Showing posts with label ဗိုလ်ချုပ်မိန့်ခွန်းများ. Show all posts
Showing posts with label ဗိုလ်ချုပ်မိန့်ခွန်းများ. Show all posts

December 22, 2009

တိုင်းပြုပြည်ပြု လွှတ်တော်

တတိုင်းပြုပြည်ပြု လွှတ်တော်


၁၉၄၇ ခု၊ ဇွန်လ ၁၀ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးကို စတင် ကျင်းပခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲရေး လမ်းညွှန် ပြဌာန်းချက်များကို အဆိုတင်သွင်း ဆွေးနွေးလေသည်။ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် လက်ရှိ တည်ရှိသော တိုင်းပြုပြည်ပြု လွှတ်တော် ၏ ပုံသဏ္ဍန်နှင့် လွတ်လပ်ရေးကို တနှစ် အတွင်း ရစေရန် အာမခံကြောင်း၊ လွတ်လပ်ရေး ရလျှင် လွတ်လပ်ရေးနှင့် ထိုက်တန် အောင် အလုပ်ကြိုးစား လုပ်ကြစေလိုကြောင်း ..... စသည်များကို ရှင်းလင်းပြောကြား သွား၏ ။ဤ ပြောကြားသော မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး မိန့်ခွန်းပင် ဖြစ်သည်။ ဤ မိန့်ခွန်းပြောပြီး ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

မူလတုန်းက အလုပ်ခိုင်းတုန်းကတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ် တွေက ကိုယ့်နယ်ဆိုင်ရာ နယ်က ပရိတ်သတ်ကို တိုင်းပြုပြည်ပြု လွှတ်တော်က ဘာတွေ လုပ်နေတယ် ဆိုတာ အစီရင်ခံဖို့ အလုပ် ခိုင်းတာပါဘဲ။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် အခြားနိုင်ငံတွေမှာတော့ လွှတ်တော် အမတ်တွေရယ်လို့ တိုင်းပြည်က တင်မြှောက်လိုက် တဲ့ အခါမှာ အဲဒီလွှတ်တော် အမတ်တွေက လွှတ်တော် အစည်းအဝေး မှရှိတဲ့ အခါမျိုးမှာ မိမိတို့ အားလပ်ချိန် ရသမျှ အချိန်အတောအတွင်းမှာ မိမိတို့ကို ရွေးကောက်တင်မြှောက် လိုက်တဲ့ နယ်ကို ပြန်သွားပြီးတော့ ဒီလွှတ်တော်မှာ ဘာဖြစ်နေတယ် ဘာလုပ်နေတယ် ဆိုတာ အစရှိတဲ့ အခြေအနေ အရပ်ရပ်ကို ကိုယ့်နယ်ကို ပြန်ပြီး အစီရင်ခံတဲ့ ထုံးစံ ရှိပါ တယ်။

အဲဒီ ထုံးစံမျိုးအတိုင်း ဗမာပြည်မှာလဲဘဲ ဒီထုံးစံ ဖြစ်စေချင်တဲ့အတွက် ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကို ရန်ကုန်မြို့မှာရှိတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက မိမိတို့ကို တင်မြှောက်လိုက်တဲ့ နယ်အသီးသီးကို ပြန်ပြီး အစ်ီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ဖို့ ပြောလိုက်တဲ့ အခါမှာ ဒီတိုင်းပြု ပြည်ပြု လွှတ်တော်အမတ်တွေက နေပြီး ကိုယ့်နယ် ဆိုင်ရာတွေကို ပြန်အစီရင်ခံဖို့ အဓိပ္ပါယ် မပါတော့ဘဲ နိုင်ငံရေး ရှင်းတမ်း တရားပွဲဆိုပြီး ရပ်ကွက်တွေမှာ လုပ်လာတယ်။ အခုလိုဘဲ ယနေ့ တမြို့လုံးအတွက် နိုင်ငံရေး ရှင်းတမ်း ဆိုပြီး တော့ကာ နိုင်ငံရေး ရှင်းတမ်းပွဲများ ဖြစ်လာကြတယ်။ သို့သော်လဲဘဲ ကျွန်တော်တို့ က နဂိုပြောခဲ့တဲ့ အတိုင်းဘဲ ယနေ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရှင်းတမ်းက ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေဖြင့်သာ မဟုတ်ဘဲနဲ့ ဒီရန်ကုန်မြို့နယ် တနယ်ကနေပြီးတော့ တင်မြှောက်လိုက်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာ အမတ် အနေနဲ့ ၊ဒီတိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာ ဘာတွေ လုပ်နေလို့ ဘာတွေလုပ်ခဲ့တယ် ဆိုတာတွေကို နယ်သူ နယ်သားတွေ ပြန်သိအောင် အစီရင်ခံဖို့ ရည်ရွယ်ချက်က အဓိက ရည်ရွယ်ချက်အဖြစ်နဲ့ ထားပြီးတော့ကာ ကျွန်တော် အခုစကား ပြောဆိုပါတယ်။ ဒီတော့ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော် ဆိုတာကလဲ ရှေးတုန်းက ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူတွေဟာ အနည်းကျဉ်း ကြးဘူးပေမယ့် ဒီတခါမှဘဲ တိုင်းပြုပြည်ပြု လွှတ်တော် ဆိုတာ ကို တိုင်းပြည်က လူတွေက ရွေးကောင် တင်မြှောက်ရပြီးတဲ့နောက် အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာကိုလဲဘဲ အကောင်အထည် သဘောမျိုးနဲ့ ပြင်ရတဲ့ အခြေအနေမျိုး ဒီတခါမှလဲ ရောက်လာကြတယ်။ အမှန်စင်စစ်မှာ တိုင်းပြုပြည်ပြု လွှတ်တော် ဆိုပြီးတော့ တတိုင်းတပြည်လုံးမယ် တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွေ လုပ်ခဲ့ပေမယ့် ကျွန်တော်ထင်တာ ပြောရမယ် ဆိုယင်တော့ တိုင်းပြည်မှာ ရှိတဲ့ လူအများဟာ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာကို ရှေးတုန်းက လုပ်နေကျ ဥပဒေပြု လွှတ်တော် လိုဘဲ လို့ ထင်နေကြတဲ့ လူတွေ အမြောက်အများ ရှိကြဦးမှာဘဲ။

အဲဒီလိုဘဲ အခုတော့ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ အကြောင်းကို အစီရင်ခံရမယ်ဆိုယင် ပဌမရှေးဦးစွာ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ဘာတွေ ဆိုတာက နေပြီးတော့ သေသေ ချာချာ ကျကျနန ကျွန်တော် ရှင်းလင်းပြောပြလိုပါတယ်။ ယခု ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ဘယ်နေ့က စပြီးတော့ ထင်ထင် ရှားရှား ပေါ်လာသလဲ လို့ဆိုယင် အမတ်တွေ စုံစုံညီညီ ဒ်ီရန်ကုန်မြို့မှာ စုဝေးကြပြီးနောက် ဇွန်လ ၁၀ ရက်နေ့မှာ စတင်ကျင်းပတဲ့ နေ့ကစပြီးတော့မှသာလျှင် တိုင်ပြုပြည်ပြု လွှတ်တော် ဆိုတာ ဖြစ်လာ ပါတယ်။ အဲဒီ အရင်တုန်းက ရွေးကောက်ပွဲ ပေးပင်ပေးငြားပေမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်လို အဖွဲ့ကို မဖွဲ့စည်းနိုင်သေးပါဘူး။ သို့သော်လည်းဘဲ ဒီတိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ကျွတ်တော်တို့ ကမ္ဘာ့နိုင်ငံရေး ရာဇ၀င်မှာတော့ အင်မတန် ထူးဆန်းတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်တမျိုး ဖြစ်နေပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်တွေဟာ အခြား နိုင်ငံတွေမှာလဲဘဲ အသီးသီး ပေါ်ပေါက်ခဲ့ဘူးတယ်။ အဲဒီ ပေါ်ပေါက်ခဲ့တဲ့ တိုင်းပြည် တွေရဲ့ အခြေအနေ အရ အမျိုးမျိုး ပေါ်ပေါက်ခဲ့တဲ့ သက်သေ သာဓကတွေ ရှိပါတယ်။ အဲဒီတော့ကာ သဘောတရားသက်သက်နဲ့ ကြည့်ပြီး ပြောရမယ်ဆိုယင် တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာဟာ ဘာဖြစ်လို့ ပေါ်ပေါက်လာရသလဲ။ ဆိုယင် တိုင်းပြည်အသစ်တည်လို့ တိုင်းသစ် ပြည်သစ် နိုင်ငံသစ် တည်ထောင်ဖို့ အတွက် ပေါ် ပေါက်လာရခြင်း ဖြစ်တယ်လို့ အဲဒီလို သဘောတရားမှာ ရှိတယ်။ ကျွန်တော်တို့ ဗမာ့ စာပေနယ်မှာ ကြည့်မယ်ဆိုယင် ကျွန်တော်တို့ ကမ္ဘာအစဆိုပြီး ဖွဲ့တဲ့ အခါတုန်းက မဟာ သမ္မတမင်း မြှောက်ကြတယ်ဆိုပြီး လူတွေ စုရုံးပြီး မြှောက်ကြတဲ့ အစည်းအဝေးမျိုးက ကမ္ဘာကြီးမှာ ပဌမဆုံး တိုင်းပြုပြည်ပြု လွှတ်တော်လို့ဘဲ ဆိုရမှာဘဲ။

အဲဒီတော့ အဲဒီနိုင်ငံသစ် တည်ထောင်စရာရှိတဲ့ အခါမှာ တိုင်းပြုပြည်ပြု လွှတ်တော် ဆိုတာ ပေါ်လာစမြဲ ဖြစ်ပါတယ်။ နိုင်ငံအသစ် ဆိုတဲ့ သဘောကိုလဲ ကိုယ့်တိုင်းပြည်ကို အခြားနိုင်ငံ က နေပြီးတော့ အုပ်စိုး လွှမ်းမိုးထားလို့ အဲဒီ လွှမ်းမိုး အုပ်စိုးခြင်းကို တွန်းလှန် ပယ်ဖျက်ပြီးတဲ့နောက် မိမိတို့ တိုင်းပြည် မိမိတို့ အစိုးရ ကိုယ့်မင်းကိုယ့်ချင်း တည်ထောင်ဖို့ အတွက် တိုင်းပြုပြည်ပြု လုပ်တာက တမျိုး၊အဲဒီလို တိုင်းသစ် ပြည်သစ် နိုင်ငံသစ် အတွက် တမျိုးက ကျွန်တော်တို့ အားလုံး သတင်းစာတွေမှာလဲဘဲ ခဏခဏ ဖတ်နေရမှာဘဲ။ ဆိုဗီယက် ယူနီယံခေါ်တဲ့ နိုင်ငံကြီးဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က တော်လှန်ရေး အကြ်ီးအကျယ် ဖြစ်ခဲ့တယ်။ ဒီလို တော်လှန်ရေး အကြ်ီးအကျယ် ဖြစ်ပြီးတဲ့နောက် သူလဲ နိုင်ငံသစ် ဖြစ်လာတယ်လို့ ပြောရမှာဘဲ။ ဘယ်လို နိုင်ငံသစ် ဖြစ်လာသလဲဆိုယင် ခေတ်ဟောင်း ခေတ်ဆွေးတွေကို မှီခိုနေတဲ့ ဇာဘုရင်စံနစ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည် ဟောင်း ၊စံနစ်ဟောင်းကြီးကို တော်လှန် တွန်းလှန်ပစ်ပြီးတဲ့ နောက် အသစ်ကျပ်ချွတ် ပြန်ပြီးတော့ကာ တိုင်းပြည်ကို စံနစ်တမျိုးနှင့် တည်တဲ့ အတွက်ကြောင့် အဲဒီ နိုင်ငံ အသစ်က တမျိုး ဖြစ်နေတယ်။ ဒီနိုင်ငံသစ်ကတော့ အခြားလူမျိုးခြား အောက်မှာ ရောက်ပြီးတော့မှ ဖြစ်လာတဲ့ နိုင်ငံသစ်မျိုး မဟုတ်ဘဲနဲ့ ကိုယ့်လူမျိုးအချင်းချင်း ဖြစ်တဲ့ လူတန်းစား အချင်းချင်းရဲ့ ချုပ်ချယ် အုပ်စိုးမှုမှ လွတ်မြောက်လာပြီးတဲ့နောက် နိုင်ငံသစ် ထူထောင်တဲ့ နည်းဖြစ်တယ်။ အဲဒီတော့ နိုင်ငံသစ်ဆိုတာဟာ အကြမ်းအားဖြင့် ဆိုလို့ ရှိယင် အဓိပ္ပါယ် နှစ်မျိုး ရှိတယ်။ ကျွန်တော်တို့ ဗမာပြည်လို လက်အောက်ခံ နိုင်ငံတွေ အဖို့မှာတော့ နိုင်ငံသစ် ဆိုတဲ့ အဓိပ္ပါယ်ဟာ လူမျိုးခြားရဲ့ လက်အောက်က လွတ်မြောက် ပြီးတော့ ကိုယ့်ဘာသာ ၊ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်အစိုးရ နဲ့ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ ထည်ထောင် လာတဲ့ နိုင်ငံသစ် လို့ဆိုရတယ်။ သို့သော်လဲ လွတ်လပ်တဲ့ နိုင်ငံတွေ ဖြစ်တဲ့ ကိုယ့်လူမျိုး အချင်းချင်း အုပ်စိုးတဲ့ အဲဒီလို တိုင်ပြည်တွေမှာတော့ကာ ချည့်ချည့်နဲ့နဲ့ အစိုးရ စံနစ် အဆောက်အအုံ တခုလုံးကို ပြောင်လဲဖျက်ဆီးပစ်ပြီးတဲ့နောက် အသစ်ကျပ်ချွတ် ပြန်ပြီးတော့ စံနစ်တမျိုး တိုင်းပြည်ဆိုတဲ့ နိုင်ငံသစ်၊တိုင်းပြည်သစ် တခုကို ထူထောင်ဖို့က တမျိုး အဲဒီလို နှစ်မျိုး ရှိပါတယ်။

အဲဒီလို နှစ်မျိုးရှိတဲ့ အခါမယ် နှစ်မျိုးစလုံး ပေါ်ပေါက်လာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ထုံးစံအားဖြင့် ပေါ်လာစမြဲ ဖြစ်ပါတယ်။ ဒီတိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ဘာဖြစ်လို့ ပေါ်လာစမြဲ ဖြစ်သလဲ ဆိုယင် အဲဒီ တိုင်းပြည် အသစ်၊ နိုင်ငံ အသစ် ဖြစ်နေတော့ ပြန်ပြီးတော့ကာ ဥပဒေတွေ ၊စံနစ်တွေ အကုန် အသစ်ပြန်ပြီး ရေးဆွဲ ရမယ် ဖြစ်တော့ အခြေခံက စပြီးတော့ ပြန်ပြီးတော့၊ ဥပမာအားဖြင့် ရှိနေတဲ့ အိမ်ဟောင်း ကို တည်ရုံ အလုပ်မဟုတ်ဘဲနဲ့ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီ ပျက်သွားတဲ့ နေရာမှာ ထပ်ပြီး အိမ်သစ်ဆောက်တာနဲ့ တူပါတယ်။ အဲဒီလို အိမ်သစ်ဆောက်တဲ့ အခါမှာလဲ ဒီနိုင်ငံသစ်ကို ဘယ်လိုစံနစ်၊ဘယ်လို စီမံကိန်း မျိုးနဲ့ တည်ဆောက်မယ်ဆိုပြီးတော့ကာ အင်ဂျင်နီယာတို့၊ ဗိသုကာ အတက်ဆရာတို့က ပဌမရှေးဦးစွာ အိမ်ပုံစံတွေ ရေးဆွဲပြီး တော့ကာ ဒီအိမ်ပုံစံအရ ငွေပေါင်း ဘယ်လောက်ကုန်မယ်။ ဘာဖြစ်မယ် စသည်အားဖြင့် ဒါတွေကို တွက်ချက်ပြီးတဲ့နောက် သေသေချာချာ နေ့ကောင်းရက်သား ရွေးပြီးတော့မှ အဲဒီလို အိမ်သစ် ဆောက်တာမျိုးဘဲ။ ယခုလဲဘဲ ကျွန်တော်တို့ နိုင်ငံသစ်ကို အဲဒီလို တည်ဆောက်ဖို့အတွက် တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ ဒါတွေကို စီစဉ် ရေးဆွဲရပါလိမ့်မယ်။ စီမံကိန်းချရ ပါလိမ့်မယ်။

ဘယ်လို တိုင်းပြည်ရဲ့ နိုင်ငံသစ်ရဲ့ ပုံစံဟာ ဘယ်လိုရှိသင့်တယ်ဆိုတာကို တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ ဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ အဲဒီလိုဆိုတော့ကာ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ တာဝန်ဟာ ဘာလဲ ဆိုယင် နိုင်ငံသစ် ထူထောင်ဖို့ တာဝန် ဖြစ်ပါတယ်။ အဲဒီ နိုင်ငံသစ် ထူထောင်ဖို့ဟာ သာမာန်အားဖြင့် ပြောရမယ်ဆိုယင် ဘယ်တိုင်းပြု ပြည်ပြု လွှတ်တော်မဆို အချုပ်အခြာ အာဏာနဲ့ ပြည့်စုံတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်မျိုးသာ ဖြစ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် နိုင်ငံသစ် တည်ထောင်ရအောင် ဆိုလို့ရှိယင် အဲဒီနိုင်ငံသစ်ကို တည်ထောင်ဖို့ အတွက် ပေါ်ပေါက်လာတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာလဲ အချုပ်အခြာ အာဏာရှိဖို့ လိုပါလိမ့်မယ်။ အဲဒီလို အချုပ်အခြာ အာဏာနဲ့ မပြည့်စုံလျှင်လဲ ကိုယ်လိုချင်တဲ့ နိုင်ငံသစ်ကို တည်နိုင်တဲ့ အခြေအနေ ရှိမှာ မဟုတ်ပါဘူး။

ဒီတော့ကာ ယခု ပြောတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ကမ္ဘာနိုင်ငံရေး ရာဇ၀င်မှာ အတော်လေး ထူးဆန်းတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ဖြစ်တယ်လို့ ဘာဖြစ်လို့ ပြောခဲ့သလဲ ဆိုလို့ရှိယင် ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာတဲ့ အခြေအနေနဲ့ အခြားတိုင်းပြည်တွေမှာ ပေါ်ပေါက်လာတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော် အခြေအနေနဲ့ ကွာခြားနေတဲ့အချက်တွေရှိပါတယ်။ အဲဒီလို ကွာခြားမှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာလဲ ထူးထူးခြားခြား ဖြစ်တဲ့ အကြောင်းတွေ ရှိနေပါတယ်။ အခြားတိုင်းပြည်တွေမှာ ဥပမာ ယခင် ခေတ်တွေက ဟိုရှေးတုန်းက တော်လှန်ရေး ဖြစ်ပြီးတဲ့နောက် တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာမျိုး ပေါ်ပေါက် ခဲ့ဖူးပါတယ်။ အဲဒီလို ပေါ်လာတဲ့ အခါမှာလဲ ဒီတိုင်းပြု ပြည်ပြု လွှတ်တော်ဟာ အာဏာရပြီးသား လွှတ်တော်ဖြစ်နေတယ်။ ယခုအခါ ဒီစစ်ကြီး ဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စစ်ကြီး အတောအတွင်းမှာ ပြင်သစ် ပြည်တို့ ယူဂိုဆလေး ဗီယားတို့ဟာ ဂျာမန်တွေရဲ လက်အောက်ကို ရောက်ခဲ့တယ်။ အဲဒီလို ဂျာမန်တွေရဲ့ လက်အောက်ကို ရောက်ပြီးတဲ့ နောက် ပြန်ပြီးတော့ ဂျာမန်တွေကို တွန်းလှန် မောင်းထုတ်ပြီးတဲ့နောက် ကိုယ့်တိုင်းပြည် မယ် ပြန်ပြီးတော့ ဂျင်နရယ် တီတိုး အစရှိသည်အားဖြင့် ပြန်ရောက် လာကြတော့ကာ ပြန်ပြီးတော့ တိုင်းသစ် ပြည်သစ် နိုင်ငံသစ်ကို ဖော်ရတယ်။ အဲဒီလို ဖော်ဖို့အတွက် တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာ တခါ ထပ်ပြီး လုပ်ရသေးတယ်။ အဲဒီလို လုပ်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ မိမိတိုင်းပြု ပြည်ပြု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ကိစ္စမှန်သမျှကို ချက်ချင်း ဥပဒေအတည် ဖြစ်စေပြီး တော့ တတိုင်းတပြည်လုံးရဲ့ အာဏာစက်တည်အောင် လုပ်နိုင်တယ်။ ချက်ချင်း လုပ်လိုက်တယ်။ အဲဒီတော့ကာ အဲဒါမျိုး ဖြစ်ပါတယ်။ နောက် အမေရိကန်ပြည်မှာ ဆိုလို့ရှိယင် လဲ ပဌမရှးဦးစွာ အင်္ဂလိပ်များ လက်အောက်မှာ လူတမျိုး တည်း အဖြစ် နေကြပြီးတဲ့နောက်၊ အင်္ဂလိပ်ပြည်ကရှိတဲ့ အင်္ဂလိပ်အစိုးရကို အကျေနပ်လို့ တော်လှန်ပြီးတော့ကာ လွတ်လပ်ရေး တိုက်ပွဲတွေ၊ စစ်ပွဲကြီး ဆင်နွှဲပြီးတဲ့နောက် နိုင်တဲ့ အခါကျတော့ကာ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာ ကျင်းပခဲ့တယ်။ နည်မည်တော့ အမျိုးမျိုး ခေါ်ခဲ့တယ်။ သို့ပေမဲ့ သဘောကတော့ တိုင်းပြု ပြည်ပြု လွှတ်တော်ပါဘဲ။ အဲဒီ တိုင်းပြု ပြည်ပြု လွှတ်တော် ကျင်းပတဲ့ အခါတုန်းကလဲဘဲ သူတို့ဟာ အာဏာရပြီး အခြေအနေမှာ တိုင်းပြုပြည်ပြု လွှတ်တော်ကို ကျင်းပတယ်။

သို့သော်လဲဘဲ ကျွန်တော်တို့ တိုင်းပြည်ကတော့ ယခု တိုင်းပြုပြည်ပြု လွှတ်တော် ကျင်းပ နေတဲ့ အချိန်အခါမှာ ကျွန်တော်တို့ တိုင်းပြည်က အာဏာရပြီးတဲ့ အခြေအနေ မရောက် သေးပါဘူး။ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော် အခြေအနေဟာ ဘာနဲ့ တူသလဲ ဆိုယင် တောင်ပိုင်း အိုင်ယာလန်မှာ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်တုန်းက ဖြစ်တဲ့ အခြေ အနေမျိုးနဲ့ တူပါတယ်။ အဲဒီ အိုင်ယာလန်မှာ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးက ဘယ်လို ဖြစ်သလဲဆိုယင် ပဌမ အင်္ဂလိပ် အစိုးရကို ကမ္ဘာစစ်ကြီး အတေားအတွင်း ဆူပူတော်လှန်တာတွေ ဖြစ်ပြီးတော့ နောက်ဆုံးစစ်ပြီးတဲ့ အခါမှာ ဒီသူပုန်ကိစ္စတွေဟာလဲ ရပ်သွားတယ်။ အဲဒီလို ရပ်သွားပြီးတဲ့ နော်က်မှာ တခါ ဒီအင်္ဂလိပ် အစိုးရနဲ့ အိုင်ယာလန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ကာ စာချုပ် ချုပ်ကြတယ်။ စာချုပ် ချုပ်ကြပြီးတဲ့ နောက် သူတို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာ လုပ်တယ်။လုပ်တဲ့အခါမှာ အိုင်ယာလန် ဟာ အာဏာ မရသေးပါဘူး။ သို့သော်လဲ ဘဲ ယခု ကျွန်တော်တို့ ရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အဲဒီ အိုင်ယာလန် လွှတ်တော် လုပ်တဲ့ အခြေအနေတုန်းကထက် သာတဲ့ အခြေအနေတွေလဲ ရှိတယ် ဘယ်လိုသာနေတဲ့ အခြေအနေတွေ ရှိသလဲ ဆိုယင် ဟိုးတုန်းက အိုင်ယာလန်ပြည်မှာ တိုင်းပြု ပြည်ပြု လွှတ်တော်လုပ်ရတဲ့ အချိန်အခါ တုန်းက ဆိုယင် အဲဒီ ပဌမ ကမ္ဘာစစ်ကြီး ပြီးတဲပ အခါမှာ ဗြိတိသျှ နယ်ချဲ့သမားဟာ အင်အား ဘာမှလျော့ပါးသွားတာ မရှိပါဘူး။ ဒီအတောအတွင်း တုန်းက ဗြိတိသျှ နယ်ချဲ့ သမားတွေဟာ အမှန်စင်စစ် စစ်နိုင်ပြီး အတော်ဘဲ တောင့်တောင့် တင်းတင်း နိုင်ငံကြီး တနိုင်ငံ ဖြစ်တယ်။

ယခု ဒီကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ဗြိတိသျှနယ်ချဲ့စံနစ်ရဲ့ အခြေအနေကတော့ အင်မတန် မှဘဲ အားနည်းသွားတဲ့ အခြေအနေ ရောက်တယ်။ ဘယ်လောက်ထိတောင် အားနည်း သွားသလဲ ဆိုယင်ဘိလပ်ကို ရောက်တဲ့လူတွေ ဆိုယင် ပိုပြီးသိမယ်။ ဟိုမှာ ကြာကြာ နေလို့ရှိယင် တွေရမယ်။ အဲဒီလို ဗြိတိသျှ နယ်ချဲ့စံနစ်ဟာ အင်မတန် အင်အားနည်း လာတဲ့ အခြေအနေမျိုးမှာ ဒီတိုင်းပြု ပြည်ပြု လွှတ်တော် ပေါ်ပေါက်လာရတဲ့ အခါဖြစ်တဲ့ အတွက် ဟိုအိုင်ယာလန် ပြည်တုန်းက တိုင်းပြု ပြည်ပြုလွှတ်တော်မျိုးကတော့ အမှန် စင်စစ် ဒိုမီနီယံ အဆင့်အတန်း ဖြစ်တဲ့ အုပ်ချုပ်ရေးမျိုးကိုသာ ရေးဆွဲဖို့ဆိုတဲ့ သဘောမျိုး လောက်သာ ဖြစ်ပါတယ်။ သို့သော်လဲဘဲ ကျွန်တော်တို့ အခု ရထားတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ကတော့ကာ ကိုယ်ကြိုက်ရာ ဆုံးဖြတ်ပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ ဟာကို အင်္ဂလိပ် အစိုးရက သဘောတူပြီးသား ဖြစ်တဲ့အတိုင်း ဒီနေရာမှာတော့ ကျွန်တော်တို့ တိုင်းပြဲပြည်ပြု လွှတ်တော်က အိုင်ယာလန်ပြည်က ဟိုးအခါတုန်းက ရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ထက် တပန်းသာနေတာကို တွေ့ရပါတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ဒီလို အခြေအနေမျိုးမှာ ပေါ်လာပြီး အဲဒီလို ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။ တခါ အိန္ဒိယပြည်မှာ ရှိတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်နဲ့ ကျွန်တော်တို့ ဗမာပြည်မှာ ရှိတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ကို နှိုင်းယှဉ်ကြည့်ဖို့ လိုပါသေးတယ်။ အိန္ဒိယပြည်မှာ ဖြစ်ပေါ်လာတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်နဲ့ ကျွန်တော် တို့ ဗမာပြည်မှာ ပေါ်လာတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်နဲ့ အဆင်တူတဲ့ အချက်တွေ ရှိတယ်။ မတူတဲ့ အချက်တွေလဲရှိတယ်။ တူတဲ့ ချက်တွေဆိုတာကတော့၊ အခုတင်က အိုင်ယာလန်ပြည်မှာ ဖြစ်တာမျိုးနဲ့ သိပ်ပြီးတော့ မခြားပါဘူး။ အဲဒီသဘောမျိုးအတိုင်း ဘဲ။ တိုင်းပြည်က အာဏာမရခင် ရှေးဦးစွာ တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ သို့သော်လဲဘဲ အိန္ဒိပြည်မှာရှိတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ကို လုပ်တဲ့ အခါတုန်းက ဘယ်ကနေပြီး လုပ်လိုက်သလဲဆိုယင် ပြည်န်ာအမှာရှိတဲ့ ဥပဒေပြု လွှတ်တော်တွေကနေပြီး ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ အဲဒီလို ရွေးကောက် တင်မြှောက်လိုက်တဲ့အခါမှာလဲ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက် သလို သေသေ ချာချာကြီး၊ဥပမာ နိုင်ငံခြားသားတွေ မပါရဘူး။ ဘာ၊ညာ စသည်ဖြင့် အဲဒီလို မဟုတ်ဘဲနဲ့ နားလည်မှုနဲ့ နေပြီး၊ ဥရောပတိုက်သားတွေက မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးတာထဲမှာ မပါပါဘူးဆိုတဲ့ ဖယ်နေတဲ့ သဘောမျိုးသာ ဖြစ်တယ်။ ဒါတောင်မှ ပြည်နယ်တနယ်မှာ သူတို့ ဖယ်မနေကြပါဘူး။မဲပေးတဲ့ နေရာမှာ ၀င်ပါကြတယ်။ သို့သော်လဲ အကုန်ခြုံကြည့်လိုက်မယ် ဆိုယင်ဖြင့် သူတို့ဟာ သူတို့ တိုင်းပြု ပြည်ပြု လွှတ်တော်ကို လွတ်လွတ် လပ်လပ် လုပ်နိုင်တဲ့ အခြေအနေမျိုးတော့ ရောက်သင့်သလောက် ရောက်ပါတယ်. ရောက်ပြီးတဲ့နောက် အဲဒီ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ “မွတ်စလိ(ခ်) ခေါ်တဲ့ မူဆလင် အဖွဲ့ချုပ်ကြီးက ကိုယ်စားပြုတွေ အမြောက်အမြားလဲ ပါလာပါတယ်။ အဲဒီလို တိုင်းပြု ပြည်ပြု လွှတ်တော်မှာ ကိုယ်စားလှယ် အမြောက်အမြား ပါလာတဲ့ အခါမှာ မူဆလင်လိ(ခ်) က ကိုယ်စားလှယ် အမြောက်အမြားနဲ့ ကွန်ဂရက် ကိုယ်စားလှယ် အမြောက်အမြား အားလုံး စုပေါင်းပြီး ဖွဲ့စည်းပြီးတော့ လုပ်ကြမယ်ဆိုယင်တော့ အင်မတန် အင်အားကောင်းတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကြီး ဖြစ်သွားမှာဘဲ။ သို့သော်လဲဘဲ မူဆလင် အစည်းအရုံးကြိးကနေပြီး ဟိုဒင်း မကျေနပ်နိုင်ဘူး၊ ဘာလုပ်ပေးရမယ်။ ညာလုပ်ပေးရမယ် စသဖြင့် စည်းကမ်းချက်တွေ အမျိုးမျိုးနဲ့ တောင်းဆိုင်္ပြီး အဲဒါမျိုးတွေ လုပ်ပါတယ်။

နောက် ကွန်ဂရက်အဖွဲ့ဖက်က ခေါင်းဆောင်တွေကလဲ ဒီတခါတုန်းက မူဆလင် အစည်း အရုံးကြီးကို အင်မတန်ဘဲ မထေမဲ့မြင် လုပ်တာ ရှိပါတယ်။ အဲဒီလို နှစ်ဦးနှစ်ဖက် တဦးနှင့် တဦး အစေးမကပ်ဘဲ ဖြစ်တော့ မူဆလင် အစည်းအရုံးကြီးက တိုင်းပြု ပြည်ပြု လွှတ်တော် အမတ်တွေဟာ တော်တော်များတယ်။ အဲဒီလူတွေဟာ တိုင်းပြု ပြည်ပြု လွှတ်တော်ထဲမှာ ဒို့မပါဘူးဆိုပြီးတော့ ဖယ်နေကြတယ်။ ရှောင်နေကြတယ်။ အဲဒီလို ရှောင်နေတဲ့အတွက် ကွန်ဂရက် အဖွဲ့ဝင်တွေ ဖြစ်တဲ့ အမတ်များလောက်သာ အဲဒီ တိုင်းပြု ပြည်ပြု လွှတ်တော် ထဲမှာ ရှိပြီး တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ တော်တော်ကလေး ပျက်ပြယ်ပြယ် ဖြစ်သွားပါတယ်။ အဲဒီလို ဖြစ်သွားပြီးတဲ့နောက် ယခု နောက်ဆုံးကျတော့ (မူဆလင်) အစည်းအရုံးနှင့် ကွန်ဂရက် အဖွဲ့နှစ်ဖွဲ့ဟာ စေ့စပ်လို့ အရနိုင်တဲ့ အခြေအနေမျိုး ရောက်သွားတော့ အင်္ဂလိပ် အစိုးရကနေပြီး ကြားဖြန်ပေးတဲ့အတွက် ယခု နောက်ဆုံး အခြေ အနေကတော့ ချက်ချင်း လက်ငင်း ယခု ဩဂုတ်လမှာ ကွန်ဂရက်ပိုင်တဲ့ ပြည်နယ် တွေကိုလဲ ဒိုမီနီယံ တခု သတ်သတ် လုပ်ပေးမည်။ နောက်ပြီးတော့ မူဆလင်တွေ ပိုင်တဲ့ ပြည်နယ်တွေကို ပါကစ္စတန်ခေါ်ပြီးတော့ ဒိုမီနီယံတခု သတ်သတ် လုပ်ပေးမယ်ဆိုပြီး အဲဒီလို နောက်ဆုံးကျတော့ နှစ်ဖက် သဘောတူကြတဲ့ အခြေအနေမျိုး ရောက်တယ်။ ရောက်ပြီးတဲ့နောက် အဲဒီ ပါကစ္စတန် ဆိုတဲ့ ဒိုမီနီယံမှာလဲ တိုင်းပြု ပြည်ပြု လွှတ်တော် တခု သတ်သတ်ပေါ်မယ်။ တောက်ပြီးတော့ အိန္ဒိယလို့ ခေါ်မည့် (ဟိန္ဒူစတန်မခေါ်ဘူး) ကွန်ဂရက်ပိုင်တဲ့ ပြည်နယ်တွေကိုတော့ အိန္ဒိယလို့ လေါ်ပြီး တိုင်းပြု ပြည်ပြု လွှတ်တော် ကလဲ တခု သတ်သတ် ရှိရဦးမှာဘဲ။ အဲဒီလို နှစ်ခုရှိပြီးတော့ မဟာရာဂျာတွေ ပိုင်တဲ့ ပြည်နယ်တွေလဲ အိန္ဒိယပြည်မှာ အမြောက်အမြား ရှိပါသေးတယ်။

အဲဒီ မဟာရာဂျာတွေပိုင်တဲ့ နယ်တွေဟာ ဘယ်လောက်ကြီးသလဲ ဆိုယင် မဟာရာဂျာ တယောက်ပိုင်တဲ့ နယ်တချို့တလေဟာ ကျွန်တော်တို့ ဗမာပြည် နီးပါးလောက်ကြီးတဲ့ နယ်တွေ ဖြစ်ပါတယ်။ မဟာရာဂျာတွေ ပိုင်တဲ့ နယ်တွေထဲမှာ ဆိုယင် ဗမာပြည်လောက် ကြီးတဲ့ နယ်တွေ တော်တော်များများ လောက်ရှိတယ်။ အဲဒီတော့ကာ အဲဒီ မဟာရာဂျာ တွေပိုင်တဲ့ နယ်တွေလဲဘဲ တဖက်ဖက်ပါဖို့ ကောင်းတယ်လို့ အင်္ဂလိပ် အစိုးရက ဆိုပေမဲ့ ဒီလူတွေက ဒို့မပါဘူး။ ဒို့ဖာသာဒို့ သီးသန့်နေမယ်ဆိုယင် နေနိုင်တဲ့ အခြေအနေမျိုး ရှိတယ်။ အဲဒီောလာက် အိန္ဒိယရဲ့ နိုင်ငံရေး အခြေအနေကတော့ အင်မတန်ကိုဘဲ ရှေ့ကို ရှုပ်ထွေးဦးမယ်ဆိုတာ ကျွန်တော်တို့က မြင်နေပါတယ်။

ဒီတော့ကာ အင်္ဂလိပ်အစိုးရက ဒိုမီနီယံ ပေးထားတာက ဘ်ာလိုပေးလိုက်သလဲဆိုတော့ မင်းတို့ ဒိုမီနီယံ ယခုယူထားပါ။ နောက်ပြီးတော့ကာ မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော် အသီးသီးကနေပြီး လုံးဝ လွတ်လပ်ရေး လိုချင်တယ်ဆိုယင်မင်းတို့ ဆုံးဖြတ်ယူ။ သဘောရှိအတိုင်းဘဲ။ သို့သော်လဲ အခုချက်ချင်း လက်ငင်းအားဖြင့် ဒိုမီနီယံဘဲယူထား။ ယူထားပြီးနောက် မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ လွတ်လပ်ရေးကို ဒို့ အင်္ဂလိပ်(Commonwealth) ကနေပြီးတော့ ထွက်သွားချင်တယ်ဆိုယင် မင်းတို့ ထွက်သွားနိုင်တယ် ဆိုပြီးတော့ ပြောထားတယ်. ပြောထားပေမဲ့ တကယ် လက်တွေ့ မှာတော့ အင်မတန်ဘဲ သူတို့မှာ အင်္ဂလိပ် (Commonwealth) က နေပြီးတော့ ထွက်ဖို့ ခဲယဉ်းတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဘာပြုလို့လဲ ဆိုလို့ရှိယင် အင်္ဂလိပ် အစိုးရက မပေးမှာမို့လို့ မဟုတ်ဘူး။ အချင်းချင်း ဂွကျနေလို့ အခက်အခဲ အမျိုးမျိုး ရှိနေလို့ အင်္ဂလိပ် (Commonwealth) က မထွက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ချင်ဖြစ်နိုင်တယ်။ နောက်ဆုံး တနေ့မှာ အင်္ဂလိပ် (Commonwealth) က ထွက်လာနိုင်တဲ့ အခြေအနေမျိုး ရောက်လာသည့်တိုင်အောင် ချက်ချင်း မရောက်နိုင်သေးဘူး။ တော်တော်ကလေးကြာမှ အင်္ဂလိပ် (Commonwealth) က ထွက်လာတဲ့ အခြေအနေမျိုး ရောက်လာတယ်။ အဲဒီ အခြေအနေက ဘာပြုလို့ဆိုယင် အခု ပါကစ္စတန်နှင့် အိန္ဒိယပြည်ဆိုပြီးတော့ နှစ်ခုခွဲ ပြီးတော့ ခွဲထွက်လိုက်မယ်ဆိုလို့ရှိယင် နယ်တွေကိုလဲ ခွဲရဦးမယ်။

ဥပမာ ဘင်္ဂလားပြည်ဆိုလို့ရှိယင် မူဆလင်တွေများတဲ့ အပိုင်းရှိတယ်။ ဟိန္ဒူတွေများတဲ့ အပိုင်းရှိတယ်။ အဲဒီတော့ကာ အဲဒီအပိုင်းတွေလဲ ခွဲရအုံးမယ်။ အာသံပြည်မှာ အချို့နယ် တွေမှာ လူတွေရဲ့ဆန္ဒကို မေးရဦးမယ်။မင်းတို့ဟာ ပါကစ္စတန်ဖက် ၀င်ချင်သလား၊ အိန္ဒိယ ဖက် နေချင်သလား စသဖြင့် ဒါတွေမေးရမယ်။ နောက်ပြီးတော့ တခါ ပန်ဂျပ်ပြည် မှာလဲ အဲဒါတွေလုပ်ရ ဦးမယ်။ (North-West Frontier Province)ဟာ မူဆလင်တွေနေတဲ့ နယ်ဖြစ်ပေမယ့် ကွန်ဂရက်ကို ထောက်ခံတဲ့ လူတွေက အစိုးရ ဖြစ်နေ တဲ့နယ်ဖြစ်တယ်။ အဲဒီနယ်ကို အခုပြန်ပြီးတော့ကာ ရွေးကောက်ပွဲ လုပ်ပြီးတော့ကာ မင်းတို့ဟာ ပါကစ္စတန် ဖက်ပါခင်သလား၊ အိန္ဒိယဖက်ပါချင်သလားဆိုတယ မေးရဦးမယ်။ အဲဒီတော့ အဲဒါမျိုးတွေ လုပ်တဲ့အခါမှာလဲ အေးအေးလူလူနဲ့ ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုလိမ့်မယ်။ တော်တော့်ကို ရှုပ်ရှုပ် ပွေပွေ ဖြစ်နိုင်စရာ အကြောင်းတွေ ရှိတယ်။ သူတို့ဆီမှာ အခုနေအခါမှာဆိုယင် လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်နေတာ တွေရှိတယ်။ သို့ပေမဲ့ ဒီတခါကျတော့ကာ ဒီတခါမှာ ကွန်ဂရက်နှင့် မူဆလင်လိ(ခ်) တို့ သဘောမတူဘူးဆိုယင် လူမျိုးရေး အဖြစ်မျိုး မဟုတ်ဘဲနဲ့ တကယ့်ပြည်တွင်း စစ်သဘော ကိုရောက်ချင်ရောက်သွားနိုင်တယ်။ အဲဒါတမျိုးရှိတယ်။ နောက်ပြီးတော့တခါ စစ်တပ် (အိန္ဒိယစစ်တပ်) ဖွဲ့ရမယ်။ အိန္ဒိယစစ်တပ်ကို မူဆလင်လူမျိုးတွေဖြစ်တဲ့ လူတွေကို မူဆလင်ဖက်၊ပါကစ္စတန်ဖက် ပါချင်တဲ့ လူတွေကို ပါကစ္စတန်ဖက်ကို ခွဲရမယ်။ အိန္ဒိယ အစိုးရဖက်မှာ နေချင်တဲ့ လူတွေကို အိန္ဒိယ အစိုးရဖက် ခွဲရမယ်။ အဲဒီလို ဟာမျိုးတွေက လုပ်ရမှာ အမြောက်အမြားရှိတယ်။ အဲဒီလို လုပ်ရမည့် အလုပ်တွေက အများကြီး ရှိနေတော့ အဲဒီလိုလုပ်နေတဲ့ အချိန်အခါ အတောအတွင်းမှာ ဆိုယင် အိန္ဒိယပြည်ဟာ ပါကစ္စတန်ရော၊ အိန္ဒိယရော နှစ်ခုစလုံး ဒိုမီနီယံ အဖြစ်နဲ့ နေရမှာဘဲ။ ဘာဖြစ်လို့လဲ ဆိုယင် အင်္ဂလိပ် ကွန်မွန်ဝဲ(လ်) (Commonwealth) ကနေပြီး တိုးထွက်နိုင်တဲ့ အခြေအနေကို ဖြစ်ကိုမဖြစ်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုယင် ကိုယ့်မှာ စစ်တပ်က ကျကျ နန မရှိသေးဘူး။ နယ်ကျကျနန သတ်မှတ်လို့ မပြီးသေးဘူး။ စကားများနေတုန်း၊ တယောက်နဲ့ တယောက် အဲဒါမျိုးတွေ ဖြစ်နေတယ်။

အဲဒီတော့ အိန္ဒိယပြည်မှာ အဲဒီလို အခြေအနေမျိုးတွေ ဖြစ်နေတယ်။ ဖြစ်ပေမဲ့ ၊ တခု ထူးခြားသွားတာကတော့ ဘာထူးခြားသွားသလဲ ဆိုယင် ခုတင်က ပါကစ္စတန်တို့၊ အိန္ဒိယတို့မှာ ပေါ်ပေါက်လာတဲ့ ယခုသီးခြား ပေါ်ပေါက်ကြမယ့် တိုင်းပြု ပြည်ပြု လွှတ်တော်တွေဟာ ယခုတော့တခုဘဲ ရှိတယ်။ ဒီတခုကလဲဘဲ မူဆလင်လိ(ခ်) မပါဘူး။ မူဆလင်လိ(ခ်)ကအမတ်တွေက ပါကစ္စတန် ဒိုမီနီယံဖက်မှာ လုပ်ချင်တာက တိုင်းပြု ပြည်ပြုလွှတ်တော် လုပ်မယ်နဲ့တူတယ်။ ဒီတော့ အဲဒီလိုလုပ်ပြီး တိုင်းပြုပြည်ပြု လွှတ်တေ် ပေါ်ပေါက်တဲ့အခါမှာ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော် နှစ်ခုစလုံးဟာ အချုပ်အချာ အာဏာပိုင်တဲ့ လွှတ်တော်အဖြစ် ချက်ချင်းရောက်သွားမယ်။ ဘာဖြစ်လို့ ချက်ချင်း ရောက်သွားမလဲဆိုယင် ဒိုမီနီယံဆိုတဲ့ အဓိပ္ပါယ်ဟာ ဥပဒေသဘောအားဖြင့် ပြောရမယ် ဆိုယင် (Semi-sovereign state) အချုပ်အချာ အာဏာရှိသင့်သလောက်ရှိတယ်။ သို့သော်လဲဘဲ ရုပ်ပြအားဖြင့် မရှိဘူး။ (Formal sovereignty) မရှိဘူး။ (Formal sovereignty) ဆိုတဲ့ အဓိပ္ပါယ်က ရုပ်ပြအချုပ်အချာ အာဏာပိုင် မရှိဘူး။ ဘယ်လို အချုပ်အချာ အာဏာမရှိဘူးလဲဆိုယင် ဒီအင်္ဂလိပ် ရှင်ဘုရင်ရဲ့ သစ္စာကို စောင့်သိ ရိုသေရမယ်ဆိုတဲ့ သဘောမျိုး ရှိတယ်။ အဲဒီသဘောမျိုးရှိနေတဲ့အတွက် ရုပ်ပြ အချုပ်အချာ အာဏာမှရှိဘူးလို့ ဆိုရမယ်။ အဲဒါတောင်မှ ဥပမာ အိုင်ယာလန်မှာလို့ဆိုယင် အတော်ထူးခြားတဲ့ အခြေအနေရောက်နေတယ်။ အိုင်ယာလန်ပြည်ဟာ အင်္ဂလိပ် ရှင်ဘုရင်ကို သစ္စာစောင့်ရမယ်ဆိုတဲ့ အပိုဒ်ကို ဖျက်လိုက်တယ်။ နောက်ပြီးတော့ ဘယ် ရှင်ဘုရင်မှ မထားတော့ဘူး။ သို့သော်လဲ နိုင်ငံခြား ဆက်သွယ်တဲ့နေရာမှာ တခါ၊ အင်္ဂလိပ် ရှင်ဘုရင်ကို အသုံးချတယ်။ အသုံးချရုံဘဲ ချတယ်။ သို့သော်လည်း သူတို့ သစ္စာတော့ မဆိုဘူး။ နောက်ပြီးတော့ သူတို့တိုင်းပြည်မှာလဲ သမ္မတလို သဘောထားမျိုးရှိတယ်။ နန်းရင်းဝန်လို့ ခေါ်တဲ့ ၀န်ကြီးချုပ်အပြင် သမ္မတ ဆိုတဲ့ လူစားမျိုးလဲ အိုင်ယာလန်မှာ ရှိတယ်။ သို့သော်လဲဘဲ သူတို့တိုင်းပြည်ကို အိုင်ယာလန်လို့ခေါ်တယ်။ ဘာအဓိပ္ပါယ်လဲ ဆိုတာ ကျွန်တော်လဲ မပြောတက်ဘူး။

အဲဒီမယ် အိုင်ယာလန်လို့ ခေါ်တဲ့အတွက် သူတို့ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုက် ကြည့်တဲ့ အခါကျတော့ သူတို့ဆိုသွားတာတွေကတော့ (It is independent, democratic sovereign state) လုံးဝလွတ်လပ်တဲ့ ဒီမိုကရေစီ စံနစ်အရ အချုပ်အချာ အာဏာနှင့် ပြည့်စုံတဲ့ နိုင်ငံတော်ဖြစ်တယ်လို့ အဲဒီလိုလဲသာမာန် ဆိုထားတယ်။ သမ္မတ နိုင်ငံရယ်လို့တော့ သေသေချာချာ တိတိလင်းလင်း ဆိုမထားပါဘူး။ အဲဒီလို သမ္မတနိုင်ငံ လို့ တိတိ လင်းလင်း ဆိုမထားတဲ့ အတွက် အိုင်ယာလန်ပြည်မှာ တောင်မှ အချို့သူတွေ ဟာ အငြင်းထွက်နေကြတယ်။ ဥပဒေ သဘောအရ သမ္မတနိုင်ငံ မဟုတ်ဘူး။ ဥပဒေ သဘောအရဆိုလို့ရှိယင် အင်္ဂလိပ် ပြည်ထောင်စု အတောအတွင်းမှာရှိတယ်။ ဘာ၊ညာ အစရှိသဖြင့် အငြင်းထွက်နေကြတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သူတို့ အခြေအနေကတော့ အတော်ဘဲ ထူးဆန်းတယ်။ အဲဒီတော့ကာ နိုင်ငံရေး ဆရာတဦးက နေပြီးတော့ အိုင်ယာလန်ပြည်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောဘူးသလဲ ဆိုယင်၊ ကျွန်တော် မှတ်မိ သလောက် ပြောရမယ်ဆိုယင် (Eire is in the Commonwealth but not of it.) အဲဒါ (Commonwealth) အတွင်းမှာလို့ ပြောချင်ပြောနိုင်ပေမဲ့ (Commonwealth) ရဲ့ နိုင်ငံလဲ မဟုတ်ဘူးတဲ့ ၊နောက်ပြီးတော့က တခါ ဒီဗလီယာက တခါတုန်းကပြေားဘူးတဲ့ စကားရှိတယ်။ သူက ဘယ့်နယ်ပြောသလဲ ဆိုယင် အင်္ဂလိပ် အစိုးရက ဒို့အိုင်ယာလန် တိုင်းပြည်ဟာ အင်္ဂလိပ် (Commonwealth) ထဲမှာ ပါတယ်လို့ သူတို့ဖာသာ သူတို့ထင်လို့ရှိယင် ထင်ချင်တာ ထင်စေပေါ့တဲ့၊ ဒို့လဲဘဲ ဒို့လုပ်ချင်တာ လုပ်ပေါ့တဲ့။ အဲဒီလို ဒီဗလီရာက ပြောတယ်။ အဲဒီတုန်းက အိုင်ယာလန်ရဲ့ အခြေအနေဟာ အင်မတန်ဘဲ ထူးဆန်းတယ်။ သို့ပေမဲ့ ကျွန်တော်တို့ သိနေကြတာက သူကို ဒိုမီနီယံလို့ဘဲ သိနေတယ်။

အိုင်ယာလန်လို ထူးခြားတဲ့ ဒိုမီနီယံကို အပထားလို့ရှိယင် အခြား ဒိုမီနီယံတွေကတော့ အင်္ဂလိပ် ဘုရင်တွေကိုဘဲ သူတို့ ဘုရင်တွေ အဖြစ်နဲ့ထားတယ်။ ဘာပြုလို့လဲ ဆိုယင် အိန္ဒိယပြည်အတွက်တော့ ကျွန်တော် မပြောလိုဘူး။ ကနေဒါတို့၊ဩစတြေးလျားတို့ တောင်အာဖရိကတို့ဆိုတဲ့ ဒိုမီနီယံတွေကတော့ သွေးတူသားတူ ဥရောပတိုက်သား တွေကနေပြီးတော့ ဆင်းလာတဲ့ လူတမျိုးထဲလို လူစားတွေဖြစ်တော့ အကုန်လုံး မျက်နှာဖြူ လူမျိုးတွေချည်းဘဲ။ ဥရောပတိုက်လူမျိုးတွေချည်းဘဲ။ အဲဒီလိုဖြစ်နေတော့ သူတို့အဖို့မှာ အင်္ဂလိပ်ရှင်ဘုရင်ကို ကိုယ့်ရှင်ဘုရင်လို့ဆိုပြီး ယူဆဖို့ မခဲယဉ်းဘူး။ မခဲယဉ်း တဲ့အတိုင်း သူတို့ကိုယ်တိုင်က ကြည်ဖြူပြီးတော့ အင်္ဂလိပ်ရှင်ဘုရင်ကို ကျုပ်တို့ ရှင်ဘုရင်အဖြစ် ထားပါဆိုပြီးတော့ သူတို့က ကြည်ဖြူလို့ထားကြတယ်။ အဲဒီတော့ ဒိုမီနီယံဆိုတဲ့ သဘောကတော့ အင်္ဂလိပ်နဲ့ တသဘောတည်း၊အင်္ဂလိပ်နဲ့ တအိမ်ထောင် တည်း သဘောမျိုးနဲ့ နေကြတာဘဲ။ သို့သော်လဲဘဲ ဒီဥပဒေ သဘောအားဖြင့် ဆိုယင် သူ့တိုင်းပြည်သူ အုပ်ချုပ်တဲ့နေရာမှာ သူ့ဖာသာသူ အုပ်ချုပ်တာ၊ အဲဒီလို အုပ်ချုပ်တဲ့ အခါမှာ အဲဒီလို တိုင်းပြည်မှာရှိတဲ့၊လွှတ်တော်ဟာလဲဘဲ အာဏာရှိတဲ့ လွှတ်တော် ဖြစ်တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာတော့ အခု ကျွန်တော်တို့ ရထားတဲ့ အစိုးရဆိုတာက လက်တွေ့အားဖြင့် ကျွန်တော်တို့ လုပ်နေတဲ့နေရာမှာတော့ လုပ်နိုင်ပါတယ်။ သို့သော် လဲဘဲ(Status) ဆိုတဲ့ အဆင့်အတန်းမှာတော့ ကျွန်တော်တို့က အာဏာရှိတဲ့ အဆင့် အတန်း မဟုတ်ဘူး။ ဒီတော့ နိုင်ငံခြားတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ကျွန်တော်တို့ တိုင်းပြည်ကို တခြားနိုင်ငံတွေက မေးတဲ့အခါမှာ မင်းတို့နိုင်ငံဟာ သမ္မတနိုင်ငံလား၊ လွတ်လပ်တဲ့နိုင်ငံလား၊ဒါမှမဟုတ် ဒိုမီနီယံ နိုင်ငံလားဆိုယင် ကျွန်တော်တို့က ဘယ်လို ဖြေရမလဲဆိုယင် ကျုပ်တို့တော့ မသိဘူး။ လုပ်တော့ လုပ်နိုင်တယ်။ ကျုပ်တို့ တိုင်းပြည်ကို တော်တော်ကလေး အုပ်ချုပ်လို့ရတာဘဲ၊ရပေမဲ့ ဘယ်လို ခေါ်ရမယ်လို့တော့ ကျုပ်တို့လဲ မသိသေးဘူးလို့ အဲဒီလိုဘဲ ပြန်ဖြေရမယ်။ ဒါဟာ ကျွန်တော်တို့ အခုအစိုးရရဲ့ အခြေ အနေဖြစ်တယ်။

ကျွန်တော်တို့ အစိုးရရဲ့ အခြေအနေဖြစ်နေတော့ အိန္ဒိယပြည်မှာတော့ အခု ဩဂုတ်လမှာ ဆိုယင်ဒိုမီနီယံ အစိုးရ ဖြစ်သွားကြတဲ့အခါမှာ သူတို့ရဲ့ အဆင့်အတန်းဟာ ကျွန်တော်တို့ အစိုးရ အဆင့်မတန်းထက် မြင့်သွားမယ်။ မြင့်သွားပြီးတော့ အဲဒီဟာထက် ပိုပြီး အရေးကြီးတာက ဘာအရေးကြီးသလဲဆိုယင် သူတို့ရဲ့ နယ်တွေမှာ ပေါ်မဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်တွေဟာ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော်တွေ ဖြစ်သွားမယ်။ ဘယ်လို အချုပ်အချာ အာဏာတွေနဲ့ ပြည့်စုံတဲ့ လွှတ်တော်တွေ ဖြစ်သွားလဲဆိုယင် အဲဒီ လွှတ်တော်က ဆွဲတဲ့ ဥပဒေကို ချက်ချင်း အတည်ဖြစ်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ထက် အိန္ဒိယပြည်က တပန်းသာသွားတာလဲ ရှိတယ်။ ကျွန်တော်တို့ထက် လျော့သွားတာလဲ ရှိတယ်။ ကျွန်တော်တို့က အဲဒီနေရာမှာ တိုင်းပြု ပြည်ပြု လွှတ်တော်က အချုပ်အချာ အာဏာမရသေးဘူး။ မရသေးဘူးဆိုတာက ရအောင် လုပ်တဲ့နည်းတွေကတော့ အမျိုးမျိုးရှိတာပေါ့လေ။ နောက် ကျွန်တော် ပြောပြ မယ်။ဒီဥပဒေသဘော ပြောရမယ်ဆိုယင် ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ဟာ အချုပ်အချာ အာဏာ မရသေးဘူး။ အချုပ်အချာ အဖွဲ့ရဲ့ အဆင့်အတန်းသာ ရသေးတယ်။ (Status) အဆင့်အတန်းကသာလျှင် ကျွန်တော်တို့ အချုပ်အချာ လွှတ်တော်ရဲ့ အဆင့် အတန်းသာ ရတယ်။ သဘောကတော့ ယခု ကျွန်တ်ာတို့ တိုင်းပြု ပြည်ပြု လွှတ်တော် လုပ်ကြတယ်ဆိုယင် ဒီလွှတ်တော်ကို ဘုရင်ခံလာပြီးတော့ ရိုးရိုး ဥပဒေပြု လွှတ်တော် လာသလို လာပြီးတော့ စကားမပြောနိုင်ဘူး။ သူလာပြီးတော့ကာ တိုင်းပြု ပြည်ပြု လွှတ်တော်ကို နားထောင်ချင်တယ်ဆိုယင် ဧည့်သည်အဖြစ်နဲ့ လာနားထောင်နိုင်တယ်။ ဘုရင်ခံ အဖြစ်နဲ့ လာပြီး ကျွန်တော်တို့ကိုဘာလုပ်ပါ။ ဘာလုပ်ပါလို့ မပြောနိုင်ဘူး။ ဒီတော့ ရိုးရိုး ဥပဒေပြု လွှတ်တော်ဆိုယင် အဲဒီ ဥပဒေပြု လွှတ်တော်ကို လာပြီး စကားပြော နိုင်တယ်။ အဲဒါမျိုးတွေ ဖြစ်တယ်။

အဲဒီတော့ အချုပ်အချာ အာဏာသဘောမျိုး အဆင့်အတန်း ဆိုပါတော့ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော် သူ့ဟာသူ လုပ်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒိလို လွတ်လွတ်လပ်လပ် ရှိတဲ့အတွက် (Status) အဆင့်အတန်းမှာတော့ကာ အချုပ်အချာ အာဏာအဖွဲ့ သဘောမျိုး ဖြစ်တယ်။ သို့သော်လဲဘဲ ဥပဒေသဘောနဲ့ ပြောမယ်ဆိုယင် အာဏာတော့ မရှိသေးဘူး။ အာဏာရအောင် လုပ်တဲ့နည်းကတော့ အခုတင်က အစီရင်ခံခဲ့တဲ့အတိုင်း ဖြစ်နေတော့ အိန္ဒိယပြည်က တိုင်းပြုပြည်ပြု လွှတ်တော် ဟာလဲဘဲ လွန်ခဲ့တဲ့ အခြေအနေတုန်းကတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ထက် ဒီလိုဘဲ မခြားနားတဲ့ အခြေအနေမျိုးရှိတယ်။

ယခုတော့ကာ အိန္ဒိယပြည်မယ်ရှိတဲ့ ပေါ်ပေါက်လာမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်တွေဟာ ကျွန်တော်တို့ထက် ပိုပြီးတော့ကာ တဆင့်သာ သွားတယ်။ ဘယ်လိုသာသွားသလဲ ဆိုလို့ရှိယင် အချုပ်အချာလို အာဏာလို အဆင့်အတန်းတွင် မကဘဲနဲ့ အာဏာများပါရတဲ့ အခြေအနေမျိုး ရောက်သွားတယ်။ အဲဒီတော့ကာ အဲဒီလိုသာတဲ့ ဖက်ကလဲ သာတယ်။ သို့သော် သူတို့ရှော်တဲ့ ဖက်ကလဲ ဘယ်လိုရှော်သလဲ ဆိုတော့ သူတို့ကို အင်္ဂလိပ် အစိုးရက ဒိုမီနီယံပေးလိုက်တဲ့ အခါမှာလဲ အဲဒီ ဒိုမီနီယံအဖြစ်နဲ့ ဘယ်လောက်ကြာကြာ နေရသလဲဆိုယင် ဟိန္ဒူနဲ့ မူစလင် စေ့စပ်တဲ့ နေရာမှာ ကြာလျှင်ကြာသလောက် နေရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အင်္ဂလိပ်အစိုးရက နေစေချင်လို့ မဟုတ်ဘူး။ သူတို့ အချင်းချင်း မတဲ့လို့နေရတဲ့ အခြေအနေဖြစ်နေတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ ဒီလွတ်လပ်ရေး ကိစ္စနဲ့ပတ်သတ်ပြီးတော့ ဖ၊ဆ၊ပ၊လ အဖွဲ့အချုပ်ကြီးက ၁၉၄၆ ခု၊ ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ ပထမ ဖ၊ဆ၊ပ၊လ ဗမာနိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ် ညီလာခံကြီးက ဗမာပြည်ဟာ လုံးဝလွတ်လပ်ရေးကို လိုချင်တယ်။ ဘယ်လို ဒိုမီနီယံ စတိတ်ကိုမှ မလိုချင်ဘူးဆိုပြီးတော့ ကျွန်တော်တို့ ရည်ရွယ်ချက် မဖြစ်နဲ့ အတိအလင်းကြေညာခဲ့ပါတယ်။ အဲဒီ ကြေညာခဲ့တဲ့ အတိုင်းပဲ ကျွန်တော်တို့ လွန်ခဲ့တဲ့ မေလအတွင်းမှာ ကျင်းပကြတဲ့ ဖ၊ဆ၊ပ၊လ ပမာဏ ညီလာခံမှာလဲဘဲ ကျွန်တော်တို့ လွန်ခဲ့တဲ့ မေလအတွင်းမှာ ကျင်းပကြတဲ့ ဖ၊ဆ၊ပ၊လ ပမာဏ ညီလာခံမှာလဲဘဲ ကျွန်တော်တို့ဟာ ဒီဗမာပြည်ကြီးကို လုံးဝလွတ်လပ်ပြီးတော့ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံအဖြစ်နဲ့ တည်ထောင်မယ်ဆိုပြီးတော့ ကျွန်တော်တို့ဆုံးဖြတ် ခဲ့တယ်။ နောက်ပြီးတော့လဲဘဲ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ကြီးမှာလဲ ကျွန်တော် ကိုယ်တိုင် တင်သွင်းခဲ့ပြီးတော့ကာ ဒီအချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတ နိုင်ငံကို တည်ထောင်မယ် ဆိုပြီးတော့ကာ အဲဒီ ဆုံးဖြတ်ချက်ကို တင်သွင်းလို့ ဆုံးဖြတ်လို့တောင်ပြီးပြီ။

ဒီတော့ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်လုပ်တဲ့ အလုပ်ဟာ အင်မတန်ရှင်းပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း လုံးဝ လွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝ လွတ်လပ်ရေးကို ဆုံးဖြတ်ပြီတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေငြာ ထားတဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရအောင် လုပ်မယ်ဆိုတာလဲ ကျွန်တော်တို့ လုပ်နေလျှက်ပါပဲ။ တနှစ်လဲဘဲ မပြည့်သေးပါဘူး။ တနှစ်စေ့လာတဲ့ အနေမျိုး ၊ သို့သော်လဲဘဲ စေ့တယ်။ ပြည့်တယ် ဆိုတဲ့ သဘောမျိုးကတော့ အလျော့အပေါ့ နဲနဲပါးပါး ပါချင်ပါတယ်။ သို့သော်လဲဘဲ ဘယ်လိုသဘော ဖြစ်ဖြစ် အဲဒီဖြစ်တာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြု ပြည်ပြု လွှတ်တော်က ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ရအောင် မလုပ်နိုင်သေးဘူး။ ကျွန်တော်တိုကလဲဘဲ အဲဒီ အချိန်အခါ အထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်း ရနိုင်အောင် ကျွန်တော်တို့ ကြိုးစားမယ်။ အဲဒီလို ကြိုးစားမယ်ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေတယ်။ ဒီလိုလုပ်နေတဲ့ အတိုင်းးကျွန်တော်တို့ လုပ်တဲ့ လုပ်ငန်းဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာ အခုနေအခါ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုယင် အချိန်တွေ လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့ တနေ့ ခင်ဗျားတို့ မြင်လာတဲ့ တနေ့မှာ ကျွန်တော်တို့ လုပ်ငန်းတွေဟာ အေင်သလား၊ မအောင်ဘူးလား ဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာဘဲ။

အဲဒီလို မြင်လာတဲ့အခါမှာ၊ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ဟာ ဘယ်လို အဖွဲ့ချုပ်မျိုးလဲ။ အလုပ်လုပ်တဲ့ နေရာမျိုးမှာ ဘယ်လိုထိရောက်အောင် လုပ်နိုင်သလဲ ဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျွန်တော်ဘာမှ သိပ်ပြီးတော့ ကြီးကြီး ကျယ်ကျယ်တွေ ပြောနေဖို့ မလိုပါဘူး။ အဲဒီတော့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က ဘာမှ သွေးဖီပြီး တော့ လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေး ရအောင်ဆိုပြီး လုပ်နေတာပဲ။ သို့သော်လဲဘဲ အဲဒီလို လွတ်လပ်ရေး ရအောင် ကျုပ်တို့က လုပ်တဲ့နေရာမှာ အလွယ်ဆုံး ၊ အကောင်းဆုံး၊အအေးဆုံးနည်းကို ရှာတယ်။ အဲဒီလိုရှာတာကို ကျုပ်တို့တို ဘာအပြစ်ပြောစရာ ခင်ဗျားတို့ရှိသလဲ။ အလွယ်ဆုံး ၊အကောင်းဆုံး၊အအေးဆုံး နည်းတွေနဲ့ ကျွန်တော်တို့ လွတ်လပ်ရေး ရအောင်ရှာတဲ့ နေရာမယ် ဘယ်သူတွေက ဘာဖြစ်လို့ ကျုပ်တို့ကို အပြစ်တင်နေရသလဲ၊အဲဒီတော့ကာ အဲဒီလို လုပ်တဲ့ နေရာမယ် ဒါတွေကို ရှင်းပြနေတဲ့ အထံကနေပြီးတော့ ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က ဒိုမီန်ီယံဘဲ လက်ခံတော့မလိုလို ဘာလိုလိုအစရှိသည် အားဖြင့် တချို့ကနေပြီးတော့ ဟိုရေး၊ဒီရေး၊ ဟိုပြော၊ဒီပြော ပြောတယ်။

ကျုပ်တို့ ဂရုမစိုက်ပါဘူး။ ခင်ဗျားတို့တိုင်းပြည်က အဲဒီလိုလူတွေ ပြောတာတွေကို ယုံချင်တယ်ဆိုယင် ခင်ဗျားတို့ ယုံနိုင်တယ် (လက်ခုတ်တီးသံနှင့်ဩဘာသံများ)။ အဲဒီတော့ ဒိုမီနီယံ ကိစ္စနှင့် ပတ်သက်ပြီး ဒိုမီနီယံ ပြောနေကြတဲ့ လူတွေကလဲ နားလည်လို့ ပြောနေကြတာ မဟုတ်ဘူး။ အမှန်စင်စစ်တော့ ကျွန်တော်တို့ ဗမာနိုင်ငံရေးမှာ ကျွန်တော်နဲနဲ (Brutal truth) ဆိုမှာပေါ့၊ တော်တော်ကလေး ကိုဘဲ ရက်ရက် စက်စက် မှန်တယ်။ သခင်နုကတော့ ကျွန်တော့်ကို ခဏခဏ ပြောတယ်။ ခင်ဗျား (painful truth)သိပ်မပြောပါနဲ့လို့။ (painful truth) ဆိုတာ ဘာလဲဆိုယင် မှန်တော့ မှန်တယ်။ သို့သော် မှန်လွန်းအားကြီးလို့ မခံနိုင်ဘူး။ အဲဒီလိုဖြစ်တယ်။ သို့ပေမဲ့ ဒီတခါလဲ ကျွန်တော် ပြောရအုံးမယ်။ ဘာပြေမလဲဆိုယင် ယခု ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးသမားတွေ လုပ်နေကြတယ်။ သတင်းစာဆရာတွေ လုပ်နေကြတယ်။ သူတို့ ရေးနေတာ သူတို့၊သူတို့ ပြောနေတာ သူတို့ နားမလည်တဲ့ သူတွေ အများကြီးဘဲ ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။(လက်ခုတ်တီးသံ ဩဘာသံများ)။ခံချင်မှာတော့ မဟုတ်ဘူး။ ဘာပြုလို့လဲ ဆိုယင် နားမလည်ဘူး ပြောလိုက်တာကိုး၊ခံချင်မှာတော့ မဟုတ်ပါဘူးဗျာ့။ သို့သော်လဲဘဲ (It is painful truth) အဲဒါ တခါတည်းကို သွေးထွက်အောင် မခံချင်လောက်အောင် မှန်တယ်၊မှန်တယ်ဆိုတာ ကျွန်တော် ရဲရဲ ကြီး ပြောရဲတယ်။ (လက်ခုတ်တီးသံနှင့် ဩဘာသံများ)။

အဲဒီတော့ ကိုယ်ပြောနေတာ ကိုယ်ရေးနေတာ ကိုယ်လုပ်နေတာ ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားတွေ၊သတင်းစာ ဆရာတွေက တော်တော်ကလေး များတယ်။ အဲဒီလို ဖြစ်နေတော့ ကျွန်တော်လဲ နိုင်ငံရေး အကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံရေးဆိုတဲ့ စကားက အစ ကျွန်တော်တခါတည်း တိုင်းပြည်ကို နောင်အခွင်သင့်လို့ရှိယင် အပတ်စဉ် အပတ်စဉ်ဖြစ်စေ၊တခါတည်း ရက်ဆက် သဘောမျိုး ဖြစ်စေ တခါတည်း အဲဒီလို ရှင်းလင်းပြသွားချင်ပါသေးတယ်။ိ အဲဒီအခါကျယင် နိုင်ငံရေး ဆိုတာ ဘာလဲ၊ တော်လှန်ရေးဆိုတာ ဘာလဲ၊ နောက်ပြီးတော့ လွတ်လပ်ရေး ဆိုတာ ဘာလဲ၊ ဟိုဟာက ဘာလဲ၊ဒီဟာက ဘာလဲ၊အဲဒါတွေ ကျွန်တော်ရှင်းပြချင်တယ်။ ခေါင်းဆေင်မှုဆိုတာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ။ အဲဒါတွေ ကျွန်တော် ရှင်းပြချင်တယ်။ သို့ပေမယ့် ၀မ်းထဲမှာတော့ အများကြီးဘဲ၊ ပုံနေတာဘဲ၊ သို့သော်လဲဘဲ ကျွန်တော့်မှာ အချိန်က မရတော့ မရှင်းနိုင်အားဘူး။ အဲဒီတော့ သတင်းစာထဲ ရေးချင်တာရေး၊ တချို့ ပြောချင်တာပြော၊ ကြည့်နေရတာပဲ။ ဘာမှ မတက်နိုင်ဘူး။ ခင်ဗျားတို့ ကြားချင်တာ ကြးပြီး၊ ထင်ချင်တာ ထင်နေတာဘဲ ဆိုတာလဲ ကျွန်တော် သိပါတယ်။ (လက်ခုတ်တီးသံနှင့် ဩဘာသံများ)။


အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားကြည့်စေချင်တာက ဒီ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ဟာ ဘယ်လို ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်လဲဆိုတာ ရာဇ၀င်နှင့် ပြန်ကြည့်စေချင်တယ်။ လူတွေကိုလဲ ရာဇ၀င်နှင့် ပြန်ကြည့်စေချင်တယ်။ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ်ခဲ့တဲ့ နိုင်ငံရေး အဖွဲ့တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး တယောက်စီ တယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ စဉ်ပြီး၊မာတိကာ စဉ်ပြီး စဉ်းစားကြည့်စမ်းပါ။ ဘယ်လို လူစားတွေလဲ၊ ဘယ်လို အဖွဲ့တွေလဲ ဆိုတာ။ အဲဒီအခါမှာ အဖြေထွက်လာမယ်။ ယခု အခါမှာ ကျွန်တော်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ သို့သော်လဲဘဲ ကျွန်တော်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုးမှာ ဆိုယင် အတိုက်အခံ ဆိုတာ ရှိစမြဲပါဘဲ။

ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနှင့် မကင်းလို့ရှိယင်၊ကျုပ်တို့လဲ မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနှင့်မကင်တဲ့အပြင် တပ်ပျပ်ဗိုလ်လုပ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒီလို တပ်ပျပ်ဗိုလ်လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ချွတ်ယွင်းချက်တွေ အမြောက်အမြား ရှိတယ်ဆိုတာ ကျုပ်တို့ ကိုယ်တိုင်သိတယ်။ ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက် မရှိတဲ့ အစိုးရ မရှိဘူး။ သို့သော်လဲဘဲ တိုင်းပြည်ပေါ်မှာ စေတနာ ရှင်းရှင်း ထားပြီးတော့ တဆင့်ထက် တဆင့် ကျွန်တော်တို့ လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား ဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။ (ဩဘာသံများ) ။ ရက်မကြာခင်လောက် ဆိုယင် သခင်နုတို့လဲ ပြန်လာမယ်။ နောက်တော်တော်လေး ကြာလာယင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကြေငြာနိုင်တဲ့ စကားမျိုး လုပ်လာနိုင်ဦးမယ်။ အဲဒီလို လုပ်လာတဲ့ အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေး လုပ်ငန်းမယ် ဘယ်အထိ ရောက်အောင် တစခန်း တက်လာပြီး ဘယ်အထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကို ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည် ပြန်လည် ထူထောင်ရေးမယ် လုပ်တဲ့ လုပ်ငန်းမှာလဲ တဆင့်တက်လာတာကို သော်၎င်း၊ အခု လွတ်လပ်ရေး လုပ်ငန်းနဲ့ တဆင့်တက်လာတာကို သော်၎င်း အဲဒီလို တိုးတက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။ အဲဒီလို မြင်ရရုံ ကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်က ရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့ လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။ (ဩဘာသံများ)။

အရင်အစိုးရတွေတုန်းက ကျုပ် အတိအလင်း ပြောတယ်။ လာဘ်စားတဲ့ လူတွေရှိတယ်။ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလို လူတွေက ယခုနေ အခါမယ် တိုင်းပြည်ကို မိမိတို့ ပါတီ ပြန်အာဏာရအောင် ခြေထိုးကြတဲ့ ကိစ္စမှာ ယောင်ယောင် မှားမှား ဖြစ်တဲ့ လူတွေဟာ စေတနာ ပါသည် ဖြစ်စေ ၊မပါသည် ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူ နံပါတ် (၁) တွေ ဖြစ်တယ်။(ဩဘာသံ) ။ အဲဒီ ရန်သူ နံပါတ် (၁) တွေကို ခင်ဗျားတို့ ထောက်ခံ ချင်တယ်ဆိုလျှင် ခင်ဗျားတို့ လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာဘဲ (ဩဘာသံများ)။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင် အတင်း အဓမ္မလုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရုဖြစ်နေတာ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့ တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့ အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံမဲ့ လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။

ဒီတော့ကာ လွတ်လပ်ရေး ဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေး ဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာကို ခင်ဗျားတို့ကို ကျွန်တော်တို့ကို ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ်ဆိုလို့ရှိယင်၊စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲ ဆိုလို့ယင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်း၊ညချင်းပေါက်လာကြတော့မလို့ ခင်ဗျားတို့ ထင်ကြတဲ့ လူတွေ များကြတယ်။တချို့ကလဲဘဲ ဟာ- လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟသာင်္နယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။ ဘာတွေ့ခဲ့သလဲ ဆိုယင် လမ်းပေါ်မှာ ဆေးလှန်းတယ်။ ဟာ လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းပေါ်မှာ ထွက်ပြီး ဆေးလှန်းတယ်။ အဲဒီတော့ လမ်းသွား လမ်းလာ လုပ်တဲ့ သူတွေက အတော်ဂွကျတယ်။ အဲတာဟာ လွတ်လပ်ရေး မဟုတ်ဘူး။ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တဦး တယောက် ကောင်းစားဖို့ ဖြစ်စေ၊ တမျိုးလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတဦး တယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှု အတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးဘဲ။

ဥပမာ ခင်ဗျားစီးပွားရေး ဖြစ်ထွန်းအောင် လုပ်တဲ့နေရာမှာ အနှောင့်အရှက် မရှိစေရဘူး။ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်လို့ရှိယင် အနှောက်အရှက် မရှိစေရဘူး။ တိုင်းပြည်တပြည်လုံးရဲ့ အကျိုးကို မထိခိုက်စေရဘူး။ အခြား လူတွေရဲ့ အကျိုးကို မထိခိုက်စေရဘူး။ ခင်ဗျား လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အခြေအနေရှိရမယ်။ သို့သော်လဲ အခြားနိုင်ငံရဲ့ လွတ်လပ်ရေးကို သွားနှောင့်ရှက်တဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးကို မဟုတ်ဘူး။အဲတာက ဘာလဲ ဆိုယင် (Licence) ခေါ်တယ်။ ဒါဟာ ရမ်းကားမှုသာ ဖြစ်တယ်။

ဒီတော့ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပါယ်ဟာ စည်းမဲ့ ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ ကမ်းနဲ့ ရှိမှ သာလျှင် လွတ်လပ်ရေး ဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေး ဆိုတာကို ကျွန်တော်တို့ ရတဲ့ အခါမှာလဲ နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ ငါတို့ တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင် လဲဘဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလို အားဖြင့် စည်းကမ်း သဘောတွေကို နားလည်ပြီး စည်းနဲ့ ကမ်းနဲ့ အလုပ် လုပ်ကြမှ လွတ်လပ်ရေး ဆိုတာ တကယ်ရမယ်။

နောက်ပြီးတော့ လွတ်လပ်ရေး ရတဲ့ အခါမှာ လွတ်လပ်ရေး အခွင့်အရေးတွေရတယ်။ လွတ်လပ်ရေးရတဲ့အခါမှာ ခင်ဗျားတို့ အခွင့်အရေးတွေ ပိုရတာလဲ ရှိတယ်။ အခွင့်အရေး ပိုရသလိုဘဲ တာဝန်တွေလဲ ပိုလာလိမ့်မယ်။ ဘယ်လို တာဝန်တွေ ပိုလာမလဲ ဆိုလျှင် ဒီတိုင်းပြည်ကို အ င်္ဂလိပ်က အုပ်ချုပ်နေတုန်းက ဒီဗမာပြည် ကာကွယ်ဖို့ တာဝန်ဟာ အင်္ဂလိပ်ရဲ့ တာဝန်သာဖြစ်တယ်။ သို့သော်လဲ ဒီဗမာပြည်ကို ကျုပ်တို့ လွတ်လပ်ရေးရတဲ့ အခါမှာ ကျုပ်တို့ ဗမာတွေကသာလျှင် ဗမာပြည်ကို ကာကွယ်မဲ့ တာဝန်ဟာ အဓိက ဖြစ်တယ်။ ဒီတော့ အရင်တုန်းကလို ခင်ဗျားတို့ အေးအေး ဆေးဆေး နေလို့ မဖြစ်နိုင်တော့ဘူး။ ကျုပ်တို့ တိုင်းပြည် အစိုးရ လုပ်တဲ့ လူတွေ က တိုင်းပြည် ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းနေတယ်ဆိုလို့ရှိယင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့ လူမှန်သမျှ ကျန်းမာတဲ့ လူမှန်သမျှ စစ်မှု မထမ်းမနေရ ဆိုပြီး တော့ အတင်း ဥပဒေနဲပ စစ်ထဲကို ထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန် လုပ်ရလိမ့်မယ်။ နှစ်နှစ်တန်သည် ၊သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်။ ၀င်ပြီးနောက် စစ်ဖြစ်တဲ့ အခါမှာ ၀င်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့ တိုက်ချင် တိုကချင်၊ မတိုက်ချင် မတိုက်ချင် ၀င်တိုက်ရမှာဘဲ။ အဲတာကလဲ တာဝန်ဘဲ။ ဒါဟာ လွတ်လပ်ရေးရတဲ့ အခါမှာ ဖြစ်ရမဲ့ တာဝန်မျိုးဘဲ။ လွတ်လပ်ရေးရတဲ့ အခါမှာ ဖြစ်ရမဲ့ တာဝန်တွေဘဲ။

အဲဒီအတိုင်းဘဲ ကျွန်တော်တို့ ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့အခါမှာလဲ ယိုးဒယားပြည်လို ဖြစ်ချင်သလား။ တူရကီပြည်လို ဖြစ်ချင်သလား၊ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား။ ယူနိုက်တက်စတိတ် အမေရိကန်လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား။ ဆိုဗီယက် ယူနီယံ လို ဖြစ်ချင်သလား။ ဖြစ်ချင်တာတွေအပေါ်မှာ မှီပြီးတော့ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောပြချင်တယ်။ မလုပ်မလုပ်ဘဲနဲ့တော့ မဖြစ်ဘူး။

အဲဒီတော့ ဘိလပ်မှာ အခု ဒီစစ်ကြီးပြီးတဲ့အခါမှာ အင်မတန်ဘဲ မွဲနေတယ်။ အရင်တုန်းကတော့ သူတို့တိုင်းပြည်က ထွက်တဲ့ကုန်က သူ့တိုင်းပြည်ကို သွင်းတဲ့ကုန်ထက် အဆပေါင်းများစွာ ပိုတယ်။ ပိုတဲ့အတွက်လဲဘဲ သူတို့တိုင်းပြည်မှာ ၀င်ငွေတွေ တော်တော်များများ ရပြီးတော့ သူတို့တိုင်းသူ ပြည်သားတွေကို တော်တော်ကလေး ချောင်ချောင်ချိချိ ဖြစ်အောင် သူတို့ထားနိုင်တယ်။ သို့သော်လဲ ဒီစစ်ကြီးပြီးတဲ့နောက် အင်္ဂလိပ်အစိုးရတို့မှာဆိုရင် ဒီနိုင်ငံခြားမှာ သူတို့ရှိနေတဲ့ ငွေပင်ငွေရင်းစိုက်ထားတဲ့ လုပ်ငန်းတွေဟာ အမေရိကန်ကို ရောင်းပစ်လိုက်ရတာလောက်ချဉ်းဘဲ ဖြစ်တယ်။ နောက်ပြီး ကြွေးလဲဘဲ တော်တော်များများကို တင်တယ်။ ကုဋေ ၁,၅၀၀ လောက်ကို တင်တယ်။ ရွှေဒင်္ဂါး ကုဋေ သန်းပေါင်း ၁၅၀၀ လောက်တင်ထယ်ခင်ဗျာ။ အဲဒါမျိုးအပြင် နောက်ပြီးတော့ သူ့တိုင်းပြည်မှာရှိတဲ့ ပစ္စည်းတွေဟာလဲဘဲ အတော်ကလေးဆုံးသွားတယ်။ ဆုံးရုံတင်မ့ဘူး။ နိုင်ငံခြားကို ကုန်ကူးတဲ့နေရာမှာ ထွက်ကုန်က ၀င်ကုန်ထက်အများကြီး နည်းနေတယ်။ အဲဒီတော့ ကာ အခုဒီစစ်ကြီး ပြီးတဲ့အခါမှာ ရှးက နဂိုအနေကို အမြန်ဆုံး ပြန်ရအောင် ဆိုပြီးတော့ အမြန်ဆုံးပြန်ရအောင်ဆိုပေမယ့် တစ်နှစ်တည်းမနှင့် မရဘူး၊ နှစ်နှစ်တည်းနဲ့ မရဘူး၊ နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်၊ကိုးနှစ်ဆယ်နှစ် အဲဒီလိုသူတို့ လုပ်ယူရမယ်။

အဲဒီအထဲမှာ ရှင်နည်းရော အဂလူထွက်ဆိုတာမျိုးလို သူတို့ တိုင်းပြည်မှာ တလောတုန်းက ရာသီဥတု ဆိုးဝါးပြီးတော့ကာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကလဲ အကြီးအကျယ် ပျက်စီးသွားတယ်။ နောက် ကျောက်မီးသွေး လုပ်ငန်းတွေလဲဘဲ အတော်အကြီးအကျယ် ထိခိုက်သွားတယ်။ အဲဒီအကြောင်းတွေကြောင့် သူတို့ အတော့်ကိုဘဲ ကြီးပွားရေး လုပ်ငန်းတွေ ထိခိုက်နေတော့ကာ နဂို အခြေ အနေကို ၄၊၅၊၁၉ နှစ် ဆိုသလိုနဲ့ အမြန်ဆုံး ပြန်ရောက်အောင်ဆိုပြီးတော့ သူတို့ ဘာကြိုးစားနေသလဲ။ အင်္ဂလိပ်ပြည်မှ ထွက်တဲ့ ပစ္စည်း၊ အင်္ဂလိပ်ပြည်မှ လုပ်တဲ့ ပစ္စည်းတွေကို အင်္ဂလိပ်တွေ မ၀ယ်နိုင်ဘူး။ ဘာပြုလို့လဲ။ဥပမာ အ၀တ်အထည်ကို အင်္ဂလိပ်ပြည်က လုပ်တယ်။ အဲဒီတော့ လုပ်တဲ့ အ၀တ်အထည်ကို အင်္ဂလိပ်ပြည်က လုပ်ပေမဲ့ အင်္ဂလိပ်လူမျိုး တွေကို တနှစ်ကို နှစ်ထည် ၊သုံးထည် အစရှိသည်အားဖြင့် လိုသလောက်ထပ် ပိုပြီး မ၀တ်ရအောင်၊ ကူပွန်ဆိုတာတွေ ပေးပြီးတော့ ဆိုင်တွေမယ် ရောင်းတယ်။ အဲဒီ ကူပွန်ရမှ ၀ယ်နိုင်တယ်။ အဲဒီတော့ ဒီလိုဝယ်နိုင်တော့ကာ အဲဒီလို ပေးပြီးတော့ ရောင်းတဲ့၊ အ၀ယ်ခိုင်းတဲ့ ပိုတာတွေ မှန်သမျှကို ဘာလုပ်သလဲဆိုယင် နိုင်ငံခြားကို ထုတ်ပြီးရောင်းတယ်။ နိုင်ငံခြားက တခါ ဘိလပ်ကို သွင်းတဲ့ ပစ္စည်တွေကျတော့လဲဘဲ အရင်ကလို အတိုင်းမသွင်းပဲနဲ့ လျှော့လျှော့ ပေါ့ပေါ့ တင်သွင်းပြီးနောက် အဲဒီ နိုင်ငံခြားက သွင်းတဲ့ အချို့ကုန် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ချွေချွေတာတာ အရင်ကထက် အများကြီး လျှော့ပေါ့ပြီး အသုံးခိုင်းတယ်။ သူတို့ဆီမှာ ဆိုယင် ရှေးက စားရတဲ့ ပေါင်မုန့် နဲ့ အခုစားရတဲ့ ပေါင်မုန့်နဲ့ ဆိုယင် အခုအခါမှာ အင်မတန်ကို လျှော့ပြီး စားရတဲ့ အချိန်အခါမျိုး စားရတယ်။ ဒီလို ချွေတာပြီး အခုနေအခါမယ် လုပ်မှ၊ နောက် လေး၊ငါးခြောက်နှစ်၊ခုနှစ်နှစ်၊ ဆယ်နှစ်အစရှိသဖြင့် အဲဒီလို ရှိလာတဲ့ အခါကျမှ အင်္ဂလိပ်ပြည်ဟာ အရင်နဂို အခြေအနေကို ပြန်ရောက်နိုင်မည့် အကြောင်းရှိတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ နေမယ်ဆိုယင်တော့ သူတို့မရနိုင်ဘူး။

အဲဒီတော့ကာ ဒီလို တိုင်းပြည်ကျကျနန ဖြစ်အောင်၊ထူထောင်နိုင်အောင် ဆိုယင် အင်္ဂလိပ်တွေဟာလဲ လွတ်လပ်တဲ့ တိုင်းပြည် ဖြစ်ပင် ဖြစ်ငြားသော်လည်း အလုပ်လုပ်ရတဲ့ ဆိုတာကို ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီအတိုင်းဘဲ ဆိုဗီယက် ယူနီယံဆိုတဲ့ တိုင်းပြည်ကြီးဟာ တော်လှန်ရေးတွေ ဖြစ်ပြီးတဲ့နောက် ၊ပဌမ ရှေးဦးစွာ စစ်အတောအတွင်းမှာတော့ ၀ါးကွန်မြူနစ်ဇင် (war communism) ဆိုတာ ဒီ အတောအတွင်းမှာ လုပ်တဲ့ ကွန်မြူနစ် ဆိုပြီးတော့ လုပ်တယ်။ အဲဒီ ပြီးတဲ့နောက် စစ်ပြီးတဲ့အခါမှာလ (New Economic policy) ခေါ်တဲ့ စီးပွာရေးစံနစ် သဘောမျိုးဘဲ လုပ်ရတယ်။ အဲဒီလို လုပ်ပြီးတဲ့ နောက်မှ တခါ ငါးနှစ် စီမံကိန်းတွေဆိုပြီးတော့ ငါးနှစ် စီမံကိန်းတွေ ဆိုဗီယက် ယူနီယံမှာ လုပ်ခဲ့တယ်။အဲဒီလို ငါးနှစ် စီမံကိန်းတွေ လုပ်စဉ် အခါတုန်းက ဒီတနိုင်ငံလုံးရဲ့ အခြေအနေအားလုံးကို ခြုံကြည့်ပြီးတော့ တတိုင်း တပြည်လုံးကောင်းဖို့၊အမြဲတမ်းကောင်းဖို့ကို ရှေ့ရှုကြည့်ပြီတော့ လုပ်ရတဲ့ အခါဖြစ်တဲ့အတွက် လူတွေဟာ စားချင်တိုင်း ပဌမ မစားရဘူး။ ၀တ်ချင်တိုင်း မ၀တ်ရဘူး။ နေချင်တိုင်း မနေရဘူး။ အဲဒီလို ဖြစ်ရတယ်။ ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည် ထူထောင် ကြမယ်ဆိုလို့ ရှိယင်လဲ (National Planning) ခေါ်တဲ့ အဲဒီ စီမံကိန်းမျိုးတွေနဲ့ မလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့ တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး။ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သတိရှိစေချင်ပါတယ်။ အဲဒီတော့ ပဒေသာပင်ဟာ မြေက ပေါက်လာမှာ မဟုတ်ပါဘူး။

ပဒေသာပင် ပေါက်အောင်ဆိုယင်၊ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ နားလည်စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေးရပင် ရသော်ငြားလည်း၊ လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူး ဆိုယင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာဘဲ ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။

ဒီတော့ အဲဒီ လွတ်လပ်ရေးရတဲ့ အခါမှာ ကျွန်တော်တို့ အခုတင်က စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ် ၂၀ လောက် ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်း ပြောရယင်၊ စကား ခပ်ရိုင်းရိုင်း ပြောရယင်ဆိုတာ စကား ခပ်ရိုင်းရိုင်း ပြောမှ လူတွေက မှတ်မိတယ်။ စကား ခပ်ရိုင်းရိုင်း ဆိုယင် အတော့ကို ပြဲအောင် ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ အဲဒါအတော့ကို ကုန်းလုပ်နိုင်မှ၊ အနှစ် ၂၀ လောက်ရှိတဲ့ အခါမှာ တော်ကာကျမယ်။ အဲဒီလို မဟုတ်ဘဲ ခင်ဗျားတို့ အလုပ် အလုပ်မလုပ်ဘဲ နေမယ်ဆိုလို့ရှိယင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်းတောင် မှီမှာ မဟုတ်ဘူး။ ယိုးဒယား ပြည်ဆိုလို့ရှိယင် လွတ်လပ်တဲ့နိုင်ငံထဲမှာ ညံ့ညံ့ဘဲ၊ ညံ့ညံ့ပင်ဖြစ်ပေမဲ့ ကျွန်တော်တို့ ဗမာပြည်နဲ့ စာလိုက်ယင်တော့ ကျွန်တော်တို့ ဗမာပြည် လွတ်လပ်ယင် လွတ်လပ်ချင်းဘဲ၊ယိုးဒယားပြည်က ကျွန်တော်တို့ ထက်တော့ သာတာဘဲ။ ဘယ်လိုသာမလဲဆိုယင် စစ်တပ်တွေ ဆိုလို့ရှိယင်လဲ ကောင်းကောင်းရှိတယ်။ရေတပ် တွေလဲ ရှိတယ်။ လေတပ်တွေလဲ ရှိတယ်။ အခြား စစ်တပ်တွေလဲ တော်တော်များများရှိတယ်။ အဲဒီလိုအားဖြင့် ယိုးဒယားက ရှိတာ ရှိတယ်။ ကျွန်တော်တို့မှာ အဲဒီလို မရှိသေးပါဘူး။

ဒီတော့ ကျွန်တော်တို့ တကယ်ဘဲ သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်း တလှမ်း လှမ်းယင်၊ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတလှမ်း လှမ်းယင် ကျွန်တော်တို့က ခြေလှမ်း ၄၊၅၊၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလို လိုက်နိုင်တဲ့အခါကျမှ နောက် ၁၀ နှစ် ၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလို တန်းတူ ညီမတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ် ဆိုပေမဲ့ ဟိုလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့ အခါ မျက်နှာချို သွေးရနဲပ ဖာသယ်လို နိုင်ငံမျိုး ဖြစ်နေမှာဘဲ ဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ် (ဩဘာသံများ)။ အားမှ မှရှိသေးတော့ အဲဒီလိုဘဲ ဖြစ်နေမှာဘဲ။ အဲဒီတော့ကာ အင်မတန်ကို ကျွန်တော်တို့ တခါထဲ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူတွေ စည်းစည်း ရုံးရုံးနဲ့ ရှိပါမှ ဖာသယ်သဘောမျိုး၊ နိုင်ငံမျိုး မဖြစ်ဘဲ နေမှာ။

အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထု ညီညွတ်ရေး၊စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊တိုင်းသူပြည်သား လူထု ညီညွတ်ရေး။အဲဒီညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး၊ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်ငြားလဲ ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာဘဲလို့ ကျွန်တော် ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားစေနဲ့။ ဘယ်သူကဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်။

ဒီတော့ ယခုဖြစ်နေတဲ့ အခြေအနေမှာဆိုယင်၊လွတ်လပ်ရေးကိစ္စနဲ့ ကျွန်တော်တို့ မြင်တာ ပြောရမယ်ဆိုယင်၊ လွတ်လပ်ရေးဟာ ရဖို့ အခြေအနေတော့ တော်တော်ကလေးများပါတယ် ဆိုတာ ကျွန်တော်ပြောချင်တယ်။ သို့ပေမဲ့လဲ ကျွန်တော်တို့ ဗမာစကားလဲရှိတယ်။ အင်္ဂလိပ်စကားလဲရှိတယ်။ အင်္ဂလိပ်စကားကတော့ (Don't halloo till you are out of the wood) အရင်တခါလဲ ကျွန်တော်ပြောသွားပြီးပါပြီ။စစ်ပွဲကြီးအတွင်းက တောကြီးမျက်မဲအတွင်းက မထွက်မိခင် ငါတော့ ဘေးလွတ်ပြီလို့ မအော်ပါနဲ့ဆိုတဲ့ သဘောမျိုးဘဲ။ အဲဒီအတိုင်းဘဲ။ ကျွန်တော်က တခါ ခြင်္သေ့မင်း ဥပမာကို ပြောရမယ်ဆိုယင် ခြသေ့င်္မင်းများဟာ တောကောင်ကို လိုက်တဲ့ နေရာမှာ ကြီးတာငယ်တာ ပဓာနမထားဘဲနဲ့၊ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့နေရာမှာ အဲဒီအတိုင်းဘဲ လုံ့လစိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းဘဲ ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့ တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု ၊အားထုတ်မှုကို လျှော့လို့မဖြစ်ဘူး။လုံ့လ ၀ိရိယကိုလျှော့လို့ မဖြစ်နိုင်ဘူး။ ဆထက်ထမ်ပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။

ကျွန်တော်တို့ ဗမာတွေမှာ စောက်ကျင့်တခုရှိတယ်။ ဘာစောက်ကျင့် တခုရှိသလဲဆိုယင်၊ဒါကလဲဘဲ ကျွန်တော် တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။။ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတခုရှိတယ်။ လှေပြိုင်ပွဲလုပ်ခဲ့တယ်။လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလဲဆိုတော့ လှေတွေပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး၊ရှေ့ကို နဲနဲရောက်တယ် ဆိုယင်ဘဲ တက်ထောင်တယ်။ ကြွားတယ်။ တခါရှုံးတဲ့နောက်က နေတဲ့လှေကလဲဘဲ ပန်းတိုင်မရောက်သေးဘူး. ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး။ ရှုံးတော့မှာပါဘဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ဒါဟာ ဘာလဲဆိုယင် တကယ့်တိုင်းပြည်ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘူး။ အဲဒီစိတ်ဓါတ်မျိုးဟာ ကျွန်ဖြစ်မဲံ စိတ်ဓာတ်မျိုး၊ ကျွန်ရဲ့ စိတ်ဓာတ်မျိုး၊ ဒီစိတ်ဓာတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ. လွတ်လပ်ရေးရယင်လဲ မြန်မြန် ပြန်ကျွန်ဖြစ်မှာပါဘဲ။ နောက်ဆုံးတနေ့ မရှုံးတဲ့ တိုင်အောင် ကျွန်မဖြစ်တဲ့တိုင်အောင် ခုနကလို ဖာသယ် လွတ်လပ်ရေး ဖြစ်နေမှာဘဲ။ ဘယ်လိုလဲဆိုယင် အကျင့်က အဲဒီလိုနဲနဲလေး နိုင်လာတယ်။ ရှေ့က သာလာတယ်ဆိုယင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစင်းဟာ အဲဒီလို ရှေ့ကသာလာလို့ တက်ထောင်မိတာနဲ့ ပွဲတပွဲမှာ ရှုံးကိုရှုံးသွားတယ်။ အဲဒီလိုဖြစ်တယ်။

ပြီးတော့ ဘောလုံးပွဲကိုကြည့်၊ ကျွန်တော်တို့ ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့ အခါမှာဆိုယင် ကိုယ်က ပဌမ စဂိုးသွင်းရတယ် ဆိုယင် အတော် အားတက်လာတယ်။ အားတက်လာတာနဲ့ ၊ကန်တာနဲ့၊ပြုတာနဲ့ နောက်တခါ အဲဒီလိုဖြစ်တဲ့ အခါမှာ တော်တော်လေး ဂိုးလေးများလာတယ် ဆိုယင် လျှော့လျှော့ ပေါ့ပေါ့ ကန်ချင်လာတယ်။ ငါနိုင်မှာဘဲ ဆိုပြီး အဲဒါနဲ့နေပြီး တဖက်ကနေပြီး နောက်ဆုံး အပြီးသတ်မှာ ကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေ ဖြစ်ဖြစ်၊ရှုံးတာဖြစ်ဖြစ်၊ဖြစ်သွားတာမျိုးလဲ ကျွန်တော်တို့ ဘောလုံးပွဲ ရာဇ၀င်မှာ ခင်ဗျားတို့ ပြန်စဉ်းစားယင်တော့ တွေ့မှာဘဲ။ ဒါတင် မကသေးဘူး ဒီရှုံးသွားတဲ့ လူကလဲ ဘောလုံးကန်လို့ရှိယင် ပဌမအပိုင်း နာရီဝက်မှာ ရှုံးသွားယင်တော့ တော်သေးရဲ့။ ကျန်သေးတဲ့ ဒုတိယ နာရီဝက်မှာ ကန်လို့ ၁၀ မိနစ်လောက်ကြာတော့ ကိုယ့်ဖက်က ဂိုးမသွင်းနိုင်ဘူးဆိုယင် အဲဒီအခါကျယင် လူကိုချတယ်။ ဒါ ကျွန်တော်တို့ ဗမာဘောလုံးကန်တဲ့ ဘောလုံးပွဲ အကျင့်ဘဲ။ အဲဒါ (sporting spirit )မရှိဘူး။ ဒါဘာလဲ ဆိုလိှု့ရှိယင် ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓါတ်ထက်တယ်။ ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူဘဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေဘဲ။ ဗမာတွေ စိတ်ဓါတ်က မဟုတ်တဲ့ နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတက်ဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမျိုးမှာ အသုံးမချတက်ဘူး။ ဗမာ ဗမာချင်း ချဖို့ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ယင်လဲ ဘယ်တော့မှ ကျကျ နန လွတ်လပ်ရေး မဖြစ်ဘူး။

အဲဒီတော့ကာ ကျွန်တော်တို့ အဲဒီ စိတ်ဓါတ်မျိုးကို လုံးဝ ဖျောက်ပစ်ဖို့လိုတယ်။ ကျွန်တော်တို့ဟာ ဘာအလုပ် ဘဲလုပ်လုပ် ၊နောက်ဆုံးတနေ့ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊နိုင်မယ်ထင်တယ် ဖြစ်စေ၊မလျှော့တမ်း ဇွဲနဲ့လုပ်သွားရတယ်။ စစ်တိုက်တဲ့ နေရာမှာလဲ အဲဒီ အတိုင်းသွားရမယ်။

အင်္ဂလိပ်တွေကိုကြည့်။ အင်္ဂလိပ်တွေဟာ ကျွန်တော်တို့ အပေါ်မှာ အုပ်ချူပ်နေလို့ ကျွန်တော်တို့ မုန်းပေမဲ့ အင်္ဂလိပ်တွေမှာ ချီးမွမ်းစရာတွေ အများကြီးရှိတယ်။ ခုပြီးခဲ့တဲ့ စစ်ကြီးမှာ သူတို့ ဘယ်လောက် အကျဉ်းအကျပ် ရောက်သလဲ။အဲဒီအကျဉ်းအကျပ်ထဲက နေပြီးတော့ကာ တခါတည်းကို လွတ်မြောက်လာအောင် ဘယ်လောက် တခါတည်းကို အံကြိတ်ပြီးတော့၊ခါးတောင်းကျိုက်ပြီးတော့ ကြိုးစားလာသလဲ။ ဒီမူတွေကို ကြည့်ပါ အခုလဲဘဲ သူ့တိုင်းပြည်မှာ နေတာတွေကိုကြည့်။သူတို့တိုင်းပြည်လဲဘဲ အခုလို ကျပ်ကျပ်တည်းတည်းနေရတာ လူတွေ မညည်းဘူးလားဆိုတော့ ပုထုဇဉ်ဘ၀ ညည်းတော့ညည်းကြမှာပါဘဲ၊ညည်းကြတယ်၊ညည်းငြားသော်လဲဘဲ စည်းနဲ့ ကမ်းနဲ့ ညည်းကြတယ်။ စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြတယ်။ အဲဒီလို လုပ်နေကြတယ်။ကျွန်တော်တို့ တိုင်းပြည်မှာတော့ ၊စည်းကမ်းကို ယခုအခါမှာ မှရှိဘဲ ဖြစ်နေတယ်။ စည်းကမ်းမရှိတော့ကာယခု နိုင်ငံရေးလုပ်တဲ့ နေရာတွေမှာ ယခုအခါမှာ၊နယ်ချဲ့သမားသဘောကျမဲ့ အလုပ်မျိုးကို လုပ်နေတယ်။ ယခု ကျွန်တော် တိတိ လင်းလင်း ပြောထားစမ်းမယ်။ ဗမာပြည်မှာ လူထုညီညွတ်ရေး၊ တိုင်းရင်းသား ညီညွတ်ရေးတွေဟာ မပြိုကွဲဘဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ရှိယင်၊နောက်ပြီးတော့ကာ လက်ဝဲသမားဆိုတဲ့ လူငယ် နိုင်ငံရေးသမားတွေ ညီညွတ်သည်ထက် ညီညွတ်ယင် အဲဒီ အင်အားဟာ ကြီးကြီးသလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်။အဲဒီ အင်အားဟယ ငယ် ငယ်သလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ရတယ်ဆိုပေမဲ့ နည်းနေမယ်။ အခွင့်အရေး နည်းနေမယ်။ နောက်တခါ အဲဒီလို နေရာမှာ နိုင်ငံရေးသမားတချို့ ခြေထိုးတာကို ခင်ဗျားတို့ ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြယင်တော့ဖြင့်ယင် အဲဒါ ခင်ဗျားတို့ လွတ်လပ်ရေး ရမှာမဟုတ်ဘူး။အဲဒါ အင်္ဂလိပ်က ပေးချင်တာ မဟုတ်ဘဲနဲ့ အိန္ဒိယမှာဆိုယင် မယူမဖြစ်တဲ့ အခြေအနေမျိုးကို ရောက်ပါလိမ့်မယ်။ အဲဒီတော့ အဲဒါမျိုးတွေကိုလဲ သတိထားဖို့ရှိပါတယ်။

အဲဒါတွေကို အားလုံးကုန် သတိထားပြီး ၊ယခုတိုင်းပြည် ပြည်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော် အနည်းငယ် ပြောပြချင်ပါသေးတယ်။ ဒီတိုင်းပြည ပြည်လည် ထူထေင်ရေးနဲ့ ပတ်သက်ပြီးတော့ကာ ယခု ကျွန်တော်တို့ရှိနေကြတဲ့ အခြေအနေမှာ အင်မတန်ဘဲ ဆိုးနေတယ်။ ကျွန်တော်တို့ ဗမာပြည်ဟာ ဒီစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေထဲမှာ မအေးနှစ်ခါနာဖြစ်တဲ့ ဗမာနိုင်ငံလို နိုင်ငံ မရှိသေးပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ဟာ ဂျပန်ဝင်လာတုန်းကလဲ စစ်မြေပြင်ဘဲ၊ အင်္ဂလိပ်ပြန်ဝင်လာတုန်းကလဲ စစ်မြေပြင်ဘဲ။ အဲဒီလို မိအေး နှစ်ခါနာဖြစ်တဲ့ ဗမာပြည်ဟာ အင်မတန်ဘဲ စီးပွားရေးမှာ ပျက်စီးတယ်။ အင်္ဂလန်ပြည်မှာလဲဘဲ စီးပွားရေး ပျက်စီးတယ်။ အင်္ဂလန်ပြည်မှာ စီးပွားရေး ပျက်စီးတော့ အင်္ဂလိပ်လူမျိုးတွေ ကတော့ စီမံကိန်းတွေ ဘာတွေနဲ့ သိပ်ပြီးတော့ ကျကျ နနတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်နဲ့စာယင် အင်မတန်ကို စံနစ်ပိုကောင်းတယ်။ အဲဒါတွေလုပ်ပြီး ၊ ချွေချွေတာတာနဲ့ နောင် ၄၊၅၊၁၉ နှစ်ကြာတဲ့အခါ ကျလို့ရှိယင် တကယ်ချောင်လည်လာအောင်ဆိုပြီး ကြိုးစားနေကြတယ်။ အဆင့်အတန်း မြင့်သထက် မြင့်အောင် ကြိုးစားနေကြတယ်။ ဆိုဗီယက်ယူနီယံမှာ ဆိုယင် စစ်ကြီးပြီးယင် ပြီးချင်း ငါးနှစ် စီမံကိန်းဆိုတာ လုပ်ပြီးတော့ကာ တခါထဲ ယခု ခြိုးခြံမှုတွေ လုပ်နေတယ်။ ဆိုဗီယက် ယူနီယံမှာ ရှေးကလို စားရ၊သောက်ရ၊နေရ၊ထိုင်ရတာ မှရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုယင် စစ်ကြောင့် အင်မတန်ဘဲ ပျက်စီးတဲ့ အတွက်၊ပြန်ပြီးတော့ ချွေတာရတဲ့ အခြေအနေမျိုး ပြန်ရောက်လာတယ်။ အဲဒီလို ဖြစ်နေတယ်။

ကျွန်တော်တို့ ဗမာပြည်မှာတော့ ဒါ နိုင်ငံခြားထွက်ကြည့်မှာ ခင်ဗျားတို့သိမယ်။ စစ်ဖြစ်နေတုန်းက ကျွန်တော် ဂျပန်ပြည်ရောက်ဘူးတယ်။ ဂျပန်ပြည် ရောက်ဘူးလို့ ဂျပန်ပြည်က လူတွေဟာ ကျွန်တော်တို့ ဗမာပြည်လို ၀၀လင်လင်၊ပေါပေါများများ မစားရဘူး။ အ၀တ်အထည်တွေမှာလဲ ပေါပေါများများ မ၀တ်ရဘူး။ အစားစားတဲ့ နေရာမှာလဲ၊၀၀လင်လင် မစားရရဘူး။ နေရတဲ့ နေရာမှာတော့ သပ်သပ်ရပ်ရပ် နေရတယ်။ ဒါတော့ မှန်တယ်။ ဒါတော့ နှစ်ရှည်လများ လုပ်ထားတဲ့အတွက် သပ်သပ်ရပ်ရပ် နေရတယ်။ ကျွန်တော်တို့ ပြည်ကတော့ အဲသည်လို မဟုတ်ဘူး။ ပုံပေါလအော စားသောက် နေထိုင်ကြတာဘဲ။ ကျပ်ကျပ် တည်းတည်းဆိုတဲ့ အထဲကနေပြီးတော့ အဲဒီလိုနေကြတာဘဲ။ ဟိုတုန်းက ဂျပန်ပြည်ဟာ စံနစ်မကောင်းလို့ ဒီလို ကျပ်တည်းနေရတယ် ထင်တယ်လို့ ကျွန်တော်စိတ်ထဲမှာ အောက်မေ့နေတယ်။ အခု ဒီစစ်ကြီးပြီးတော့ ကျွန်တော် လိုက်ကြည့်တယ်။ စာထဲမှာလဲ ဖတ်ရတယ်။ကိုယ်တိုင်လဲ မြင်ရတဲ့ နိုင်ငံတွေလဲရှိတယ်။ အိန္ဒိယပြည်ကို သွားကြည့်ပါ။ ဥပမာ ဟော်တယ်တွေ သွားယင် ကိုယ့်မိတ်ဆွေတွေ ခေါ်ပြီး ကျွေးချင်တိုင်း မကျွေးနိုင်ဘူး။ တခါကို ၂၄ ယောက်ထက် ပိုပြီး မကျွေးနိုင်ဘူး။ ပေါင်မုံ့မရဘူး၊အာလူးတခုတည်းရတယ်။ ထမင်းအလျှင်းမရဘူး။ နောက်ပြီးတော့ တခါတည်းဟင်းလဲ တမယ်ထက်မပိုရ။ ကျွန်တော်တို့ ဆန်းကဖေးတို့ သွားစားတဲ့ လူတွေက ဟင်းတမယ်မကဘူး။ နှစ်မယ်မကဘူး၊သုံးမယ်မကဘူး၊လေးမယ်မကဘူး၊ စားချင်သလောက်စား၊ ဘာအကန့်အသက်မှမရှိဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်နေတယ်။ အင်္ဂလန်ပြည်မှာ အဲဒါမရဘူး။ ဆန်မရဘူး။ ပေါင်မုန့်ဆိုရင် အရင်ကထက် လျှော့ရတယ်။ တခြားတိင်းပြည်တွေမှာ အဲဒီလို ချွေချွေတာတာ ကြိုးပမ်းပြီးတော့ အခုနေအခါမယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကြေတယ်။ ကျွန်တော်တို့တိုင်းပြည်က ကျပ်ကျပ်တည်းတည်းနေရတဲ့ အထဲက ဒီလိုပေါလအော သုံးကြတုန်း စွဲကြတုန်းဘဲ။

အဲဒီတော့ ကျွန်တော်တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ပြောတယ်။ ဆီမရှိမစားနိုင်တာကတော့မှန်တယ်။ သို့သော် အဲဒီဆီတွေဟာ ဘာအတွက် သုံးနေကြတာလဲ။ ပုံပေါလအော သုံးသလား၊ မသုံးဘူးလား၊ တခြားတိုင်းပြည်တွေ သွားကြည့်ပါ။ ဆီကိုဒီလို ပုံပေါလအော သုံးနိုင်သလား၊ မသုံးနိုင်ဘူးလား၊ ခင်ဗျားတို့ဆီတွေကို ပုံပေါလအော သုံးနေတာ ခင်ဗျားတို့စိတ်ထဲမှာ ဘာမှ အရေးမကြီးဘူးလို့ ထင်တယ်။ အဲဒီလို ပုံပေါလအော သုံးတဲ့အတွက် ကုလားပြည်ကနေပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကြောင့် ခင်ဗျားတို့ဈေးကြီးတယ်။ ကြီးတယ်ဆိုတာ အကြောင်းပြချက်မှာ ခင်ဗျားတို့ ပုံပေါလအောသုံးနေလို့ ဒီဆီတွေကို တခြားနိုင်ငံက သွင်းနေရတဲ့အတွက်၊ အပိုသွင်းနေရတဲ့အတွက် ဈေးကြီးတယ်။ ကြီးတယ်ဆိုတာ အကြောင်းပြချက်မှာ ခင်ဗျားတို့ ပုံပေါလအောသုံးနေလို့ ဒီဆီတွေကို တခြားနိုင်ငံက သွင်းနေရတဲ့အတွက်၊ အပိုသွင်းနေရတဲ့အတွက် ဈေးကြီးတဲ့ နေရာမှာ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

ဥပမာ တစ်ခု၊ အကြောင်းတစ်ရပ်ကိုတော့ ကျွန်တော်ပြောပြမယ်။ ငရုတ်၊ ကြက်သွန်ကြည့်။ ဗမာပြည်မှ ငရုတ်၊ ကြက်သွန်က ကိုယ့်ဖာသာကိုယ် စိုက်ယင် မရင်နိုင်ဘူးလား။ ကျွန်တော်တို့ဆိုရင် ကျွန်တော့်အိမ်ဘေးမှာ ကျွန်တော်စိုက်တားတယ်။ အဲဒီ ကိုယ့်ဖာသာ ကိုယ်အိမ်ရာကွက်လပ် ရှိတဲ့လူတွေက၊ စိုက်ကြပါလား။ မစိုက်ကြဘူး။ ဈေးမှာ ကိုယ်တော်မြတ်တွေက ၀ယ်စားချင်ကြတယ်။ ဈေးမှာ ၀ယ်စားတော့ အဲဒီငရုတ်၊ ကြက်သွန်တွေက ဘယ်ကလာတယ်မှတ်သလဲ။ အိန္ဒိယပြည်က လာတယ်။ အိန္ဒိယ ပြည်ကလာတော့ ခင်ဗျားတို့ အိန္ဒိယပြည်ကို ခင်ဗျားတို့ ပိုက်ဆံပေးနေရတယ်။ အဲဒီလိုပေးနေရတဲ့အတွက် ဒီတိုင်းပြည်မှာ ရနိုင်တဲ့ပစ္စည်းကို တခြားနိုင်ငံက ၀ယ်နေရတဲ့အတွက် ခင်ဗျားတိုပမှာ အခုဈေးကြီးတယ်။ ကြီးတယ်ဆိုတာ ဒါတွေဖြစ်တာဘဲ။ အကြောင်းတစ်ရပ်က ဆန်စားတဲ့နေရာမှာ ကျွန်တော်တို့ ဆန်စားတဲ့အနေနဲ့ ဒီအဟာရဓာတ်ကျမ်းတွေကို နားလည်တဲ့ လူတွေနဲ့ သေသေချာချာ ကြည့်မယ်ဆိုရင်၊ ကျွန်တော်တို့တိုင်းပြည်မှာ စားရတဲ့ အဟာရ အကုန်ပျမ်းမျှခြင်း တွက်ကြည့်မည်ဆိုရင် တခြားနိုင်ငံတွေထက် ပိုနေတယ်။ ပိုနေတော့ အခုကျွန်တော်တို့ ပြည်မှာ ဆန်ကတော့ လုံလောက်တယ်။ လုံလောက်ရုံတင်မကဘူး။ ပိုနေတယ်။ နိုင်ငံခြား တင်ရတယ်။ တင်ရောင်းရတယ်။ နိုင်ငံခြား တင်ရောင်းရပေမယ့် ကျွန်တောတို့ စစ်မဖြစ်ခင်ကလောက် မပိုဘူး။ ပိုပို လျှံလျှံ မရှိဘူး။ အဲဒီမှာ ကျွန်တော်တို့ ကုန်တွေ စားတာကလဲ ရှေးကထက် လျှော့လဲမစားဘူး။ အရင်က လိုဘဲ ပုံပေါလအော စားတုန်းဘဲ၊ အပိုတွေ အများကြီးရှိတုန်းပဲ။

အဲဒီတော့ကော ယခုဖြစ်နေတာက စစ်မဖြစ်ခင်ကလောက် ဆန်မထွက်ဘူး။ ဆန်မထွက်တဲ့အထဲမှာ ကျွန်တော်တို့ လျှော့စားကြသလားဆိုတော့ လျှော့မစားဘဲ ပုံပေါလအောင် စားနေကြတုန်းဘဲ။ အဲဒီအထဲမှာ ဆန်လှူတဲ့အတွက် ငွေတစ်ကုဋေကျော်ဖိုးလဲ ဆုံးသေးတယ်။ ကျွန်တော်တို့တိုင်းပြည်က ၀င်ကုန်နဲ့ ထွက်ကုန်မှာ အရင်စစ်မဖြစ်ခင်တုန်းက များတယ်။ အဲဒီများတဲ့ နေရာမှာလဲ ဆန်ကုန်ကူးတဲ့အတွက် အမြတ်အများဆုံးရတယ်။ ယခု ဆန်ကိုသာလျှင် ကျွန်တော်တို့ အများဆုံး အားကိုးရတယ်။ အဲဒီလို ဗမာတွေရဲ့  အသက်မသေခင်ဖြစ်တဲ့ ကိစ္စမှာ စစ်ပြီးတော့ ပျက်စီးနေတဲ့အတွက် နွားတွေလုသွား၊ နောက်ပြီးတော့ သူခိုး ဓားပြဟောင်းတွေ သောင်းကျန်းမှုတွေကြောင့် လယ်ယာတွေ ကောင်းကောင်း မလုပ်ရတဲ့အတွက်ကြောင့်၊ ရှေးကလဲ မထွက်ဘူး။ ရှေးကလဲ မလုပ်နိုင်ဘူး။ အဲဒီမထဲမှာ ခင်ဗျားတို့ ပုံပေါလအော စားတုန်းဘဲ။ အဲဒီအထဲမှာ ဆန်လုတဲ့လူက လုကြတယ်။ ငွေတစ်ကုဋေကျော်ဖိုး ဆုံးသွားတယ်။ အဲဒီလိုဖြစ်တော့ကာ ဒီလိုဖြစ်နေတာတွေ ခင်ဗျားတို့ ကျပ်တယ်၊ ကျပ်တယ်ဆိုတာ၊ ဒါဘာအံ့သြစရာ ရှိသလဲ၊ ကျပ်မှာဘဲလို့ ကျွန်တော်တို့က ပြောချင်တယ်။

အဲဒီတော့ ယခုတိုင်းပြည်မှာ မငြိမ်အသက်ဖြစ်နေတဲ့ကိစ္စ ဆူဆူပူပူ ဖြစ်နေတဲ့ ကိစ္စတွေဟာ တိုင်းပြည်အတွက် အကျိုးရှိသလာ။ အကျိုးမရှိဘူးလား ဆိုတာ ခင်ဗျားတို့ ထပ်မစဉ်းစားကြည့်။ ခင်ဗျားတို့ အကျိုးရှိတယ်၊ မရှိဘူးဆိုတာ ခင်ဗျားတို့ စဉ်းစားဖို့လိုတယ်။ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က တစ်ခါတလေ အပြောအဆိုမှားတာရှိရင် ရှိမယ်။ သို့သော်လဲဘဲ စေတနာကတော့ သန့်ရှင်းလျက်ပါဘဲ။ ဒါကျွန်တော်သေသေချာချာ ၀န်ခံရဲပါတယ်။ ဖ၊ဆ၊ပ၊လ ဖွဲ့က ပုဂိုလ်တစ်ဦး တစ်ယောက်တည်းက ဖောက်ပြန်သွားတဲ့လူရှိချင် ရှိမယ်။ သို့သော်လည်း အဖွဲ့အနေအားဖြင့် ဘယ်တော့မှ မဖောက်ပြန်ဘူးဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီအတိုင်းဘဲ မဖောက်ပြန်တဲ့ သန့်ရှင်းတဲ့စေတနာနဲ့ ခြေလှမ်းမှန်မှန်နဲ့ နေပြီးဗမာပြည် လွတ်လပ်ရေးရအောင်ဆိုပြီး အကောင်အထည်ဖော်အောင် တစ်စတစ်စ ရုပ်လုံးလဲ ကျွန်တော်တို့ ပေါ်ပေါ်လာခဲ့ပြီ။ နောက်ရက်များမကြာမှီမှာဆိုရင် တစ်ဆင့်တက်ပြီး ခင်ဗျားတို့ အဲဒီ ရုပ်လုံးပေါ်လာတာကို မြင်ရမှာဘဲ။

တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာလဲဘဲ အဲဒီလိုဘဲ တစ်ဆင့်တက်ပြီး ရုပ်လုံးပေါ်လာတာ မြင်ရအုံးမှာဘဲ။ အဲဒီလိုပေါ်လာပြီးတော့ တစ်ဆင့်ထက်တစ်ဆင့် လုပ်နေရာမှာ အကောင်းဆုံး၊ အလွယ်ဆုံး၊ အအေးဆုံးဆိုတဲ့နည်းကို ကျွန်တော်တို့က ပထမဦးစွာ ကျွန်တော်တို့ရှာပြီး လုပ်မှာဘဲ။ သို့သော်လဲပဲ အဲဒီလိုလုပ်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ရှေးကလဲပြောလာခဲ့တာတွေ ရှိပါတယ်။ "ခင်ဗျားတို့ပြန်ပြီး စဉ်းစားကြည့်။ အေးအေးနဲ့ မရရင်ရနိုင်တဲ့နည်းနဲ့ လုပ်ရမှာဘဲ။ ဒီတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကို အချုပ်အချာအာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော် မဟုတ်ဘူးလို့ ကျွန်တော်တို့ အဆီးအတား အာဏာလွှဲပြောင်းယူနိုင်အောင် ကျွန်တော်တို့ ပထမရှေးဦးစွာ ဒီသဘောကို ထားခြင်း သတ်မှတ်ထားတဲ့ အချိန်အခါရောကလို့ အကြည်အသာဆိုတဲ့ ကိစ္စမျိုး မဖြစ်လို့ရှိရင် ကျွန်တော်တို့က အတင်းလုပ်မှာဘဲ ဆိုတာတော့ ဒါပြောထားပြီးသား။ ဘာမှ ကျွန်တော် ထပ်ပြောနေစရာ မလိုပါဘူး။

ဒီတော့ အတင်းလုပ်တဲ့အခါမှာလဲ ခင်ဗျားတို့ အဆင်သင့် ရှိနေရမယ်။ ဆယ်ရေး တစ်ရေး၊ ကိုးရေး တစ်ရာ ရှိနေရမယ်။ ယခုအခါမှာလဲဘဲ ကိစ္စမပြီးသေးတော့ ကျွန်တော်တို့ သိပ်အားမလျှော့ရသေးဘူး။ ကျွန်တော် အရင်တစ်ခါ ပြောခဲ့သလိုဘဲ နိုင်ငံရေးဖက်က အေးနေပြီးတော့ကာ၊ မဟုတ်တဲ့နေရာမှာ ဆူတဲ့ပူတဲ့ဖက်က ပိုလာသလို ဖြစ်နေပါတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ဲဒီတော့ကာ အဲဒီလို မဟုတ်တဲ့နေရာမှာ ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့ လူတွေမှန်သမျှ ၀ိုင်းဝန်းကူညီနှိမ်နှင်းဖို့ လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့ မလိုဘူး။ သို့သော်လည်းဘဲ ဗမာပြည်ရဲ့  လွတ်လပ်ရေးကို ထူထောင်ရေး၊ ဗမာပြည်တိုင်းသူ ပြည်သား ညီညွတ်ရေး၊ လူထုရဲ့ ညီညွတ်ရေး ထက်ထမ်းပိုးတိုးပြီး လုပ်ကြဖို့လိုတယ်။ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကလဲ ဒီနေရာမှာဆိုရင် လုပ်လာတဲ့နေရာမှာ လိုသေးတယ်။ ကျွန်တော်လဲ သိပ်မကျေနပ်သေးဘူး။ အဲဒီတော့ကာ ဒါတွေအားလုံ အလုပ်လုပ်ကြဖို့လိုတယ်။ အဲဒီလို လုပ်နိုင်ကြမှသာလျှင် လွတ်လပ်ရေးဆိုတာလဲဘဲ ကျွန်တော်တို့ ရှေ့ ဆက်ပြီးတော့ကာ အားလုံး နင်းကန်ပြီးတော့ အလုပ်လုပ်နိုင်မှ အနှစ်၂၀ လောက်ကြာရင် တန်ကာကျမယ်။

အနှစ် ၂၀ လောက်ကြာရင် တန်ကာကြမယ်ဆိုတာက ကျွန်တော် နည်းနည်း ထပ်ရှင်းပြချင်သေးတယ်။ ဥပမာနဲ့ ပြောခဲ့ချင်တယ်။ ဥပမာ ပညာရေး ကြည့်မယ်။ ပညာရေးမယ် ကျွန်တော်တို့ဗမာပြည်မယ် အရင်စစ်မဖြစ်ခင် တုန်းကထက် အင်မတန်အောက်ကျ နောက်ကျ ဖြစ်နေတယ်။ အင်မတန် အောက်ကျ နောက်ကျ ဖြစ်နေတော့ကာ အခမဲ့ မူလတန်းပညာ မသင်မနေရ ဥပဒေ လုပ်ပေးပါလို့ ပြောတယ်။ ဥပဒေသာလုပ်ပေမဲ့၊ ဘယ်လောက်ကြိုးစား၊ ဘယ်လောက်အလုပ်လုပ်မှ၊ ဘယ်လောက်ကြာမှ အဲဒီအခမဲ့ မူလတန်း မသင်မနေရ ပညာဆိုတာ ဗမာပြည်တစ်ပြည်လုံး၊ ရွာတိုင်း၊ မြို့ တိုင်းမှာဖြစ်မလဲဆိုတာက အနှစ် ၂၀ ကြာလောက်မှ ဖြစ်လိမ့်မယ်။ ယခုရှိတဲ့ ဆရာတွေက အင်မတန်နည်းနေတယ်။ အဲဒီကျောင်းတွေမှာ သုံးမဲ့ပစ္စည်းကိရိယာ တန်ဆာပလာ၊ စာအုပ်ခဲတံ၊ ကျောက်သင်ပုန်း၊ ဘီဒိုအကုန်လုံးရှိရမယ်။ ဒါတွေလဲ စုံစုံလင်လင် ရှိရမယ်။ အဲဒီဟာတွေအတွက် ကုနမာ့်ငွေတွေဟာ ဘယ်လောက်ကုနမလဲဆိုရင်၊ ကုဋေပေါင်းအများကြိး ချီပြီးတော့ကုန်မယ်။ အနှစ် ၂၀ လောက် ကျွန်တော်တို့ ကုန်လုပ်ပါမှ အနှစ် ၂၀ လောက်ရှိမှ ခင်ဗျားတို့ ဗမာပြည်တစ်ပြည်လုံး အခမဲ့ မူလတန်း မသင်မနေရ ပညာဆိုတာ တစ်တိုင်းတစ်ပြည်လုံး ရွာတိုင်း၊ မြို့ တိုင်းမှာ ဖြစ်မယ်။

နောက်ပြီးတော့ ကျွန်တော်တို့ ကာကွယ်ရေးဖက်ကြည့်၊ စစ်တပ်တွေ အခု ကျွန်တော်တို့ရှိတဲ့ စစ်တပ်ဘာရှိသလဲ။ ကျွန်တော်တို့ရှိတဲ့ စစ်တပ် ဗမာပြည်မှာ ဆူတာပူတာ နှိမ်ဖို့တော့ လုံလောက်တယ်။ဘာဖြစ်လို့လဲ။ အဲဒီ ဆူတာပူတာရှိတဲ့အတွက် စစ်တပ်ရော။ ပုလိပ်တပ်ရော ခါတိုင်းထက် နှစ်ဆ အခုပိုထားနေရတယ်။ အဲဒီလို နျစ်ဆပိုထားရတဲ့အတွက် နှစ်ဆ ပိုစရိတ်ကုန်တယ်။ နှစ်ဆပို စရိတ်ကုန်တယ်ဆိုတာ ဘယ်သူဆီကလဲ၊ ခင်ဗျား တို့ ပေးတဲ့အခွန်တွေဆီက နှစ်ဆပိုစရိတ်ကုန်တယ်။ အဲဒီတော့ ခင်ဗျားဆို့မှာ အခုပြန်ဈေးကြီးတယ်။ ဈေးတွေကြီးတယ်။ ကြီးတယ်ဆိုတာ ဒီလိုအကြောင်းတွေဘဲ။ တိုင်းပြည် ကာကွယ်ဖို့ကိစ္စမှာ ကျွန်တော်တို့ စစ်တပ်တွေက မလုံလောက်သေးဘူး။ ကုန်းတပ်ဆိုတဲ့ ကုန်းတပ် စစ်တပ်ကလဲ ဘာမှ မဖြစ်လောက်သေးဘူး။ သံချပ်ကာ ကားတပ်ဆိုတာတွေ ရှိသေးဘူး။ ဒီတပ်မျိုးဟာ အခုလိုခေတ်မှာဖြစ်တဲ့ စစ်ကြီးမျိုးမှာဆိုရင် တော်တော်တန်တန် ကြီးမားတဲ့ ရန်သူနဲ့ အင်အားကောင်းကောင်းနဲ့ လက်နက်ကောင်းကောင်းနဲ့ တိုက်ခိုက်တယ်ဆိုရင် နာရီပိုင်းအတွင်း ပြုတ်မယ်။ အခု ကျွန်တော်တို့မှာ ရှိတဲ့ရေတပ်ဆိုတာက ဟန်ပြရေတပ်ဘဲ ရှိသေးတယ်။ တကယ့်တကယ် ဘာမှတိင်းပြည်ကို တကယ်မကာကွယ်နိုင်သေးဘူး။ လေတပ်ဆိုတာ အခုမှ စတုန်းရှိသေးတယ်။ အဲဒီတော့ကာေ လတပ်ကိုဘဲ ကျွန်တော်စဉ်းစားပြမယ်။ တခြားဟာတွေ မစသ်းစားနဲ့။ လေတပ်ဆိုလို့ရှိရင် ဒီတိုင်းပြည်လို လေတပ်မျိုးဟာ အဖျင်းဆုံး လေယာဉ်ပျံ ၅၀၀ လောက်ရှေ့ တန်း လေယာဉ်ပျံခေါ်ပါတယ်။ Firt line Plane အဖျင်းဆုံးစစ်ဖြစ်ဖြစ်ချင်း လေယာဉ်ပျံ ၅၀၀ လောက်ရှိမှ၊ ဒါတောင်မှ လုံလောက်တယ်လို့ မခေါ်နိုင်သေးဘူး။ သို့သော်လဲ တူတူတန်တန်ကလေး တိုက်နိုင်တယ်လို့ မခေါ်နိုင်သေးဘူး။ သို့သော်လဲ တူတူတန်တန်ကလေး တိုက်နိုင်တယ်။ လေယာဉ်ပျံတစ်စင်းတစ်စင်း ဘယ်လောက်ကျတယ်၊ ငါးသိန်း၊ တစ်သန်းစသည်ဖြင့် ကျတယ်။ အဲဒီတော့ လေယာဉ်ပျံအစင်း ၅၀၀ ဆိုရင် ခင်ဗျားတို့ တွက်ကြည့်ပါတော့။ ကုဋေ ၅၀ ကုန်မယ်။ ကုဋေ ၅၀ ကုန်ပြီး၊ အဲဒီလေယာဉ်ပျံတွေ ၅၀၀ က ရှေ့ မှာတိုက်တဲ့အခါ နောက်မှာက လေယာဉ်ပျံတစ်စင်းကို သုံး၊ လေးစင်း အရံထားရမယ်။ အဲဒီနောက်မှာက အဖျင်းဆုံးလေယာဉ်ပျံ ၅၀၀ ထပ်ဖြည့်မှဖြစ်မယ်။

အဲဒီဟာ ကုဋေ၅၀၊ ကုဋေ ၁၀၀ သွားရော၊ အဲဒီမှာ ပျက်တဲ့လေယာဉ်ပျံတွေကို ပြင်ဖို့ အလုပ်ရုံတွေ၊ ဘာတွေ၊ ညာတွေ ရှိရမယ်။ စက်ကိရိယာ တန်ဆာပလာ နားလည်တဲ့လူတွေ ရှိရမယ်။ အဲဒီလို လုပ်ပေးရမဲ့ လူတွေရှိရမယ်။ အဲဒါမျိုးတွေပေါ့ဗျာ။ ရှောက်ပြီး တွက်လိုက်မယ် ဆိုလို့ရှိရင် အမြောက်အမြားကို ကုန်မယ်။ ကုဋေပေါင်း အများကြီး ချီကုန်မယ်။ ကျွန်တော်တို့င်းပြည်က တစ်နှစ် တစ်နှစ် တစ်နှစ်ကို ရမဲ့ဝင်ငွေက တိုင်းပြည်ဆီက ရတဲ့အခွန်ငွေက ဘယ်လောက် ရမလဲ။ စစ်မဖြစ်ခင်က အလွန်ဆုံး ကုဋေ၂၀ပဲ ရတယ်။ အခီုစစ်ပြီးတာနဲ့ ကုဋေ ၂၂ ကုဋေရတယ်။ နောင်ကို ကျွန်တော်တို့က ဖျစ်ဖျစ်ညှစ်ညှစ်ရအောင် အမျိုးမျိုး စီမံကိန်းတွေနဲ့  လုပ်မယ်ဆိုရင် ကျွန်တော်တို့ နှစ်စဉ်နှစ်စဉ်ရဖို့ ကုဋေ၃၀ ဆိုတာ လွန်ရော ကျွံရောဘဲ။

ဒါဟာ အင်မတန် ပိုပိုကြိုကြို တွက်ထားတာဘဲ။ ကျွန်တော်တို့ စီမံကိန်းတွေလုပ်တဲ့ အခါမှာ အမြတ်အစွန်ရမယ်ဆိုတာက ချက်ချင်းရမချင်မှရမယ်။ အဲဒီတော့ကာ အဲဒီလို ဒီလောက်တိုင်းပြည်ရဲ့ ဝင်ငွေကျတော့ နည်းနေပြီးတော့ ကျွန်တော်တို့ ကုန်ရမဲ့ ဟာတွေကတော့ လေယာဉ်ပျံတပ်ဘဲ ကြည့်မယ်လိုက်မယ်ဆိုရင် ကုဋေ အဖျင်းဆုံး ၁၅၀-၂၀၀ လောက်ကျမဲ့ဟာမျိုးဖြစ်နေတယ်။ အကုန်လုံးခြုံပြီး ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဟာ တကယ့်တကယ်တော့ စစ်တိုက်တဲ့ အချိန်မျိုးမှာ လူတစ်သန်း စစ်တပ်အင်အားရှိမှ ကောင်းမယ်ဆိုတော့၊ အဲဒီတော့ အခုကျွန်တော်တို့ ရှိနေတဲ့ စစ်တပ်တွေဟာ အခုနှစ်သောင်းလောင်ဘဲရှိတယ်။ နှစ်သောင်းလောက်ရှိတဲ့ စစ်ပတ်ကို နှစ်သောင်းလောက်ဆိုတာ ကျွန်တော် Army တင်ပြောတာ၊ Navy တို့၊ Air Force တို့ မပါသေးဘူး၊ အဲဒီတော့ နှစ်သောင်းလော်ကရှိတဲ့၊ အဲဒီ နှစ်သောင်းလောက်ဆိုတဲ့ စစ်တပ်တောင်မှ ငွေဘယ်လောက် ကုန်သလဲဆိုရင် ရှိစ်ကုဋေလောက်ကုန်တယ်။ အဲဒီ နှစ်သောင်းလောက်ရှိတဲ့ စစ်တပ်ကို ရှစ်ကုဋေကုန်ရင်၊ ကျွန်တော်တို့ တိုင်းပြည် ကာကွယ်ေ၇းအတွက် အဖျင်းဆုံး တစ်သန်းလောက် စစ်ဖြစ်လျှင်ဖြစ်ချင်း လိုတော့တာဘဲ။ ဒီတော့ သန်းပေါင်းဘယ်လောက် ကုန်မလဲဆိုတာ ခင်ဗျားတို့ဘဲ တွက်ကြည့်ပါတော့ဗျာ။ အဲဒီလို ကုန်တဲ့ငွေမျိုး၊ လူတွေ၊ ကျွန်တော်တို့က နောက်တစ်ခါ စစ်ကြီးမဖြစ်ခင် ကျွန်တော်တို့က အမြန်ဆုံးရအောင် လုပ်ရမယ်။

ဒီအနောအတွင်းမှာလဲဘဲ၊ ဟိုနေရာက မထိတထိစတာ၊ ဒီနေရာက မထိတထိ စတာကိုလဲ ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ရဲရမယ်။ဲဒိလို လုပ်နိုင်အောင်က ကျွန်တော်တို့ လုပ်ရမယ်ဆိုရင်၊ ခင်ဗျားတို့ ပြဲအောင် အလုပ်လုပ်ရမယ်။ အလုပ် မလုပ်ဘဲနဲ့တော့ လွတ်လပ်ရေးရပေမဲ့ ဘယ်နည်းနဲ့မှ ခင်ဗျားတို့ လွတ်လပ်ရေး အရသာကို ကျပ်ပြည့်တင်းပြည့် ခံစား စံစားရမှာ မဟုတ်ဘူးဆိုတာ ဘယ်လို အစိုးရဘဲ တက်တက်၊ ကွန်မြူနစ် အစိုးရဘဲ တက်ကတ်၊ ဆိုရှယ်လစ် အစိုးရဘဲတက်တက်။ ဘာအစိုးရဘဲတက်တက် အဲဒီ အလုပ်မလုပ်ဘဲနဲ့တော့ ခင်ဗျားတို့ မဖြစ်ဘူးဆိုတာကို ကျွန်တော်တစ်ထစ်ချ ရဲရဲကြီးပြောရဲတယ်။

အဲဒီတော့ကာ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်သမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ကနေ့ပြောခဲ့ချင်တယ်။

လူထုနှင့် ပူးပေါင်းလုပ်ကိုင်ရမည်

တိုင်းပြည်လူထုနှင့် ပူးပေါင်း လုပ်ကိုင်ရမည်

၁၉၄၇ ခုနှစ် ၊ဇွန်လဆန်း ဗမာနိုင်ငံလုံးဆိုင်ရာ
မီးသတ် အစည်းအရုံးကြီး မိန့်ကြားချက်

ကျွန်တော် မနှစ်ကဘဲ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးကြီး၏ ညီလာခံသဘင် ကို ဖိတ်ကြားသဖြင့် လာရောက်စကားပြောကြားခဲ့ပါပြီ။ ဒီနှစ်လဲ လာရောက်စကားပြောပါ ဆိုလို့ လာရောက် ပြောရခြင်းဖြစ်ပါတယ်။ ယခု စကားလာပြောတဲ့အခါမှာ မီးသတ် အစည်းအရုံးကြီးက အစိုးရထံမှာ တောင်းဆိုထားတာတွေ တွေ့ရှိတယ်။ အဲဒါကို အစိုးရက မလိုက်လျောသေးဘူးလို့ တွေ့တယ်။ အဲဒီ ကိစ္စကို ဆိုင်ရာတာဝန်ခံ ၀န်ကြီးနှင့် သွားပြော ဖို့လိုတယ်။ ဗိုလ်ချုပ်လဲ နေရာတကာ ၀င်မစွက်တော့ဘူး။ ဗိုလ်ချုပ်လဲ မတက်နိုင် တော့ဘူး။

လူထုနှင့် လုပ်မှ ရမယ်

ယခုခေတ်မှာ ပြန်လည်ထူထောင်ရေး လုပ်လုပ်၊ တိုင်းပြည် ကာကွယ်ရေး လုပ်လုပ် ၊ကျွန်တော်တို့ဟာ သူ့ဆိုင်ရာအဖွဲ့ သူ့ဆိုင်ရာ လူထုလောက်နှင့် လုပ်လို့မပြီးနိုင်ဘူး။ အဓိပ္ပါယ်က မီးသတ်ကိစ္စကို မီးသတ် အဖွဲ့ထဲရှိတဲ့ လူတွေနှင့် လုံလောက်ခေတ် မဟုတ် ဘူး။ တိုင်းပြည်ကာကွယ်ရေးမှာ စစ်တပ်က လူတွေနှင့် လုံလောက်အောင် ကာကွယ်နိုင် တဲ့ခေတ် မဟုတ်ဘူး။ တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းမှာလဲ အစိုးရဖက်က လူတွေနှင့် မလုံလောက်ဘူး။ ယခုခေတ်မယ် ဘယ်ဟာပဲဖြစ်ဖြစ်၊ကာကွယ်ရေး လုပ်ငန်း စဉ်မှာဘဲ ဖြစ်ဖြစ်၊လုပ်တဲ့ အခါမယ် တိုင်းပြည် လူထုနှင့် ယှဉ်၍ ကိုယ်ထိလက်ရောက် ပါဝင်ကူညီဖို့ သဘောတရား တနေ့တခြား ပိုမိုထင် ရှားလာတယ်။


တိုင်းပြည်ကာကွယ်ရေး

တိုင်းပြည် ကာကွယ်ရေးကိစ္စ စီစဉ်ရလျှင် အကြမ်းအားဖြင့် ကျွန်တော်တို့ ဗမာပြည်မှာ ဒီလို ကာကွယ်ရေးလုပ်ငန်း ပေါ်ပေါက်လာလျှင်၊အစိုးရက နေ၍ ဖွဲ့စည်းတည်ထောင် ထားတဲ့ စစ်တပ်တွေနဲ့ ဘယ်နည်းနဲ့မှ လုံလုံလောက်လောက် မကာကွယ်နိုင်ဘူးလို့ ယူဆတယ်။ ထိထိရောက်ရောက် ကာကွယ်နိုင်သလောက် ကာကွယ်နိုင်ဖို့၊အခြားနိုင်ငံ တွေနှင့် မဟာမိတ်ဖွဲ့ပြီး ပေါင်းတိုက်မှ ဖြစ်မယ်။ ၎င်းအပြင် အရေးကြုံယင် သက်လုံကောင်း မှ ဖြစ်မဲ့အတွက် ကိုယ့်အားကိုယ် ယုံကြည်ဖို့လဲ လိုတယ်။

လူ ၁၇ သန်းနှင့် ဗမာပြည်

ဗမာပြည်မှာ လူဦးရေ ၁၇ သန်းရှိတဲ့အနက်မှ ၁၇ သန်း စလုံးမှ လူကြီးကစ ကလေးအထိ လုပ်ကိုင်တက်ဖို့လိုတယ်။ အချိန် အရွယ်အလိုက် ၀င်လုပ်တက်ဖို့ စီစဉ်ထားရမယ်။ အဲဒီအတိုင်းဘဲ မီးသတ်ဟာလဲ အဲဒီလို ၀င်လုပ်နိုင်ဖို့ စဉ်းစားဖို့လိုတယ်။ ပြန်လည် ထူထောင်ရေးမှာ သဘာဝအလျှောက် ဖြစ်စေ ၊ဂရုမစိုက်လို့ဖြစ်စေ၊ရှို့လို့ဖြစ်စေ၊ မီးဘေး ကိစ္စများ ပေါ်ပေါက်နိုင်တယ်။ သို့သော် စစ်ဖြစ်လာတဲ့ အခါမှာ မီးသတ်ကိစ္စမှာ အင်မတန် အရေးကြီးလာတယ်။ ဒီမီးသတ်အဖွဲ့မှာရှိတဲ့ လူနှင့် မလုံလောက်နိုင်ဘူး။ ယခုခေတ်မှာ မြန်မြန်လုပ်နိုင်ဖို့ အရေးကြီးတယ်။ အချိန်ကလဲ အရေးကြ်ီးတယ်။ ရှေးအခါ ဗမာပြည်မှာ မီးလောင်စာတွေ မရှိဘူး။ မြို့ရွာလဲ အိမ်ခြေ နည်းတယ်။ တဦးနှင့် တဦးမှာလဲ ကူညီ ၀ိုင်းဝန်းမှုရှိတယ်။ တအိမ် မီလောင်လျှင် တရွာလုံးက မိမိ၏ တာဝန်ကို သိရှိတယ်။

လောင်စာတွေ ပေါတယ်

ယခုခေတ်မှာ လောင်စာဖြစ်တဲ့ ဓါတ်ဆီရေနံတွေပေါတယ်။ မြို့ရွာအိမ်တွေ ပြည့်ကျပ် လာတယ်။ လူတွေ ပိုမိုများပြားလာတယ်။ သို့သော် အိမ်နားနီးချင်းပင် အသိမိတ်ဆွေ မမှတ်သူတွေ အမြောက်အများ ရှိလာကြတယ်။ ဗမာပြည်မှာ ရှေ့ရှောက်ပြီး ဒီအတိုင်း ဖြစ်သွားမျာဘဲ အဲဒီတော့ တဦးနှင့်တဦး ၀ိုင်းဝန်းကူညီမှု မရှိဘူး။ မီးလောင်လျှင် မီးသတ်သမားများဟာ လျင်မြန်စွာ ရောက်နိုင်ဖို့ အရေးကြီးတယ်။ လောင်စာများလာလို့ မီးသတ် အစည်းအရုံးတွေ များများလိုလာမယ်။ ရှေးက ဗမာ့စံနစ်ကို ပြန်လည်ရရှိဖို့ ကြိုးစားရမယ်။ နှိုးဆော်ရမယ်။ ယခုခေတ်ဟာ အချိန်နဲ့ လိုက်၍ လုပ်ရမယ် စစ်တိုက်တဲ့ အတွင်းမှာလဲ သူ့အချိန်နှင့်သူ ဖြစ်လာတာနှင့် မြန်မြန်ထက်ထက် လုပ်ဖို့ အရေးကြီးတယ်။

မီးသတ်ပညာ သင်ပါ

မီးသတ်လုပ်ငန်းဟာ မြန်မြန် ထက်ထက်နှင့် ရဲရဲဝံ့ဝံ့ လုပ်ရတဲ့ လုပ်ငန်း ဖြစ်သဖြင့် သူရဲကောင်းများ၏ လုပ်ငန်းတရပ်လို့ ယူဆတယ်။ သူများကောင်းကျိုး အတွက် သူညီဆောင်ရွက်တဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းများဖြင့် ဒီသူရဲကောင်း စိတ်တွေ မွေးပြီး ကူညီဝိုင်းဝန်းဖို့ လုပ်ရမယ်။ မီးသတ်သမားများကို မီးမလောင်ခင်က ကိရိယာ တန်ဆာ ပလာ အပြည့်အစုံရှိဖို့နှင့် မီးလောင်လျှင် အမြန်ဆုံး သွားရောက်ငြိမ်းသတ်နိုင်ဖို့ ပညာတွေ သင်ကြားထားရမယ်။ ။

December 21, 2009

ပြန်လည်ထူထောင်ရေး

ပြန်လည် ထူထောင်ရေး

ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ ဖွဲ့စည်းပြီးနောက် တဖက်မှ လွတ်လပ်ရေး စကား ကို ပြောပြီး လျှင် တဖက်မှလည်း စစ်ကြောင့် ပြာပုံအတိ ဖြစ်နေသော တိုင်းပြည်အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စီစဉ် နေ၏။ ၁၉၄၇ ခုနှစ်၊ဇွန်လ ၆ ရက်နေ့တွင် စတင်ကျင်းပသည့် “ဆိုရန်တိုဗီလာ” (ယခု ပြည်လမ်း စာပေဗိမာန်) အဆောက်အဦး၌ ကျင်းပသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ကွန်ဖရင့်ကို အကဲခပ်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ကို တစွန်းတစ သိသာနိုင်၏

ကြွရောက်လာကြသော လူကြီးမင်းများခင်ဗျား။

လူကြီးမင်းများကို ဤအစည်းအဝေးကြီးသို့ ဖိတ်ခေါ်ရခြင်းမှာ အမျိုးသားရေးတွင် ပဌမတန်း အရေး ကြီးလှသော လုပ်ငန်းတခုကို လုပ်ကိုင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

အဘယ်ကြောင့် ကျွန်တော်တို့ တတွေ ဆွေးနွေးပွဲကြီး တခု ပြုလုပ်ရန် လိုသလဲဆိုသည့် အကြောင်း ကိုလည်း လူကြီးများတို့ထံ ဖိတ်စာများနှင့် အတူ ပို့လိုက်သည့် စာတမ်းမှာ အကျဉ်းချုပ် ဖော်ပြ ထားပြီး ဖြစ်ပါတယ်။ လူကြိးမင်းတို့ ၊ ကျွန်တော်တို့ တတွေဟာ တိုင်းပြည်အတွက် ကျွန်တော်တို့ရဲ့ ကိုယ်တွေ့ ဗဟုသုတတွေ၊အရည်အချင်းတွေ၊ အလုပ်လုပ်ဖို့ အသင့်ရှိတဲ့ ဇောစေတနာတွေကို စုပေါင်း ကြဖို့ များစွာပင် အရေးကြီးပါသည်။ တမျိုးသားလုံးကို ပြန်လည်ထူထောင်ရေး အလုပ်အတွက် လုပ်ငန်းစဉ် ရေးဆွဲသည့်နေရာမှာ လူကြီးမင်းတို့ ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ရခြင်းမှာလည်း လူကြီးမင်းတို့၏ ဥာဏ်ပညာ၊ လူကြီးမင်းတို့၏ အတွေ့အကြုံ ဗဟုသုတ အမျိုးမျိုးတွေမှ အကျိုးရှိရာ ရှိကြောင်းများကို ရရှိဖို့ရန် ရည်မှန်းပြီး ဖိတ်ခေါ်ရခြင်း ဖြစ်ပါသည်။

ကျွန်တော်စာတွင် ပါရှိသည့်အတိုင်း အဆိုပါ လုပ်ငန်းစဉ်သည် မည်သို့သော လုပ်ငန်းစဉ်မျိုး ဖြစ်ရ မလဲဆိုလျှင် ချက်ချင်းလုပ်လို့ဖြစ်မည့် လုပ်ငန်းစဉ်မျိုး ၊လကတေလော အကျိုးပေးနိုင်မည့် လုပ်ငန်းစဉ်မျိုး ဖြစ်ရပါလိမ့်မယ်။ယခုအချိန် ကျွန်တော်တို့ အချိန်ကြာမှ အကျိုးရှိမည့် ပြန်လည် ထူထောင်ရေး စီမံကိန်းတွေနှင့် များစွာ မပတ်သက်သေးပါဘူး။ ကျွန်တော်တို့ ဘာကို လိုချင်သလဲလို့ဆိုလျှင် နှစ်ရှည်လများ ဆိုင်းမနေရဘဲ အကျိုးခံစားရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် တရပ်ကို ဖန်တီးရေးဆွဲဖို့ လိုပါသည်။ ဤကဲ့သို့သော လုပ်ငန်းစဉ်မျိုးကို အထူး လိုအပ်သည်ဆိုသည့် အကြောင်းကို ကိုယ့်ပတ်ဝန်းကျင်ကို လည့်ကြည့်လျှင် သိပါလိမ့်မယ်။ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း တွေ့ကြုံခံစားနေရသည့် များစွာလှသော အချက်များမှာ ပတ်ပတ်လည် ၀ိုင်းနေသည့် ပြဿနာ အမျိုးမျိုးနှင့် ပတ်သက်ပြီး အားလျော့စိတ် ပေါက်နေဆဲပင် ဖြစ်ပါတယ်။ ဤကဲ့သို့ ဖြစ်နေရသည်မှာ တိုင်းသူပြည်သားများသည် မိမိတို့ ကြီးပွားရေး စီးပွားရေး တိုးတက်ရေး လမ်းစကို တီထွင်ဖို့ ပျင်းနေကြလို့၊စိတ်မပါကြလို့ မဟုတ်ပါဘူး။ ဤကဲ့သို့ ဖြစ်ရနေခြင်းမှာ တိုင်းပြည်ကို ပြန်လည် ထူထောင် ဖို့ ရာထားချက်များကို ရှေ့ဆောင်ပြီးလုပ်ဖို့ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သည်ဟု လူတိုင်းလိုလို သဘောပိုက်တက်ကြသည် အတွက် ဖြစ်ပါတယ်။ ဤကိစ္စ အတွက် ရာထားချက် ဖန်တီးဖို့က လူကြီးမင်းများ၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အမျိုးသား၊ကျွန်တော်တို့ တိုင်းပြည်အတွက် ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းဖို့ အလုပ်တွေကို ခင်ဗျားတို့ တပ်နိုင်သလောက် အစွမ်းကုန် အကောင်းဆုံး ဖြစ်နိုင်အောင်လုပ်ဖို့ အခွင့်အရေးတွေ လူကြီးမင်းများလက်တွင်းမှာ များစွာ ရောက်ရှိနေတယ်ဆိုတာကို သိကြပါလိမ့်မယ်။

ဤကဲ့သို့သော စီမံကိန်းတခုကို ရေးဆွဲရန်မှာ လွယ်ကူသော အလုပ်မဟုတ်ကြာင်း သိရှိပါတယ်။ အချို့ကလည်း ဤကဲ့သို့သော စီမံကိန်းများ ရေးဆွဲရန် ပညာဗဟုသုတ အထူးလိုလိမ့်မယ်လို့ ထင်မြင်ယူဆကြပါလိမ့်မယ်။ ဤထင်မြင်ချက်ကို ကျွန်တော် သဘော တူတန်သလောက်တူပါတယ်။ လူကြီးမင်းတို့ အထဲ၌ မိမိထက်သန်ရာဖက်တွင် တက်ကျွမ်းနားလည်သည့် ပုဂ္ဂိုလ်များ ရှိပါသည်။ ထိုပုဂ္ဂိုလ်များ၏ အကူအညီသည် အလွန်ပင် အဖိုးတန်ပါလိမ့်မည်။ သို့သော် အလုပ်ကို ရာထားသည့် စည်းမျဉ်းအတိုင်း လုပ်ရန် လိုပါလိမ်ပမည်။ ဘေးပန်း အလုပ်ကို လျှောက်လုပ်နေမိကြလျှင် ကျွန်တော်တို့ ကြံရွယ်ချက်များ တန်ခိုး အာနိသင် ပျောက်ပြယ်၍ ကောင်းစွာ အထမမြောက် ဖြစ်နေပါလိမ့်မည်။

ထို့ကြောင့် ဆွေးနွေးပွဲကို မည်ကဲ့သို့ စတင်ပြုလုပ်ဆောင်ရွက်သွားသင့်သည့် အကြောင်းများကို ကျွန်တော်ထင်မြင်ချက်အရ အမြွက်စကားပြောပြလိုပါသည်။ ပဌမအချက်မှာ ကျွန်တော်တို့သည် တိုင်းပြည်အတွက် လုပ်ငန်းတခုကို ပြုလုပ်မည်ဟု အဓိဌာန်ပြုခဲ့လျှင် ကျွန်တော်တို့၌ လက္ခဏာအချို့ ပြည့်စုံရန် လိုပါသည်။ လက်ငင်း ချက်ချင်း အမျိုးသား ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် အစစပြည့်စုံ အကျုံးဝင်သော လုပ်ငန်းစဉ်တရပ် ဖြစ်မြောက်အောင် ရေးဆွဲမည်ဟု သန္ဒိဌာန်ချရန်လိုပါသည်။ ထို့ကြောင့် လုပ်ငန်းမပြီးမချင်း စွဲမြဲစွာ ဆက်လက် လုပ်ကိုင်သွားရပါမည်။ ကျွန်တော်တို့ အဖို့ အားလပ်ချိန်၊နားချိန်နှု့် အလုပ်ပိတ်ရက်များ ရှိချင်မှ ရှိလိမ့်မယ်။ ရှေ့လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း၌ ကျွန်တော်တို့မှာ အားလပ်ချိန် မရလောက်အောင် အလုပ်များ မည်ဖြစ်၍ လူကြီးမင်းတို့သည် တိုင်းပြည်၏အကျိုးအတွက် ဖြစ်သည့်အတိုင် အလုပ်မပြီးမချင်း အားလပ်ချိန်ယူသည့်အရေးကို ရက်ရွှေ့ဆိုင်း၍ နေင်အလုပ်ပြီးမှ အားလပ်ချိန်ယူရန် ကျွန်တော်က တိုင်တွန်းလိုပါသည်။

ကျွန်တော်တို့ ရည်ရွယ်ထားသော ချက်ချင်းလက်ငင်း အမျိုးသား ပြည်လည် ထူထောင်ရေး လုပ်ငန်း တခုတည်းကိုသာ ကျွန်တော်တို့ အားလုံး အားကြိုးမာန်တက် ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ဒုတိယ အချက်မှာ အမျိုးသား ပြန်လည်ထူထောင်ရေး လုပ်ငန်းပြုလုပ်သည်ဆိုရာ၌ ကျွန်တော်တို့သည် လုပ်ငန်းနှင့်ပတ်သက်၍ စိတ်ဒွိဟမရှိစေဘဲ လုပ်ငန်း၏ လိုရင်းအချက်ကား အမျိုးသားစီးပွားရေးကို အမြန်ဆုံးနည်းနှင့် နဂိုအခြေသို့ ပြန်လည်ရောက်ရှိအောင် ထူထောင်ရမည် ဆိုသည်ကို သိရှိနားလည်ရပါမည်။

ဤသို့ နဂိုအခြေသို့ ရောက်အောင် ပြန်လည်ထူထောင်ရေးသည် အထူးအရေးကြီးလှသည့် ကိစ္စ ဖြစ်ကြောင်းကို ကျွန်တော်တို့ အထူးသဘောပိုက်ကြရန် လိုပါသည်။ ရှေ့လျှောက်၍ ဖင့်နွှဲကြန့်ကြာ နေ၍ မဖြစ်သော ကိစ္စ ဖြစ်ပါသည်။ ထို့ကြောင့် လူကြီးမင်းတို့ ရွက်ဆောင်ရအံ့သော ကိစ္စသည် တိုင်းပြည်၏ သေရေးရှင်ရေး ဖြစ်နေသည်ကို သိရှိပါလိမ့်မည်။ တတိယ အချက်မှာ လူကြီးမင်းတို့ ရေးဆွဲ ပြုလုပ်မည့် အစီအစဉ်သည် လွန်မင်းစွာ ကျပ်တည်းခြင်း သော်၎င်း၊လှေနံဓါးထစ်သော်၎င်း မဖြစ်စေရ၊ ဖြစ်ပေါ်လာသော အကြောင်းအရာ အားလျှော်စွာ ပြုပြင်ပြောင်းလဲ၍ ရနိုင်သော အစီအစဉ် ဖြစ်ရပါမည်။ လှေနံဓါးထစ် အစီအစဉ်မျိုးမှာ များသောအားဖြင့် ကောင်းသော အစီအစဥ်မဟုတ်။ တိုင်းပြည်၏ ပေါ်ပေါက်ဆဲ ပေါ်ပေါက်လတ္တံ့သော အကြောင်းအရာ အမျိုးမျိုးနှင့် သင့်လျော် ပြေပြစ် ရေးဆွဲသော အစီအစဉ်မျိုးသာလျှင် ကျေနပ်လောက်သော အစီအစဉ် ဖြစ်ပါသည်။ ၎င်းပြင် လူကြီးမင်းတို့ ရှေ့မှောက်သို့ ရောက်လတ္တံ့သော ပြဿနာ အရပ်ရပ်တို့ကို ကျွမ်းကျင်သူ အနေမျိုး မဟုတ်ဘဲ သာမာန်လူစား အနေမျိုးဖြင့် စစ်ဆေး ဆေးကြောစေလိုပါသည်။ ကျွမ်းကျင်သူ၏ ထင်မြင်ချက်ဆိုလျှင် လူအများမှာ မလွန်ဆန်ဝံ့ ဖြစ်နေတက်ကြပါသည်။ လုပ်ငန်းအမျိုးမျိုး ဆိုင်ရာဘက်က ကျွမ်းကျင်သူများစွာကို ကျွန်တော်တွေ့ဖူးပါတယ်။ ထိုပုဂ္ဂိုလ်များဟာ များစွာဘဲ အသုံးကျပါတယ်။ တိုင်ပင်လည်း တိုင်ပင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သို့သော်လည်း လူကြီးမင်းတို့ကို သတိပေးလိုသည်မှာ ထိုပုဂ္ဂိုလ်တွေရဲ့ ထင်မြင်ယူဆချက်ဟာ အမှား မရှိနိုင်ဘူးဟု မထင်ကြစေရန် ဖြစ်ပါသည်။ လူထုကို စကားပြောတိုင်း ပြောတိုင်း ကျွန်တော် ဤကဲ့သို့ သတိပေးဘူးတယ်။ ယခုလည်း ထပ်မံ သတိပေးရန်လိုပါတယ်။ ထိုပုဂ္ဂိုလ်များဟာလဲ သာမာန် လူပုဂ္ဂိုလ်တွေပါဘဲ။ ထို့ကြောင့် သူတို့ ထင်မြင် ယူဆချက် တွေဟာ အမှား ဖြစ်ချင်ဖြင်မှာဘဲ။ အမှန်ကတော့ အဆိုးအကောင်း ဝေခွဲတကသော သာမာန်လူစားတို့၏ အတွေ့အကြုံ၊အကြံအဥာဏ်၊ ဗဟုသုတများလဲ ကျွန်တော်တို့ လုပ်ရမည့် အမှုကိစ္စတွေ အတွက် အရေးကြီးပါတယ်။

နောက်တရပ် ကျွန်တော်တို့ သတိထားရမည့် အချက်မှာ ကျွန်တော်တို့ဟာ အကြောင်းတခုကို စာရင်းအင်းနှင့် အမြင်အားဖြင့် အခိုင်အမာသဘော သကရောက်အောင် ပြောလာပြီးဆိုယင် ယုံလွယ်တက်ကြသည့် အန္တရာယ်ဖြစ်ပါသည်။ စာရင်းအင်းများကို ကျွန်တော်များစွာ လေ့လာခဲ့ဘူးသည့် ကိုယ်တွေ့ ဗဟုသုတအရ ပြောရမည်ဆိုလျှင် ၎င်းတို့ကို ကြည့်၍ များစွာ နားလည် အကူအညီရသော်လည်း ပဌမထင်မြင် စိတ်ကူးထားချက်တွေ အခိုင်အမာဖြစ်အောင် စုဆောင်းပြုလုပ်ထားသည့် စာရင်းအင်းမျိုး တွေ့ကြုံနေရမည့် အချက်ကို သတိပြုထားကြဖို့ လိုပါသည်။ လီနင်ရဲ့ အထ္တုပ္ပတ္တိကို ဖတ်ဖူးသူများ သိပါလိမ့်မည်။ လီနင်သည် စာရင်းအင်းကို ကောင်းစွာ ကျွမ်းကျင်တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ သို့သော် လီနင်သည် အသက်ရှင်စဉ်က ပြောဘူးသည်မှာ သူသည် စာရင်းအင်း ဂဏန်းသင်္ချာတွေ ပါရှိတဲ့ စာအုပ်များမှ တပါး အခြားစာအုပ်များကို ဖတ်လေ့ဖတ်ထ မရှိဟု ပြောပါသည်။ သို့သော် လီနင်သည် စာရင်းအင်း အထောက်အထားရှိတိုင်း အမှန်ဟူ၍ အရမ်းကာရော လက်မခံဖို့ မပြတ် သတိပေးစကား ပြောကြားခဲ့ပါသည်။ အထက်က ကျွန်တော်ပြောခဲ့သည့်အတိုင်း စာရင်းအင်း အထောက်အထားနှင့် ပြောဆိုခြင်းဟာ အကျိုးရှိသည့် အလေ့အထမျိုး ဖြစ်သောလည်း ထိုစာရင်းအင်း အထောက်အထားပြုလုပ်ထားသည့် ရည်ရွယ်ချက် သဘောလက္ခဏာများကို စောကြောစစ်ဆေးဖို့ရန် အလွန်အရေးကြီးပါတယ်။ သို့သော်လည်း အရေးကြီးဆုံးကတော့ ကျွန်တော်တို့သည် ၎င်းတို့ကို အထောက်အထားပြု၍ လမ်းမှန်အတိုင်း ထင်မြင်ယူဆ နိုင်ဖို့ အရေးကြီးပါတယ်။

နောက်တချက် ပြောလိုသည်မှာ ရှေးဦးလုပ်သင့်သည့်လုပ်ငန်းကို ရှေးဦး လုပ်ကိုင်သွားသော နည်းစံနစ်ကို လိုက်နာရန် အကြောင်းပင် ဖြစ်ပါသည်။ ကိစ္စ အမြောက်အများကို တကြိမ်တည်း စဉ်းစား ဆွေးနွေးသည့် အလုပ်ကို မပြုမလုပ်ရန် သတိထားရပေလိမ့်မည်။ အရေးမကြီးလှသော ကိစ္စများကို အရေးကြီးသော ကိစ္စများအလျှင် တင်ကူး၍ ဆောင်ရွက်ခြင်း မပြုအပ်ပါ။ မိမိကိုယ်တိုင်း တင်ကူးနှစ်ခြိုက်လျှက်ရှိနေသော အကြောင်းခြင်းရာများကို ပဌမဦးစွာ အရေးယူလိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာတက်ပါသည်။ သို့ရာတွင် ဤသို့ မဖြစ်စေရန် သတိမူရန် လိုပါသည်။ မည်သည့်ကိစ္စသည် ပဌမဦးဆုံး ဆောင်ရွက်အပ်သည့် ကိစ္စဖြစ်သည်ကို သဘောတူညီချက် ရယူပြီး လျှင် ထိုကိစ္စများကို ဆောင်ရွက်သွားရပေလိမ့်မည်။

အရိုးအစဉ် လုပ်နည်း ကိုင်နည်း ၊အရိုးအစဉ် ယူနည်း ဆနည်းတို့ကို လိုက်နာလိုသော စိတ်များကို လည်း ပယ်ဖျောက် ပစ်ကြစေလိုပါတယ်။ တနေရာရာတွင် သုံးရန် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း စည်းကမ်းချက်မျိုးမှာ လုံးဝ ခေတ်နောက်ကျနေသေးသော လုပ်ရိုးလုပ်နည်း ဖြစ်နေတက်ပါသည်။ လုပ်ရိုးလုပ်စဉ် သတ်မှတ်ရခြင်းမှာ အလုပ်ကို လျှင်မြန် တွင်ကျယ်စေရန် ဖြစ်ပါသည်။ သို့ဖြစ်ငြားသော်လည်း လုပ်ထုံးလုပ်နည်းသည် အကျိုးကျေးဇူး မဖြစ်ရုံမက အလုပ်မတွင်ကျယ်ဘဲ အလုပ်ကို လေးလံနှောင့်နှေးစေမည် ဖြစ်လျှသ် ထိုထုံးနည်ကို ဖျက်ပယ်ပစ်ရန်သာ သင့်တော်ပါတယ်။ အချို့သော အစိုးရဌာနများ၊ရုံးများနှင့် ပတ်သတ်၍လည်း ဤနည်းပင် ပြောရပေလိမ့်မည်။အချို့အချို့သော အစိုးရဌာနတို့မှာ ရှေးအခါက အသုံးဝင်ခဲ့သည် ဖြစ်သော်လည်း ယခုအခါတွင် အသုံးဝင်ချင်မှ ၀င်ပေတော့မည်. ၎င်းဌာနများသည် တိုင်းပြည် အုပ်ချုပ်ရာတွင် ဖင်နှေးစေမည် ဖြစ်ပါက၊ ၎င်းတို့ကို လုံးဝ ဖျက်သိမ်းရန်အတွက် အကြံပေးပါက ထိုသို့ အကြံပေးချက်မှာ သင့်မြက်သည်ဟု ဆိုရပေမည်။ အစိုးရဌာန၊အစိုးရရရုံးရှိနေသည်ဟူသော အကြောင်းမျှဖြင့် ထိုဌာနများမှ ထင်မြင်ချက်များ ၊ စီမံကိန်းများကိ လက်ခံရန် မလိုပေ။ စိတ်ကူရာတွင် အတူတူ ၊ လုပ်ဆောင်ရာတွင် အတူတူ ၊ပြောဆိုရာတွင် အတူတူဆိုသော အလေ့အထမျိုးကို ဂရုဓမ္မစိုက်ထုတ်၍ ရှောင်ရှားရမည်။ ဆွေးနွေးကြံဆကြရာ၌ တမျိုးတည်း တနည်းတည်း ကြံဆလုပ်ကိုင်းနေမည်ဆိုရင် အဟောသိကံ မဖြစ်သင့်ဘဲ ဖြစ်ရခြင်းများ ပေါ်ပေါက်လာမည်ကို တွေရတက်ပါသည်။

ယခု လုပ်ဆောင်ရမည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ ပြောကြားလိုသော အခြား အကြောင်းတရပ်မှာ တကြိမ်လျှင် ကိစ္စတခုကိုသာ ဆောင်ရွက်၍ ထိုသို့ ဆောင်ရွက်ရာ၌လည်း မကြောက်မရွှံ့ ရဲဝံ့စွာဖြင့် လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါသည်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းကို ရေးဆွဲရာ၌ အရှုပ်အထွေးမရှိ လုပ်ကိုင်၍ ဖြစ်နိုင်သော စီမံချက်တို့ကို ပြုလုပ်ရန် လိုပါသည်။ သို့ရာတွင် တကယ်ဖြစ်ထွန်းမည်ကို ရှေးရှုမြော်မြင်နိုင်သော စိတ်ကူးဥာဏ် ရှိရပေလိမ့်မည်။ အရေးကြီးသော ကိစ္စများတွင် တက်စွမ်းနိုင်သမျှ တခုပြီးမှတခု လုပ်ရပေလိမ့်မည်။ တပြိုင်နက် အကြံအစည် များလွန်းက ဘေးဥပဒ်အန္တာရာယ် ဆိုက်ရာက်တက်ပါတယ်။ မိမိတို့တိုင်းပြည်အတွင်း အစွမ်းကုန် ဆောင်ရွက်လိုသော စိတ်ဆန္ဒထက်သန်ခြင်းကြောင့် စီမံချက်များပြုလုပ်ရာတွင် လိုဘကြီးလွန်းသော စီမံကိန်းများ မပြုလုပ်မိရန်အတွက် ဂရုပြုရပေလိမ့်မည်။ အစီမံကောင်းသူမှန်လျှင် တစခန်းပြီးမှ တစခန်းသို့ တက်လှမ်းကြမြဲ ဖြစ်သည်။ ဆိုလိုသော အချက်မှာ တကြိမ်တခါတည်းတွင် တလှမ်း တည်းသာ လှမ်းရမည်ဟူ၍ မဟုတ်ပါ။ လိုအပ်၍ ဖြစ်နိုင်လျှင် တကြိမ်တည်း တလှမ်းမက နှစ်လှမ်း၊ သုံးလှမ်း၊ တက်လှမ်းရန် အသင့်ရှိရမည့်အပြင် သို့ပြုလုပ်ရန် အရည်အချင်းလည်း ရှိရပေလိမ့်မည်။

လူကြီးများ မည်သို့ ဆောင်ရွက်သင့်သည် ဆိုသည့် အချက်များနှင့် ပတ်သတ်၍ ကျွန်တော်အကြံပေး စကား ဤမျှဘဲ ပြေားကြားလိုပါတယ်။ ထို့နောက် တိုင်းပြည်အတွင်းမှာ ယခုမည်ကဲ့သို့ ဖြစ်ပျက် နေသည်၊ ထိုအဖြစ်အပျက် အကြောင်းကိစ္စများကို မည်သို့ ပြုပြင်ပေးသင့်သည် ဆိုသည်များကို အနည်းငယ် ပြောကြားလိုပါသည်။ ကျွန်တော်စာတမ်းမှာလည်း ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော် ဖော်ပြပြီး ဖြစ်သည်ကိုလည်း လူကြီးမင်းများ တွေ့ရှိပါလိမ့်မည်။ ဤကိစ္စမှာ အလွန်ရှုပ်ထွေး ခက်ခဲသည် ဖြစ်သောကြောင့် ပေါ်ပေါက်သည့် ပြဿနာများကို သေသေချာချာ ဝေဖန်ရှင်းလင်း ကြည့်ရှုပြီး၊ထိုပြဿနာများကို ဖြေရှင်းရေးအတွက် မည်သို့သော နည်းများဖြင့် ပြုပြင်အပ်သည်ကို သေသေချာချုာ ဝေဖန်သတ်မှတ်ပေးရန် လိုပါလိမ့်မည်။။ စစ်ကြ်ီးကြောင်း တိုက်းပြည် စီးပွားရေး မည်မျှ ပျက်စီးသွားသည်ဆိုသည်ကို ကျွန်တော်က အထူးပြောပြနေရန်မလိုပါ။ ကျွန်တော်တို့ ဘာကို ဘဲလုပ်လုပ်၊ စီးပွားရေး ပျက်စီးနေသည့် တစ္ဆေသဘက်ကြီးနှင့် မျက်နှာချင်းဆိုင်တွေ့၍သာ နေရ ပါသည်။ ကျွန်တော်တို့ ဗမာတပြည်လုံး အပျက်အစီးလွတ်သည့် နေရာဟူ၍ မရှိပါဘူး။ ဗမာပြည်သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် ပိုမိုပျက်စီးဆုံးရှုံးခြင်း ခံရသည်မှာ ယုံမှားစရာ မရှိပါ။ ကျွန်တော်က လူကြီးများစိတ်ပျက်ဖွယ်ဖြစ်အောင် ဤစကားကို ပြော၇ခြင်း မဟုတ်ပါဘူး။ လူကြီးမင်းများ ဆောင်ရွက်ရမည့် ကိစ္စများသည် များစွာပင် ခဲခဲယဉ်းယဉ်း ဆောင်ရွက်ရမည့် ကိစ္စ ကြီး ဖြစ်သည်။ ကိုယ့်တိုင်းပြည် အကျိုးကို ကိုယ်ဆောင်ရွက်ရန် ရှေးက ကျွန်တော်တို့ အမျိုးသားများ မရခဲ့ဘူးသော အခွင့်အရေးမျိုးကို လူကြီးမင်းများ ရရှိကြသည်ဆိုသည့် အချက်များ ကို လူကြီးမင်းများ သေသေချာချာ သိရှိကြဖို့ ကျွန်တော် ပြောရခြင်း ဖြစ်ပါသည်။

ထိုကြောင့် ပဌမဦးဆုံး လိုအပ်သည့် အချက်က စီးပွားရေးဖက်မှ အခြေခံ ကောင်းကောင်းနှင့် ပြည်လည်ထူထောင်ရေး အတွက် လုပ်ငန်းစဉ် ရေးဆွဲထားဖို့ ဖြစ်ပါသည်။ အချို့က စီးပွားရေး အခြေ ခံ ကောင်းကောင်း ပြန်လည် ထူထောင်ရန်သလို နိုင်ငံရေးဖက်ကလည်း အခြေခံကောင်းကောင်းနှင့် ပြန်လည် ထူထောင်ရန် လိုသည်ဟု ဆိုကောင်းဆိုကြပါလိမ့်မည်။စီးပွားရေးနှင့် နိုင်ငံရေး ဆိုသည်မှာ အချင်းချင်း အညမညဆက်သွယ်နေသည့်အတွက် တခုနှင့် တခု သီးခြားစီ ခွဲခြားထား၍ မရနိုင်ပါဘူး။ ယခု အစည်းအဝေးမှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကျွန်တော်ပြောဖို့ မကြံရွယ်ပါဘူး။ သို့သော် လူကြီးမင်းများ ရွက်ဆောင်ရမည့် ကိစ္စတာဝန်နှင့် တမျိုးတမည် သက်ဆိုင်နေသည့် အချက်တချက် ကိုတော့ ပြောပြလိုပါသည်။

ထိုအချက်မှာ ယခုလို အခြေအနေမှာ (Imperialism) နိုင်ငံချဲ့ဝါဒကို တိုက်ခိုက်တွန်းလှန်တဲ့ အလုပ်ကိုလုပ်ယင် ကျွန်တော်တို့မှာရှိတဲ့ အချိန်နှင့် အင်အားကို အလဟဿ ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်ဆိုသည့် အချက်ပါဘဲ။ ရှေးကဆိုလျှင် တိုက်းပြည်မှာ တစုံတရာ မကောင်းမဖြစ်လျှင် နိုင်ငံချဲ့စံနစ်ကြောင့် ဖြစ်သည်ဟု ၀ိုင်းပြီး အပစ်တင်လေ့ ပြုခဲ့ကြပါသည်။ ကျွန်တော့်အတွက်ဆိုလျှင် ထိုကဲ့သို့ နိုင်ငံချဲ့စံနစ်ကို အပြစ်တင်ခြင်းသည် မှန်သည့်အခါက မှန်ပါသည်။ အခြားတတိုင်း တနိုင်ငံ က နိုင်ငံချဲ့စံနစ်နှင့် လွှမ်းမိုးခြင်းခံရလျှင် မည်သည့်နိုင်ငံမျိုးမှ အဟုတ်တကယ် မကြီးပွားနိုင်ပါဘူး။ မည်သည့်လူမျိုးမှလည်း ကိုယ့်ဒူးကိုယ်ချွန်ဘ၀မျိုးကို မရနိုင်ပါဘူး။ သို့သော် ဤဗမာနိုင်ငံမှာဆိုလျှင် ခေတ်ကြီးပြောင်းလာခဲ့ပါပြီ။ ကျွန်တော်တို့ အမျိုးသားလက်သို့ အာဏာပြန်၍ရောက်ရမည်မှာ ဧကန်ဖြစ်နေပါသည်။ အိန္ဒိယပြည်မှာ ယခုဖြစ်ပျက်နေသည့် အကြောင်းအရာများကိုကြည့်လျှင် ဗြိတိသျှ အစိုးရက အိန္ဒိယပြည်နှင့် မြန်မာပြည်တွင် အိန္ဒိယတိုင်းသားနှင့် မြန်မာလူမျိုးများလက်သို့ အာဏာ ကို လွှဲပြောင်းပေးအပ်ရတော့မည်မှာ မကြာတော့ဘူးဆိုသည်ကို ကျွန်တော် သဘောရသလို လူကြီးမင်းများလည်း သဘောရကြပါလိမ့်မည်။ ဤအစည်းအဝေးမှာ ဤကိစ္စကို ကျွန်တော်က အကျယ်ချဲ့ပြီး ပြောရမယ် အခါ မဟုတ်ပါဘူး။ ရာဇ၀င် အစဉ်အလာကိုလည်း ကျွန်တော် သိတန် သရွေ့ သိပါတယ်။ လက်တွေ့နိုင်ငံရေးကိုလည်း လုပ်ခဲ့ဖူးပါတယ်။ တရပ်တကျေးမှဖြစ်သော နိုင်ငံချဲ့ စံနစ်သည် ဖြူးဖြူးဖြောင့်ဖြောင့် သာသာယာယာနှင့် အာဏာကို လက်လွှတ်မည်၊ မလွှတ်မည် ဆိုသည်ကို ကျွန်တော်က ဤနေရာတွင် ပြောနေရန် မလိုပါ။ ထိုကဲ့သို့ သာသာယာယာဖြင့် လက်လွှတ်မည် မလွှတ်ဘူးဆိုသည်ကို နောက်မှပင် သိရမည့်အရာဖြစ်ကောင်း ဖြစ်လိမ့်မည်။ ယခု ကျွန်တော်ပြောလိုသည်မှာကား ကျွန်တော်သည် လှေနံဓါးထစ်ဝါဒမျိုးရှိသူ မဟုတ်ကြောင်း ဖြစ်ပါသည်။

ဤအကြောင်းနှင့် ပတ်သက်၍ ပြောရာ၌ ကျွန်တော်ဆိုလိုချင်မှာ စစ်ကြီး မဖြစ်မှီက နိုင်ငံနယ်ချဲ့ ၀ါဒသည် တွန်းလှန်တိုက်ဖျက်ရမည့် အရာမည်မျှမှန်သော်လည်း ယခုမူကား အသစ်ပေါ်ပေါက်သော အကြောင်းခြင်းရာများကို ထောက်ချင့်၍ အခြေအနေကို ဝေဖန်ရပါလိမ့်မည်။ ယခုခေတ်၌ တကယ့် အချုပ်အချာ အာဏာသည် တိုင်းသူပြည်သား လူအများတို့လက်တွင် တည်ရှိသည်ဆိုသည့် အချက်ကို နေရာတကာတွင် ယူဆထားကြပြီး ဖြစ်ပါသည်။ ယခု ကျွတ်တော်တို့ ကြုံတွေ့နေရတဲ့ လက်ငင်းပြဿနာများနှင့် ပတ်သက်၍ ကျွန်တော်တို့ နိုင်ငံမှာ ပေါ်ပေါက်နေသည့် ပြဿနာများကို ထောက်ရှု၍ ဆိုရလျှင် ကျွန်တော်တို့ ချက်ချင်းလက်ငင်း ဖြေရှင်းရေး ရှာကြံရမည့် ကိစ္စကြီး ရှစ်ရပ်ရှိသည်ဟု ဆိုနိုင်သည်။

ထိုကိစ္စများမှာ -
၁။ နေထိုင်ရေး စရိတ်လျှော့ပေါ့ရန်၊ တိုင်းသူပြည်သားများ၏ နေထိုင်ရေးစရိတ်ကို နဂိုအခြေသို့ ပြန်ရောက်အောင် ပြုပြင်ရေးရန်။
၂။ အလုပ်လက်မဲ့များ လျော့သွားအောင် တက်နိုင်လျှင် အလုပ်လက်မဲ့ လုံးဝ ပပျောက်သွား အောင် ပြုပြင်ပေ့းရန်။
၃။ လမ်းပန်း အဆက်အသွယ်များကို ပြန်လည် ထူထောင်၍ တိုးချဲ့ပေးရန်။
၎။ အိုးခြေအိမ်ခြေ ထူထောင်နိုင်အောင် စီစဉ်ပေးရန်။
၅။ ပညာပေး ပြန်လည်ထူထောင်ရန်။
၆။ ပြည်သူ လူအများ ကျန်းမာရေးအတွက် စီစဉ်ပေးရန်။
၇။ နိုင်ငံ အုပ်ချုပ်ရေးကို စေတနာကောင်းသွာနှင့် သန့်ရှင်းကျေပြွန်စွာ ထမ်းရွက်ခြင်းရှိအောင် ပြုပြင်ပေးရန်။
၈။ နိုင်ငံ ငြိမ်းချမ်းသာယာလာအောင် ရွက်ဆောင်ပေးရန်။

အထက်ပါ ပြဿနာကြီးများကို ချက်ချင်းလက်ငင်း ရှင်းလင်းရေးတွက် ကျွန်တော်တို့ လက်ဦးပဌမ အားသွန်ကြိုးပမ်း ရွက်ဆောင်ကြရန် အဓိက ဖြစ်သည်ဟု ထင်မြင်ပါသည်။

ဤကဲ့သို့ ကျွန်တော်တို့ ရွက်ဆောင်စရာရှိသည့်အချက်များ ထမြောက်အောင်မြင်စေရန် ကျွန်တော် တို့ ဘယ်အချက်အလက်များကို ဆောင်ရွက်သင့်သည် ဆိုသည်ကို ယခု စဉ်းစားကြဖို့ လိုပ်ါတယ်။ နေထိုင်ရေး စရိတ်စက လျော့ကျဖို့ ကိစ္စနှင့် ပတ်သက်၍ဆိုလျှင် ယခုကဲ့သို့ စရိတ်ကြီးမြင့်နေ ရသည့် အကြောင်းရင်း ပဌမ အချက်မှာ အရေးမကြီး၊ မရှိလည်းဖြစ်နိုင်သော ကုန်စည်များကို ဈေးကြီးကြီး ပေး၍ ၀ယ်နေရခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့ အရေးမကြီးလှသော ကုန်စည်အများ ကို နိုင်ငံခြားမှ အတင်အသွင်းလျှော့ရန်၊ သို့မဟုတ် လုံးဝရပ်စဲပစ်ရန် လိုပါသည်။ နိုင်ငံခြားမှ အဆိုပါကုန်စည် ပစ္စည်းတွေကို ၀ယ်နေရသည်မှာ နိုင်ငံ၏ ငွေကြေးဘဏ္ဍာ မကုန်သင့်ဘဲ အလဟဿ ကုန်နေရပါသည်။ ဤကဲ့သို့ စီးပွားရေးဖက်က ကျွန်တော်တို့ နစ်နာဆုံးရှုံးဖြုန်းတီးနေ သည့် အချက်ကို ရပ်စဲဖြတ်တောက်ပစ်ရန် နည်းလမ်းများ ရှာကြံရပါလိမ့်မည်။ ကျွန်တော်တို့ ငွေတွေ ကျွန်တော်တို့ တိုင်ပြည်အပြင်ကို ထွက်နေရပါသည်။ ဤကဲ့သို့ ထွက်နေရခြင်းကို ကျွန်တော်တို့ စစ်ဆေးကြည့်ရှုရပါလိမ့်မည်။ နေရေးထိုင်ရေးစရိတ် လျှော့ပေါ့သွားစေလိုလျှင် တိုင်းပြည်အုပ်ချုပ်ရေးဖက်တွင် တက်နိုင်သမျှ ခြိုးခြံချွေတာရန် လိုပါလိမ့်မည်။ ယခုလက်ရှိ အုပ်ချုပ်ရေးမှာ တိုင်းပြည်က စရိတ်မတက်နိုင်လောက်သော အုပ်ချုပ်ရေးဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော်တို့က ချက်ချင်းလက်ငင်းပင် အသုံးစရိတ်ကို လျှော့ပစ်ရပါသည်။ ထို့နောက် နေထိုင်ရေး လျှော့ပေါ့ သက်သာလာစေအောင် ရာရှင်ပေးနည်းကို သုံးသင့် မသုံးသင့် စဉ်းစားရပေလိမ့်မည်။ ယခု ကမ္ဘာစစ်ကြီးပြီးငြိမ်းသည်မှာ နှစ်နှစ်မျှပင် လွန်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံပေါင်း များစွာတို့မှာ ရာရှင်ပေးနည်း စံနစ်ကို အသုံးပြုနေရတုန်းပင် ဖြစ်ပါသည်။

ထို့ပြင် အရေးကြီးသော ကုန်စည်များ ဝေငှရေးစံနစ်ကိုလည်းကောင်း သည်ထက် ကောင်းလာ အောင် စီမံပေးရန် လိုပါသည်။ ဖြုန်းတီးမှုများနှင့် တံစို့ လက်ဆောင် စားမှုများကိုလည်း နှိပ်ကွပ်ပစ်ရပါလိမ့်မည်။ ကျွန်တ်ေတို့ တိုင်းပြည်အတွင်းမှာဘဲအရေးကြီးသည့် ကုန်းစည်များကို စိုက်ပျိုးလုပ်ကိုင်ရန် စီမံကိန်း တရပ်လည်း ပြုလုပ်ရပါလိမ့်မည်။ ကျွန်တော်တို့ စီးပွားရေးအတွက် နိုင်ငံခြားများနှင့် ဆက်ဆံမှုနှင့် ပတ်သက်၍ ဆိုလျှင် ကျွန်တော်တို့ ထွက်ကုန်ဖက်က ငွေပိုရအောင် အားထုတ်ကြိုးပမ်းကြရပါလိမ့်မည်။ နိုင်ငံငြိမ်သက် သာယာရေးကိစ္စကလည်း ရှိပါသေးသည်။ နေထိုင်ရေးစရိတ်လျှော့ပေါ့ သက်သာရေးကိစ္စကြီးကို ရွက်ဆောင်ကြရာ၌ ဆောင်ရွက်သင့် ဆောင်ရွက်ဖွယ်ဖြစ်သော အခြားကိစ္စများလည်း ဧကန်ပင် ပေါ်ပေါက်လာပါလိမ့်မည်။ နေထိုင်ရေး စရိတ်လျှော့ပေါ့ သက်သာရေးကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်းပြောပြခဲ့ပြီး ဖြစ်သော အဆိုပါ ကိစ္စများကို ကျွန်တေယ် အကျယ်ချဲ့၍ ပြောရမည်ဆိုလျှင် အရေးမကြီး မရှိလည်းဖြစ်နိုင်သော ကုန်စည်များ သွင်းယူမှုဆိုလျှင် ကျွန်တော်တို့မှာ မရှိမဖြစ် အရေးကြီးသည့် ကုန်တွေ အကြီးအကျယ် ရှားပါနေသည့် အခါတွင် စည်းစိမ်ခံကုန် အရေးမကြီးသည့် ကုန်များကို သွင်းယူ စည်းစိမ်ခံနေကြရန် မလိုဘူးဆိုသည့် အချက်ဖြစ်ပါသည်။ တိုင်းသူပြည်သားများမှာ မရှိမဖြစ် အရင်းခံ လိုအပ်သည့် ကုန်ပစ္စည်းများ ပြည့်စုံမှု လိုပါသည်။ အဆိုပါ ကုန်ပစ္စည်းမျိုးသာ ကျွန်တေိာတို့ကရအောင် စီမံပေး၍ စည်းစိမ်ခံကုန်များကို လုံးဝထုတ်ပစ်ဖို့လိုပါသည်။

အစိုးရဌာနများနှင့် ပတ်သက်၍မူကား ကျွန်တော် ပြောခဲ့သည့်အတိုင်း အချို့ဌာနများမှာ အမှုထမ်း များ အဆမတန်ပိုနေပါသည်။ ကျွန်တော်တို့က တဌာနစီ၊တဌာနစီ ခွဲ၍ ဌာနအသီးသီးမှာရှိသည့် ရာထူးတွေ၊အမှုထမ်းတွေဟာ တကယ်ဘဲလိုသည်။ မလိုသည်ကို စစ်ဆေးကြည့်ရှုရပါလိမ့်မည်။ ရာထူးများရှိ အမှုထမ်းများ လုပ်ကိုင်နေသည့် အလုပ်များကို စစ်ဆေးကြည့်၍ ထိုအလုပ်များသည် တိုင်းပြည်၏ စီးပွားရေး နှင့် အခြားအရေးများအတွက် မည်မျှလောက် အကျိုးဖြစ်ထွန်းစေသည့် အလုပ်ဖြစ်သည်ကို ဝေဖန်ကြည့်ရပ်လိမ့်မည်။

ရာရှင်ပေးရေးစံနစ်နှင့် ပတ်သက်၍ဆိုလျှင် ရာရှင်ပေးရေးကို လူအများ မနှစ်မသက် ဖြစ်နေသည်မှာ အထူးအားဖြင့် စစ်အတွင်း တိုင်းပြည်အပေါ်တွင် အသားယူ၍ မတရားချမ်းသာလိုသူက သူခိုးဈေးဖွင့်ခြင်း၊အဆမတန် အမြက်ယူခြင်း၊မတရားမှုများကို ပြုလုပ်ခြင်းကြောင့်ပင် ဖြစ်သည်ကို လူကြီးများလည်း သိရှိပါလိမ့်မည်။ ထို့ပြင် ကျွန်တော်တို့ တိုင်းပြည်အတွင်း အကြီးအကျယ် ဖြုန်းတီးမှုများကို လူကြီးမင်းများ ကိုယ်တွေ့ မျက်မြင်ဖြစ်ပါလိမ့်မည်။ ရာရှင်စံနစ်ကို အသုံးပြုနေသည့် အခြားအခြားသော တိုင်းပြည်များမှာ ဆိုခဲ့သည့် ဖြုန်းတီးမှုများ အဟောသိကံ ဖြစ်မှုများ မရှိပါ။ ရာရှင်ပေးမှု၏ ရည်ရွယ်ချက်တရပ်မှာ တိုင်းသူပြည်သားအားလုံး ညီညီမျှမျှ ရကြစေရန် ဖြစ်ပါသည်။ ရာရှင်ပေးခြင်းအားဖြင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အတွက် အဖိုးတန် ပစ္စည်းများ ကုန်းခမ်း ခြင်းမှလည်း သက်သာစေပါသည်။ ကျွန်တော်တို့ တိုင်းပြည် နဂိုအခြေသို့ ပြန်လည်ရောက် ရှိရေး အတွက် တိုင်းပြည်၏ ဓနအင်အား ၊ စီးပွားရေး အင်အား ပြန်လည် ဖြည့်တင်းစေရန်မှာ ထွက်ကုန် တခုသာလျှင် ရှိပါသည်။ စီးပွားရေး အခြေအနေမှာ မြန်မာပြည်ထက် များစွာကောင်းမွန် တောင့်တင်းသော တိုင်းပြည်ကြီးများစွာတို့မှာ ရာရှင်စံနစ်ကို သုံးနေဆဲပင် ဖြစ်ပါသည်။ ထိုတိုင်းပြည် ကြီးများမှာ ခြိုးခြံချွေတာရတုန်းပင် ဖြစ်ပါသည်။
ကျွန်တော်တို့ တိုင်းပြည်မှာကား ခြိုးခြံခြင်းမရှိသလောက် ဖြစ်ရာ စီးပွားရေး တောင့်တင်းမှုအတွက် အနည်းငယ်မျှ ခြိုးခြံမှုကို မပြုနိုင်ရန် အကြောင်းမရှိပါ။ စုပေါင်းရောင်းဝယ်ရေး အဖွဲ့များလည်း ဖြစ်နိုင်သည့် နေရာတိုင်းမှာ ဖွဲ့စည်းထားရန်လိုပါသည်။ ရှေးက မြန်မာပြည်မှာ စုပေါင်း ရောင်းဝယ်ရေးအသင်းများ ပျက်ပြားခဲ့ရသည်မှာ ထိုအဖွဲ့အသင်းများကို တိုင်းသူပြည်သားတို့က စေတနာဖြသ့် ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် ခိုင်မြဲအောင် မပြုခဲ့ကြခြင်းကြောင် ဖြစ်ပါသည်။ တိုင်းသူပြည်သားတို့က ထိုအဖွဲ့များ၏ အကျိုးသည် ငါတို့၏ အကျိုးပင် ဖြစ်ပါတကားဟု သဘောပိုက် ကြသည့်အရပ်များတွင်ကား ထိုအဖွဲ့အများမှာ စည်ပင်ဖွံ့ဖြိုးလျက် ရှိကြပါသည်။

ကျွန်တော်တို့ တိုင်းပြည်မှာဆိုလျှင် စုပေါင်းရောင်းဝယ်ရေး မရှိသည့်အရပ်များ၌ ကုန်စည်များ ဝေငှရေးကို စီမံပေးမှုအတွက် အစည်းအရုံး အမျိုးမျိုး ပါဝင်သည့် ပြည်သူပြည်သား ကော်မတီများ ဖွဲ့စည်းထားရန် ဖြစ်နိုင်မည့် အရေးကို စဉ်းစားကြရန်လိုပါသည်။ စုပေါင်းရောင်းဝယ်ရေး အဖွဲ့များအတွက် စစ်ဆေးကြည့်ရှုရေးအဖွဲပများ လိုမည်ဖြစ်ရာ ထိုအဖွဲ့မျိုးထားရှိရေး ကိစ္စကိုလည်း စုံစမ်းကြည့်ရန် လိုပါသည်။ အချင်းချင်း စုပေါင်းပြီးသတင်း အပြန်အလှန်ရယူရေးနှင့် စုံစမ်းရှာဖွေရေးသည်လည်း လိုပါသည်။ ဤကိစ္စအတွက် အသင်းအဖွဲ့များက လိုသော သတင်းများကို ပေးနိုင်ပါလိမ့်မည်။ ငွေရင်း နိုင်ငံပြင်ဖက်သို့ ထွက်မသွားစေရန် အချို့သော နိုင်ငံများ၌ တက်နိုင်သမျှ ကာကွယ်ရန် ကြိုးစားထားကြပါသည်။ ငွေရင်း နိုင်ငံပြင်ပသို့ ထွက်သွားလျှင် ကျွန်တော်တိုပ့၏ ၀ယ်အားကိုစွန့်ပစ်သကဲ့သို့ သာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံခြားမှ ငွေချေးယူရခြင်းကို တက်နိုင်သမျှ လျှော့ပေါ့ သက်သာသွားအောင် ငွေစုရေးကို အားပေးရပေလိမ့်မည်။ ဆီ၊ငရုတ်၊ကြက်သွန်အစရှိသည်တို့ကို ၀ယ်ယူသုံးစွဲရသဖြင့် ကျွန်တော်တို့ ငွေအလွန်ကုန်ကျ နေပါသည်။ ၎င်း ကုန်ပစ္စည်းများမှာ မိမိတို့တိုင်းပြည်၌ မိမိတို့ စိုက်ပျိုးနိုင်ပါလျက်နှင့် ဤကဲ့သို့ အခြားနိုင်ငံမှ မှာယူသုံးစွဲရသည် ဆိုသည်မှာ ကျွန်တော်တို့ ငြင်းဆိုခြင်း မပြုနိုင်သည့် စွပ်စွဲချက်ဖြစ်၍ များစွာ ရှက်ဖွယ်ကောင်းလှပါ၏။ထိုနည်းတူစွာ လူတို့၏ အရေးကြီးလှသော အသုံးအဆောင်ဖြစ်သည့် နွားနို့ကိုလည်းသွင်းယူလျက်ရှိ၏။
ကျွန်တော်တို့ လုံးလပြုလျင် ထိုပစ္စည်းကိုလည်း နိုင်ငံတွင်းမှာပင် လိုသလောက် ရနိုင်ပါတယ်။ ယခင်က စီးပွားရေး အခြေအနေကို ပြန်လည် ရရှိစေရန်အတွက် ကျွန်တော်တို့သည် ဤကဲ့သို့ ကြက်သွန်၊ငရုတ်၊ဆီ အစရှိသော ပစ္စည်းများတန်ချိန် မည်၍မည်မျှသာ ၀င်လာစေသင့်သည်ကို ကြီးကြပ်အုပ်ချုပ်ရန် လိုမလိုကို စဉ်းစားရန် လိုပေသည်။ ၎င်းကုန်များ ၀ယ်ယူသုံးစွဲခြင်းကို မရပ်ဆိုင်းဘဲ နေခဲ့ပါက ကျွန်တော်တို့သည် ၎င်း အသီးအနှံများကို လိုသလောက်ရအောင် စိုက်ပျိုးဖြစ်ကြတော့မည် မဟုတ်ပါ။

ထို့နောက် ငြိမ်ဝပ် ပိပြားရေးကို ပြောပြလိုပါသည်။ အဓိက ပြဿနာများတွင် ငြိမ်ဝပ်ပိပြားရေး အကြောင်းကို နောက်ဆုံးမှ ပြောရန် စီစဉ်ထားပါသည်။ ဤကဲ့သို့ နောက်ဆုံးထည့်ထားရာ၌ ငြိမ်ဝပ်ပိပြားရေးသည် အရေးမကြီးသော ကိစ္စမဟုတ်ဟု မဆိုလို၊ ကျွန်တေိာ၏ ရည်ရွယ်ချက်မှာ ငြိမ်ဝပ်ပိပြားရေး၏ အခြေခံ အကြောင်းကား အားလုံးသော ကိစ္စအ၀၀နှင့် သက်ဆိုင်သည့် အရင်းခံအကြောင်းကိစ္စဖြစ်သဖြင့် ဤကဲ့သို့ နောက်ဆုံးမှ ပြောဆိုရန် စီစဉ်ခြင်း ဖြစ်ပါသည်။ သာမန်အချိန်မျိုးတွင် နိုင်ငံငြိမ်ဝပ်သာယာမှုသည် စီးပွားရေးအတွက် မည်မျှလောက် အရေးကြီးသည်ကို ကောင်းစွာ မထင်ရှားလှသော်လည်း ယခုကဲ့သို့ ရိုးရိုးမဟုတ်သော အချိန်မျိုးတွင်မူကား မည်မျှလောက် အရေးတကြီး သက်ဆိုင် နေသည်မှာ ထင်ရှားလှသောကြောင့် ပြောနေရန်ပင် မလိုပါ။

ဥပမာဆိုလျှင် တိုင်းပြည် မငြိမ်မ၀ပ် ဖြစ်သည့်အတွက် ခရီးသွားလာရေး၊ကုန်သွယ်ရေး၊စက်မှု လက်မှု လုပ်ကိုင်ရေး တို့ကို ကျနစွာ မဆောင်ရွက်နိုင်သည့်အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့တွင် လုံခြုံမှုများစွာ ချွတ်ယွင်းလျက်ရှိနေပေသည်။ န်ာမ်ျားတွင် မငြိမ်မသက်ဖြစ်သဖြင့် မြို့များတွင် လာေ၇ာက်နေထိုင်၍ လူတွေပြည့်ကျပ်လျက် ရှိနေခြင်းဖြစ်ရပါသည်။ အစိုးရကလည်း ဓါးပြလူဆိုးရန်ကို နှိမ်နင်းနိုင်စေရန် လက်နက်ကိုင် ပုလိပ်နှင့် အပိုပုလိပ် အမှုထမ်းများကို ယခင်က အမှုထမ်းဦးရေထက် များစွာ ချဲ့ထွင်းခန့်ထားခြင်းဖြင့် နှိမ်နင်းနေရပါသည်။ အားလုံးတခုနှင့် တခု ဆက်နေပါသည်။ သို့သော် ဤကဲ့သို့ ငြိမ်ဝပ်ပိပြားရေးကို စီမံဆောင်ရွက်ရာ၌ လူကြီးမင်းတို့သည် ဤငြိမ်ဝပ်ပိပြားရေး ကိစ္စကို အခြား ကိစ္စများနှင့် ခွဲ၍ စီမံခြင်း မပြုကြရန် ကျွန်တော်က တိုက်တွန်းလိုပါသည်။ နည်းမှန် လမ်းမှန်းမှာ ဤကိစ္စကိုအခြား ပြဿနာများနှင့် ပူးတွဲစွမံရန် ဖြစ်ပါသည်။

အလုပ်လက်မဲ့ ပြဿနာနှင့် ပတ်သပ်၍ဆိုလျှင် ယခုလိုစီးပွားရေး၏ အလိုက်အထိုက် အခြေအနေများ အတိုင်းဆိုပါက အလုပ်လက်မဲ့ ပြဿနာ ပြေရှင်းသွားလိမ့်မည်ဟု ကျွန်တော်တို့ မြင်နိုင်ရန် အကြောင်းမရှိ။ တိုင်းပြည်နှု့် အစိုးရက ကူညီရပေလိမ့်မည်။ အလုပ်လက်မဲ့ ဖြစ်ခြင်းသည် တိုင်းပြည်အတွက် အကြီးဆုံး ကံဆိုးမိုးမှောင် ဖြစ်လျက် စက်မှု လက်မှု လုပ်ငန်းနှင့်တကွ တိုင်းပြည်တွင် အမကောင်းကျိုး ဖြစ်ပေါ်စေတက်သည်။ အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် လုပ်သားများ၏ ကျွမ်းကျင်မှုကို ယုတ်လျော့စေပြီး ၎င်းတို့၏ နေရေးထိုင်ရေး အဆင့်အတန်းကို ညံ့ဖျင်းစေသည်။ အလုပ်လက်မဲ့ ပြဿနာသည် အမျိုးသား အတွက် ဂြိုဟ်ဆိုး ဖြစ်သည့် အလျောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို စီမံပြုလုပ်ရာ၌ ကျွန်တေိာတို့သည် သေချာကျနစွာ ပြုလုပ်မှသာလျှင် အခြေအနေ တိုးတက်လာပြီး အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းသွားနိုင်လိမ့်မည်။ လူတဦးတယောက် အတွက်သော်၎င်း၊ အိမ်ထောင်စုတွင် ပါဝင်သော သူများအတွက် သော်၎င်းအလုပ် ရနိုင်စေရန် ကျွန်တော်တို့ နည်းလမ်းများကို ရှာဖွေရပေလိမ့်မည်။ ထိုသို့ ပြုလုပ်ရာ၌ ကျွန်တော်တို့သည် အချို့သောသူများကို အလုပ်မှ ရပ်စဲရန်လိုလျှင် ရပ်စဲရလိမ့်မည်။ ပြဿနာကို ဖြေရှင်းသွားနိုင်စေရန် နည်းလမ်းကောင်းမှာ နိုင်ငံတော် အစိုးရသည် အရေးပါ၍ အပြောကျယ်သော လုပ်ငန်းများကိုသာ လက်ထဲ၌ အဆင်သင့်ရှိစေရမည်။ ထိုအလုပ်များမှာ လည်း လုပ်သားပေါင်း အရေအတွက်ကို လိုက်၍ မြန်လိုက မြန်နိုင်သော နှေးလိုက နှေးနိုင်သောအလုပ်မျိုး ဖြစ်စေရမည်။ ၏

လမ်းပန်း ဆက်သွယ် ချဲ့ထွင်းရေးကိစ္စမှာ ဆိုလျှင် မြန်မာပြည်သည် စစ်မဖြစ်မီကပင် သယ်ယူပို့ဆောင်ရေးများစွာ မရှိခဲ့ချေ။ ယခုအခါ မည်သည့်နေရာမဆို လူများအသုံးပြုနိုင်သည့် လမ်းပန်းဆက်သွယ်မှုများမှာ နည်းပါးဆိုးဝါးသည်ဟုသာ ဆိုနိုင်သည်။ ယခုတိုင်းပြည်တွင်း၌ ရင်ဆိုင်တွေ့နေရသော ပြဿနာ အရပ်ရပ်တို့တွင် သယ်ယူပို့ဆောင်ရေး လုံလောက်စွာ မရှိမှုလည်း ပါဝင် နေလေသည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံးပြန်လည်ထူထောင်ရန် လိုနေသည့် ကိစ္စကို အထူးဖော်ပြရန် မလို။ ရခိုင်ပြည်နှင့်တကွ နယ်ခြားဒေသနှင့်သော်၎င်း၊ ထိုအရပ်များ၌ သော်၎င်း လမ်းပန်းဆက်သွယ်ရေး ကိစ္စ ချဲ့ထွင်းရန် သို့မဟုတ် ပြုပြင်ရန်ကိစ္စတို့သည်လည်း ပဌမ စဥးစားစရာ အချက်များတွင် ပါဝင်ပေသည်။
ယခု အိမ်ရာ ပြဿနာနှင့် ပတ်သက်ပြီး ပြောလိုပါသည်။ အရိပ်အာဝါသရဖို့ လိုနေသည့်လူတွေ၊ ကိုယ်ပိုင်အိမ် မဆောက်နိုင်သည့်လူတွေက်ု ကျွန်တော်တို့က ခိုကိုးနေထိုင်စရာ ပေးရမည်။ ပြီးတော့ အုပ်ချုပ်ရေး ရုံးတွေ၊ ကျောင်းတွေ၊ဆေးရုံတွေ အစရှိသဖြင့် ဤကဲ့သို့ ရုံးတွေ အတွက်လဲဘဲ အဆောက်အဦးတွေ ရှာဖွေပေးရဦးမည်။ လိုအပ်တဲ့ ကိစ္စတွေက်ု ဖြည့်စွမ်းပြီးမှသာ အိမ်ရာတွေ ဆောက်ဖို့ ကိစ္စအတွက် လှမ်းနိုင်မည်။ အရေးကြီးသည်မှာ လတ်တလောလိုအပ်တဲ့ အရာများအတွက် စီမံရမည်။ စီမံတဲ့ အခါမှာလဲ ယာယီစီမံရာထားချက်များ ပြုလုပ်ဖို့လိုလိမ့်မည်။ သို့သော်လည်း ရန်ကုန်မှာ တွေ့ရသည့်အတိုင်း ဆိုလျှင် အိမ်ရာ ဆောက်လုပ်ရေး ကိစ္စမှာ ယာယီ ရာထားချက်များမှာ များသောအားဖြင့် ကျေနပ်ဖွယ်ရာရှိကြပါဘူး။ ထို့ကြောင့် အဲဒါတွေကို တက်နိုင်သလောက် ရှောင်ရလိမ့်မည်။ ပြန်လည် ထူထောင်ဖို့ကိစ္စမှာ ပညာရေးဖက်မှ အလိုအပ်ဆုံး ဖြစ်သည်။

ယခုအခါမှာ မသင်မနေရ ပညာ၊ ကောလိပ်ကျောင်းတွေ အများကြီးဖွင့်ဖို့ ကိစ္စကို စိတ်ကူးထည့်ရန် အချိန်မကျသေးဘူး။ စစ်မဖြစ်မီက ကျောင်းဦးရေကောလိပ်ဦးရေတွေကိုတောင် မှီအောင် မလုပ်နိုင်သေးဘူး။ အဲဒီအရေအတွက်တွေကို မှီအောင်ဖြစ်လာဖို့ ရည်ရွယ်ရင်း ရှိရမည်။ သို့သော် ကျွန်တော်တို့ လက်မှုပညာသင်ကျောင်းတွေ များလာအောင် ပိုပြီး ကြိုစားရလိမ့်မည်။ အသက်မွေးဝမ်းကျောင်း ပညာ၊အထွေထွေ လက်မှုပညာတွေ ကို ပိုပြီး အားပေးရမည်။ စာအုပ်တွေ ထုတ်တဲ့နေရာမှာလဲ လူအျများအတွက် အရေးတကြီး လိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေဖို့ကို စိတ်ထဲမျာ စွဲထားရမည်။ ဘာသာပြန် ဌာနကြီးကြီး တခုကို ဖွင့်ရမည်။ နိုင်ငံခြားကို ပညာသင်တွေ လွှတ်ရမည်။ သို့သော်လည်း ၎င်းတို့ပြန်လာလျှင် တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် လုပ်နိုင် ကိုင်နိုင်အောင် အသုံးကျတဲ့ ပညာမျိုးတွေကို ကျကျနန ယူလာနိုင်အောင် လုပ်ရမည်။ အဆိုပါ ပညာတော်သင်တွေ အတွက် သင်ကြားဖို့ရာ ပညာရပ်တွေ ရွေးချယ်သည့် နေရာမှာ တိုင်းပြည် ပြန်လည်ထူထောင်ရေး အသုံးကို ကြည့်ပြီး ရွေးချယ်ရမည်။ အသုံးကျမည် မဟုတ်သော ပညာရပ်တွေကို ယခု အခါမှာ ချန်ပစ်ခဲ့ရလိမ့်မည်။ တိုင်းပြည်တိုင်း၊တိုင်းပြည်တိုင်း နိုင်ငံခြားကို ပညာတော်သင် လွှတ်ကြသည်မှာ ကျောင်းသာတွေ ရှေ့ဆက် ပညာဆည်းပူးကြဖို့၊ ရှာမှီးကြဖို့ ဖြစ်ပါသည်။ ကျွန်တော်တို့သည်လည်း ငွေရေး ကြေးရေးကို ကြည့်ပြီး ဒီနည်းအတိုင်း လုပ်ကြရမှာဘဲ။သို့သော်လည်း အရွေးအချယ် ခံရမည့် ကျောင်းသားတွေဟာ အရည်အချင်းကျကျနန ပြည့်စုံရမည့် ကျောင်းသားတွေ ဖြစ်ရမည်။ သူတို့ ပညာတော်သင်ပြီး ပြန်လာတဲ့ အခါမှာ အလုပ်ရဖို့ အာမခံ ထားနိုင်ဖို့ သင့်သည်။ ပြီးတော့ ကျကျနန သင်ကြားရမည့် ပညာရပ်တွေကို သူတို့ ကောင်းကောင်းမွန်မွန် သင်ကြဖို့ ကျွန်တော်တို့က အရေးယူရလိမ့်မည်။

လူထု ကျန်းမာရေး ကိစ္စအကြောင်းကို ပြောရတော့မည်။ မီးကို မလောင်ခင်က တားရမည် ဆိုသည့် စားသည် ဆိုရိုးဆိုမြဲ စကားပါဘဲ။ သို့သော်လည်း ကျွန်တော်တို့၏ နေ့စဉ် အရေးတွေထဲမှာ ဒီစကားရဲ့ မှန်ကန်ချက်ကို မမြင်ခဲ့ကြသည်မှာ များပါသည်။ ကာယဗလ ဖွံ့ဖြိုးရေး၊ သန့်ရှင်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ရေးတွေအတွက် စီမံကိန်းတွေ ထုတ်ရမည်။ ဆရာဝန်၊သူနာပြု ဆရာမ၊ကိုယ်လက်လှုပ်ရှားရေး ဆရာများ သင်တန်းဖွင့်ဖို့ကိုလည်း ဆောင်ရွက်ရလိမ့်မည်။

ယခုလက်ရှိ အုပ်ချုပ်ရေးကို လူကြိုက်များလာအောင် ဗြူရိုကရက်စံနစ်က အများကြိုက်စံနစ် ပြောင်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောရမည်ဆိုလျှင် အစိုးရက နောက်ဆုံး ဒိစတြိတ်နှင့် မြို့နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွေ ဖွဲ့ဖို့ တင်သွင်း ထားသည်။ ဤကဲ့သို့သော အဖွဲ့မျိုးတွေကို ဖွဲ့ခြင်းအားဖြင့် အုပ်ချုပ်ရေးမှာ ပိုမိုရှင်းလင်း လာရမည်။ ပိုမိုကောင်းမွန် လာရမည်။ အုပ်ချုပ်ရေးကို အခြေခံ ကျယ်ဝန်းစွာ ဖွဲ့စည်းထား၍ တိုင်းသူပြည်သားများပါဝင်သည့် အဖွဲ့တွေကို အာဏာတွေ ဖြန့်ဝေလွှဲအပ်ပြီး တနေရာထဲမှာ အာဏာစုနေခြင်းကို ဖျက်ရမည်။ နောက်ပြီး တဦးနှင့် တဦး ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံခြင်း ၊ဆွေးနွေးပွဲတွေ ခေါ်ခြင်းများဖြင့် အုပ်ချုပ်မှုသည် ပိုပြီး ကောင်းလာမည်။ အကုန်အကျလည်း သက်သာလာလိမ့်မည်ဟု မျှော်လင့်ရသည်။ ထို့ပြင် အစိုးရရုံးတွေမှာ ကြိုးနီစံနစ်ပျောက်ပြီး အဟုတ်တကယ် ကျကျနန မျက်ဝါထင်ထင် ပြဿနာ အရပ်ရပ်တွေကိ ရှင်းကြ၊လင်းကြ၊၊လုပ်ကြ ကိုင်ကြ ဖြစ်လာကြမယ်လို့လဲ မျှော်လင့်ရသည်။

ယခု စီမံကိန်းမှာ ငြိမ်ဝပ်ပိပြားရေး အရေးကြီးကြောင်း ပြောခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် ယခု ပြောခဲ့ပြီးဖြစ်သည့် ကိစ္စရပ်များအပြင် ကုန်ပစ္စည်းပိုမို ထွက်ရှိမှုနှင့် စက်မှုလက်မှု ထူထောင်ရေး ကိစ္စရပ်များကို လူကြီးမင်းများက အဓိက ထား၍ စဉ်းစားကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်၏ အခြေခံ ထွက်ကုန်သည် ဆန်စပါးပင် ဖြစ်ပါသည်။ ရှေးဦးစွာ လယ်ယာ ကိုင်းကျွန်း ဆန်စပါး စိုက်ပျိုးမှုတွင် စက်ကရိယာ အသုံးပြုရေး တီထွင်ရမည်၊ ထိုကိစ္စအတွက် စုပေါင်း ဆောင်ရွက်ရေး စံနစ်ကို သုံးရန်လိုလျှင် သုံးရလိမ့်မည်။ အဆိုပါ နည်းများကို အသုံးပြုရန်မှာ ယခုလက်ရှိ စိုက်ပျိုးရေးအခြေအနေ ပိုမို ကောင်းမွန်လာမှု အတွက် လိုသလောက်အထိ သုံးရပေလိမ့်မည်။ ကုန်ထွက် တိုးတက်လာအောင် ပြုလုပ်ခြင်းသည် ဆင်းရဲခြင်း အတွက် မလွှဲနိုင်သော ဆေးမျိုး မဟုတ်သည်ကို ကျွန်တော်သိပါသည်။
မလိုသည့် ကုန်ထွက် ပစ္စည်းများကို တိုးတက် ထွက်အောင် လုပ်ခြင်းသည် အရေးကြီးသော ပစ္စည်းများ လိုနေသူများအတွက် အကျိုးမများသည့်အပြင် အဆိုးဆုံးဖြစ်တက်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ အများမပြား ထွက်အောင် လုပ်သည့်ပစ္စည်းသည် ကောင်းမွန်ဖို့လည်း အရေးကြီးပါသည်။ အခြားတနည်း ဆိုသော် လယ်ယာစိုက်ပျိုးရေးကို သင့်မြတ်စွာ ထွက်ရှိမှု သဘောဖြင့် စီမံသင့်ပါသည်။ လယ်ယာစိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးမှုအဖြစ်ဖြင့် လယ်သမားများကြွေးမြီ ပြဿနာနှင့် အတိုးနှုန်း သက်သာစွာနှင့် လယ်ယာလုပ်ကိုင်ရေး အတွက် ငွေချေးငှားခြင်း နည်းစံနစ် စသည်တို့ကို စဉ်းစားရပေလိမ့်မည်။ စက်မှုလက်မှု လုပ်ငန်းပြဿနာများနှင့် ပတ်သက်၍ ဆိုလျှင်လည်း စစ်မဖြစ်မီက အခြေအနေသို့ အစောတလျှင် မည်ကဲ့သို့ ရောက်နိုင်ရန်နှင့် အိမ်တွင်း လက်မှုပညာကို လက်တွေ့ သဘောထား အားဖြင့် မည်ကဲ့သို့ အားပေးရန်စသည်တို့ကို စဉ်းစားရပေလိမ့်မည်။ နောက်ဆုံး အချက်မှာ ၎င်းရာထားချက်တို့ကို အကောင်အထည် ဖြစ်အောင် လုပ်ရန် ငွေကို မည်ကဲ့သို့ ရအောင် ရှာရမည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။
ယခုကဲ့သို့ ကိစ္စမျိုးမှာ ကျွန်တော်တို့ အားလုံးပင် အမြင်မှန် မြင်ပြီး ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုခြင်းအားဖြင့် အလုပ်သဘောကို ကောင်းစွာ သိရှိရပါမည်။ ကျွန်တော်တို့ စီမံကိန်းအားလုံးအတွက် လိုသလောက် ငွေကြေးကို ရနိုင်မည် မဟုတ်ပါ။ သို့အတွက် ကျွန်တော်တို့ လုပ်ရမည်မှာ ရာထားချက်တွေကို လုပ်၊ နည်းလမ်းတွေရှာ ၊ငွေကြေးကို စီမံကိန်းများ အတွက် နေရာတကျ ခွဲဝေပေးဖို့ပင် ဖြစ်ပါသည်။ ငွေများများ သုံးဖို့လိုလျှင်များများသုံးစွဲရန်နှင့် နည်းနည်းသုံးဖို့လိုလျှင် နည်းနည်း သုံးဖို့ရန် ဖြစ်ပါသည်။ မလိုသည့် သုံးစွဲခြင်းအားဖြင့် ငွေကို အလဟဿဖြစ်စေမည် မဟုတ်ပါ။

ယခု ဆွေးနွေးပွဲကြီးကို တက်ရောက်ကြသည့် အတွက် လူကြီးမင်းတို့အားလုံးကို ကျေးဇူးတင် ပါသည်။ အစည်းအ၀း မရုပ်သိမ်းသေးမီ ယခင်က ကျွန်တော် ပြောခဲ့သည့် အချက်တွေကို လူကြီးမင်းတို့ ရှေးအဖို့ လုပ်ရမဲ့ လုပ်ငန်းများကို လုပ်သည့်အခါမှာ မမေ့ကြဖို့ သတိပေးလိုပါတယ်။ ယခု အဖွဲ့ခွဲများကို ဖွဲ့ကြပါတော့။ လူကြီးမင်းတို့ ရှေးအဖို့လုပ်ရမဲ့ လုပ်ငန်းများကို ထားသင့် ရှိသင့်သည့် အင်အား၊ စိတ်ဓါတ်များနှင့် ကြိုးပမ်းဆောင်ရွက် သွားကြလိမ့်မည်ဟု ယုံကြည်ပါသည်။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။