July 30, 2009

The East Asia Conflict Zone

The East Asia Conflict Zone
အရှေ့အာရှဒေသ ပဋိပက္ခရပ်ဝန်း

Spratley Islands Conflict

အရှေ့မြောက်အာရှဒေသ၌ စစ်ရေးတင်မာမှုများ ဖြစ်ပွါးနေစဉ် အတောအတွင်း တောင်တရုတ် ပင်လယ်တွင်း၌လည်း စစ်ရေးတင်းမာမှုများသည် တရုတ်နှင့် ဗိယက်နမ်နိုင်ငံတို့အကြား ဖြစ်ပွါးလျှက် ရှိနေပါသည်။

တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် ကွန်မြူနစ်ပါတီမှ အုပ်ချုပ်သော နိုင်ငံများဖြစ်ကြပေသည်။ အရှေ့အာရှဒေသ တောင်တရုတ် ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နှင့် ဗိယက်နမ်နိုင်ငံအကြား Spratley Islands ကျွန်းစု နှင့် Paracel Islands ကျွန်းစုများ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဒေသတွင်းရှိ နိုင်ငံများအကြား အငြင်းပွါးလျှက်ရှိပြီး အထူးသဖြင့် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် ထိပ်တိုက် တွေ့မည့် အခြေအနေထိ တဖြည်းဖြည်း ပြင်းထန်လာနေပြီဖြစ်ပါသည်။

pratley Islands ကျွန်းစုသည် ကမ္ဘာပေါ်တွင် ပင်လယ် သမုဒ္ဒရာအတွင်းသဘာဝအလျောက် ဖြစ်ပေါ်နေသော အကြီးဆုံးသော ကမ်းဦးရေတိမ်ပိုင်းဒေသတခု၌ အပါအ၀င်ဖြစ်ပေသည်။ ကျွန်းစုနှင့် သဲကျောက်ဆောင်ပေါင်း (၆၅၀) ကျော်ရှိပြီး ပင်လယ်မျက်နှာပြင် စတုရန်း ကီလိုမီတာ (၄၀၀၀၀) ခန့်ကျယ်ဝန်းသော Spratley Islandsကျွန်းစု၌ ရေနံ၊ သဘာဝဓါတ်ငွေ့၊ သတ္တုနှင့် ပင်လယ်ရေ သတ္တ၀ါများ စသည့် သဘာဝသယံဇာတများလည်း ပေါကြွယ်လှပေသည်။ တောင်တရုတ်ပင်လယ်အတွင်း နိုင်ငံတကာ ရေလမ်းလမ်းကြောင်းအနီး၌ရှိသောကြောင့် နေ့စဉ် ပင်လယ်ကူး သင်္ဘောများ သည် ၎င်းကျွန်းစုများအနီးမှ ဖြတ်သန်း သွားလာနေကြပေသည်။ သို့သော်ဤကျွန်းစုများသည် ဒေသတွင်းရှိနိုင်ငံများ၏ ပင်လယ်ရေပိုင်နက်မျဉ်း အပြင်ဘက်၌ ရှိနေသောကြောင့်၎င်း၊ ကျွန်းစုများပေါ်၌ နေထိုင်သူ ကျွန်းသူ/သား များလည်း မရှိသောကြောင့်၎င်း မည်သည့်နိုင်ငံမှ ပိုင်ဆိုင် သည်ဟု တိတိ ကျကျ သတ်မှတ်နိုင်ခြင်းကားမရှိသေးချေ။

ထို့ကြောင့်ပင် ၎င်း Spratley Islands ကျွန်းစုများအား တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တိုင်ဝမ်နှင့် ဘရုနိုင်းနိုင်ငံများက ၎င်းတို့ပိုင်ဆိုင်ကြောင်း အသီးသီးပြောဆို၍ ထိုကျွန်းများပေါ်၌ ပထမသုတေသန လုပ်ငန်းများ လုပ်ဆောင်ရန်ဟူ၍ လူနှင့်သင်္ဘောများစေလွှတ်အခြေစိုက်ကြပေ၏ ၊ထို့နောက် ပင်လယ်ဓမြများအား နှိမ်နှင်းရန် အတွက် ဟူ၍လည်းကောင်း စစ်သင်္ဘောများစေလွှတ်ပြီး အပြိုင်အဆိုင်အခြေစိုက်လျှက်ရှိပေသည်။

ယခုအခါ ထိုကျွန်းစုများအနက်မှ ကျွန်းပေါင်း (၄၅)ခု တွင် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တိုင်ဝမ်နှင့် ဘရုနိုင်းနိုင်ငံများမှ စစ်သင်္ဘောများစေလွှတ်ပြီး အမြဲတမ်းအခြေစိုက်စခန်းများဖွင့်လှစ်ထားကြပါသည်။


သမိုင်းဆိုင်ရာအကျဉ်း

Spratley Islands ကျွန်းစုများအား (၁၉၃၀) ခုနှစ်၌ ပြင်သစ်မှ ကိုလိုနီအဖြစ်သိမ်းယူခဲ့ပါသည်။ ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်မှ ပြင်သစ်များကို ၎င်း Spratley Islands ကျွန်းစုများပေါ်မှ မောင်းထုတ်ခဲ့ပြီး ၎င်းတို့အတွက် ရေတပ် ရေငုပ်သင်္ဘောများထားရှိရာ ရေတပ်စခန်းအဖြစ်အသုံးပြုခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၎င်း Spratley Islands ကျွန်းစုများအား ပြင်သစ်နှင့် ဂျပန်နှစ်နိုင်စလုံးမှ စွန့်လွှတ်ခဲ့ကြပေသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် တရုတ်နှင့်တိုင်ဝမ်တို့သည် အေဒီ (၉၆၀)ခန့် တရုတ်ပြည် စုန့်မင်းဆက် (Sung Dynasty) လက်ထက်ကတည်းက တရုတ်တို့ပိုင်ဆိုင်ကြောင်း သမိုင်းဆိုင်ရာအထောက်အထားဖြင့်ဆိုပါသည်။ ထို့နောက် တိုင်ဝမ်သည် (၁၉၄၆) တွင် ၎င်း Spratley Islands ကျွန်းစုများအနက်မှ အကြီးဆုံးကျွန်းဖြစ်သော Itu Aba အားသိမ်းယူခဲ့ပါသည်။ ၁၉၅၁ တွင် တရုတ်နိုင်ငံမှ ၎င်းကျွန်းစုများသည် တရုတ်ပိုင်ကျွန်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ (၁၉၆၈) တွင် ဖိလစ်ပိုင်မှ ၎င်းကျွန်းစုများအနက် ကျွန်းသုံးကျွန်းအား ၎င်းတို့ပိုင်အဖြစ် သိမ်းယူခဲ့ပါသည်။ (၁၉၇၃)တွင် တောင်ဗီယက်နမ်မှ ကျွန်း(၅) ကျွန်းအားသိမ်းယူပြန်ပါသည်။ ဤသို့အားဖြင့် ကျွန်းများအား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ (၁၉၇၄) ခုနှစ်တွင် တရုတ်နှင့်ဗီယက်နမ်တို့ စစ်ဖြစ်ပွါးသည့်အထိ အခြေအနေများတင်းမာခဲ့ပါသည်။ (၁၉၇၈)ခုနှစ်တွင် ဖိလစ်ပိုင်သည် နောက်ထပ်ကျွန်းများကို ထပ်မံသိမ်းယူ၍ ၎င်းပိုင်ကျွန်းများအား Freedomland ဟု ခေါ်တွင်စေခဲ့ပါသည်။ (၁၉၇၉)ခုနှစ်တွင် မလေးရှားမှလည်း ၎င်းတို့ပိုင်ဖြစ်ကြောင်းပြောကြားလာခဲ့ပါသည်။(၁၉၈၈) ခုတွင် တရုတ်နှင့် ဗီယက်နမ်တို့သည် Johnson reef ခေါ် (သဲသောင်/ ကျောင်ဆောင်ကျောက်စွန်း) ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဒုတယအကြိမ် စစ်မက်ဖြစ်ပွါးခဲ့ပြီး တရုတ်ဘက်မှ အနိုင်ရခဲ့ပြီး ၎င်းကျွန်းများကို ထိန်းချုပ်ခဲ့ပါသည်။ (၁၉၉၅) ခုနှစ်၌ တရုတ်နှင့်ဖိလစ်ပိုင်တို့သည် Mischief Reef ခေါ် (သဲသောင်/ ကျောင်ဆောင်ကျောက်စွန်း) ကျွန်းနှင့်ပတ်သက်၍ အငြင်းပွါးမှုများထပ်မံဖြစ်ပေါ်ပါသည်။

Paracel Islands Conflict

Paracel Islands ကျွန်းစုသည် ကျွန်းငယ်ပေါင်း(၃၀)ကျော်ဖြင့်ဖွဲ့စည်းထားပြီး ယေဘူယျအားဖြင့် စတုရန်းမိုင် (၁၅၀၀၀) ခန့်ကျယ်ဝန်းပေသည်။ တောင်တရုတ်ပင်လယ်အတွင်း အရှေ့ဗီယက်နမ်ပင်လယ် (သို့) အရှေ့ပင်လယ် နှင့် တရုတ်ပြည် ဟိုင်နန်ကျွန်း၏ အရှေ့တောင်ဘက်၌ တည်ရှိပါသည်။

၎င်း Paracel Islands ကျွန်းစုတွင်လည်း ရေနံ၊ သဘာဝဓါတ်ငွေ့၊ သတ္တုနှင့် ပင်လယ် ရေသတ္တ၀ါများ စသည့် သဘာဝ သယံဇာတများ ပေါကြွယ်လှပေသည်။

ဤကျွန်းများအရေးနှင့်ပတ်သက်၍ (၂၀) ရာစုအစောပိုင်းကာလများကတည်းက အငြင်းပွါးမှုများဖြစ်ပေါ်ခဲ့ပြီး ယေဘူယျအားဖြင့် (၁၈၈၇ - ၁၉၅၄) ခုနှစ်ထိ ပြင်သစ်ပိုင် ကိုလိုကျွန်းများအဖြစ် ရှိနေခဲ့သည်။ (၁၉၅၆) ခုနှစ် ပြင်သစ်တပ် များ အင်ဒိုချိုင်းနားမှ ဆုတ်ခွါသွားပြီးနောက် တရုတ်တပ်ဖွဲ့များသည် ၎င်းကျွန်းစုများအနက်မှ Woody Island အား စတင် တတ်ရောက်သိမ်းပိုက်ခဲ့ကြပါသည်။ ယခုအခါ ၎င်းကျွန်းပေါ်၌အရေးပေါ်ကယ်ဆယ်ရေးစခန်းတခုအား အခြေစိုက် ဖွင့်လှစ် ထားပြီး (၂၃၅၀) မီတာ အရှည်ရှိ သော လေယာဉ်ပြေးလမ်းပင် ဖေါက်လုပ်ထားရှိပြီးဖြစ်ပေသည်။

လွန်ခဲ့သော (၁၉၇၄) ခုနှစ် ဇန်န၀ါရီ (၁၉) ရက်နေ့တွင် ၎င်းကျွန်းများအရေးနှင့်ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ်တို့ စစ်ဖြစ်ခဲ့ကြပြီး ဗီယက်နမ်တို့ ရှုံးနိမ့်ခဲ့ရဘူးပါသည်။ ထို့နောက်ပိုင်း တရုတ်တပ်များသည် Paracel Islands ကျွန်းစုဧရိယာတခုလုံးထိန်းချုပ်ထားခဲ့ပေသည်။

ယခုအခါ၎င်း ၎င်းကျွန်းစုများအရေးနှင့်စပ်လျှင်း၍ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုများ ဆက်လက် ဖြစ်ပွါးလျှက်ရှိပြီး ဒေသတွင်းပိုမိုကျယ်ပြန့်လာနိုင်ကြောင်းလေ့လာတွေ့ရှိရပါသည်။ ၎င်း၏အကျိုးဆက်အား ဖြင့ ဆက်လက် ဖြစ်ပေါ်လာနိုင်သော အခြေအနေများမှာ..

1. ဒေသတွင်းစစ်အင်အားများတိုးချဲ့လာခြင်းကြောင့် အရှေ့အာရှဒေသနှင့် နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေး အား ခြိမ်းခြောက်လာနေခြင်း။

2. ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအား ကျဆင်းစေပြီး ဖွံ့ဖြိုးတိုးတတ်မှုအားထိခိုက်စေခြင်း စသည့်အကျိုး ဆက်များ ဆက်လက်ဖြစ်ပေါ်နိုင်ပေသည်။

၎င်းကျွန်းစုများအရေးနှင့်ပတ်သက်၍ ယေဘူယျအားဖြင့် ရေနံ၊ သဘာဝဓါတ်ငွေ့သိုက်များကြွယ်ဝသည်ဟု ဆိုပေ သော်လည်း မည်သည့်အတိုင်းအတာထိရှိသည် မည်မျှထုတ်လုပ်နိုင်မည်ဆိုသည်ကိုကား စူးစမ်းလေ့လာမှုများအား ဆက်လက်ပြုလုပ်ရအုံးမည်သာ ဖြစ်ပေသည်။

ဒုတိယအချက်အနေဖြင့် ၎င်းကျွန်းစုများသည် နိုင်ငံတကာကုန်သွယ်ရေး ပင်လယ်ရေလမ်းကြောင်းအတွင်းရှိနေ သောကြောင့်၎င်း၊ ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ပင်လယ်ကူးသင်္ဘောများဖြတ်သန်းသွားရာ ပင်လယ်ရေလမ်းကြောင်း ဖြစ်ခြင်းနှင့် မဟာဗျူဟာအရအချက်အခြာကျသောဒေသဖြစ်နေသောကြောင့်လည်း အာရှအင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်သော တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏အင်အားကို ဒေသအတွင်း၌ ဖြန့်ချက်ချထားနိုင်သော ပေါ်လီစီနှင့်နည်းဗျူဟာ၊ မဟာဗျူတွေကို အင်အားကြီးတို့၏ လောကသဘောသဘောတရားများအရ ကျင့်သုံးလာကြမည်သာဖြစ်ပေသည်။

ဆက်လက်ဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ်အတွင်းမှ ပဋ္ဋိပက္ခများမှာ…..

1. အင်ဒိုနီးရှားပိုင် သဘာဝဓါတ်ငွေ့ကြွယ်ဝသော (Natuna) ကျွန်းသည် တရုတ်ပိုင် ရေပိုင်နက် အတွင်းရှိကြောင်း တရုတ်မှပြောဆိုထား။

2. သဘာဝဓါတ်ငွေ့ ကြွယ်သသော ဖိလစ်ပိုင်နိုင်ငံပိုင် (Malampaya and Camago) ကျွန်းတို့သည် တရုတ်ပိုင် ရေပိုင်နက်အတွင်း၌ ရှိကြောင်း။

3. များစွာသော မလေးရှားကမ်းလွန်ရေနံတွင်းများသည် တရုတ်ပိုင် ရေပိုင်နက်အတွင်းရှိကြောင်း။

4. ဗီယက်နမ်နိုင်ငံကမ်းလွန်ရေနံတွင်းလုပ်ကွပ် အမှတ် ၁၃၃၊ ၁၃၄၊ ၁၃၅ နှင့် Dai Hung (Big Bear) ရေနံတွင်းများသည် တရုတ်ပိုင် ရေပိုင်နက်အတွင်းရှိကြောင်း။

5. ထိုင်းပင်လယ်အော်အတွင်းရှိ ထိုင်းနှင့်ကမ္ဘောဒီးယား ကမ်းလွန်ရေနံတွင်း၏ နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု ကိစ္စ။


ထို့ကြောင့်ဒေသတွင်း၌ အင်းအားချိန်ခွင်လျှာ (Power Balance) ထိန်းညှိပေးနိုင်သော အခြေအနေတရပ် ကိုလည်း (ASEAN) အပါအ၀င် အခြားသော အရှေ့အာရှနိုင်ငံများဖြစ်သော (ဂျပန်၊ တိုင်ဝမ်) တို့မှာလည်း ဒေသတွင်း၌ တရုတ်နိုင်ငံ၏ တစတစအင်အားကြီးထွားလာမှုအပေါ် လျစ်လျှူရှုလိမ့်မည်တော့မဟုတ်ပေ။ အထူးသဖြင့် တရုတ်ပြည်ကြီး စစ်ရေးတည်ဆောက်မှု လျှင်မြန်စွာ အင်အားပိုမိုအင်အားကြီးထွားလာမှုအား စိုးရိမ်တကြီးဖြင့် ရှိနေနေကြမည်သာဖြစ် ပေသည်။

ဖစိဖိတ်ဒေသ၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့ စစ်အင်အားတိုးချဲ့လာမှုအပေါ် အမေရိကန်အနေဖြင့် လည်း ဒီအတိုင်းလက်ပိုက်ကြည့်နေမည်မျိုးတော့မဟုတ်ပေ။ သို့သော် အမေရိကန်အနေဖြင့် ပစိဖိတ်ဒေသ၊ တောင်တရုတ် ပင်လယ်ကမ်းရိုးတန်းနှင့်ဆက်စပ်နေသော (ASEAN)နိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်တို့နှင့် ပူးပေါင်းဆောင် ရွက်၍ တရုတ်အင်အားအပေါ် (Check and Balance) ပြန်လည်လှုပ်ရှားမည့် တမူထူးခြားမည့် အခြေအနေများ သည်လည်း လာမည့် အနာဂတ်ကာလတလျောက်၌ တွေ့ရမည့် နိုင်ငံရေးအခင်းအကျင်းတွေ ဖြစ်နိုင်ပါ လိမ့်မည်။

ပြီးခဲ့သောမတ်လအတွင်း တောင်တရုတ်ပင်လယ် တရုတ်အထူးစီးပွါးရေးရေပိုင်နက်ဇုံ၊ ဟိုင်နန်ကျွန်းအနီး၌ အမေရိကန် စူးစမ်းလေ့လာရေးသင်္ဘောအပါအ၀င် အခြားအမေရိကန်စစ်သင်္ဘောများနှင့် တရုတ်သင်္ဘောများထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပွါးခဲ့ပြီး အခြေအနေတင်းမာခဲ့ဘူးပေသည်။

တဖန် တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်သော မည်သည့်လုပ်ငန်းမဆို ရပ်ဆိုင်းရန် အမေရိကန်အပါအ၀င်၊ အခြားသော ပြည်ပနိုင်ငံများ၏ ရေနံကုမ္မဏီများကို သတိပေးခဲ့ပြီး ဆက်လက်ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေပါက တရုတ်ရေပိုင်နက်အတွင်း နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုများနှင့် ဆိုးကျိုး များကို ရင်ဆိုင် ရမည်ဟု သတိပေးထားပြီးဖြစ်ပေသည်။

အထက်၌ဖေါ်ပြခဲ့သော အငြင်းပွါးနေသည့် ကျွန်းစုများအရေးနှင့်စပ်လျှင်း၍ အမေရိကန်အထက်လွှတ်တော် ပြည်ပရေးရာကော်မတီမှ အာရှရေးရာလက်ထောက်ညွှန်ကြားရေးမှူး မာစီရယ် ပြောကြားသည်မှာတော့ “ဖြစ်ပေါ်နေသော ကျွန်းစုများပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးနေသော ပြဿနာများထဲတွင် တရုတ်၊ ဗီယက်နမ် တို့အပြင် ဂျပန်၊ ဖိလစ်ပိုင် နိုင်ငံများပါ ပါဝင်ပတ်သက်နေသောကြောင့် အမေရိကန်မှ ၎င်းကိစ္စများအတွင်း ပါဝင်ပတ်သက်မည်မဟုတ်” ဟုဆိုပါသည်။

မည်သို့ပင်ဆိုစေကာမူ တရုတ်၏ လျှင်မြန်စွာတိုးတတ်လာနေသော စစ်အင်အား တည်ဆောက်မှုနှင့်ပတ်သက်၍ အမေရိကန်သည်လည်း ရတတ်မအေးပေ။ ထို့ကြောင့်ပင် အမေရိကန်ဆီးနိတ်၌ ပစိဖိတ် ဒေသအတွင်း ၎င်းတို့၏ စစ်အင်အားကို ပိုမိုတိုးချဲ့ရန် အမေရိကန်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များကပင် တိုက်တွန်းခဲ့ပေသည်။

မျက်မှောက်ကာလသည် ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံသစ်များ ပေါ်ထွန်းခဲ့ပေပြီ၊ ယခင် အမေရိကန်တဦး တည်း စူပါ ပါဝါနိုင်ငံ (Unipolar) တခုတည်းတော့ မဟုတ်တော့ပေ။ အင်အားကြီးနိုင်ငံသစ်များ အာရှ၌ပေါ်ပေါက်ခဲ့ပေပြီ။ ထို့ကြောင့် ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေးစသည့်နယ်ပယ်များသည် ယခင်ကထက်ပို၍ ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်စေနိုင်ပြီး မဟာမိတ်စစ်အုပ်စုများလည်း အသစ်ထပ်မံပေါ်ပေါက်လာဖွယ်ရှိပေသည်။

အကြောင်းမှာ ASEAN အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်တို့အကြား ဒေသဆိုင်ရာကာကွယ်ရေးမူဝါဒ တခုပေါ် ထွက်ခဲ့ပါသည်။ “အမေရိကန်၏ ကာကွယ်ရေးထီးရိပ်အောက်၌ နေသင့်မနေသင့်” ဤအကြောင်းအရာနှင့်ပတ်သက်၍ တရုတ်၏ စစ်ရေးတည်ဆောက်မှုသည် ASEAN နိုင်ငံများအပေါ် လုံခြုံမှုအာမခံချက် ပေးနိုင်မပေးနိုင်အပေါ် မူတည်၍ သော်၎င်း၊ တရုတ်၏ ASEAN နိုင်ငံများအပေါ် ဆက်ဆံသည့်အခြေအနေအပေါ်မူတည်နေလိမ့်မည်ဟုယူဆရပါသည်။

ဤအတောအတွင်း ဆယ်စုနှစ်နှစ်ခုကျော် ငုပ်လျှိုးပျောက်ကွယ်နေသော အဖွဲ့ဝင်နိုင်ငံပေါင်း (၁၁၈) နိုင်ငံနှင့် လေ့လာသူအဆင့်နိုင်ငံ(၁၅) နိုင်ငံဖြင့်ဖွဲ့စည်းထားသော ဘက်မလိုက်နိုင်ငံများအဖွဲ့ (Non Aligned Movement) နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးတရပ်အား အီဂျစ်နိုင်ငံ (Sharm al-Sheikh) မြို့၌ ယခုလ ( ဇူလိုင် ၁၃ - ၁၄) ရက်တွင်းကျင်းပပြုလုပ်ခဲ့ပေသည်။

ဘက်မလိုက်နိုင်ငံများအဖွဲ့ (Non Aligned Movement) ပြန်လည်အသက်ဝင်လှုပ်ရှားလာခြင်းသည် တချိန် စစ်အေးခေတ်ကာလအတွင်း နေတိုးနှင့် ၀ါဆော အကြား မည်သူ့ဘက်မှမနေလိုဘဲ ကြားနေ၀ါဒကျင့်သုံး၍ ကမ္ဘာ့နိုင်ငံရေး အခြေအနေအပေါ် (Power Balance) ပြုနိုင်ခဲ့ပေသည်။ တနည်းအားဖြင့် နေတိုးနှင့် ၀ါဆောတို့ကို အကြောင်းပြု၍ သမိုင်း လိုအပ်ချက်အရ ပေါ်ပေါက်လာသော အဖွဲ့အစည်းကြီး တခုလည်း ဖြစ်ပေသည်။ ထိုကာလများအတွင်း အိန္ဒိယ ၀န်ကြီးချုပ် နေရူး၊ အီဂျစ်သမ္မတ နတ်ဆာ၊ ဂါနာမှ အန်ခရုမန်း၊ မာရှယ်တီးတိုး ယူဂိုဆလားဗီးယား၊ ဆူကာနို အင်ဒိုနီးရှား စသည်ပုဂ္ဂိုလ်များသည် ဤဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ကြီး၏ အဓိက ဇာတ်လိုက်ကျော်များ ပင်ဖြစ်ပေသည်။


ယခုတဖန် အီဂျစ်သည် ဤဘက်မလိုက်နိုင်ငံများအဖွဲ့ (Non Aligned Movement) ကြီးကို ပြန်လည် အသက်သွင်းရန် စတင်ကြိုးပမ်းနေသည့် အခြေအနေသည်လည်း အချိန်အနေအချိန်အခါနှင့် သမိုင်းလိုအပ်ချက်တရပ် ဖြစ် လာနေပြီလောဟု စဉ်းစားစရာရှိပေသည်။ တနည်းအားဖြင့် အနာဂတ်ကမ္ဘာကြီး၌ အင်အားကြီးနိုင်ငံများအချင်းချင်း အကြား စစ်အေးကာလတရပ်ဟုမဆိုသာသည့်တိုင်အောင် (အမေရိကန် - ရုရှား ထိပ်သီးဆွေးနွေးပွဲရလဒ်မှာလည်း ထူးခြားသည့်ရလဒ်များမထွက်ပေါ်သည့်အပြင် ဗြိတိသျှ ၀န်ကြီးချုပ် ပြောသလို အမေရိကန် - ရုရှား တို့နူလက်နက်များ လျော့ချမည်ဆိုပါက ဗြိတိန်အနေဖြင့်လည်း လျှော့ချရန်အသင့်ရှိကြောင်း ပြောဆိုခဲ့မှုနှင့် နှိုင်းယှဉ်ကြည့်ပါက ထူးခြားသည့် အဖြေတစုံတရာကို မျှော်လင့်ပုံရှိပါသည်။) တနည်းအားဖြင့် အမေရိကန် နှင့် ရုရှားတို့သည် ယခင်ကလိုပင် ပေါ်လစီ အပြောင်းအလဲမရှိဘဲ ကမ္ဘာကြီးအတွက် ကမ္ဘာ့ပြည်သူတွေအတွက် တစုံတရာ အဖြေထုတ်နိုင်ခြင်းမရှိသေးကြောင်း ပေါ်လွင်သည်ဟု ယူဆရပါသည်။

ထို့ကြောင့်ပင် အီဂျစ်သည် ဤ ဘက်မလိုက်နိုင်ငံများအဖွဲ့ (Non Aligned Movement) ကြီးကို ပြန်လည် အသက်သွင်းရန် စတင်ကြိုးပမ်းနေသည့်အချက်မှာ လိုရမယ်ရတော့ဟုတ်မယ်မထင်ပါ။ (၂၁) ရာစု Multipolar (သို့) ကမ္ဘာ့စူပါ ပါဝါကြီးနှင့်အတူ အသစ်ပေါ်ပေါက်လာသော ဂရိတ်ပါဝါနိုင်ငံများအကြား၌ ကြိုတင်ပြင်ဆင်သည့် သဘောမျိုးဟု ဆိုရပါမည်။

မကြာသေးခင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး Shanghai Cooperation Organization (SCO) မှ ကမကထပြုဆောင်ရွက်သော “Peace Mission 2009” ဟူသောခေါင်းစဉ်ဖြင့် ရုရှား-တရုတ်တို့ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတရပ်အား တရုတ်ပြည်အရှေ့မြောက်ဒေသ နှစ်နိုင်ငံနယ်စပ် (Jinlin) ၌ပြုလုပ်ခဲ့ပေသည်။ အလားတူ စစ်ရေး လေ့ကျင့်မှုအား လွန်ခဲ့သော ၂၀၀၅ ခုနှစ်ကတကြိမ် “Peace Mission 2005” နှင့် “Peace Mission 2007” တို့ကိုလည်း ယခင်ကပြုလုပ်ခဲ့ကြပေသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး Shanghai Cooperation Organization (SCO) ၌ ….

အဖွဲ့ဝင်နိုင်ငံများ လေ့လာသူအဆင့်နိုင်ငံများ ဆွေးနွေးဘက်နိုင်ငံများ ဧည့်နိုင်ငံများ
၁။ တရုတ် ၁။ အိန္ဒိယ ၁။ သီရိလင်္ကာ ၁။ အာဖဂန်နစ္စတန်
၂။ ကာဇက်စ္စတန် ၂။ ပါကစ္စတန် ၂။ ဘီလာရု ၂။ ASEAN
၃။ ကာဇာကစ္စတန် ၃။ မွန်ဂိုလီးယား ၃။ CIS
၎။ ရုရှား ၄။ အီရန်
၅။ တာဂျစ်ကစ္စတန်
၆။ ဥဇဘတ်ကစ္စတန်


အဖွဲ့ဝင်နိုင်ငံများ လေ့လာသူအဆင့်နိုင်ငံများ ဆွေးနွေးဘက်နိုင်ငံများ ဧည့်နိုင်ငံများ

၁။တရုတ် ၁။ အိန္ဒိယ ၁။ သီရိလင်္ကာ ၁။ အာဖဂန်နစ္စတန်
၂။ ကာဇက်စ္စတန် ၂။ ပါကစ္စတန် ၂။ ဘီလာရု ၂. ASEAN
၃. ကာဇာကစ္စတန် ၃. မွန်ဂိုလီးယား ၃. CIS
၎. ရုရှား ၄. အီရန်
၅. တာဂျစ်ကစ္စတန်
၆. ဥဇဘတ်ကစ္စတန်


စသည့် နိုင်ငံများဖြင့် ဖွဲ့စည်းထားပြီး တနည်းအားဖြင့် အာရှအလယ်ပိုင်းနိုင်ငံများ၏ စီးပွါးရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖွဲ့စည်းထားသော ကမ္ဘာ့စစ်အင်အားကြီး နှစ်နိုင်ငံဦးဆောင်သည့် အဖွဲ့အစည်းတခုဖြစ်သည့် အပြင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နေထိုင်ရာ ဒေသကြီးတခုလည်းဖြစ်ပေသည်။

ပြီးခဲ့သော ရက်များက ပြုလုပ်ခဲ့သော ရုရှား - တရုတ် စစ်ရေးပူးပေါင်းလေ့ကျင်မှု “Peace Mission 2009” သည် အနောက်စစ်အုပ်စု (နေတိုး) နှင့် ၎င်းတို့အပေါင်းအပါ နိုင်ငံများဖြစ်ကြသော အရှေ့အာရှမှ ဂျပန်၊ တိုင်ဝမ် တို့အတွက် စစ်ဘက်ဆိုင်ရာ အင်အားတရပ်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ အနာဂတ်ကမ္ဘာကြီး၌ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများသည် သေးသေးလေးတော့မဟုတ် နိုင်ပါပေ။ စစ်သည်မဖြစ်သည်က ပိုကောင်းပါသည်။ ဖြစ်လျှင်လည်း မည်သူမျှမဆုံးရှုံးစေချင်ပေ။ စစ်ဆိုသည်မှာ
“ တိုက်လျှင် နိုင်မှကောင်းပါသည်၊ မနိုင်လျှင် မတိုက်တာကောင်းပါသည်” ကမ္ဘာမှာ စစ်အင်အားတွေ တိုး၍တည်ဆောက် ခြင်းကိစ္စကိုလည်း ကျွန်ုပ်တားဆီးနိုင်မယ်မဟုတ်ပါ။

သို့သော် စစ်မက်တွေမဖြစ်ရအောင်သော်၎င်း၊ မျက်မှောက်ကမ္ဘာ၌ အစားအစာ လုံလောက်မှုမရှိ/ငတ်မွတ်နေ သော ကမ္ဘာ့လူသား သန်း(၁၀၀၀) နှင့် အနာဂတ်၌ တိုးလာမည့် မျိုးဆက်သစ် ကမ္ဘာသူ/သားတွေအတွက် စားစရာ၊ နေစရာလေးတွေအတွက်၎င်း ကမ္ဘာ့အင်အား ကြီးနိုင်ငံများ အနေဖြင့် ထည့်သွင်းစဉ်းစားလာအောင် လက်တွေ့ ထိရောက် သော အကူအညီတွေ ပေးနိုင်အောင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့လူသားများအရေးအတွက် ကျွန်ုပ်တို့ အားလုံး ၀ိုင်းဝန်း လက်တွဲဆောင်ရွက်ရင်းဖြင့် လူသားချင်းစာနာမှုဖြင့် စစ်မက်ဖြစ်ပွါးခြင်းကို အတတ်နိုင်ဆုံးကာကွယ်တားဆီး နိုင်သော လှုပ်ရှားမှုများအား အစောတလျှင်ဆောင်ရွက်လှုပ်ရှားသွားရန် လိုအပ်နေလိမ့်မည်ဟု ယူဆပါကြောင်း တင်ပြရင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသအခြေ အနေများအား တစေ့တစောင်း လေ့လာ တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
မောင်စည်သူ
၁၉.၇.၂၀၀၉

2 comments:

Anonymous said...

လာဖတ်သွားပါတယ်။ ဆောင်းပါး အတွက် ကျေးဇူးတင်ပါတယ်။ အားပေးနေပါတယ်၊ ဆက်လုပ်ပါ ခင်ဗျာ။

Unknown said...

လာဖတ်သွားပါတယ်...အ၇မ်းကောင်းပါတယ်။ ဆက်ရေးပါ...

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။