February 1, 2010

ဗိုလ်ချုပ်၏ ဗိုလ်ချုပ်- ၁

ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ

၁၉၃၈ အောက်တိုဘာလတွင် တို့ဗမာ အစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန် သင်ရန်ကိစ္စကို၎င်း၊ ကျွန်ုပ်၏ ရှေ့ အလားများကို၎င်း တပါတည်း အပြီးသတ် စွန့်လွှတ်လိုက်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက် ကျောင်းပိတ်ရက် ရသည့်အခါမှ စ၍ တက္ကသိုလ်ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။

ဥရောပါတိုက်တွင် မြူနစ်အရေးပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယ ကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့် အရေးကို ကျွန်ုပ်၏ အသိဥာဏ်အတွင်း ထင်ကနပေါ်စေတော့၏။ ထို့ထက်စောစွာကပင် ၁၉၃၉-၄၀ ခုလောက်၌ ကမ္ဘာစစ်ဖြစ်မည့်အရေးကို ကွန်ုပ်တို့တစ်ခုတွက်ဆပြီးဖြစ်၏။ ထိုအချိန်လောက်တွင် လက်နက် ဖြည့်တင်းရေးကိစ္စများသည် နိုင်ငံကြီးများ၌ လုံးဝပြီးစီးမည်ဖြစ်သောကြောင့်လည်း ကမ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းအချိန်တွင် တို့ဗမာများ မည်သို့ ခြေလှမ်းလှမ်းကြမည်ကို ကွန်ုပ်တို့လူစု မတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ ပြောဆို ဆွေးနွေးကြ၏။

သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး မလွဲဖြစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန်အတိအကျကား ပြောဆိုနိုင်ခဲ့သည် မဟုတ်သော်လည်း၊ မြို့ နှစ်မြို့ ၌ အင်္ဂလိပ် နန်းရင်ဝန် ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှ မငဲ့မထောက်နိုင်ရှာတော့ဘဲ၊ ဟာရ်ဟစ်တလာ ကြေအေးနှစ်သိမ့်ရေးအတွက် ဦးနှိမ်လိုက်သည့် အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးမ၌ ဆိုက်ရောက်နေပြီဖြစ်ကြောင်းကို သဲထိတ်ရင်ဖို သိရှိရလေတော့၏။

ကမ္ဘာစစ်ကြီး အမှန်ဖြစ်ချေတော့မည်။ ဗမာ့အခြေအနေကား အသို့နည်း။ ဗမာတွေ ဘာလုပ်ကြမည်နည်း။ ဤပြဿနာများကား ကျွန်ုပ်ရှေ့ တွင် အလျှိုအလျှို တသီကြီး ပေါ်လာလေတော့၏။ တစ်ခုတည်းသော အဓိဌာန်ကို ရုတ်ခြည်း ကွန်ုပ်ပြုလိုက်၏။

"ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့၊ နိုင်ငံရေး ဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံ လွတ်လပ်ရေးအတွက် မနေမနား စွန့်စားလုံးပန်း တော့အံ့။"

ဤအဓိဌာန်ကို သန်သန်ကြီး ပြုလိုက်မိတော့၏။ မည်သူသည် ဤသို့ အခါကောင်း အခွင့်ထူး ရွှေလမ်းကြီး ဖြူးနေသည့် အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံနိုင်ခြိမ့်မည်နည်း။ ဟိသစ္စံ၊ ထိုစကားမှန်၏။ ကျွန်ုပ်အတွက်မှန်လှ၏။ ကျွန်ုပ် လက်လွတ်မခံ၊ စွမ်းအားရှိသလောက် ကိုယ့်လူမျိုး ကြုံတွေ့နေရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန်ထုတွေ အမြစ်ပါနုတ်၍ ချေတော့အံ့။ သခင် အစည်းအရုံးမှ တစ်ဆင့် နိုင်ငံ့လွတ်လပ်ရေးတိုက်ရန် တိုက်ပွဲတွင်းသို့ ကျွန်ုပ် စတင်သက်ဆင်းမိခဲ့လေသည်။

ကျွန်ုပ် သခင်ဘ၀တွင်း ဆင်းမိသည်နှင့် တစ်ပြိုင်နက် သပိတ်မှောက်မှု၊ စီတန်းလမ်းလျှောက် အင်အားပြမှု တော်လှန်ရေးဒီလှိုင်း တံပိုးတို့သည် တစ်နိုင်ငံလုံး ဖုံးလွှမ်းခသွားခဲ့လေသည်။ ဗြိတိသျှအစိုးရကလည်း ထကြွမှုများကို ငဲ့ညှာမရှိ ပြင်းထန်စွာ တန်ပြန် တိုက်လေတော့၏။ ကျွန်ုပ်နှင့်တကွ ကြံရာပါ ဖေါ်တသင်းသည်(ကျွန်ုပ်တို့ကို ဖမ်းချုပ်လိုက်သည့် အင်္ဂလိပ် ပုလိပ်မင်းကြီး စကားအတိုင်း သုံးရက) "အစိုးရအဖွဲ့ကို အင်နှင့်အားနှင့် တော်လျန်လုပ်ကြံမှု" ဖြင့် အစစ်အဆေးမရှိ ရန်ကုန်ထောင်တွင်း အတန်ကြာမျှ အကျဉ်းချထားခြင်း ခံလိုက်ကြရ၏။

အမှန်မှာလည်း ထိုတော်လှန်မှုများတွင် ကျွန်ုပ်၏အနည်းငယ်မှသော လက်ရာသည် ပါသည်မှန်၏။ ပြောပြလောက်သော လက်ရာကား မဟုတ်လှပါ။ ဤအရေးများသည် အရှိန်ယူနေပြီဖြစ်သော ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍ ပေါ်လာရမည့် မဝေးလှတော့သော ဗမာ့လွတ်လပ်ရေး အရေးတော်ပုံကြီး၊ မဟာအခါကြီးများအတွက် နိဒါန်းကလေးမျှသာ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး ထင်မြင်မိတော့၏။

ဥရောပစစ်

ကျွန်ုပ်ထင်သကဲ့သို့ပင် အမှန်ပင်စစ်ဖြစ်ရတော့၏။ ၁၉၃၉ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပါစစ် စတင်တိုက်လေသည်။ (ကျွန်ုပ်၏ အမှတ်အသားမမှားပါက) စစ်မကျေညာမှ ၂ ရက်ကပင် တို့ဗမာအစည်းအရုံး ပြည်လုံးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၏ အထူးအစည်းအဝေးပွဲကို ကျင်းပကာ ပါတီမရွေး ဗမာ့လွတ်လပ်ရေးကို ချစ်သူ အားလုံးပါဝင်၍ တို့ဗမာ အစည်းအရုံးနှင့် ဒေါက်တာ ဘမော်၏ ဆင်းရဲသား အစည်းအရုံးကို အခြေထားလျက် ဗမာ့ထွက်ရပ်ဂိုဏ်းတစ်ခု တည်ထောင်ရန်ကို ဆုံးဖြတ်ခဲ့ကြလေသည်။

အမှန် အပေါ်ပေါက်လာတော့မည်ဖြစ်သော ကမ္ဘာစစ်ကို ကြိုတင်၍ ဆုံးဖြတ်ချက် ချမျတ်ကြခြင်းဖြစ်၏။ ဤဆုံးဖြတ်ချက်အတိုင်းပင် ဗမာ့ထွက်ရပ် ဂိုဏ်းကြီးကိုလည်း ဖွဲ့စည်းမိလေသည်။ ထိုဂိုဏ်းကြီး ပြန့်ပွားမှုအတွက် အနည်းငယ်မျှသာ စီမံရစဉ်မှာပင် ဗြိတိသျှအစိုးရသည် နိုင်ငံအနှံ့ ဖမ်းဆီးချုပ်နှောင်မှု များကို စတင်ပြုလိုက်ရကား၊ အဖမ်းခံရသူများအထဲတွင် အရာရောက်သော ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်များ အားလုံးလောက် ပါဝင်သွားလေတော့သည်။

ကျွန်ုပ်ကား တစ်ယောက်တည်း လွတ်ကျန်ရစ်သည်။ ကျွန်ုပ်အား အမှန်ဖမ်းမည့် အရေးမှာလည်း လျှို့ ဝှက်ထားချက်ပင် ဆိုသော်လည်း အများသိပြီး ဖြစ်လေပြီ။ ကျွန်ုပ်မှာလည်း ထိုအခါက အိန္ဒိနိုင်ငံတွင် ရမ်ဂါကွန်ဂရက် အစည်းအဝေး တက်ရောက်၍ ဂန္ဒီ၊ ဂျဝါဟာလ်လာနေရူး၊ ဆူဘတ်စ်ဘို့စ် အစရှိသော ကွန်ဂရက် ခေါင်းဆောင်များနှင့် တွေ့ဆုံးပြီး ဗမာ့နိုင်ငံသို့ ပြန်ရောက်ဖြစ်၏။

အိန္ဒိယနိုင်ငံတွင် ကျွန်ုပ်တိ သွားလေရာတို့၌ နောက်က အစိုးရ စုံထောက်များ ဇွဲကောင်းကောင်းနှင့် လိုက်နေကြောင်း သိခဲ့၏။ ဗမာနိုင်ငံသို့ ကျွန်ုပ်တို့ ပြန်ရောက်သည်ဆိုလျှင်ပင် ကျွန်ုပ်တို့ အိန္ဒိယတွင် လုပ်ကိုင်ခဲ့သမျှ ကိစ္စများနှင့်ပတ်သက်သော အစီအရင်ခံစာတို့ကို စီရင်စုတိုင်းရှိ အရာရှိများထံ ဝေငှ ပေးပို့ထားကြောင့်သိရှိရ၏။ သခင်အစည်းအရုံးကို မတရားအစည်းအရုံးအဖြစ် ကျေညာလိမ့်မည်ဟူသော သတင်းများမှာလည်း ပြန့်လျက်ရှိလေသည်။

ပေါ်ပေါက်လျက်ရှိသော အခြေအနေအားလုံးကို ခြုံ၍ ထင်မြင်အောင် ဆင်ခြင်ကြည့်ပြီးနောက် ပေါ်ပေါ်ထင်ထင် မနေဘဲ ခပ်လျှိုးလျှိုးနေခြင်းသာ ကောင်းမည်ဟု တွေးတောမိသည့်အလျောက် ကြုံလာရမည့် အရေးဟူသရွေ့ ကို ရင်ဆိုင်ရန် အသင့် စီစဉ်ရလေသည်။ သို့သော် စီစဉ်သင့်သရွေ့ ကို အပြီးအစီး မစီစဉ်ရသေးမီ ကျွန်ုပ်၏ ရဲဘော်အားလုံးလောက်ပင် ထောင်တွင်းရောက်ကုန်ကြလေပြီ။

ခြေရာပျောက် လျှိုး၍နေရန်ကို လောလောဆယ် ကျွန်ုပ်စီမံရတော့၏။ ခြေရာဖျောက်မိပြီး မကြာမီပင် ကျွန်ုပ်အား ဖမ်းဆီးရန် ၀ရမ်းထွက်၍ လာလေတော့သည်။ ဆံခြည်တစ်လုံးကြား လွတ်မြောက်သွားရခြင်းတည်း။ ဤသို့သာ မလွတ်မြောက်ပါက ကမ္ဘာစစ်ကြီး တာရှည်သလောက်မျှသာမကဘဲ ကမ္ဘာ့ အရှေ့ ပိုင်းတွင် အင်္ဂလိပ် အခြေသေချာ တည်မြဲသည့်အချိန်ထိ ကျွန်ုပ်၏ဘ၀ကို အကျဉ်းတောင်တွင် မြုပ်နှံခြင်း ပြုရတောမည်ဖြစ်ရကား၊ အလုပ်မရှိ အချိန်အားသည်နှင့်အမျှ အရေးမပါသည့် ဒေါသကို မျိုသိပ်ကာသာ ဘာကိုမျှ လုပ်နိုင်မည် မဟုတ်သော ဘ၀သို့ ရောက်ရတော့မည်အမှန်။

ဤနေရာ၌ ကြားဖြတ်သဘောဖြင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်ကလေးကို ချုပ်၍ ပြောရဦးမည်ဖြစ်၏။ ကျွန်ုပ် တော်လှန်ရေးသမား တစ်ယောက်အနေဖြင့် ရှောင်တိမ်းမနေရခင် ရန်ကုန်တက္ကသိုလ် သမဂ္ဂ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်လူကြီးတစ်ယောက်အဖြစ် ရွေးကောက်တငမြှောက်ခဲ့၏။ အစည်းအဝေးတကြိမ်မျှသာ တက်ရောက်နိုင်ခဲ့၏။ ထိုအချိန်မှာပင် ပြင်သစ်နိုင်ငံကြီး မလွဲပြိုအက်ပျက်ပြားမည့် အရိပ်နမိတ်တို့သည် ထင်ရှားလာလေသည်။ ပြင်သစ် သမတ ဥက္ကဌ အမ်ရေနဒ်သည် ရုစဘဲလ်ထံသို့ နောက်ဆုံး အသနားခံလိုက်သော အခါတည်း။

ထိုအခါက ဗမာနိုင်ငံ ပညာမင်းကြီးဖြစ်သော အေ၊ ကင်းဘဲလ်သည် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေး အပြီးတွင် ကင်းဘဲလ်သည် ကျွန်ုပ်အား သူ့ကားနှင့် တင်ခေါ်ခဲ့၏။ အင်္ဂလိပ် အရံစားရင်းဝင် ဗိုလ်မှူးလေး (မေဂျာ) တစ်ယောက်ဖြစ်ရုံသာမက အလွန်ထက်သည်ဟု ထင်ရှားသော ကင်းဘဲလ်လို လူမျိုးတစ်ယောက်က ကွန်ုပ်အား ဤသို့ကားနှင့် တင်ခေါ်ခြင်းမှာ အလွန်ထူးခြားလာလေသည်။ ပိုထူးခြားချက်ကား ကျွန်ုပ်ကဲ့သိသော သံမဏိ ဗြိတိသျှ ဆန့်ကျင်ရေးသမား တစ်ယောက်ကို ယခုစစ်ကြီးတွင် အင်္ဂလိပ်အား ကူညီပါမည့်အကြောင်း သနားစဖွယ် တုန်ရီသောအသံဖြင့် တောင်းပန်သကဲ့သို့ မလုပ်နိုင်သဖြင့် ၀မ်းနည်းလေကြောင်းနှင့် စကားချီကာ အဂိလိပ် နေရှင် စနစ်ကို ဖြိုဖျက်ရန်သာ ကျွန်ုပ်လုပ်ရလိမ့်မည်အကြောင်းကို ပြန်ပြောလိုက်ရ၏။

အရေးတော်ပုံကို ဆက်ရမည်ဆိုသော ကျွန်ုပ်တို့ ထောင်အပြင်ဘက်တွင် ကျန်ရစ်သူတစ်ခုမှာ စုဝေးစည်းရုံး၍ လက်နက်ကိုင်ကွဲကာ တော်လှန်ရေးပြဿနာကို ဆွေးနွေးမိကြတော့သည်။ ကျွန်ုပ်တို့တို့တွင် လက်နက်လည်းမရှိ၊ ဘယ်သို့ လက်နက်ရအောင်ရှာမည်နည်း။ ဤပြဿနာသည် ပေါ်ပေါက်လာလေတော့၏။

နောက်တစ်လ နှစ်လ အခါက ကျွန်ုပ်တို့သည် ၀င်ရိုးတန်း သူလျှိုတစ်ယောက်နှင့် တွေ့ဆုံမိကြသဖြင့် နိုင်ငံတွင်းမှ နေ၍ အုပ်ချုပ်ရေး ဖျက်ဆီးမှုများသည် အနှံ့အပြား ပြုလုပ်ကြရန် စီစသ်ခဲ့ကြသေး၏။ သို့သော် ထိုအစီအစဉ်များ အတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။ ထိုအတွင်းမှာပင် ကျွန်ုပ်တို့၏ အဆက်အသွယ်မှာ နှောင့်ယှက်မှုများကြောင်း ပျက်ပြားသွားရလေသည်။ နောက်ထပ်တစ်ဖန် အဆက်အသွယ်ရအောင် ကြံကြပါသေး၏။ ဆက်သွယ်ရေးတာဝန်ကျသော ရဲဘော်အချို့  အဖမ်းခံကြရပြန်သဖြင့် နောက်ထပ်ထစတ်ဖန်အဆက်အသွယ်ရရန် အရေးသည်လည်း ပျက်ပြားရပြန်လေသည်။

ဗမာ ရော်ဂျာကေးစ်တစ်ယောက် ပေါ်ပေါက်လာမှ ဖြစ်မည်ဟု ကွန်ုပ်တို့ အားလုံး သဘော ကိုက်ညီကြသည်။ ကျွန်ုပ်၏ ကိုယ်နှင့်အသက်ကိုပင် မောရော်ဂျာကေးစ်အဖြစ် ယူရန် နိုင်ငံအတွက် စွန့်လှူလိုက်၏။


ထိုကြောင့် ၁၉၄၀ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့ ဂျာမနီလေတပ်ကြီးက ရာဇ၀င်တွင် မကြုံဘူးသော လေကြောင်းစစ်ပွဲကြီး ဆင်နွဲကာ လန်ဒန်မြို့ ကြီးကို တိုက်သောနေ့၊ ထိုနေ့တွင်ပင် ကျွန်ုပ်သည် ဗမာနိုင်ငံတော်ကို တရုတ်သဘောင်္သားများ စီမံခန့်ခွဲ မောင်းနှင်သည့်နော်ဝေပိုင် သဘောင်္ပေါ်တွင် တိတ်တဆိတ် ပုန်းအောင်းထွက်ခွာ လိုက်ပါသွားရလေတော့သည်။

ယခုအခါ တပ်ပေါင်းဗိုလ်တစ်ဦး ဖြစ်နေရပြီဖြစ်သော ရဲဘော်တစ်ဦးလည်း ကွန်ုပ်တို့နှင့်အတူ ကူညီဖော်အဖြစ် ပါခဲ့၏။ ကျွန်ုပ်၏ ခရီးဆုံဌာနမှာ အမွိုင်မြို့ ဖြစ်၍ ထိုမြို့ မှနေ၍ ကျွန်ုပ်၏ လုပ်ဆောင်စရာရှိသည့် ကိစ္စအများကို ခန့်ခွဲစီမံရမည်ဖြစ်၏။

ကျွန်ုပ်အဖြစ်ကား သန်းကောင်လကွယ် တောအုပ်လယ်၌ ရောက်သူပမာ ရှိနေတော့သည်။ ကွန်ုပ်သွားရမည့် နေရာနှင့် ပတ်သက်၍ ကျွန်ုပ် ဘာတစ်ခုမျှ မသိ၊ ဆွေလည်းမရှိ၊ မျိုးလည်းမရှိ၊ ကမ္ဘာ့ အရှေ့ ပိုင်းသားသည်၊ အရှေ့ ပိုင်း အကြောင်း အတုအယောင်မျှလောက်သာ သိ၏။ သိသမျှလည်း မရေရာလှ၊ ဆိုးရွားလေစွ။

တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂအိုးဝေ မဂ္ဂဇင်း စာတည်းအဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမကိုယ်တော်ကြီး၏ ဟောပြောချက်များကို နာကြားရ၏။ ထိုအခါ အသိဥာဏ်တစ်ခုည် ကျွန်ုပ်ဦးနှောက်တွင်း ပွင့်လင်းလာ၏။ ပညာတော်သင်များအား အနောက်နိုင်ငံသို့ လွတ်ရိုးလွှတ်စဉ်အတိုင်း မလွှတ်တော့ပဲ အရှေ့ အာရှ ဂျပန်ကိုသာလွှတ်သင့်ကြောင်း။ အရှေ့ ကိုရှေ့ ရှုသင့်ကြပြီ ဖြစ်ကြောင်းများကို ရေးသားခဲ့ဖူး၏။ မြန်မာတစ်နိုင်ငံလုံး သပိတ်မှောက်မှုများ ပေါ်ပေါက်လာပြီးနောက်၊ ထိုအခါ ၀န်ကြီးချုပ်များက ဂျပန်သို့ ပညာတော်သင်များကို လွှတ်စပြုခဲ့လေသည်။

ကျွန်ုပ် သခင်ဖြစ်လာသည့် အခါတွင် ကွန်ုပ်တို့ ယနေ့တိုင် လမ်းလွဲလိုက်လျက် ရှိကြသည်ကို ထင်မြင်လာ၏။ အာရှ နိုင်ငံရေးသဘောများကို နှံ့စပ်ချောက်ချားအောင် ရှာဖွေဆည်းပူးသင့်ပါလျက်၊ ကွန်ုပ်တို့၏ အဖိုးထိုက်လှသော အချိန်များကို မဆီမဆိုင်လှသော အနောက်နိုင်ငံ အရေးများကို လေ့လာရခြင်းဖြင့် ဖြုန်းခဲ့ကြမိသည့် အမှားကား ကြီးလှ၏။ ကျွန်ုပ် တက္ကသိုလ်တွင် ပညာဆည်းပူးစဉ်က နိုင်ငံသမိုင်းကို ဘာသာတစ်ရပ်အဖြစ် ယူခဲ့မိ၏။ ထိုသမိုင်းမှာလည်း အနောက်ပိုင်းသမိုင်းသာတည်း။

ကျွန်ုပ်တို့၏ ကိုယ်ပိုင်အမေဖြစ်သော အလွန်ရှေးကျခဲ့သည့် ယဉ်ကျေးမှုကြီးများ ပေါ်က်ဖွားတည်ထွန်းရာ တရုတ်နိုင်ငံကြီးနှင့် ခေတ်သစ်နိုင်ငံကြီးဖြစ်သော ဂျပန် စသော အရှေ့ နိုင်ငံကြီးများ၏ အကြောင်းကိုကား ၀ိုးဝါး မသေမချာမျှသာ သိခဲ့ရ၏။ မဟာ အရှေ့ အာရှအကြောင်း အထူးသဖြင့် နိပွန်သမိုင်းကို လေ့လာရန် စိတ်ပိုင်းဖြတ်မိချက်မှာ အထူးနှောင်းသွားလေသည်။ စာအုပ်ဆိုင်များရှိ စာအုပ်များမှာလည်း အင်္ဂလိပ်အား တိုက်ရမည်ဟူသော စာအုပ်တစ်အုပ်သာလျှင် ကျွန်ုပ်စိတ်ကြိုက်နှင့် တိုက်ဆိုင်မိသည်။ ထိုစာအုပ် ဖတ်ပြီးသည်ကစ၍ ဗမာ့လွတ်လပ်ရေးသည်။ အရှေ့ ဖက်တွင်သာရှိ၏။ အရှေ့ ရှိ နီပွန်နိုင်ငံတို့နှင့်သာ ရှိ၏ဟူသော အချက်ကို ကျွန်ုပ်များစွာ ယုံကြည် နှလုံးသွင်းမိခဲ့တော့၏။

တက္ကသိုလ်တွင် ရှိစဉ်ကလည်း (ခေတ်သစ် ဂျပန်၏ တစ်စတစ်စ တိုးတက်မှု) (ခေတ်သစ်နိုင်ငံ) (ဂျပန်နိုင်အဖြစ်) နှင့် နိုင်ငံခြားရေးဆိုင်ရာ အသင်းမှ ၃ လတစ်ကြိမ်ထုတ်ဝေသည့် (ခေတ်ပြိုင်ဂျပန်) ခေါ် ဂျာနယ်စသော စာအုပ်များလောက်ကိုသာ ဖတ်ခဲ့ရဖူး၏။ ထို့ကြောင့်ပင် ကျွန်ုပ် အရှေ့ သို့ ထွက်လာသည့် အရေးမှာ အမှောင်တိုက်တွင်း သက်ဆင်းသည်နှင့် တူလှ၏ဟု ကျွန်ုပ်ဆို၏ လူငယ်တို့၏ တရှူးထိုး( တုံးတိုက် ကျားကိုက်) စိတ်၏ လှုံ့ ဆော်မှုကြောင့်သာ ထွက်ခဲ့မိခြင်းဖြစ်သတည်။

အလုပ်အစီအစသ်ဟူ၍ အတိအကျ ဘာမှရှိသည်မဟုတ်ချေ။ ကွန်ုပ်၏ မြော်မြင်တတ်သမျှ ဥာဏ်ဖြင့်သွှာကြုံရမည့် အရေးဟူသရွေ့ ကို စီမံအုပ်စီးရန် ကျွန်ုပ်၏ရဲဘော်များက အာဏာကုန်လွှဲအပ်လိုက်ခြင်း ဖြစ်လေသည်။ အဘယ်သို့ပင်ဖြစ်စေ ငါသည် အကယ်၍ သေသွားသည်တိုင်အောင် မြတ်သောသေခြင်း၊ နိုင်ငံအတွက် သေခြင်းသာ ဖြစ်ည်ဟု ကိုယ့်ကိုယ်ကို ကိုယ်နှစ်သိမ့်ရတော့၏။ ၁၉၄၀ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင် အမွိုင်မြို့ သို့ ရောက်ခဲ့လေသည်။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။