုပ်တို့ နိုင်ငံအတွင်း၌လည်း ယခုရရှိပြီး ညီညွတ်ရေးကို ခိုင်မာသည်ထက် ခိုင်မာစေရန် ကြိုး စားရပေမည် ... ။

ဤကိစ္စနှင့် ပက်သက်၍ ကျွန်ုပ်တို့သည် ဒီဇင်ဘာလအတွင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင်ကြီးကို ခေါ်ဆိုထား ပေသည် ... ။ ၎င်းပြင် ကျွန်ုပ်တို့ တိုင်းပြည်၏ ဆန္ဒနှင့်သဘောကို အလျင်အမြန် ပြနိုင်သော တိုင်းပြု နိုင်ငံပြုလွှတ် တော်ကြီးအတွက် ရွေးကောက်ပွဲကို အလျင်အမြန် ခေါ်ဆိုစေရန် အနယ်နယ် အရပ်ရပ်တွင် ယခုကဲ့သို့ ပြည်သူ့အ စည်းအဝေးများ ခေါ်ဆိုပြီးလျှင် ယနေ့ ကျွန်ုပ်တို့ ဆုံးဖြတ်သည့်အတိုင်း လိုက်နာဆုံးဖြတ်ပြီးလျှင် ဘုရင်ခံနှင့်တကွ ဗမာပြည် အစိုးရ ဘိလပ် အစိုးရ ကမ္ဘာအရပ်ရပ်သို့ သိရှိရန်ပေးပို့ခြင်း ... ၊ ထိုကဲ့သို့ ရွေးကောက်ပွဲပြုလုပ်ခြင်းစသော ရွေးကောက်ပွဲ ပြင်ဆင်ရေး လုပ်ငန်းအရပ်ရပ်တွင် ကျွန်ုပ်တို့တိုင်းသူ ပြည်သားများက အဖွဲ့ချုပ်ကြီး၏ ညွှန်ကြား ချက်အတိုင်း ၀င်ရောက် ကူညီခြင်း ပြုရန်လိုပေလိမ့်မည် ... ။

ထိုကဲ့သို့တရားသဖြင့် ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို တရားသဖြင့် ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့သည် အေး ဆေးစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း .... ၊ ထိုကဲ့သို့ အေးဆေးစွာ ဆောင်ရွက်လိုသည့် အကြောင်းမှာလည်း စစ်ဒုက္ခ အမျိုးမျိုးကျရောက်ခဲ့သော ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို ထောက်ထား ညှာတာသဖြင့်သာ ဖြစ်ကြောင်း ... ၊ ကြောက်ရွံ့ ၍ မဟုတ်ကြောင်း ရှင်းလင်းစွာ သိစေလိုပေကြောင်း ... ။ သို့သော် ကျွန်ုပ်တို့ နိုင်ငံအတွင်း ... အေးဆေးစွာ ကျွန်ုပ်တို့ အလိုရှိသော လွတ်လပ်ရေးသို့ နိုင်ငံရေး ပြောင်းလွဲတိုးတက်မှုသည် ကျွန်ုပ်တို့ နိုင်ငံရေး ခေါင်းဆောင်များ အပေါ်၌သာ တာဝန်ရှိရုံမဟုတ်ဘဲ အင်္ဂလိပ်အစိုးရနှင့်တကွ ၎င်းတို့နောက်ပါ အခြွေအရံတို့အပေါ်တွင်လည်း တာဝန်ရှိပေသည် ... ။ ကျွန်ုပ်တို့ အေးဆေးစွာ လုပ်ကိုင်ခြင်းကို အင်္ဂလိပ်အရပိုင်းက အနှောင့်အရှက် အမျိုးမျိုးပြုလုပ်လျှင် ကျွန်ုပ်တို့၏ အပြစ်မဟုတ်ဘဲ အင်္ဂလိပ်အစိုးရ၏ အပြစ်သာ ဖြစ်မည်ဖြစ်ကြောင်း ... ၊ ယခုကပင်ကြိုတင် သတိပေးရပေကြောင်း ... ၊ ယခုအခါ အစိုးရပိုင်းမှလည်းကောင်း ၊ ၎င်းတို့နှင့် မကင်းရာ မကင်းကြောင်း လူများမှလည်းကောင်း မဟုတ်သတင်း များကို လူအများ ချောက်ချားအောင် လွှင့်နေပေကြောင်းကို တိတိလင်းလင်း ကြေငြာလိုပေကြောင်း .... ၊ ဘုရင်ခံမှ အစပြုသော အင်္ဂလိပ် အရာရှိများသည် ရွေးကောက်ပွဲကို လွတ်လပ်စွာ မလုပ်နိုင်သလို ပြောဆိုနေပေကြောင်း ... ၊ ကျွန်ုပ်တို့ကလည်း အခြိမ်းအချောက် အနှောင့်အရှက်အမျိုးမျိုးမှ ကင်းလွတ်သော ရွေးကောက်ပွဲကို အလိုရှိသည် ဖြစ်ရာ အင်္ဂလိပ်အစိုးရသက်ဆိုင်ရာ ပုဂ္ဂိလ်များနှင့် ကျွန်ုပ်တို့ပါ ရှင်းလင်းစွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်းစုံ အသင်းကြီး ကိုယ်စားလှယ်အဖွဲ့ကြီးကို ဖိတ်ခေါ်၍ ကျွန်ုပ်တို့ ဗမာနိုင်ငံတွင် ရွေးကောက်ပွဲကို ကြည့်ကြပ်စီမံစေက အားလုံးအဖို့ ကျေနပ်စရာ ဖြစ်နိုင်ကြောင်း ... ၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာ၏ အစစ်အဆေးကို ခံရန် အသင့်ရှိ သည့်အပြင် ထိုကမ္ဘာ့ အစစ်အဆေးအရ လွတ်လပ်သော ရွေးကောက်ပွဲကို အမြန်ကျင်းပလော့ဟု ဗြိတိသျှအစိုးရအား အရေးဆိုလိုက်ပေကြောင်း ... ။

နိဂုံးမချုပ်မီ တိုင်းသူပြည်သားအပေါင်းအား အထူးသဖြင့် ကျွန်ုပ်တို့နှင့် စိတ်တူကိုယ်ပါ ဆောင်ရွက်နေသူ အပေါင်း တို့အား သတိပေးလိုသည်မှာ ကျွန်ုပ်တို့၏ ရန်သူများသည် ကျွန်ုပ်တို့လမ်းမှားစေရန် အစည်းအဝေးများတွင် လည်းကောင်း ... ၊ စီတန်း လမ်းရှောက်ရာတွင်လည်းကောင်း ကျွန်ုပ်တို့ အဖွဲ့အစည်းများတွင် လည်းကောင်း ... ၊ သူလျှို ဒလန်များသွင်း၍ တာဝန်ရှိသော ခေါင်းဆောင်မှုကို ပယ်ကာလူအများ အထင်ကြီးအောင် ပရိယာယ်အမျိုးမျိုး ၊ ဆူပူခြင်း အမျိုးမျိုး အသုံးပြုပေလိမ့်မည် ။ ဗမာကုလား အဓိကဂိုဏ်းများ ... ၊ ဗမာကရင် အဓိကရုဏ်းများ စသော လူမျိုးရေး အဓိကရုဏ်းများကို ဖြစ်စေရန် သတင်းအမျိုးမျိုး လွှင့်ခြင်းဖြင့်လည်းကောင်း ... ၊ ပရိယာယ် အမျိုးမျိုး ဆင်ခြင်းဖြင့်လည်းကောင်း လှုံ့ ဆော်ပေးလိမ့်မည် ... ။ ၎င်းအပြင် မဟုတ်မမှန် လုပ်ကြံသော သတင်းများကို ရွေးကောက်ပွဲ နီးချိန်တွင် အနှံ့အပြားရိုက်ဝေခြင်း ... ၊ အရေးပါ အရာရောက်မည် ဟုထင်ရသော ပုဂ္ဂိုလ်များကို ဆင်လုံးအမျိုးမျိုးနှင့် ဖမ်းဆီးခြင်း ... ၊ နယ်သူ နယ်သားများကို မှန်ကန်ရာ မဲမပေးဝံ့ အောင် နိုင်ရာမှကိုင်၍ အမျိုးမျိုး ခြိမ်းချောက်ခြင်းစသည်တို့ကို ပြုလုပ်ကောင်း ပြုလုပ်ပေလိမ့်မည် ... ။ ဤကိစ္စမျိုး နှင့်ပက်သက်၍ တိုင်းသူ ပြည်သား အပေါင်းတို့သည် လမ်းမမှားကြရန် ယခုကပင် ကျွန်ုပ်တို့ကြိုတင် သတိပေးရပေကြောင်း ... ။ ဤကိစ္စမျိုးနှင့် ပက်သက်၍ ... ၊ ကျွန်ုပ်တို့သည် တသီးတခြား ညွှန်ကြားချက်များကို ထပ်မံ ထုတ်ပြန်ဦးမည် ဖြစ်ကြောင်း ... ။

တိုင်းသူ ပြည်သားအပေါင်းအား ဘာသတင်းကြားကြား အရမ်း မယုံပါနှင့် ... ၊ အရမ်း မကြောက်ပါနှင့် ... ၊ အရမ်း မလန့်ပါနှင့် ... ၊ အရမ်းမလုပ်ပါနှင့် ဘယ်အခါမဆို သတိဝိရိယ ကြီးစွာထားပြီး အမှုဆင်မခံရအောင် နေ့စဉ်မိမိနေထိုင်ပြောဆို ပုံနှင့်တကွ တွေ့ဆုံသော လူအပေါင်း၏ မှတ်တမ်းများကို သေချာစွာ မှတ်သားထားပြီးလျှင် အပြစ်လွတ်အောင် စီ စဉ်ထားကြရန် ကျွန်တော်တိုက်တွန်း နှိုးဆော်ခဲ့ပါကြောင်း ... ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။