October 2, 2009

အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်း

အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်း

၁၉၄၄ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းလာခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ကြီးသည် ၁၉၄၅၊ သြဂုတ်လတွင် ဂျပန်စစ်တပ်များ လက်နက်ချပြီးသောအခါ “ဖက်ဆစ် ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်” ဟု အမည်ပြောင်းလွှဲခေါ်ဝေါ်စေခဲ့၏။ ထို့နောက် မြန်မာပြည် အနှံ့အပြားမြို့  ရွာတိုင်းတွင် (ဖဆပလ) အဖွဲ့ခွဲများကို ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခု ဇန်န၀ါရီလတွင် မြို့ရွာတိုင်း၌ ဖွဲ့စည်းပြီးသော အဖွဲ့များကို အခြေခံ ထားလျက် (ဖဆပလ) အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ဇန်န၀ါရီ ၁၇ ရက်နေ့မှစတင်ကျင်းပလေရာ ညီလာခံ၌ (ဖဆပလ) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်း ၂၀ ရက် နေ့တွင် ပြောကြားသောမိန့်ခွန်းမှာ အောက်ပါအတိုင်းဖြစ်ပေသည်။

ရဲဘော်တို့...။
ရာဇ၀င် စာတင်ရမည့် ဤပြည်သူ့ညီလာခံသဘင်ကြီးသို့ ကျွန်ုပ်တို့သည် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် လာရောက်ခဲ့ကြသော နည်းနာနိသျအတိုင်း ဖြစ်ရကား လျော်ကန် သင့်မြတ်ဖြောင့်မတ်သော နည်းနာနိသျအ တိုင်း ဖြစ်ရကား လျော်ကန် သင့်မြတ်ဖြောင့်မတ်သော စုဝေးခြင်းပေတည်း။ ရှေးပဝေဏီကစ၍ကမ္ဘာသူကမ္ဘာ သားတို့သည် ပြဿနာတခုကို တွေ့ကြုံရလျှင်၊ ဤကဲ့သို့ပင်စုဝေးခြင်းပေတည်း။



ရဲဘော်တို့ . . . . ။



ရာဇ၀င် စာတင်ရမည့် ဤပြည်သူ့ညီလာခံသဘင်ကြီးသို့ ကျွန်ုပ်တို့သည် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် လာရောက်ခဲ့ကြပေသည်။ ဤသို့ စုဝေးရခြင်းမှာ ကမ္ဘာသူ ကမ္ဘာသားတို့ ရှေးရိုးစဉ်လာ ဥာဏ်မျက်စေ့ကျယ်စွာ ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသော နည်းနာနိသျအတိုင်း ဖြစ်ရကား လျော်ကန် သင့်မြတ်ဖြောင့်မတ်သော စုဝေး ခြင်းပေတည်း။ ရှေးပဝေဏီကစ၍ ကမ္ဘာသူကမ္ဘာသားတို့သည် ပြဿနာတခုကို တွေ့ကြုံရလျှင်၊ ဤကဲ့သို့ပင် စု ဝေးဆွေးနွေးဖြေရှင်းခဲ့ကြပေသည်။ ကျွန်ုပ်တို့စည်းဝေးရာ ဒေသသည်လည်း ကျွန်ုပ်တို့ရာဇ၀င်တွင် ကြက်သရေ ရောင် တပြောင်ပြောင်ဖြင့် ကောင်းမြတ်သောမင်္ဂလာအပေါင်းနှင့်ပြည့်စုံသောကြောင့် ကျွန်ုပ်တို့ညီလာခံသဘင် သည်လည်း ကြက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါပေ၏။ ဤသိင်္ဂုတ္တရကုန်းသည်ကား လေးဆူဓါတ်ပုံ ရွှေတိ ဂုံစေတီတော်ကြီး တည်ရှိရာဖြစ်၏။ စေတီတော်မြတ်ကြီးသည် ကျွန်ုပ်တို့လူမျိုး၏ ဝေဖြာသော စေတနာအ လျောက် ကျွန်ုပ်တို့၏ အမွန်မြတ်ဆုံးသော ဆန္ဒကို ပေါ်လွင်စေခြင်းငှာ တည်ဆောက်ခဲ့သည်ဖြစ်ရာ ရွှေရောင်တ ဖိတ်ဖိတ်နှင့် ကျွန်ုပ်တို့ မြှော်မှန်းရာ အထွဋ္ဋ်အထိပ်ဖြစ်သော နိဗ္ဗာန် အသင်္ခတသို့ ညွှန်ပြတော်မူရာဖြစ်သည့် ဆီမီး တန်ဆောင်ကြီး ဖြစ်ပေတော့၏။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကို ကြည့်ပြန်တော် လွန်ခဲ့သော နှစ်အနည်းငယ်အ တွင်းတွင် ကျွန်ုပ်တို့၏ တိုင်းပြည်နှင့်လူမျိုးတို့၏ ကံကြမ္မာကို ဖန်တီးခဲ့သော အရေးတော်ပုံများ ဖြစ်ပေါ်ရာ ဌာန ဖြစ်ရကား၊ ဤဒေသသည် ကျွန်ုပ်တို့အမျိုးသားအတွက် အလွန်ထူးခြားစွာ လေးစားကြည်ညိုရာ ဖြစ်သောဒေသ ဖြစ်ပေ၏။ ဤမျှမကသေး။ ဤနေရ - ဤဒေသသို့ ကျွန်ုပ်တို့ ရာဇ၀င်တလျှောက်တွင် ကျွန်ုပ်တို့ လူမျိုး၏ ရှေ့  ဆောင် ရှေ့ သွား ပုဂ္ဂိုလ်အများသည် ကျွန်ုပ်တို့လူမျိုးအတွက်အသက်ကို ပမာဏ မထားဘဲစွန့်စားရန် လာရောက် ခဲ့ကြဘူးပေပြီ။ အတိုချုပ်မှာ “ မြန်မာအစ တကောင်းက” ဟု ဆိုသကဲ့သို့ ဤနေရာ ဤဒေသသည်လည်း ကျွန်ုပ် တို့ လူမျိုး၏ ရာဇ၀င်တွင် အခါခါပင် စာတင်ခဲ့ရသော အရေးတော်ပုံများ စတင်ရာ ဒေသပင် ဖြစ်ပေ၏။ လေးဆူ ဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ဆောက်ရာ အချိန်ကစ၍ ယနေ့အထိ နှစ်ပေါင်း ၂၅၀၀ ခန့်မျှ ရှိလေပြီ။ ဤမျှသော ကာလပတ်လုံး ကျွန်ုပ်တို့၏ ရာဇ၀င် အဖြစ်အပျက်ကျွန်ုပ်တို့၏ လူမျိုးအတွက် သတ္တိဗျတ္တိ နှင့် အံ့ဘွယ်ဘနန်း သက်စွန့်ကြိုးပမ်းအမှုထမ်းခဲ့ကြသည့် မရေမတွက်နိုင်သော သွားလေသူ မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ ပေးအပ်ခဲ့သည့် အမွေအနှစ်တည်းဟူသော အာဇာနည်ဟူသောစိတ် စသည်တို့ ကို ကျွန်ုပ်တို့ ယခုအချိန်အခါ၌ သတိရကြပေလိမ့်မည်။ သို့သတိရကြသည့် အားလျော်စွာ ထိုထိုသော အာဇာနည် ပုဂ္ဂိုလ်အပေါင်းအား ကျွန်ုပ်တို့သည် ခဏတာမျှ အရိုအသေပြုပြီးလျှင် ထိုထိုသော အာဇာနည် ပုဂ္ဂိုလ်တို့၏ အ ဆင့်အတန်းကို မှီအောင် အားထုတ်လုံးပမ်းမည်၊ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့၏လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရွက်မည်ဟူ၍ သစ္စာပြုကြပါစို့။ ကျွန်ုပ်တို့၏ လူမျိုးသည် ဧကန်စင်စစ် ကြီးပွားတိုးတက် တန် ခိုးထွက်ပေတော့မည်။

ကျွန်ုပ်တို့သည် ဤကဲ့သို့ ရာဇ၀င်သဘော အခြေခံကို နားလည်ကာ စုဝေးမိကြလေပြီ။ သို့ရာတွင် ဤစုဝေးခြင်း မှာ ပထမအကြိမ်မဟုတ်ချေ။ ၁၉၂၀ ခုနှစ်ကစ၍ ဤစိတ်ဆန္ဒမျိုးနှင့် စုဝေးခဲ့ကြသည်မှာ အကြိမ်ကြိမ် ရှိခဲ့ပေပြီ။ အဘယ်ကြောင့် စုဝေးခဲ့ကြသနည်း။ ယခုလည်း အဘယ်ကြောင့် စုဝေးကြသနည်း။ ကျွန်ုပ်တို့၏ လူမျိုးသည် ရာဇ ၀င်တလျှောက်တွင် နိုင်ငံခြားသားတို့ စိုးမိုးအုပ်ချုပ် ကျွန်သားဘောက်လုပ်ခြင်းကို ပဌမဆုံး ခံခဲ့ကြရကား၊ ကျွန်ုပ် တို့ လူမျိုးမှာ အဖက်ဖက်တွင် နင်းပြား ဖြစ်ခဲ့ကြရသောကြောင့်လူချင်းမတူ သူချင်းမမျှ ကျွန်ုပ်တို့ ဆန္ဒအတိုင်း လူ တန်းစေ့ဘ၀ကို မနေနိုင်ခဲ့ကြချေ။ သို့အတွက် ကျွန်ုပ်တို့လူမျိုးသည် ဤကာလ အတောအတွင်း တဗိုလ်လဲတ ဗိုလ်လဲတဗိုလ်တက်၊ တတပ်ပျက် တတပ်စု၊ လူထုနှင့်ချီ၍ ကျွန်ုပ်တို့၏ လွတ်လပ်ရေးလုပ်ငန်းသည် အတက်အ ဆုတ် အဖျက်အရှုတ် မည်မျှလောက်ပင် များစေကာမူ တဖြည်းဖြည်း အင်အားတိုးတက်လာခဲ့လေသည်။ အဆင့် ဆင့် အုတ်မြစ်ကစ၍ တည်ဆောက်ခဲ့ရာ ကျွန်ုပ်တို့ ယခု အခြေအနေသို့ ရောက်ရှိခဲ့ပေသည်။ ရှေးယခင်က ဆောင်ရွက်ခံသော မျိုးချစ်ပုဂ္ဂိုလ်များ၏ နည်းနိသျလုံ့လဥဿဟကို ယခုအချိန်တွင် ကျွန်ုပ်တို့ အထင်သေး အမြင် သေး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကမ္ဘာ့ရာဇ၀င်ကိုကြည့်မူ လွတ်လပ်ရေးလုပ်ငန်းကြီးကဲ့သို့သော တိုး တက်မှုသည် မျက်စိတမှိတ် လျှပ်တပြက်တိုးတက်အောင်မြင်မှု ရှိနိုင်မည်ကို သတိပြုကြရပေလိမ့်မည်။ သို့ဖြစ် သောကြောင့် ကျွန်ုပ်တို့၏ လွတ်လပ်ရေးလုပ်ငန်းကို တခေတ်နှင့်တခေတ် အဖြစ်သနစ်အခြေမှန်ကို ဝေဖန်ပြီးမှ သာလျှင် ဆောင်ရွက်ရမည်ကို ကျွန်ုပ်တို့ နားလည်ကြရပေမည်။ ဤကဲ့သို့ အမြင်မှန်မှသာလျင် လွတ်လပ်ရေး အောင်ပန်း ဆွတ်လှမ်းနိုင်သော အချိန်ကျရောက်သောအခါ ကျွန်ုပ်တို့သာ မဟုတ်၊ ကျွန်ုပ်တို့ လူမျိုးလွတ်လပ်ရေး ကို ပြန်လည်ရယူနိုင်ကြပေသည်ဟူ၍ သိရှိနားလည်နိုင်ကြပေလိမ့်မည်။

သို့သော်လည်း ယခုအခါ၌ လွတ်လပ်ရေးပန်းတိုင်သို့ မရောက်သေးချေ။ ပန်းတိုင်သို့အရောက် ကျွန်ုပ်တို့ အားခဲ၍ သွားကြရပေလိမ့်ဦးမည်။ ရဲဘော်တို့သည် ကျွန်ုပ်အား ဤခက်ခဲသောလမ်းခရီးတွင် ရှေ့ဆောင်စေလိုကြ၏။ ကျွန်ုပ်ကို ဤကဲ့သို့ ယုံကြည်အားထားမှုကြောင့် ကျွန်ုပ်ကျေးဇူးတင်ပါ၏။ သို့သော်လည်း မကွယ်မထောင့် ဖြောင့် မတ်စွာ ပြောရမည်ဆိုလျှင် ကျွန်ုပ်ရှေ့ ဆောင်ပြုမှုကြောင့် မြန်မြန်ထက်ထက် လွတ်လပ်ရေး ပန်းတိုင်ဖက်သို့ နီး ကပ်လိမ့်မည် ဟူ၍ ကတိပေးခြင်း မပြုလိုပေ။ အဘယ်ကြောင့်ဆိုသော် လူတဦးတယောက်သည် မည်မျှ စွမ်းပကားရှိစေကာမူ လူထု၏အားပေးယိုင်းပင်းမှုမရှိဘဲလျက် ရာဇ၀င်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ် မြောက်အောင် မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်ပေ၏။

ကမ္ဘာ့ရာဇ၀င်တွင် အလွန် ထက်မြက်သော ပုဂ္ဂိုလ်ထူးများ ရှိခဲ့ဘူးပါ၏။ သို့ရာတွင် အနည်းငယ်သော လူတစုက ရာဇ၀င်ကို မပြောင်းလဲ မပြုပြင်နိုင်ချေ။ အထက်၌ ရာဇ၀င်၏ ပြောင်းလဲမှုသည် အဆင့်ဆင့် အခြေအနေကို ထောက်ချင့်လျက် တိုးမြင့်ခဲ့ကြောင်း ဖော်ပြပြီးခဲ့ပေပြီ။ ရာဇ၀င်တလျှောက်သတ္တိ ဗျတ္တိရှိသူကို ကြည်ညိုလေးစား အားကိုးအားထားပြုတတ်သော လူများ၏ စိတ်စေတနာကို သိရှိနားလည်ပါ၏။ လူတဦးတယောက်သည် မိမိ၏သ တ္တိ ဗျတ္တိကိုလည်းကောင်း သူတပါးတို့၏သတ္တိ ဗျတ္တိကိုလည်းကောင်း ယုံကြည်အားကိုးမှသာလျှင် ကြီးကျယ်ခမ်း နား အကျိုးများအောင် ပြုလုပ်ဆောင်ရွက်နိုင်သည်ကိုလည်း သိရှိနားလည်ပါ၏။ သို့သော်လည်း သတ္တိဗျတ္တိရှိသူ ကို အားထားလေးစားပြုမှုကို အရမ်းမဲ့ ဘုရားတဆူ၊ ဂူတလုံးလုပ်ကာ ကိုးကွယ်မြှောက်စားသည့်အဖြစ် ရောက်စေ ခဲ့လျှင် ဘုရားအတုများပေါ်ပေါက်စေတတ်လေသည်။ ဒုက္ခမြားမြောင် ဤလူ့ဘောင်ကြီးတွင် ဤကဲ့သို့ ဘုရားအ တုများကို ကျွန်ုပ်တို့ ထပ်မံ အလိုမရှိကြတော့ချေ။ သို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အားလုံးနှင့် သက်ဆိုင် သော လွတ်လပ်ရေုးလုပ်ငန်းအတွက် ဒိုးတူဘောင်ဘက် လက်တွဲလျက် ဆောင်ရွက်ကြပါစို့။ ဤသို့ ဆောင်ရွက်မှ သာလျှင် သတ္တိ ဗျတ္တိ ရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိ ဗျတ္တိ ရှိသော သူရဲ ကောင်းများ ဖြစ်အောင် စွန့်စားရပေလိမ့်မည်။ ဤကဲ့သို့ လွတ်လပ်ရေး အစစ်ကို ခံစားခွင့် ရကြပေလိမ့်မည်။ ဤ ကဲ့သို့ လွတ်လပ်ရေးအစစ်ကို ခံစားနိုင်ရန် ကျွန်ုပ်တို့သည် လွတ်လပ်ရေး ပန်းတိုင်သို့ ရှေ့ ရှု၍ သွားကြပါစို့။

သို့ဖြစ်ရကား ရှေ့ ဆောင်ရှေ့ သွား ပုဂ္ဂိုလ်များက ကျွန်ုပ်တို့အား အလွန်ကြီးလေးသော တာဝန်ကို ဆက်လက် ဆောင်ရွက်ရန် ပေးအပ်ထားခဲ့သည်ဖြစ်ရာ ကျွန်ုပ်တို့ကလည်း ဤတာဝန်ကို ကျေပြွန်စွာ ထမ်းရွက်ရပေလိမ့်မည် ။ အဘယ်ကဲ့သို့ ထမ်းရွက်ကြမည်နည်းဟူ၍ ပြဿနာပေါ်လာပေ၏။ ဤပြဿနာကို မဖြေရှင်းမီ ပြဿနာကို ဖြေ ရှင်းရာပြေရှင်းကြောင်း သဲလွန်စအပေါင်းတို့ကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌ ရှာဖွေသင့်သည်ဟူ၍ ယူဆရပေမည်။ အဘယ်ကြောင့် ဆိုသော် ယခုခေတ် ယခုအခါ၌ ကမ္ဘာသူကမ္ဘာသားတို့ ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာအ ပေါင်းတို့သည် တခုနှင့်တခု ရောထွေးရှက်စပ် ခွဲခြားခြင်းငှာ မတတ်စွမ်းနိုင်သော အခြေအနေသို့ ရောက်ရှိလျက် နေပေသည်။ တနည်းအားဖြင့်ဆိုသော် ကမ္ဘာကြီးတခုလုံးသည် ရုန်းရင်းဆန်ခတ်နေရာမလပ်အောင် လှုပ်ရှား ပြောင်းလဲလျက် ရှိနေပေ၏။ အမျိုးသားရေး၊ လူမျိုးတမျိုးနှင့်တမျိုး ဆက်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကြီးပွား ရေး၊ ကြီးပွားရေး၊ ယဉ်ကျေးရေး၊ ဘာသာရေး၊ အကျင့်ကောင်းရေးစသော ထိုထိုသော အရေးတို့သည် စင်စစ်မှာ ဤရောထွေးယှက်သန်းလျက်ရှိသော ကမ္ဘာ့ပြဿနာကြီး၏ အစိတ်အပိုင်းများသာ ဖြစ်သည့်အားလျော်စွာ ခေတ် ကာလနှင့် လိုက်၍ အစဉ်တစိုက် သဘောဏ္ဍာန် ပြောင်းလဲလျက် ရှိကြပေသည်။ သို့ပြောင်းလဲလျက်ရှိသော ကြောင့် ကျွန်ုပ်တို့သည် ဤအရေး ဤကိစ္စများကို အသီးသီး အသက တခုနှင့်တခု မဆိုင်ဘိသကဲ့သို့ စဉ်းစားခြင်း ငှာမဖြစ်နိုင်တော့ချေ။ ဤအရေး ဤကိစ္စဥဿုံ အလုံးစုံကို ဆင်ခြင်စဉ်းစားသောအခါ၌လည်း ကျွန်ုပ်တို့သည် ခေတ်မမှီသော အတွေးအဆ ခေတ်နောက်ကျ ကျန်ရစ်ခဲ့သော ဥပဒေသတို့ကို လှေနံဓားထစ် လိုက်နာခြင်းငှာ မဖြစ်နိုင်တော့ချေ။ ကျွန်ုပ်တို့နိုင်ငံတွင် ယခုအချိန်အခါ၌ ခေတ်ပြောင်းခေတ်လွဲရှိကြောင်း အငြင်းမထွက်ဘဲလျက် သဲသဲမဲမဲ ရှေးကအတွေးအဆ ရှိသသူများ ရှိကြပေသေး၏။ အချို့ သောသူများသည် ယခုထက်ထိပင် ယုတ်မာ ညစ်ထေး ရှေးကနိုင်ငံရေးမျိုးကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲလျက်နှင့်ဖြစ်စေ၊ လိုက်စားလျက် ရှိကြသေး၏။

နိုင်ငံရေးမည်သည် ယုတ်မာ ညစ်ထေးသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာညစ်ထေး သည် မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်ပေ၏။ နိုင်ငံရေး ဆိုတာ ဘာလဲ ဟု မေးဘွယ်ရာ ရှိပြန်၏။ ကျွန်ုပ်တို့သည် သာမန်ပုထုဇဉ်များဖြစ်သောကြောင့် နိုင်ငံရေးကိုမလုပ်သင့်၊ နိုင်ငံရေးကိုမလုပ်သင့်၊ နိုင်ငံရေးသည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့်မတန်မရာ၊ လေးမြတ်စွာ မျှော် ရှုရန်သာလျှင်ရှိသည်ဟူ၍ ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးဆိုသည်မှာ အချို့ သော လူညာလူလိမ်တို့ က တောအုံကနား ကျေးတောသား လူရိုးလူအတို့ကို အတိတ်၊ တပေါင်၊ စနည်း၊ ဘဝေါတို့ကို တွင်တွင်ကြီး ဟော ပြော၍ ထိုသူတို့၏ မနောအကြိုက်ကို လိုက်၍ အငိုက်ကို ဖမ်းပြီးနောက် စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည် လော။ သို့တည်းမဟုတ်၊ နိုင်ငံရေးသည် ကန္တာရ ခရီးပမာ ကြောက်မက်ဖွယ်သော အန္တရာယ်များစွာ ရှိသောအ ရေးကိစ္စ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမ ဟုတ်၊ နိုင်ငံရေးသည် ကျွန်ုပ်ပြောလေ့ပြောထရှိသည့်အတိုင်း၊ အမျိုး - ဘာသာ - သာသနာရေးဟူ၍ပင် ဆိုရဦးမည်လော။

နိုင်ငံရေးသဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်းမဟုတ်၊ နိမ့်ကျလွန်း သည်မဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရပ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရ ခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့် လုပ်သော အရေးကိစ္စလည်းမဟုတ်၊ ကျွန်ုပ် တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အ ရေးကိစ္စသာလျှင် ဖြစ်ပေ၏။ အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေး ဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေ မည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင် ငံရေးကို မဆင်မခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွနု်ပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ် ပေါက်လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သ မားသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ၀မ်းစာအတွက် လယ်ယာလုပ်ရ၏။ စားရေးစာချီ အမှုထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်၊ ပွဲစား စသည်တို့သည် အသီး သီး ၀င်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေးအတွက်ပင်ဖြစ်၏။ အလုပ်သမားသည်အခကြေး ငွေကို တိုးတက်၍ ရပြီးလျှင်စားသာသောက်သာသောအခြေအနေကိုရလို၏။ တောင်သူ လယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏။ စားရေး စာချီ အမှုထမ်းတို့သည်လည်း ရုံး၌ တ ကုတ်ကုတ် လုပ်နေရသော ဘ၀ထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည် ရှိသောအခြေအနေသို့ ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူတိုးချဲ့ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်း လူတိုင်း မိမိတို့၏အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။

ကျွနုပ်တို့နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှုသည် ပြောင်းလဲလျက် ရှိသည့်အား လျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက်ရှိ၏။ ကျွန်ုပ်တို့အားလုံး သက်သက်သာသာချောင် ချောင်ချိချိ လူတန်းစေ့အောင်နေနိုင်ရန်အတွက် အခွင့်အရေးများပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေး ကို တောင့်တကြပေသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေး လွတ်လပ်မှု၊ လူတဦးတယောက် အနေနှင့်၎င်း ၊ တမျိုးလုံးအနေနှင့်၎င်း တိုးတက်ရေးကြီးပွားရေးအောင် စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဥာဏ၊ စိတ္တ အဆင့်အတန်း တိုးမြှင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေ သည်။ ဤလွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ သို့ဖြစ်ရကား နိုင်ငံရေးသည် လူမှု လူရေးမျှသာ ဖြစ်၏။ နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်စရာအကြောင်း မရှိချေ။ သို့ပါလျက်နှင့် အချို့ သော သူများသည် နိုင်ငံ ရေးသည် ကိုးကွယ်ရာ ဘာသာတရားပင် ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ထိုသူတို့၏ အယူအဆတို့မှာ အလွဲလွဲအမှား မှား ကွဲကွဲပြားပြား ရှိကြပေ၏။

နိုင်ငံရေးကို ဘာသာတရား ဖြစ်သကဲ့သို့ပြောဆိုကြသော သူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများ ပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လည်ဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကိုရှုတ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ် ခြင်းမျှသာ ဖြစ်ပေ၏။ အမှန်မှာ ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်။ မိမိတို့အကောက်ဥာဏ်ကို သုံး၍ မိမိ တို့ မိမိတို့ကြီးပွားရေး တနပ်စား နိုင်ငံရေးပင် ဖြစ်ပေ၏။ ကိုးကွယ်သည့်ဘာသာရေးမှာ လူအသီးသီးတို့၏ သက်ဝင် ယုံကြည်မှုဖြစ်၏။ နိုင်ငံရေးမှာကား၊ လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတတ်သာလျှင် ဖြစ် ၏။ သိပ္ပံအတတ်သာလျှင် ဖြစ်၏။ သိပ္ပံအတတ် အနေအားဖြင့် နိုင်ငံရေးသည် လူအသီးသီးတို့၏ အခွင့်အရေးကို စောင့်ရှောက်ရပေလိမ့်မည်။

အခွင့်အရေးများတွင် လွတ်လပ်စွာ ဘာသာ ကိုးကွယ်နိုင်မှုလည်း ပါဝင်လေ၏။ ဤအခွင့်အရေး ပေးရာ၌ပင် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့် ကိုးကွယ်သည့် ဘာသာရေး နှစ်ဌာနစပ်ကြားတွင် စည်းတားရပေလိမ့်မည်။ အဘယ် ကြောင့် ဆိုသော် နိုင်ငံရေးနှင့် ဘာသာရေးမှာ သဘောမတူ အမူကွဲပြား တခြားစီ ဖြစ်သောကြောင့်တည်း။ ဘာသာရေးနှင့် သဘောရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏။ အကြောင်းမူကား၊ ဘာသာရေးသည် နောင်တမလွန်ဘ၀များကို (၀ါ)လောကုတ္တရာကို ရှေ့  ရှုသည်ဖြစ်သော ကြောင့် လောကအရေးနှင့်များစွာ မသက်ဆိုင်ချေ။ နိုင်ငံရေးမှာမူကား လောကီရေးရာသာ ဖြစ်ပေ၏။

လုပ်ငန်းသဘောမှာ လူမှုတိုးတက်ရေးနှင့်ဘာသာရေးတို့သည် အခြေသဘောအားဖြင့် ဆန့်ကျင်စရာ အကြောင်း မရှိ ဟု ယူဆမိပေသည်။ ဘာသာတရားက သစ္စာ၊ မေတ္တာနှင့် သမ္မာအာဇီဝ၊ သမ္မာကမ္မ န္တ စသည်တို့ကို ဓမ္မအနေ နှင့် ဟောကြားခဲ့ရာ လူမှုတွင်လည်း ဤဓမ္မတို့ကို လေးစားကြပေသည်။ သို့ပါလျက်လည်း ဘာသာတရား၏နာမ ကို အလွဲသုံးစားပြုကြပြီးလျှင် လူတဦးသည် တဦး၏ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို အကြောင်းပြု၍ မတရား သော အမှုတို့ကိုပြုသည်ရှိသော် ပတ်ဝန်းကျင်ရှိ လူစုသည် ထိုမတရားမှုကို လျစ်လျူရှုခြင်း ဘယ်နည်းနှင့်မျှ၊ ပြု နိုင်မည်မဟုတ်ပေ။ အကယ်၍ ဘာသာကို အမှီပြု၍ အသက်မွေးသူတို့သည် ဘာသာ၏အမည်ကို သုံးလျက် တရားဓမ္မဖြစ်လေဟန် ဟောပြောချက်တခုကို ပြုလျှင် လူအများကိုနစ်နာစေမည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ သည် လူ့ချမ်းသာကို လိုလားသည့်အားလျော်စွာ တားမြစ်ရပေလိမ့်မည်။ ဤဥပဒေသသည် ကျွန်ုပ်ကထွင်လိုက် သော ဥပဒေသ မဟုတ်ချေ။ ကျွန်ုပ်တို့၏ ရာဇ၀င်တွင် အလွန်ကျော်ကြားထင်ရှားသော အနော်ရထာ ဘုရင်မင်း မြတ်သည် ဤဥပဒေသကို ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ခဲ့ဘူးလေသည်။ ရာဇ၀င်ကို ကြည့်မူ ဘာ သာတရားကိုမှီ၍ အသက်မွေးကြသော သူများကို ခွဲခြား၍ သိနိုင်ကြပေလိမ့်မည်။

ဘာသာတရားသည် ကျွန်ုပ်တို့ လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။ ဘာသာတရားကိုမှီ၍ အသက်မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကိုအားပေးခြင်း မရှိသည်ကို တွေ့မြင်ကြရပေလိမ့်မည်။ သို့သော်လည်း အသီးသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြ ကုန်သော သူများ ရှိခဲ့ဘူးလေပြီ။ ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ်အရေးတွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာ ကိုင်သူတို့က ရှေ့ သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့ကနောက်မှလိုက်ရပုံ အကြောင်းစုံတို့ ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌မဆို ဘာသာတရားကိုမှီ၍ အသက်မွေးကြသူများ ရှိခဲ့ဘူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။

ယခုဘာသာတရားကိုမှီ၍ အသက်မွေးသူများဟုဆိုရာ၌ ရှင်းလင်းရန် လိုပေသေး၏။ ဘုန်းကြီးပင် ခေါ်ခေါ် - ရ ဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တမျိုးမှာ ဘာသာတရားကိုမှီ၍ အသက်မွေးသူများသာ ဖြစ်၍ ဘာသာတရား ပြန့်ပွားမှုကို သတိပြုခြင်းအားထုတ်ခြင်း မရှိချေ။ ဘာသာတရား နှင့် ဆန့်ကျင်သော အမှုမျိုးကိုပင်ပြုကြ၏။ တမျိုး မှာကား ဘာသာတရား တိုးတက်ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ ရှုခြင်း မရှိချေ။ ကျွန်ုပ် တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇ၀င်တလျှောက်လုံး ကျွန်ုပ်တို့ လူမျိုး၏ ရှေ့ ကမားမား မတ်မတ်ရပ်လျက် မြင့်မြတ်သော အမှုမျိုးကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များ၌ သံဃာတော် အရှင်မြတ်များ သည် ကျွန်ုပ်တို့ တမျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော် အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိကြသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။ အချုပ်မှာ သံဃာတော် အရှင်မြတ်များ၏စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓါတ်မြင့်မြတ်မှု အသွင်အပြင်ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအ ကြောင်းများကြောင့် ကျွန်ုပ်တို့၏သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူး၊ ဥပကာရ များကို ခံတော်မူထိုက်ကြပါပေ၏။ ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုး ကွယ်ကြသည်ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍ လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်ခဲ့နိုင်ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင် သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည်ဟူ၍ ယူဆရပေမည်။

သို့ဖြစ်သောကြောင့် ယခု သံဃာတော် အရှင်မြတ်များအား သီးခြား၍လျှောက်ထားလိုပါသည်ဘုရား။ အရှင်သူ မြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည်ဘုရား။ အရှင်သူမြတ်များဘုရား။ အရှင်ဘုရားတို့သည် အလွန် ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော် ရောင်ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအစ်ကို - မောင်ရင်းနှစ်မကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တကမ္ဘာလုံး ကိုး ကွယ်ဆည်းကပ်သည်ကိုလည်း မြင်ချင်ပါသည်။ တပည့်တော်တို့ နိုင်ငံတွင်သာမက တကမ္ဘာလုံးမှာပင် မေတ္တာ တရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတမျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒရှည်လျားစွာ ရှိခိုးပူဇော်ကြပါ လိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာ ကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ။ တပည့်တော်တို့ ၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့် တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ ညီညွတ်ရေးတရားများကို ဟောတော်မူကြ ပါ။ မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ၊ ဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတ ရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအလူန ဘ၀မှ လွတ် မြောက်မှု စသည်တို့ ဖြစ်ပါသည်။ အရှင်သူမြတ်တို့သည် သုံးလူ့ထွဋ္ဋ်မြတ်စွာဘုရား၊ သြ၀ါဒ ပေးတော်မူခဲ့သည့်အ တိုင်း “အပ္ပမာဒေန သမ္ပာဒေထ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဘို့တပည့်တော်တို့ ဗမာလူမျိုးတမျိုး လုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုး သည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင် မြတ်များ၌ ဤကဲ့သို့သော မွန်မြတ်သည့်တာဝန်ဝတ္တရားများရှိပါသည်။ ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက် တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည် ဆောင်ရွက်ဘို့ တာဝန်ကျေပြွန်မည် မကျေပြွန်မည်ဟူသော ပြဿနာမှာ အရှင်သူမြတ်များသာ ဖြေရှင်းနိုင်ကြပေလိမ့်မည်။

အရှင်သူမြတ်များကို လျှောက်ထားပြီး၍ ကျွန်ုပ်သည် နိုင်ငံရေးကို ဆက်၍ပြောရပေဦးမည်။ နိုင်ငံရေးကို ပြော၍ မ ဆုံးသေးချေ။ စင်စစ်မှာ နိုင်ငံရေးတို့ မည်သည် ပြီးဆုံးခြင်း ရောက်ပြီဟူ၍ မရှိနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သံသရာ၌လည်နေရပေ၍ ပဋိစ္စသမုပ္ပါဒ် တရားတော်မြတ်အတိုင်း အကြောင်းနှင့် အကျိုး၊ အတိတ်နှင့် ပစ္စုပ္ပန်နှင့် အနာဂတ်ဆက်စပ်၍ မရပ်မနား ရှည်လျားလှသော ခရီးကို တသွားတည်းသွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရား - အကျိုးတရား အမျိုးအစားကို လိုက်၍ ဖြစ်ပျက်နေခြင်းသည် ပင်လျှင်နိုင်ငံရေးဖြစ်၏။ ဥပမာ အားဖြင့် ကမ္ဘာပေါ်တွင် စစ်ဖြစ်ပွားသည်မှာ အကြိမ်ပေါင်းများလေပြီ။ စစ်သည် ဘာကြောင့်ဖြစ်ရသည်၊ စစ်ဖြစ် သော အကြောင်းကြောင့် ဘယ်ကဲ့သို့သော အကျိုးတရားများ ရှိသည်ကို ကျွန်ုပ်တို့ ဝေဘန်ကြပါစို့။ ကျွန်ုပ်တို့ သည် မကြာမီက ဒုတိယ ကမ္ဘာစစ်ကြီးမှ လွန်မြောက်လာခဲ့ကြပေပြီ။ ကျွန်ုပ်တို့ နိုင်ငံတွင် ကြီးကျယ်စွာ သတ္ထန္တရ ကပ်ဆိုက်ရောက်ခဲ့ပေပြီ။ အကြောင်းတရားကား၊ အဘယ်နည်း။ ဖက်ဆစ်ဝါဒသည် အကြောင်းတရားဖြစ်၏။

ဖက်ဆစ်ဝါဒ ဆိုတာဘာလဲဟု မေးစရာရှိ၏။ ဖက်ဆစ်ဝါဒသည် လွန်ခဲ့သော ၂၅ နှစ်လောက်က အီတလီနိုင်ငံ တွင် စတင်မွေးဖွားပြီးလျှင် နောက်ဂျာမနီနိုင်ငံတွင် ကြီးပြင်း၍ လာခဲ့ပေသည်။ ဤ၀ါဒသည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့၍ ဂျပန်ပြည်၌လည်း အစေ့အညှာက်မှ အပင်ကြီး ပေါက်ခဲ့လေပြီ။ ကျွန်ုပ်တို့ နိုင်ငံသို့ပင်ဆက်လက်၍ ရောက်ပြန်ခဲ့လေသည်။ ဤ၀ါဒသည် ကမ္ဘာအရပ်ရပ်သို့ပြန့်နှံ့၍ ဂျပန်ပြည်၌လည်း အစေ့အညှောက်မှ အပင်ကြီး ပေါက်ခဲ့လေပြီ။ ကျွန်ုပ်နိုင်ငံသို့ပင် ဆက်လက်၍ ရောက်ပြန်ခဲ့လေသည်။ ဤဖက်ဆစ်ဝါဒဆိုသည်မှာ အရင်းရှင်ဝါ ဒ အဆိုးသွမ်းဆုံးသော ဘ၀သို့ ရောက်ခြင်းပင် ဖြစ်၏။ အရင်းရှင်ဝါဒဆိုသည်မှာ ငွေပင်ငွေရင်း အမြောက်အမြား စိုက်ထုတ်နိုင်သောသူတို့သည် ကမ္ဘာပေါ်တွင် ကြီးနိုင်ငယ်ညှဉ်းဆဲလိုသည့်ယုတ်မာ ညစ်ဆိုး အသားစား၊ ဘီလူး သဘောမျိုးနှင့် နယ်ချဲ့ ၍ နှိပ်စက်ကလူ ရန်မူသော တကိုယ်ကောင်းအယူဝါဒကို ယူသူများ၏၀ါဒ ဖြစ်ပေသည်။ အဘယ်ကြောင့် ဤကဲ့သို့ယုတ်မာ ညစ်ဆိုးဝါဒမျိုးသည် ကျွန်ုပ်တို့ လူလောကတွင် ပေါ်ပေါက်၍လာရပေသနည်း ဟုမေးဘွယ်ရာရှိ၏။ အဖြေမှာကားအရင်းရှင်တို့ ၀ိသမလောဘ လှုံ့ ဆော်မှုကြောင့် စီမံဖန်တီးသော အဓမ္မမတ ရားမှုများကြောင့်ဟု ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကတွင် ကမ္ဘာသူကမ္ဘာသားတို့ သက်သာချောင်ချိ လွတ်လပ်စွာ နေထိုင်စားသောက်နိုင်အောင် ပစ္စည်းဥစ္စာ ရတနာအမျိုးမျိုးရှိပါလျက်နှင့် ဝေနေ ယျတို့၏ ချမ်းသာသုခကို မထောက်မထား စီးပွားလာဘ်လာဘတို့ကို မိမိတို့ချည်းသာ အဓမ္မကြုံယူလိုကြသောကြောင့် ဆူကြုံနိမ့်မြင့် အတန်အသင့်မဟုတ်ဘဲ မိုးနှင့် မြေထဲ ခြားနားကွဲလွဲလျက် ရှိပေသည်။ နောက်ဆုံး၌မှောက် ပြန်ဂျွမ်းထိုး အမျိုးမျိုးသော ပြဿနာများ ပေါ်ပေါက်လာပြီးလျှင်မရှူနိုင် မရှိုက်နိုင် ဟိုက်ယိုင်၍ ပြိုလဲလေတော့၏။ ဤအဓမ္မ ၀ါဒကြောင့်ကမ္ဘာပေါ်တွင် လူတဦးနှင့်တဦး၊ လူမျိုးတစုနှင့် တစု၊ နိုင်ငံတဦးနှင့်တဦး မေတ္တာဓါတ်မကူးနိုင်ဘဲ လောဘ၊ ဒေါသ၊ မောဟတရားတို့ကိုသာ ပွားများ၍လာခဲ့ကြလေသည်။

ဤ၀ါဒဆိုးကြောင့် တဖက်က ကြည့်ပြန်လျှင် လောကဓါတ်ပညာတိုးတက်လာခဲ့၏။ လောကဓါတ်ပညာ တိုးတက် လာလေ ဤယုတ်မာသောဝါဒကို လက်ကိုင်ထားသူတို့ အလွဲသုံးစားပြု၍ ယုတ်မာလာလေလေဖြစ်သည်ကို တွေ့ ရှိရပေ၏။ အရင်းရှင်ဝါဒီသမားတို့သည် တဦးနှင့်တဦး၊ တစုနှင့်တစု၊ တမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ၊ တုပယှဉ် ပြိုင်သောကြောင့် တဏှာ၊ မာန၊ ဒိဋ္ဌိ၊ ပပဉ္စတရားသုံးပါး တွင်တွင်ကြီး နယ်ချဲ့ လေတော့၏။ နောက်ဆုံး၌ အရင်းရှင် နှင့်အလုပ်သမား နယ်ချဲ့ နိုင်ငံများနှင့်လက်အောက်ခံနိုင်ငံများ အရင်းရှင်အချင်းချင်း၊ နယ်ချဲ့သမား အချင်းချင်းရန် သူခပင်းတိုးပွား၍ ကမ္ဘာတခုလုံး ကိုးယိုးကားယား ကမောက်ကမဖြစ်လာလေတော့၏။

ဤသို့သော အကြောင်းတရားကြောင့် ကျွန်ုပ်တို့ ကမ္ဘာပေါ်တွင်ဤခေတ်ဆိုးကြီး၌ မကြာခဏ လှုပ်လှုပ်ရှားရှား စစ်မက်များပွားများလျက်ရှိနေရပေ၏။ ဤအရင်းရှင်ဝါဒ ကမ္ဘာပေါ်၌ ပြန့်နှံ့နေသရွေ့ ကာလပတ်လုံး၊ တနည်းအား ဖြင့် ဆိုသော် ဤအရင်းရှင်ဝါဒ ပပျောက်ပြီးလျှင် ဗြဟ္မစိုရ်တရားကို အခြေပြုသော “ဆိုရှယ်လစ်ဇင်း” ခေါ် လူအ များကောင်းစားရေးဝါဒ လူထုကောင်းစားရေးဝါဒ မပြန့်ပွားမစည်ကားသရွေ့ ကာလပတ်လုံး၊ ကျွန်ုပ်တို့ ကမ္ဘာမြေ တွင် အထွေထွေသော ကပ်ကြီးများ ဆိုက်ရောက်လျက်ပင် ရှိကြပေလိမ့်ဦးမည်။ အရင်းရှင် ၀ါဒီတို့သည် မိမိတို့ တကိုယ်ကောင်းအတွက် တိုးတက်၍ အမြတ်များများ နည်းအမျိုးမျိုး ပရိယာယ်အသွယ်သွယ်တို့နှင့် ရယူဖို့ကိုသာ ရှေ့ ရှု လုံးပမ်းနေကြရကား အများကောင်းစားရေး၊ ကမ္ဘာ့ကောင်းစားရေးကို မလိုလားနိုင်ကြချေ။ ထို့အတွက် မိမိတို့ဝါဒ အဆောက်အဦး ယိုင်လဲပြိုပျက်လျက် ရှိသည်ကို ဥာဏ်နီဥာဏ်နက်တို့ဖြင့် ကျားကန်လျက် ရှိနေကြပေပြီ။ ဤသို့ စိုင်းပြင်းမှုကို ကျွန်ုပ်တို့က နယ်ချဲ့ဝါဒဟူ၍၎င်း၊ ဖက်ဆစ်ဝါဒဟူ၍၎င်း အမည်နှစ်မျိုးဖြင့် ခေါ်ရိုးရှိကြပေသည်။

သို့စဉ်လျက် ဤဒုတိယကမ္ဘာစစ်ကြီးတွင် အဘယ်ကြောင့် နယ်ချဲ့ ဝါဒီတို့နှင့် ဖက်ဆစ်ဝါဒီတို့သည် ရင်ဆိုင်၍ ယှဉ် ပြိုင်တိုက်ခိုက် ကြပါသနည်း ဟု မေးဘွယ်ရာရှိပေ၏။ ဤသို့ အချင်းချင်း စစ်မက်ဖြစ်ပွားခြင်းပင်လျှင် အရင်းရှင် ၀ါဒ သဘောအတိုင်းပင်ဖြစ်ပေ၏။ လွန်ခဲ့သောနှစ် အနည်းငယ်အတွင်းက အဖြစ်အပျက်ကို စစ်တွက်ရမည်ဆို လျှင်သော် ပဌမကမ္ဘာစစ်ကြီး ပြီးသည့်နောက် အင်္ဂလိပ် ပြင်သစ်စသော နယ်ချဲ့နိုင်ငံတို့သည် ဖက်ဆစ်ဝါဒကို မြှောက်ကော်ပင့်ထိုး အမျိုးမျိုး အားပေးခဲ့ကြပေသည်။ ထို့ကြောင့်လည်း အီတလီနိုင်ငံသည် အဘီဆီနီးယား တိုင်း ပြည်ကို သွားရောက် ကျူးကျော်သိမ်းပိုက်နိုင်ခဲ့၏။ ဂျပန်ပြည်သည် တရုတ်ပြည်ရှိမန်ချူးရီးယားနယ်ကို နှိပ်စက်က လူ တိုက်ခိုက်သိမ်းယူနိုင်ခဲ့၏။ ထို့ပြင် ဖက်ဆစ်ဝါဒသည် စပိန်ပြည်၊ ဂျာမနီပြည် အစရှိသော ဥရောပနိုင်ငံများ တွင် ပေါ်ပေါက်ပြန်ပြီးလျှင် ကမ္ဘာတခုလုံးသို့ ပြန့်နှံ့လေတော့၏။ နောက်ဆုံး၌ ကိုယ်မွေးသည့်မျောက် ကိုယ့်ကို ချောက်၊ သရဲမွေးသည့်အောက်လမ်းဆရာ သရဲ၏အစာ ဖြစ်ရပြန်သကဲ့သို့ နယ်ချဲ့နိုင်ငံများသည် ဖက်ဆစ်နိုင်ငံ များ၏ အံတုခြင်း ရန်ပြုခြင်းကို ခံရလေတော့၏။ ဤသို့ မလွှဲသာ၍ အချင်းချင်း ရန်ပြုရသော်လည်း၊ ဆိုဗီယက်ရုရှား၊ တရုပ်ပြည် အစရှိသော အများကောင်းစားရေး ဒီမိုကရက်လုပ်ငန်း ကြီးပွားတိုးတက်လျက်ရှိ သော နိုင်ငံများ၏အကူအညီကို မယူဝံ့ဘဲ တိုက်ခိုက်ကြရာ သရဲနှင့်လူ အားချင်းမတူသကဲ့သို့ တရှုံးရှုံး၊ တကွဲကွဲ၊ တဘုံးဘုံး၊ တလဲလဲ ရှိကြသောကြောင့် ဥရောပတိုက်၊ အာရှတိုက်တလွှားတွင် ဖက်ဆစ်ဝါဒီများသာလျှင် အနိုင်ရ ကြလေတော့၏။

ကျွန်ုပ်တို့နိုင်ငံအတွက်ဆိုရမူ ဗြိတိသျှနယ်ချဲ့သမားတို့သည် ကျွန်ုပ်တို့လူမျိုး၏ ဆန္ဒကို မထောက်မထား ကျွန်ုပ်တို့၏ နိုင်ငံကိုလည်း ကာကွယ်နိုင်အား မရှိဘဲလျက် ကျွန်ုပ်တို့၏ နိုင်ငံကိုလည်း ကာကွယ်နိုင်အား မရှိဘဲ လျက် ဖက်ဆစ်ဂျပန်ကို ရန်ပြုလေတော့၏။ စစ်ကြေငြာစဉ်အခါက ဗြိတိသျှနယ်ချဲ့ ဝါဒသမားတို့သည် ကျွန်ုပ်တို့ လူမျိုးကို မိမိတို့နှင့် ပူးပေါင်းတိုက်ခိုက်လိုသော ဆန္ဒရှိလာအောင်လည်း မပြုလုပ်ခဲ့ကြချေ။ ထိုစဉ်အခါက ဗြိတိသျှ နယ်ချဲ့ဝါဒသမားတို့သည် အတ္တလန်တိတ်ချာတာ စာချုပ်တွင် ပါရှိသော စစ်ရည်ရွယ်ချက်များ၊ ငြိမ်းချမ်းရေး ရည် ရွယ်ချက်များတို့သည် ဗြိတိသျှလက်အောက်ခံနိုင်ငံ အိန္ဒိယပြည်၊ ဗမာပြည်တို့နှင့် မသက်ဆိုင်ချေဟူ၍ အတိအ လင်း ငြင်းဆိုခဲ့ကြပေသည်။ ဗြိတိသျှနယ်ချဲ့သမားတို့သည် စစ်တိုက်ရာတွင် လုံးဝ ဆုံးရှုံးခြင်းတမျှသော ဘ၀သို့ ရောက်ခဲ့ကြရလေသည်။ သို့သော်လည်း နောက်ဆုံး၌ မိမိတို့၏ စေတနာကို ဆန့်ကျင်၍ ဆိုဗီယက် ရုရှားနှင့် မ ဟာမိတ်ပြုရလေတော့၏။ ဂျပန်ဖက်ဆစ်တို့ကို အနှစ်နှစ် အလလ တဦးဆန့်ကျင်ခုခံ တိုက်ခိုက်လျက်ရှိသော တရုပ်ပြည်နှင့်လည်း ပူးပေါင်း ဆောင်ရွက်ရပေတော့၏။ ကမ္ဘာပေါ်တွင် ဖက်ဆစ်ဝါဒီတို့၏ လွှမ်းမိုးခြင်း၊ ခြိမ်းခြောက်ခြင်းကို ခံကြရကုန်သော နိုင်ငံအသီးသီးရှိ လူထုကြီးများ၏ အင်အားကိုလည်း စုရုံးကြရလေတော့၏။ ဤသို့အားဖြင့် နယ်ချဲ့ဝါဒီ နိုင်ငံကြီးများသည် ကမ္ဘာပေါ်ရှိ ဒီမိုကရက်လူထုအင်အားကို ကြည်ညိုမှုမရှိဘဲလျက် အားကိုးအားထား မဟာမိတ် ပြုကြလေတော့၏။ သို့လူထု၏ အကူအညီကို ယူကြရာတွင် ကျေးဇူးတင်သော အ နေအားဖြင့် အခွင့်အရေး တန်ခိုးအာဏာများ ပိုမို ပေးကြရပြန်၏။ ဤနေရာ၌ အခွင့်အရေးပေးသည်ကို ဗာရာဏ သီချဲ့ ၍ ပြောရန်မလိုချေ။

မှတ်သားရမည့်အချက်မှာ နယ်ချဲ့ ဝါဒသည် ဖက်ဆစ်ဝါဒကို လူထုအင်အားနှင့် ဖြိုဖျက်ခဲ့၏။ ထိုသို့ ဖြိုဖျက်ရာတွင် မိမိလည်း ယိမ်းယိုင်တော့၏။ လူထုများ၏ ဒီမိုကရက်အင်အားမှာကား ကမ္ဘာပေါ်တွင် တနေ့တခြား ဒီရေအလား တိုးတက် ကြီးမားလာပေတော့၏။ လူထုတို့သည် စစ်ကိုသာနိုင်အောင် တိုက်ခိုက်သည်မဟုတ်။ ငြိမ်းချမ်းမှု အကျိုး ကျေးဇူးများကို ခံစားရန် လုံးပမ်းလျက်ရှိကြပေသည်။ ဤသည်ကား ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအချိန်တွင်တွေ့ မြင်ရသော အခြေအနေပင်တည်း။

ဖက်ဆစ်ဝါဒီတို့သည် ဤစစ်ကြီးတွင် ဆုံးရှုံးကြကုန်၏။ သို့သော်လည်း ဖက်ဆစ်ဝါဒသည် အမြစ်တွယ်လျက်ပင် ရှိသေးသောကြောင့် အသက်ရှင်လျက်ပင် ရှိသေး၏။ ဖက်ဆစ်ဝါဒသည် စပိန်ပြည်တွင် ခိုင်မြဲလျက်ပင်ရှိသေး၏။ အခြား အခြားသော နိုင်ငံများတွင်လည်း ဖက်ဆစ်ဝါဒ၏ အရိပ်နိမိတ်များသည် ပေါ်လျက်ပင် ရှိသေး၏။ ဒီမိုကရေ စီစတင်ပေါ်ထွန်းရာ ဗြိတိသျှ နိုင်ငံ၌ပင် ဆာအော်စ၀ယ် - မိုစလီ ခေါင်းဆောင်လျက်ရှိသော ဖက်ဆစ်ဝါဒသမား များ ရှိသေး၏။ အတိုင်းတိုင်း အပြည်ပြည်တွင် စီးပွားရေး လက်ဝါးကြီးအုပ်သော သူများအဖြစ်ဖြင့် လည်းကောင်း၊ မြောက်မြားစွာသော အသားညို အသားမဲလူမျိုးတို့ကို ဖိနှိပ်ချုပ်ချယ်သူများ အဖြစ်ဖြင့်လည်းကောင်း တွေ့ရပြန် လေသည်။ စင်စစ်မှာ ဖက်ဆစ်ဝါဒ၏ ရေသောက်မြစ်များကို လုံးဝမသုတ်သင်နိုင်သရွေ့  ကာလပတ်လုံး (၀ါ) က မ္ဘာပေါ်တွင် အားလုံးသော လူမျိုးတို့သည် လွတ်လပ်စွာ နေထိုင် ပူးပေါင်းဆက်ဆံခြင်းမပြုနိုင်သရွေ့  ကာလပတ် လုံး ငြိမ်းချမ်းရေးကို တည်မြဲအောင် လုပ်ခြင်းငှာစွမ်းဆောင်နိုင်ကြမည် မဟုတ်ချေ။

ယခုအခါ၌ နိုင်ငံပေါင်းစုံ ကုလသမဂ္ဂကို တည်ထောင်ပြီးသည်မှာ မှန်၏။ ၎င်းသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လုပ် ငန်းများမှာလည်း မွန်မြတ်၍ ထောပနာသြဘာပေးထိုက်ပါပေ၏။ ပဌမ ကမ္ဘာစစ်ကြီး ပြီးသည့်နောက်တည် ထောင်ခဲ့သော နိုင်ငံပေါင်းစုံ အသင်းကြီး ဆောင်ရွက်နိုင်သည်ထက် ငြိမ်းချမ်းရေးအတွက်ကို ဆောင်ရွက်နိုင် ဆောင်ရွက်နိုင်အောင် အလွန်အားကိုး အားထားပြုနိုင်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းပြီးလေပြီ၊ ရှေးအခါကနှင့် မတူ ယခုဖွဲ့စည်းပြီး နိုင်ငံပေါင်းစုံကုလသမဂ္ဂတွင် အလွန်အထူး တန်ခိုးအင်အားရှိသော ဆိုဗီယက်ရုရှားနှင့်အမေ ရိကန်ပြည်ထောင်စု နိုင်ငံများသည်လည်း ခေါင်းဆောင်တဦးအနေနှင့် ပါဝင်ဆောင်ရွက်လျက်ရှိ၏။ စီးပွားရေး ဘဏ္ဍာရေးပြန်လည်ထူထောင်ရေးများအတွက်၊ ဘရက်တင်ဝု(ဒ်)ခေါ် ကွန်ဖရင့်အစည်းအဝေးကြီး၌ ထူးကဲစွာစီမံ ပြီး ဖြစ်လေသည်။ ယခုအခါ၌ ဤမျှသာလျှင် ပြုလုပ် ဆောင်ရွက်နိုင်ပေသည်ဟု ကုလသမဂ္ဂလိုလားသူတို့က ပြောကြပေလိမ့်မည်။ ကျွန်ုပ်တို့ မှတ်သားသင့်သည်မှာ ဤနိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် စစ်အောင်မြင်သော နိုင်ငံကြီးများ၏ လက်အောက်ခံ လူမျိုးများအတွက် မည်သို့မျှ မစီမံ မဆောင်ရွက်သေးသောကြောင့် ထိုထိုသော နိုင်ငံငယ်များရှိ လူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေး မျှော်လင့်ချက်သည် ရှေးကကဲ့သို့ပင် မသေမချာ မရေမရာပင် ရှိပေသေး၏။

ဤကဲ့သို့ ဝေဘန်ရာတွင် ကျွန်ုပ်ကို ယုံကြည်မှုနည်းသည်ဟူ၍ မယူဆစေလိုပါ။ ယခင်ကမ္ဘာစစ်ကြီးပြီးစက ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် ပက်သက်၍ ဗြိတိသျှ ရာဇ၀င် ဆရာတဦးက ဤသို့ ထင်မြင်ချက်ပေးဘူးပါ၏။ “နိုင်ငံအသီးသီးတို့၏ ခေါင်းဆောင်တို့သည် အဖြစ်အပျက် ကြီးကျယ်သလောက် အလှမ်းကျယ်အောင် မလိုက်နိုင် ကြချေ။ ထိုသူတို့သည် ငြိမ်းချမ်းရေးကို ထူထောင်ကြ၏။ ငြိမ်းချမ်းရေးမှာကား၊ ငြိမ်းချမ်းရေး အစစ်မဟုတ်ချေ။ အမေရိကန် စေတနာရှင်တို့ပင်လျှင် အပြောအားဖြင့် လူမျိုးအသီးသီးတို့သည် မိမိတို့၏ကံကြမ္မာကို မိမိတို့ ဖန်တီး နိုင်ကြ၏ဟု ဆိုခဲ့သော်လည်း လုပ်ငန်းမှာမူ - ရက်(ဒ) အင်ဒီယင်း လူမျိုးများ၊ အာဖရိက လူမျိုးများနှင့် ပက်သက် သောအခါ ဤ၀ါဒကို ကျူးကျော်သော သူတို့ကို လျစ်လျူရှုခဲ့၏။ အိန္ဒိယနှင့် အီဂျစ်ပြည်တို့တွင် အင်္ဂလိပ်တို့လွှမ်းမိုး ကြီးစိုးလျက်ရှိကြသည်ကို ကြောင်တောင် ကြည့်နေကြ၏။ လူတို့၏ မူလဓလေ့သည် ပပျောက်၍ စိတ်ပျက်ဖွယ်ရာ ၊ မနှစ်မြို့ဘွယ်ရာသော အကြောင်းများသည် ပေါ်ပေါက်လျက် ရှိနေပေပြီ” ဟူ၍ ထင်မြင်ချက် ပေးခဲ့ဘူးလေသည်

သို့ဖြစ်ရကား၊ ယခုအခါ၌ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးလေးသော တာဝန်ဝတ္တရားသည် ဆိုဗီယက် ရုရှား - အမေရိကန် ပြည်ထောင်စုနှင့် တရုပ်ပြည်ကြီးပေါ်တွင် ကျရောက်လျက်ရှိနေပေသည်။ ၎င်းနိုင်ငံကြီးးများသည် နိုင်ငံပေါင်းစုံ ကုလသမဂ္ဂကို တည့်တည့်မတ်မတ် ခေါင်းဆောင်လျက် ကမ္ဘာသူ ကမ္ဘာသားတို့ ယုံကြည်သက်ဝင် အားကိုး အားထားရာဖြစ်သော ငြိမ်းချမ်းရေးကို ဖန်တီးရပေလိမ့်မည်။ ဆိုဗီယက်ရုရှားတွင် လူမျိုးအသီးသီးတို့ သည် အာဇာနည်စိတ်ဓါတ်နှင့် မသွေမဖယ် ရဲရင့်စွာ မိမိတို့နိုင်ငံတွင်းတွင် လူထုကောင်းစားရေး ဆိုရှယ်လစ်ဇင်း ခေါ် ၀ါဒအတိုင်း မဆုတ်မနစ်သော လုံ့လဥဿဟနှင့် လုံးပမ်းကြသည်သာမက၊ ဒုတိယ ကမ္ဘာစစ်တွင် ဖက်ဆစ်ရန်သူတို့ကို ညီညာဖြဖြ ၀ိုင်းဝန်း၍ ခုခံဖျက်ဆီးကြသည်များကို စဉ်းစားမိသောအခါ ကျွန်ုပ်တို့သည် အား မတက်ဘဲမနေနိုင်တော့ချေ။ ဆိုဗီယက်ရုရှားကို ကျွန်ုပ်တို့သည် ကြည်ညိုမိ၏။ အားထားမိ၏။ မြှော်ကိုးမိ၏။ လက် အောက်ခံနိုင်ငံများ၏ လွတ်လပ်ရေးအတွက် အရပ်ရပ်၌ အထူးသဖြင့် ဆန်ဖရန်စစ်စကိုကွန်ဖရင့်၌ ဆောင်ရွက် မှုများအတွက် ဆိုဗီယက်ရုရှားကို ကိုးစားရာဟု ထင်မှတ်မိ၏။ ဆိုဗီယက်ရုရှားအတွင်း၌ မည်ကဲ့သို့ လူ၏ချမ်းသာ သုခကို မည်ကဲ့သို့ စီမံဖန်တီးလျက်ရှိသည်များကို အမှတ်ရသောအခါ အံ့သြမိ၏။ ထိုနည်းတူစွာ နိုင်ငံကြီးငယ်တို့ ၏ လွတ်လပ်မှုအတွက် ရှေ့ တန်းက မားမားမတ်မတ်ရပ်လျက် ပြောဆိုဆောင်ရွက်နေသော အမေရိကန် တိုင်း ပြည်၏ စေတနာကြောင့် အားတက်မိ၏။ သမ္မတ ရုစဘဲ့၏ အတ္တလန်တိတ် ချာတာ ဝေဖန်မှု သမ္မတထရူးမင်း၏ နိုင်ငံခြားဝါဒ ၁၂ချက်တို့ကို ဆင်ခြင်မိ၍ မြှော်ကိုးရာဟုထင်မိ၏။ ပဌမကမ္ဘာစစ်ကြီး ၊ဒုတိယ ကမ္ဘာစစ်ကြီးကို ထားဘိဦး ၊ အဆက်ဆက်သော အမေရိကန် သမ္မတကြီးများ၏ ပြောဆိုပြုချက်များကို ထောက်သော် ကမ္ဘာလွတ်လပ်မှုအတွက် ခေါင်းဆောင် ဒီမိုကရက် နိုင်ငံကြီးဟူ၍ ယူဆမိ၏။ ကျွန်ုပ်တို့နိုင်ငံတွင် ဒီမိုကရေစီ ဆိုသည်မှာပြည်သူတို့ ကိုယ်တိုင် ပြည်သူတို့အကျိုးအတွက် အုပ်ချုပ်သောအစိုးရဟု သမ္မတလင်ကွန် ပြောဆိုချက်ကို မကြာခဏ ပြောဆိုခံကြရဖူး၏ ကျွန်ုပ်တို့ အိမ်နီးပါးချင်း တရုတ်ပြည်ကြီး၏ ကြီးမားသောတန်ခိုး အင်အားကို ကြည့်ပြီးလျှင် ဂုဏ်ယူမိ၏။ မိမိ၏ရန်သူကို မဆုတ်မနစ်သော စိတ်ဓါတ်ဖြင့် နှစ်ပေါင်းများစွာ တဦးတည်း နိမ်နှင်း၍ အောင်မြင်မှုကို ယူသည့်အတွက် တရုတ်ပြည်ကြီးကို ကျွန်ုပ်တို့ ချီးမွမ်းထောမနာ ဩဘာ ပေးရမည်။ ဥပမာမှာ တရုတ်ပြည်၏ အောင်မြင်မှုသည် အာရှတိုက်၏လွတ်လပ်မှုသာမက ကမ္ဘာ၏လွတ်လပ်မှု အတွက် တိုက်ခိုက်အောင်မြင်မှုဟူ၍ ယူဆရပေမည်။ တရုတ်ပြည်ကြီးတွင် ယခုအခါ၌ ညီညွတ်ရေးလမ်းတွင် ဖြောက့်တန်း တည့်မတ်စွာ သွားနေကြပြီး ဟူသော သတင်းကို ကြားသိရ၍ ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ရပေ သည်။

သို့အတွက် ဤမည်သော နိုင်ငံကြီး သုံးနိုင်ငံသည် တဦးနှင့်တဦး ငြူစူခြင်းမရှိပဲ အတူတူပေါင်းသင်းဆက်ဆံ၍ ကမ္ဘာပေါ်တွင် မတရားမှုတို့ကို ပပျောပ်စေပြီးလျှင် အလင်းရောင်ပေး၍ လွတ်လပ်မှုခံစားနိုင်သောခေတ်သစ်ကြီး ထူထောင်နိုင်ကြပါစေဟူ၍ မျှော်လင့်အားထားရပေမည်။ ဤနိုင်ငံကြီး သုံးနိုင်ငံသည် နိုင်ငံပေါင်းစုံ ကုလသမဂ္ဂကို ကမ္ဘာ၏ ငြိမ်းချမ်းမှု၊ ကမ္ဘာ၏ လွတ်လပ်မှုပေါ်ပေါက်တည်မြဲစေအောင် ခေါင်းဆောင်၍ ဤကုလသမဂ္ဂသို့ နိုင်ငံအသီးသီး ၊ လူမျိုးအသီးသီးတို့၏ ခေါင်းဆောင်အစစ်များကို ဖိတ်ကြားသင့်ကြပေသည်။ စကားအလျဉ်းသင့်၍ ပြောလိုသည်မှာ အရှေ့ဖျား ကော်မီရှင်အဖွဲ့၌ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ ကိုယ်စာလှယ်များကို ဗြိတိသျှ အစိုးရက ရွေးချယ်ခန့်ထားခြင်းကို ကျွန်ုပ်တို့ ကန့်ကွက်ရပေမည်။ နိုင်ငံပေါင်းစုံ ကုလသမဂ္ဂသို့ ကျွန်ုပ်တို့၏ နိုင်ငံခေါင်းဆောင် ကိုယ်စာလှယ်များ အဖြစ်ဖြင့် ကျွန်ုပ်တို့ပင် တက်ရောက်သင့်ကြ ပေသည်။

နိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး ၊ ကမ္ဘာ့လုံခြုံရေး အတွက် ထိထိရောက်ရောက် ဆောင်ရွက် နိုင်သော အဖွဲ့ကြီးဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး နိုင်ငံငယ် စက်ဆုပ်ဘွယ် ကောင်းသော အတန်းအစား ခွဲခြင်းတို့ကို ပပျောက်အောင် ပြုလုပ်သင့်ကြပေပြီ။ နိုင်ငံကြီး နိုင်ငံငယ်ဆိုရာ၌ ဘယ်အကြောင်းကိုထောက်၍ ဆုံးဖြတ် မည် နည်း ။ အကျယ်အ၀န်းကို လိုက်၍ ဆုံးဖြတ်မည်လော။ အကျယ်အ၀န်းကိုလိုက်၍ ဆုံးဖြတ်ခဲ့ပါမူ အိန္ဒိယပြည်ကြီး ကို အမြဲတစေ နိုင်ငံကြီးဟူ၍ ယူဆရပေမည်။ သို့ရာတွင် အိန္ဒိယကို နိုင်ငံကြီးဟူ၍ မယူဆပဲ အိန္ဒိယထက် သေး ငယ်သော ဂျပန်နိုင်ငံကို နိုင်ငံကြီးဟူ၍ အသိအမှတ်ပြုခဲ့ကြပေသည်။ လူဦးရေကို လိုက်၍ နိုင်ငံကြီး ဟူ၍ဆိုရ မည်လော၊ သို့ဆိုရမည်ဆိုလျှင် အိန္ဒိယပြည်သည် နိုင်ငံကြီးတခုပင်တည်း ။ လူဦးရေနည်းသော အီတလီနိုင်ငံကို အဘယ်ကြောင့်နိုင်ငံကြီးဟူ၍ ယူဆခဲ့ပေသနည်း။ စင်စစ်မှာ နိုင်ငံကြီး ဆိုသည်မှာ ခေတ်မှီအောင် ကြီးပွားတိုး တက်သော နိုင်ငံကို ဆိုလိုပေသည်။

ရုရှ နိုင်ငံသည် အနှစ် ၃၀၀ ခန့်မျှ တာတာလူမျိုးတို့၏ လွှမ်းမိုးခြင်းကိုခံရ၍ အောက်ကျနောက်ကျ ဖြစ်ခဲ့ဖူး၏ သို့သော်လည်း ယခုအခါတွင် နိုင်ငံရေးအမည်နှင့်သာ ကြီးကျယ်သည်မဟုတ်။ ကမ္ဘာပေါ်တွင် ဆိုရှယ်လစ် ၀ါဒ အတိုင်း စီးပွားရေး ကြီးပွားရေး တိုးတက်ပြန့်ပွားရာဖြစ်သည့် တစ်ဦးတည်းသော နိုင်ငံဖြစ်ပေ၏။ ယခုအခါ၌ ဂရိတ်ဘရစ်တိန်ခေါ် အင်္ဂလိပ်နိုင်ငံသည် ဘယ်ကဲ့သို့သော အခြေအနေကို ရောက်ရှိခဲ့သနည်းဟူ၍ မေးဘွယ် ရာရှိ၏။ ရှင်းရှင်းပြောရလျှင် ဗြိတိသျှ နိုင်ငံသည် နိုင်ငံကြီးမဟုတ်တော့ချေ။ ဗြိတိသျှ အင်ပါယာတွင် နေ၀င်သည် ဟူ၍ မရှိဟု ဆိုရိုးရှိ၏ ယခုအခါ၌ စုပ်စုပ် နေမ၀င်သေးသော်လည်း နေ၀င်စပြုလေပြီး။ ယခင်အခါက ဗြိတိသျှ အင်ပါယာတွင် နေ၀င်သည် ဟူ၍ မရှိဟု ဆိုရိုးရှိ၏။ ယခုအခါ၌ စုပ်စုပ် နေမ၀င်သေးသော်လည်း နေ၀င် စပြုလေ ပြီ။ ယခင်အခါက ဗြိတိသျှ အင်ပါသည် နိုင်ငံရေးမျက်စေ့၊ စစ်ရေးမျက်စေ့ အမြင့်နဲ့သာ ကြီးကျယ်သည်မဟုတ်။ စီးပွားရေးဘဏ္ဍာရေးတွင်လည်း အင်ပါယာတွင်းသာမက အင်ပါယာ ပြင်ပမှာပင် အမျိုးမျိုးကြိုးကိုင် လျက်ရှိပေ သည်။ ယခုအချိန်၌ ဤသို့မဟုတ်တော့ဘဲ မိမိ၏ လက်အောက်ခံ အိန္ဒိယ ၊ အီဂျစ် စသော နိုင်ငံများ၏ ကြွေးမြီ များ ရှိသောကြောင့် မြီစားဘ၀သို့ နိမ့်လျောခဲ့ပေပြီ။ ကံ ကံ၏အကြောင်းတရား အကျိုးတ၇ားကြောင့် (၀ါ) ဖြစ်ပြန် ပျက်ပြန် လောကဓံ တရားကြောင့် ဗြိတိသျှ နိုင်ငံသည် ငွေကြေး အထောက်အပံ့ ရရန်အတွက် အမေရိကန် သမ္မတနိုင်ငံကို မကြာခဏ ချော့မော့၍ နေရပေမည်။ ယခင်က ဗြိတိသျှ နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် စီးပွားရေးဘဏ္ဍာရေးတို့တွင် ဂုဏ်ထူး ဂုဏ်ပြိုင်ပြုသော်လည်း ယခုအခါ၌ ဗြိတိသျှ နိုင်ငံသည် အမေရိကန် နိုင်ငံ အား လိမ္မာရေးခြား မျက်နှာချိုသွေး၍ ကြေးငွေများ ချေးငှားပါမည့်အကြောင်း တောင်းပန်ခယလျှက်ရှိပေ၏။ အမြင်အားဖြင့် ဗြိတိသျှ အင်ပါယာသည် တည်ရှိလျှက်ပင်။ သို့သော်ငြားလည်း အင်ပါယာ အတွင်းရှိ လက် အောက်ခံ နိုင်ငံများသည် အင်အားဖြစ်ရာသော အကြောင်းမဟုတ်။ အားယုတ်ရာသော အကြောင်းများဖြစ် ချေသည်။ ဗြိတိသျှ နိုင်ငံသည် ဤလက်အောက်ခံ နိုင်ငံများကို ပိုနေမြဲ ကျားနေမြဲ အတိုင်း တည်တံ့အောင် ထားခြင်းငှာ စွမ်းအားမှရှိချေ။ ဗြိတိသျှ နယ်ချဲ့ဝါဒီသမားတို့သည် ရာဇ၀င်သဘောကို နားလည်ပြီးလျှင် ခေတ်မှီသော အတွေးအခေါ်နှင့် ဤလက်အောက်ခံနိုင်ငံများကို လွတ်လပ်ရေးအစစ်ပေးကာ မိမိပါ တဦးနှင့်တဦး အားလုံး စိတ်ရော ကိုယ်ပါ ပူးပေါင်း၍ အတ္တဟိတ ပရဟိတ အကျိုးနှစ်မျိုးအတွက် ဆောင်ရွက်မည်လော။ သို့တည်းမဟုတ် ရှေးရှေးက အင်ပါယာတို့၏ သွားလေရာလမ်းသို့ ကောက်ကောက် ပါအောင် လိုက်ပြီးလျှင် ယိုယွင်းပျက်စီးတွင်းဆုံးကျသော ဘ၀သို့ ရောက်မည်လော ဟူသော ပြဿနာကို ဗြိတိသျှ နိုင်ငံကပင် စောလျှင်စွာ ဆုံးဖြတ် ဖြေရှင်းရပေလိမ့်မည်။
ဒုတိယကမ္ဘာစစ်ကြီး၏ ထူးခြားသော အချက်မှာ နယ်ချဲ့ဝါဒ၏ အသက်ငင်ခြင်းပင်ဖြစ်၏။ အထူးသဖြင့် နယ်ချဲ့ဝါဒသည် အာရှတိုက်တွင် အသက်ထွက် လုနီးပေပြီ။ အာရှတိုက်သည် ယခင်ခေတ်ကကနှင့်မတူ၊ တမူကွဲပြား အင်အားတိုးတက်၍ ကမ္ဘာ့နိုင်ငံရေး နယ်တွင်းသို့ ထယ်ထယ်ဝါ၀ါ ချင်းနင်းဝင်ရောက်လျှက် ရှိပေပြီ။ နိုင်ငံပေါင်းစုံ အဖွဲ့ကြီးများ၌ အာရှတိုက် နိုင်ငံများကို လျစ်လျူရှု၍ ၊ မထည့်ဘဲ မနေနိုင်တော့ချေ။ အာရှ အသံသည် တဖြည်းဖြည်း ကျယ်လာခဲ့ပေသည်။ အင်ဒိုနီးရှားတွင်၎င်း၊ အင်ဒိုချိုင်းနားတွင်၎င်း ၊ ဗမာပြည်တွင်၎င်း၊ အိန္ဒိယတွင်၎င်း အာရှ အသံကို တွေ့လျက်ရှိကြပေပြီး ။ အထူးသဖြင့်တရုတ်ပြည်တွင် အာရှအင်အားသည် တိုးတက်လျက်ရှိ၏ အာရှညီညွှတ်မှုနှင့် အာရှ အင်အားကို ကမ္ဘာက အသိအမှတ်ပြုရပေမည်။ ကျွန်ုပ်တို့ အာရှတိုက်သားများကို အစဉ်ထာဝရ နှိမ်နှင်း၍ သွေးခွဲခြင်း မပြုနိုင်ချေ။

ကျွန်ုပ်တို့သည် စုပေါင်း၍ အာရှ ခေတ်သစ်ကို ထူထောင်ကြရမည်။ ဤအာရှ ခေတ်သစ်မှာ ဂျပန်၏ အရှေ့အာရှ သဘောတူညီမျှ စီးပွားရေး စံနစ်နှင့် တည်ထောင်သည့်အမျှသာဖြစ်သော ခေတ်သစ်ကဲ့သို့မဟုတ်ချေ။ နိုင်ငံတဦးက နိုင်ငံတဦးအပေါ်တွင် “လိုက်နာရမည်” ဟူသော စံနစ်နှင့် ခေတ်သစ် ထူထောင်ခြင်းမဟုတ်ချေ။ အာရှ တိုက်သူတိုက်သားတို့၏ ညီညွှတ်စွာ ပူးပေါင်း၍ အာရှ လူမျိုးများ၏ လွတ်လပ်မှု ၊ လုံခြုံမှု ၊ တိုးတက်မှုကို အစပြု၍ ကမ္ဘာ၏ လွတ်လပ်မှု ၊ လုံခြုံမှု ၊ တိုးတက်မှုကိုစီမံ ဖန်တီးနိုင်အောင် ထူထောင်သောခေတ်သစ်ကြီး ဖြစ်၏။ ဤသို့ခေတ်သစ် တည်ထောင်ရာ၌ ပထမဦးဆုံး အာရှတိုက်နိုင်ငံ အသီးသီးတို့သည် မိမိတို့၏ လက်ငင်း ပြဿနာများကို ဖြေရှင်းနိုင်အောင် လုံးပမ်း၍ တဖြည်းဖြည်း တစတစနှင့် အာရှတိုက် ပြောင်းလဲ တိုးတက်မှု၊ ကမ္ဘာတခုလုံး၏ ပြောင်းလဲ တိုက်တက်မှုအတွက် ဆောင်ရွက်ကြရပေလိမ့်မည်။

သို့ဖြစ်ရကား ကျွန်ုပ်တို့ အာရှတိုက်တွင် သာမက အာရှတိုက် အပြင်၌မှီတင်း နေထိုင်ကြသော ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေရသည့် လက်အောက်ခံ လူမျိုးများသည် လွတ်လပ်သောနှိင်ငံများရှိ စေတနာကောင်းရှိသူများနှင့်အတူ ပူပေါင်း ဆက်ဆံပြီးလျှင် ကျွန်ုပ်တို့၏ လက်ငင်း ပြဿနာများကို ဖြေရှင်းရပေလိမ့်မည်။ ထိရောက်စွာ ပူးပေါင်းဆက်ဆံခြင်း မပြုနိုင်လျှင် တဦးနှင့်တဦး ရင်းနှီးစွာ ဆက်ဆံ၍ အကြံဥာဏ် တောင်းယူသင့်ကြပေတော့ သည်။ ဤထင်မြင်ချက်များကို အာရှတိုက်ရှိ လူမျိုးပေါင်းစုံတို့ သိစိမ့်သောငှာ ဖော်ပြရပေသည်။

အင်ဒိုနီးရှားနှင့် အင်ဒိုချိုင်းနား မျိုးချစ် တိုင်းရင်းသားတို့သည် အမျိုးမျိုးသော အခက်အခဲများကို ကျော်နင်း၍ မိမိတို့ လွတ်လပ်ခြင်းအတွက် အားထုတ် လုံးပမ်းမှုများကို ပြုလျက် ရှိကြသောကြောင့် ကျွန်ုပ်တို့၏ လူမျိုးကိုယ်စား ကောင်းချီးဩဘာပြုလိုက်ပါသည်။ တောတောင်ရေမြေ ခြားနေသော်လည်း ကျွန်ုပ်တို့သည် ထိုအာဇာနည် လူမျိုးများ၏ လွတ်လပ်မှု လုပ်ငန်းကို ကျွန်ုပ်တို့၏ လွတ်လပ်မှု လုပ်ငန်းတည်း ဟူ၍ သဘောထားပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည်လည်း ထိုလူများကဲ့သို့ပင် လွတ်လပ်ရေးအတွက် လုံးပမ်းလျက် ရှိကြရပေသောကြောင့်တည်း။ ထိုလူမျိုးသည် မိမိတို့၏ လွတ်လပ်ရေးကို ပြန်လည်ရယူရန် အဓိဌာန်ပြုထားသကဲ့သို့ ကျွန်ုပ်တို့သည်လည်း မသွေးမစောင်း အဓိဌာန် လမ်းကြောင်းအတိုင်း သောင်းသောင်းဖြဖြ သွားကြမည်။

အင်ဒိုနီးရှား နှင့် အင်ဒိုချိုင်းနားရှိ အာဇာနည် လူမျိုးများတို့..... ကျွန်ုပ်တို့ အသီးသီး လွတ်လပ်မှုအတွက် ကျွန်ုပ်တို့သည် ယခုအခါ၌ ရင်ဘောင်တန်း အားမထုတ်နိုင်သေးသော်လည်း မကြာမီ ကျွန်ုပ်တို့သည် သင်းတို့နှင့် ပူးပေါင်းဆောင်ရွက်မည်။ သင်းတို့၏ ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်ကြလော့။ သင်းတို့သည် အောင်ခြင်း မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေဟု ဆုတောင်းလိုက်ပါ၏။ မကြာမြင့်မီ သင်းတို့၏ လိုအင်ဆန္ဒ တလုံးတ၀တည်း ပြည့်စုံပါစေဟူ၍ ထပ်လောင်း၍ ဆုတောင်းလိုက်ပါသည်။ တရုတ်ပြည်ကြီး၏ အကျိုးအတွက်၎င်း၊ အာရှ၏ အကျိုးအတွက်၎င်း၊ ကမ္ဘာ၏ အကျိုးအတွက်၎င်း ၊ မြဲမြံစွာ ညီညွတ်ကြပါဟူ၍ တရုတ်ပြည်ကြီးရှိ ပေါက်ဖော်များ၊ မာရှယ်ချန်ကေရှိတ်၊မော်စီဒုန်း၊ဂျင်နရယ် ချူတေးနှင့် အခြားအခြားသော ခေါင်ဆောင်ကြီးများအား ကျွန်ုပ်တို့ တိုက်တွန်းလိုပါသည်။ တရုတ်ပြည်ကြီး၏ ရာဇ၀င်အရ ဆက်ခံခဲ့ကြသော ကြီးလေးသော တာဝန်ဝတ္တရားများကို သတိရကြပြီးလျှင် တရုတ်ပြည်ကြီးအတွက်၎င်း ၊ အာရှတိုက်အတွက်၎င်း၊ ကမ္ဘာ့အတွက်၎င်း၊ ကျေပြွန်စွာ ဆောင်ရွက်နိုင်ကြပါစေသတည်းဟု နှိုးဆော်လိုပါသည်။ ဤသို့ နှိုးဆော် တိုက်တွန်းရသည်မှာ အိမ်နီးချင်း ငြိမ်းချမ်းမှု၊ ကျွန်ုပ်တို့ နိုင်ငံ ငြိမ်းချမ်းမှု ၊ အာရှငြိမ်းချမ်းမှု၊ ကမ္ဘာငြိမ်းချမ်းမှုကို လိုလားသောကြောင့် ကောင်းမြက်သော စေတ နာရှေ့ထား၍ မင်္ဂလာစကား ပြောကြားခြင်း ဖြစ်ပေသည်။

ထိုနည်းတူစွာ အိန္ဒိယ တိုင်းရင်းသားများ၏ လွတ်လပ်စွာ ချမ်းစာသုခကို ခံစားနိုင်စရာ အိန္ဒိယ တိုင်းရင်းသားများ နှင့်တကွ မိမိတို့၏ ခေါင်ဆောင်ကြီးများ ဖြစ်ကြကုန်သော မဟတ္တမဂန္ဒီ၊ မစ္စတာဂျင်းနား၊ပန်ဒစ်ဂျဝါ ဟာလာနေရူး၊ မစ္စတာ အိုက်ဇက် စသည်တို့ကို ညီညွတ်စွာ မိမိတို့၏ မျှော်မှန်းရာ ပန်းတိုင်သို့ တက်လှမ်းနိုင်ကြပါစေဟု နှိုးဆော် တိုက်တွန်းရပေမည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ လာရောက် နေထိုင်ကြကုန်သော အိန္ဒိယတိုင်းရင်းသားများ၊ ပေါတ်ဖော် တရုတ်များနှင့် ပတ်သက်၍ အနည်းငယ် ပြောလိုသည်။ ကျွန်ုပ်တို့သည် ထိုလူမျိုးတို့အပေါ်၌သော်၎င်း၊ ကမ္ဘာပေါ်၌ အခြားအခြားသော လူမျိုးတို့ အပေါ်၌၎င်း၊ ဣဿ မစ္ဆရိယ ဗျာပါဒ အာဃာတတရား သဘေားထားများ မှရှိချေ။ နိုင်ငံခြားသားတို့သည် ကျွန်ုပ်တို့ တိုင်းရင်းသားများနှင့် ဆိုးတူကောင်းဘက် ၊ အေးအတူ ပူအမျှ နေထိုင်လိုကြလျှင် ကျွန်ုပ်တို့သည် ညီရင်းအစ်ကိုကဲ့သို့ သဘောထား၍ ကြည်ဖြူစွာ လက်ခံမည်။ နိုင်ငံခြားသားများသည် ကျွန်ုပ်တို့ကို မိတ်ဆွေ အိမ်နီးချင်း သဘောထားနှင့် ကူညီရိုင်းပင်းရန် ဆန္ဒရှိပါက ကျွန်ုပ်တို့ကလည်း ကတီညုတ ကတဝေဒီ တ၇ားကို ရိုသေစွာ စောင့်ရှောက်မည်။

ကုလား တရုတ် စသော နိုင်ငံခြားသားများကို သတိပေးလိုသည်မှာ ကျွန်ုပ်တို့၏ နိုင်ငံရေး၌သူတထူးက စစ်တုရင်း အရုပ်လုပ်၍ ကစားခြင်းကို မခံကြရအောင် သတိထားဖို့ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောသူတို့သည် ယခုအခါ၌ ကုလား ၊ တရုတ် စသော နိုင်ငံခြားသားများနှင့် ကျွန်ုပ်တို့ တိုင်းရင်းသားများကို ကတုံးကတိုက် လုပ်ကောင်း လုပ်ပေလိမ့်မည်။ ကုလား ၊ တရုတ် နိုင်ငံခြားသားများကို ၎င်းတို့သည် မမှန်သော ကတိ ၊ မမှန်သော ကမ်းလှမ်းခြင်း အမှုများကို ပြုပေလိမ်ပမည်။ သို့အတွက် ၎င်းတို့၏ အလှည့်အပတ်ကို မခံကြရအောင် သတိထားသင့်ကြပေသည်။ ရှင်းရှင်း ပြောရမည် ဆိုလျှင် ကုလား ၊ တရုတ် စသော နိုင်ငံခြားသားတို့သည် ကျွန်ုပ်တို့ တိုင်းရင်းသားများ၏ မိတ်ဆွေများ အဖြစ်ဖြင့် နေထိုင်ကြမည်လော ဟူ၍ ဆုံးဖြတ်ရန် လိုပေသည်။ တချိန်တည်းတွင် မိတ်ဆွေနှင့် ရန်သူ နှစ်မျိုးဟူ၍ မဖြစ်နိုင်။

ဥရောပ တိုက်းသားများအား ပြောလိုသည်မှာ ကျွန်ုပ်တို့သည် ယခုထက်ထိပင် သင်းတို့အား မိတ်ဆွေ အနေနှင့် လက်လှမ်းလျက်ပင်ရှိကြသည်။ သို့ရာတွင် ရှေးသကဲ့သို့ သခင်နှင့် ကျွန် သဘောမဟုတ်ပဲ၊ တန်းတူ သဘောနှင့် ပေါင်းသင်းဆက်ဆံမှသာလျှင် ၎င်းတို့နှင့် ကျွန်ုပ်တို့ မိတ်ဆွေများ ဖြစ်နိုင်ကြပေလိမ့်မည်။

ယခု ကျွန်ုပ်တို့၏ ပြည်တွင်းနိုင်ငံရေးကို စီစစ်ကြပါစို့။ နိုင်ငံတွင်းရေးကို မစီစစ်မီ ကမ္ဘာတခုလုံးကို ခြုံ၍ ဝေဖန်ရသည့် အကြောင်းမှာ ကမ္ဘာ့အရေးနှင့် ဗမာ့အရေး မည်မျှလောက် ရှက်စပ်နေသည်ကို ကျွန်ုပ်တို့ လွန်ခဲ့သော ၃-၄ နှစ်အတွင်း တွေ့ကြုံခဲ့ကြသည့် အတိုင်း ကမ္ဘာ့အရေးကို ပထမ ရှင်းလင်း၍ ပြခဲ့ရပေသည်။ ဤအချိန် ဤအခါ၌ ကမ္ဘာပေါ်တွင် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် သဘောရှိသော နိုင်ငံဟူ၍ ကမ္ဘာအရပ်ရပ်တွင် မရှိတော့ချေ။ ကျွန်ုပ်တို့ကဲ့သို့ နယ်ချဲ့ ဝါဒီ နိုင်ငံကြီးတို့ လက်အောက်တွင် ရောက်နေသော ကျွန်သဘောက် နိုင်ငံကလေးကို မဆိုထားဘိ၊ လွတ်လပ်သော နိုင်ငံကြီးငယ် အသွယ်သွယ်ဘိသည်လည်း အ ထီးတည်း လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ နေခြင်းငှာ မစွမ်းတော့ချေ။ ၁၉၄၀ ခုနှစ်တွင် ပြင်သစ်ပြည်ကြီး ပျက်စီး ရပုံကို ထောက်ရှုသော် နိုင်ငံကြီးများသည် နိုင်ငံကလေးများနှင့် မခြား ကျူးကျော် ၀င်ရောက်ခြင်းဘေးမှ မကင်း နိုင်ချေ။ သို့ဖြစ်ရကား၊ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လုံခြုံရေးကို ယိုးမယ်ဖွဲ့၍ လွတ်လပ်ရေး မပေးလို မယူလိုကြသော အကြောင်းပြချက်များသည် အနည်းငယ်မျှပင် ခိုင်လုံသည်ဟု မဆိုနိုင်ချေ။ စင်စစ်မှာ ကျွန်ုပ်တို့နိုင်ငံ လွတ်လပ်ခဲ့ ပါမူ ကျွန်ုပ်တို့မှာလည်း မဟာမိတ်များ ရှိပေလိမ့်မည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့မဟာမိတ်များနှင့်ပူးပေါင်းဆက် ဆံ၍ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့အသီးသီးတို့၏ လုံခြုံမှု စီးပွားရေး၊ ကြီးပွားရေး စသည်တို့အတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်စိမ့်သောငှာ ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြ၏။ ရယူလိုကြ၏။ သိမ်း ပိုက်ထားလိုကြ၏။ ကမ္ဘာပေါ်တွင် နိုင်ငံကြီးငယ်တို့ ဆက်သွယ်မှီခိုအားထားရမည် ဆိုသောအချက်နှင့် မြန်မာ ပြည် လုံးဝ လွတ်လပ်ရေး ဆိုသော အချက်နှစ်ခုကို အဘယ်ကဲ့သို့စပ်ဟပ်မည်နည်း ဟုမေးဘွယ်ရာ ရှိပေသည်။ ထီးတည်းကျံကျံရှိသော နိုင်ငံတဦး အနေနှင့်နေရခြင်းထက် ပြည်ထောင်စု တခုတွင် ပါဝင်ပူးပေါင်းနေရသော နိုင် ငံအဖြစ်က သာ၍ပင် မကောင်းဘူးလားဟုလည်း မေးနိုင်ပါ၏။ ဤစကားသည်မှန်၏ ဟု ဖြေရပေမည်။ သို့သော် လည်း ပြည်ထောင်စုတခု ဖွဲ့ရာတွင် တဦးသော နိုင်ငံက တဦးသောနိုင်ငံကို ပါဝင်ပူးပေါင်းခြင်း ပြုရမည်ဟု အတင်း မပြုလုပ်ဘဲလျက် နိုင်ငံ အသီးသီးတို့သည် မိမိတို့ သဘောအလျောက်လွတ်လပ်စွာ ပါဝင်ပူးပေါင်းခြင်း သာ ဖြစ်စေရမည်။ ဥပမာအားဖြင့် ယခင်အခါက ဆိုဗီယက် ရုရှား၏ အင်အားကို ကြောက်ရွံမှုကြောင့် ဗြိတိသျှ နန်းရင်းဝန်ဟောင်း မစ္စတာချာချီ အကြံပေးသော ဥရောပတိုက် ပြည်ထောင်စုမျိုးသည် လွတ်လပ်စွာ ပါဝင် ပူးေ ပါင်းနိုင်သောပြည်ထောင်စု မဟုတ်ချေ။

ပြင်သစ်အင်ဒိုချိုင်းနားခေါ်ပြည်နယ်များ၊ ယိုးဒယားပြည် မာလာယုပြည်နယ်များ၊ အင်ဒိုနီးရှားပြည်နယ်များနှင့် ကျွန်ုပ်တို့ မြန်မာပြည်တို့ကို မကြာမြင့်မီ ပူးပေါင်း၍ “အင်ဒိုချိုင်းနားပြည်ထောင်စု” ဟူသော အမည်နာမဖြင့်ပြည် ထောင်စုတခု တည်ထောင်ရန် လိုကောင်းလိုလာပေလိမ့်မည်။ ဤကဲ့သို့ ပြောဆိုရာ၌ လေထဲ တိုက်အိမ်ဆောက် ခြင်း သဘောမျိုးနှင့် ပြောသည်မဟုတ်။ ထိုတိုင်းပြည်များသည် ဘာသာရေး၊ လူမျိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကြီး ပွားရေးအဖက်ဖက်တွင် ရာဇ၀င်သဘောအရ အလွန်နီးကပ် ဆင်တူသော တိုင်းပြည်နိုင်ငံများဖြစ်ကြရာ ၎င်းတို့ သည် ပြည်ထောင်စု တခု ဖြစ်လာနိုင်ပေသည်။

သို့အတွက် မိမိ၏ အမျိုးသားကိစ္စကိုသာမက၊ လူတမျိုးနှင့် တမျိုးတနိုင်ငံနှင့် တနိုင်ငံ နည်းလမ်းတကျ ပူးပေါင်း ဆက်ဆံကြခြင်းကိုလည်းကျွန်ုပ်တို့ သတိမူရပေလိမ့်မည်။ ထိုသို့ ပူးပေါင်းဆက်ဆံ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့ အသီးသီးတို့၏ အကျိုးယုတ်ဘို့ ဝေးစွ၊ အမျိုးမျိုးသော အကျိုးထူးများ ခံစားရန်ပင် ရှိသည်ဟု ဆိုလိုပေ သည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်ပါလျှင် အလွန် မြင့်မြတ်သော ၀ံသာနု ရက္ခိတ မိမိ၏အမျိုးကို မိမိစောင့်သည့်တရားနှင့် ကမ္ဘာသူ ကမ္ဘာသားတို့နှင့် အကျိုးရှိအောင် နည်းလမ်းတကျ ဆက်သွယ်ပေါင်းသင်းရာ လည်း ရောက်ပေသည်။ သို့မှသာလျှင် ကမ္ဘာတ၀ှမ်းလုံးတွင် ငြိမ်းချမ်းမှု လွတ်လပ်မှု ကြီးပွားမှုရှိနိုင်ပေလိမ့်မည်။ ယခု လောကဓာတ်ဆရာကြီးတို့ တွေ့ရှိပြီးဖြစ်သော အနုမြူဓာတ်အားကို ကမ္ဘာသူ ကမ္ဘာသားတို့ ချမ်းသာသုခ ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ ထိုအခါတို့ ရောက်လျှင် လူတို့သည် အနာရောဂါ ကင်းရှင်း၍ အသက်ရှည်ပြီးလျှင် လူ့စည်းစိမ် ၊ လူ့ချမ်းသာကိုပျော်ပိုက် ချမ်းမြေ့စွာ ခံစားနိုင်ကြပေလိမ့်မည်။ ကမ္ဘာအရပ်ရပ် သည်လည်း တရပ်နှင့် တရပ် အိမ်ဦးနှင့် ကြမ်းပြင် ချစ်ခင်စွာ ပူးပေါင်း ဆက်ဆံနိုင်သော အိမ်နီးချင်းများ ဖြစ်လာကြပေလိမ့်မည်။ ထိုအချိန်အခါ၌ ကမ္ဘာသူ ကမ္ဘာသား တို့သည် ကမ္ဘာဦးသကဲ့သို့ ကမ္ဘာ့အိမ်ထောင်စု တခုတည်း အနေဖြင့် လွတ်လပ်စွာ နေထိုင်နိုင်ကြပေလိမ့်မည်။ ဤသို့ ယူဆပြောဆိုချက်သည် အလွန်မြင့်မြတ်ပါပေသည်။ သို့သေည်လည်း အကယ်စင်စစ် မဖြစ်နိုင်ဟု အချို့သော သူတို့က စောဒက တက်ကြပေလိမ့်မည်။ ကမ္ဘာ့ရာဇ၀င်အလာ တိုးတက်မှု အဖြာဖြာကို ကြည့်ရှုလျှင် တဖြည်းဖြည်း ပူးပေါင်းဆောင်ရွက်မှုကိုသာ အားပေးနေကြသည်ကို သတိပြုမိပါလျှင် ဤပြဿနာသည် မည်မျှလောက်ပင် ကြီးစေကမူ မျက်မြင်ကိုယ်တွေ့ အဖြစ်သိ မရောက်နိုင်ဟူ၍ မဆိုနိုင်ချေ။ ယခုအချိန်အခါ၌ တက္ဘာလုံး ဤအခြအနေသို့ မရောက်နိုင်သေးသည်မှာမှန်၏။ သိုရရာတွင် နီးစပ်ရာ နီးစပ်ရာ နိုင်ငံများ ၊ လူမျိုးများ ပူးပေါင်းလိုကြသော ရည်ရွယ်ချက် စီမံကိန်းများကို ကျွန်ုပ်တို့ အမြဲတစေ ကြားသိနေရချေပြီ။ဤသို့ ပူးပေါင်း ဆောင်ရွက်နိုင်အောင် လောကဓာတ်ပညယ အဖြာဖြာတို့က အားပေးလျှက်ရှိလေသည်။ သို့ရာတွင် လူတို့၏ စိတ်ထားသည် လောကဓာတ်ပညာ တိုးတက်သလောက် မမြင့်မြတ်သေးသောကြောင့် အဆင်ပြေအောင် မဆောင်ရွက်နိုင်ကြသေးရကား အထင်မှား အမြင်မှား စစ်ပွဲကြီးများပင် ဖြစ်ပွားလျှက် ရှိသေး၏ တနေ့သောအခါ အဇ္ဈတ္တသဏ္ဍန် မြင့်မြတ်မှုနှင့် ဗဟိဒ္ဓသဏ္ဍန် တိုးတက်မှုကို ကိုက်ညီသော အခါ ကျွန်ုပ်တို့ မျော်မှန်းရာဖြစ်သော ကမ္ဘာ အိမ်ထောင်စြုဖစ်လာမည်မှာ မလွဲဧကန်ဟု ဆိုရပေမည်။

သို့ဖြစ်ငြားလည်း ဤမျော်မှန်းရာသို့ မရောက်နိုင်မီ တနိုင်ငံနှင့် တနိုင်ငံ ၊ လူမျိုးတမျိုးနှင့်တမျိုး သင့်တင့် နီးစပ်ရာ ပေါင်းသင်း ဆက်ဆံရပေလိမ့်မည်။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသော သဘောမျိုးနှင့် ပြုလုပ်နိုင်သော အမျိုးသား ကိစ္စ ဟူ၍မရှိနိုင်တော့ချေ။

ရာဇ၀င်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ရှုမူ အမျိုး ဘာသာ သာသနာတို့သည် တည်တံ၍မနေ၊ရောနှောပြန့်နှံ့ လျက်ရှိသည်။ ဘယ်နိုင်ငံတွင်းမှ လူမျိုးတမျိုးတည်း မရှိချေ။ လူမျိုးတမျိုးတွင်လည်း အမျိုးအမျိုးသော ဘာသာ တရားတို့ကို အားထားယုံကြည်မှု ရှိကြပြန်လေသည်။ ဥပမာ အားဖြင့် အမေရိကန်နှင့် ဗြိတိသျှတိသည် ဘာသာ စကားတူ၏။ လူမျိုးတမျိုးတည်း မဟုတ်ချေ။ ဆိုဗီယက် ရုရှမှာမူကား လူမျိုးချင်းတူ၏ ဘာသာစကားချင်း မတူကြပေ။ သို့ဖြစ်၇ကား လူမျိုးဆိုသည်မှာ သုခ ဒုက္ခ အတူ ခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်း ထပ်ပြီးလျင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်း ပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား ပြောဆိုသည့် ဘာသာ စကားတို့ကို အရေးထားရမည် ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူ ဆိုးဘက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ၀ံသာနု ရက္ခိတ တရားသည် တည်နေပေ၏။

ယခုခေတ်တွင် လူမျိုးတမျိုးနှင့်တမျိုး ရင်းနှီးစွာ ဆက်သွယ်မှုကြောင့် အတိုင်းတိုင်း အပြည်ပြည်တွင် နိုင်ငံခြား သားတို့သည် မိမိတို့ ရောက်ရှိနေထိုင်သောနိုင်ငံများတွင် အမျိုသား လုပ်လိုသော ဆန္ဒရှိပါက လုပ်နိုင်သော အခွင့်အရေးကို ပေးထားပေသည်။ ရှေးအခါက လူမျိုးရေး တရားကြောင့် တမျိုးနှင့်တမျိုး ကွဲပြားခြားနား ခဲ့ကြပေသည်။ ယခုအခါ၌ လူမျိုးရေး တရားသစ်ကြောင့် တမျိုးနှင့်တမျိုး ရင်းနှီးစုရုံးကြပြန်ပေသည်။ ဤသည်ကို ထောက်ခြင်းအားဖြင့် အမျိုးသား အရေးကိစ္စ၏ အဓိပ္ပာယ်သည် ခေတ်အားလျော်စွာ ပြုပြင် ပြောင်းလဲလျက်ရှိနေသည်ကို သိရှိကြပေသည်။ တနည်းအားဖြင့် ကြည့်ပြန်မူ၊မိမိ အမျိုးကိုသာ တဖက်သတ် စိတ်ထားနှင့် ကြီးပွားစေလိုသော ဆန္ဒရှိ၍ ဖက်ဆစ်ဝါဒကြောင့် ဂျာမန်လူမျိုးတို့ ပျက်စီးရပုံကို မြင်ကြရပြန်၏။ ဂျာမနီပြည်တွင် ဂျာမန်တို့၏ ပြင်းပြသော မျိုးချစ်စိတ်ကို လမ်းကောင်းသို့ မပို့ဘဲ လမ်းမှားသို့ပို့သော ဖက်ဆစ်ဝါဒီ လူစုကြောင့် အတိဒုက္ခရောက်ကြရပေပြီ။ သို့အတွက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ၀ံသာနုစိတ်ကို အလွဲသုံးစား မပြုဘဲလျက် (၀ါ) မျိုးချစ်စိတ်ကို အတိဒုက္ခရောက်အောင် အသုံးမပြုဘဲလျက် အမြင်ကျယ်ကျယ်နှင့် သဘောထားကြီးစွာ ဆောင်ရွက်သင့်ကြပေသည်။

ကျွန်ုပ်တို့ အမျိုးသားအရေးကို ကမ္ဘာအမြင် အာရှ အမြင်နှင့် ကြည့်ရှုပြီးခဲ့လေပြီ။ ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များကို မည်ကဲ့သို့ ဆောင်ရွက်ကြရမည်နည်း ၊ အရေးကြီးသော လုပ်ငန်းမှာ အမျိုးသား လွတ်လပ်ရေးကို ပြန်လည် ရယူမှုအတွက် လုံးပမ်းရန် ဖြစ်ပေသည်။ မည်ကဲ့သို့ လုံးပမ်းကြမည်နည်း။

ယခုအချိန်အခါ၌ အသီးသီးသော နယ်ချဲ့ နိုင်ငံကြီးများသည် အထူးသဖြင့် ဗြိတိသျှ နယ်ချဲ့နိုင်ငံသည်အင်အား ဆုတ်ယုတ်လေပြီ။ အာရှတိုက်မှာကား အင်အားပြည့်ဖြိုးလာလေပြီ။ ဗြိတိသျှ နိုင်ငံကို ကူညီ ယိုင်းပင်းခဲ့သော်လည်း စင်စစ်မှာ ကမ္ဘာအရပ်ရပ်တွင် တန်ခိုးလုရန် အမျိုးမျိုး အဖုံဖုံ ဤနိုင်ငံ နှစ်ခုသည် စီမံဆောင်ရွက်လျက် ရှိကြသည်ကို တွေ့ရှိရပေသည်။ ဗြိတိသျှ နယ်ချဲ့သမားတို့သည် မိမိတို့အကျိုးကို ကြည့်၍ စီးပွားရေး ၊ဘဏ္ဍာရေး နယ်များတွင် ရှေ့သွားလုပ်နိုင်ရန် စိုင်းပြလျက် ရှိကြပေသည်။ ဤသို့ စိုင်းပြမှုကို အမေ၇ိကန် ပြည်ထောင်စုက ငွေချေးခြင်းနှင့် ပတ်သက်၍ ဗြိတိသျှ ပါလီမန်တွင် ဆွေးနွေးစဉ်က တကြိမ် ၊ ဘရက်တင်ဝု(ဒ်)ငွေကြေး စာချုပ် ချုပ်ဆိုစဉ်က တကြိမ်တွေ့မြင်ရလေသည်။ ဗြိတိသျှ နိုင်ငံသည် ... မိမိတို့၏ စီးပွားရေး ...၊ ဘဏ္ဍာရေး ခိုင်လုံရန်အတွက် လုံးပမ်းကြသည်ကို ကျွန်ုပ်တို့ အပြစ်ဆိုရန် အချက်မှာ နိုင်ငံချင်း တစ်ခုနှင့် တစ်ခု ... ပေါင်း၍ အသီးသီး ဘဏ္ဍာရေး ချောင်လည် စီးပွာရေး တိုးတက်စေလိုသော ... ဆန္ဒမရှိဘဲလျက် ... တကိုယ်ကောင်းဆန်သော စီးပွာရေး ...၊ ဘဏ္ဍာရေး ...၊ နယ်ချဲ့ လိုသော စိတ်ဖြင့် ပြုလိုသော ဗြိတိသျှ နယ်ချဲ့ ဝါဒသမားများ၏ အပြုအမူများကိုသာ ရှုတ်ချလိုခြင်းဖြစ်သည် ...။ ဗြိတိသျ နိုင်ငံတွင် ... ဆိုရှယ်လစ် ၀ါဒီ အမည်ခံသော အချို့ သော သူတို့ပင်လျှင် ခေတ်မှအောင် မတွေးမမြင်နိုင်ဘဲ သမရိုးကျ ကျဉ်းမြောင်းသော စိတ်ဆန္ဒဟောင်း စိတ်ဆန္ဒဆွေးများဖြင့် ...ဆောင်ရွက်လျက်ပင် ရှိသေး၏ ... ။

အတိုချုပ်မှာနယ်ချဲ့ ဝါဒ၊ အရင်းရှင်ဝါဒတို့ကို လိုက်နေသရွေ့ ကာလပတ်လုံး အလုပ်မဲ့ပြဿနာ၊ နေထိုင်စားသောက်မှု ချောင်ချိရေး ပြဿနာစသော စီးပွားရေး၊ ကြီးပွားရေး ပြဿနာတို့ကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ ...။ သို့အတွက် စီးပွားရေး၊ ဘဏ္ဍာရေး နယ်တွင် နိုင်ငံအသီးသီး ကျောင်းကျိုးအတွက် ဆန့်ကျင်လျှင် ရှုတ်ချရပေလိမ့်မည် ...။ ဗြိတိသျှ နိုင်ငံသည် ... မိမိပြည်ထောင်စု အပါအ၀င် နိုင်ငံများနှင့် သာတူညီမျှ စီးပွားရေး တိုးတက်ကြဘို့ ဆောင်ရွက်မည် ဆိုလျှင် မိမိ၏ အကျိုးကျေူးဇူးကို ဖြစ်ထွန်းအောင် ... လုပ်နိုင်ပေလိမ့်မည် ... ။ဗြိတိသျှ လူမျိုးများက အလုပ်သမား အစိုးရကို လွန်ခဲ့သောရွေးကောက်ပွဲတွင် မြောက်မြားစွာသော မဲဆန္ဒကို ပေး၍ တင်မြှောက်လိုက်သောအခါ ကျွန်ုပ်တို့သည် ဤကဲ့သို့ စီမံဖန်တီးလိမ့်မည်ဟု မျော်လင့်ခဲ့၏။ အလုပ်သမား စိုးရသည် ဗြိတိသျှ နိုင်ငံတွင်းသာမက အပြည်ပြည် အနယ်နယ်တွင် ဆိုရှယ်လစ် ၀ါဒ ကို ထူထောင်လိမ့်မည်ဟု ယုံကြည်ခဲ့၏။ ဆိုရှယ်လစ် ၀ါဒ ဆိုရာ၌ ဆိုရှယ်လစ် တခုလုံးကို ဆိုလို၏။ ဆိုရှယ်လစ် ၀ါဒအတိုင်း ကျပ်ပြည့် ဒင်ပြည့်ဆောင်ရွက်နိုင်အောင် ဗြိတိသျှ အလုပ်သမား အစိုးရသည် ရဲရင့် ဖြောင့်မတ် တည်ကြည်စွာ စီမံသင့်ပေသည်။ သို့သော်လည်း ကျွန်ုပ်တို့ အပြင်ပန်းမှ နေ၍ မြင်ရသည်မှာ အလုပ်သမား အစိုးရသည် စိတ်မပါ့တပါ ကြောက်ရွံ့ရွံ့ ဆောင်ရွက်နေသည်ကို တွေ့မြင်ရပေသည်။ အချို့ကိစ္စများ၌ ဗြိတိသျှ ဆိုရှယ်လစ် အစိုးရသည် ကွန်ဆာဗေးတစ် အစိုးရထက်ပင် ခေတ်နောက်ကျပေသေး၏။ ဘရက်တင်ဝု(ဒ်) ငွေကြေးစာချုပ်နှင့် ပတ်သက်၍၎င်း၊ အမေရိကန်ငွေချေးမှုနှင့် ပတ်သက်၍၎င်း၊ ဆိုရှယ်လစ် အစိုးရသည် ကွန်ဆာဗေးတစ် ဂိုဏ်းသားတို့နှင့် ဗြိတိသျှနယ်ချဲ့ဝါဒီ အရင်းရှင်ဝါဒီသမားတို့၏ အလိုကို လိုက်လျော၍ လုပ်ခဲ့ကြသည်ကို ဆင်ခြင်မိသောအခါ အလွန်ဝမ်းနည်းစရာ ကောင်းလှပေသည်။

ဤကဲ့သို့ ကြောက်ကြောက်ရွံ့ရွံ့ ဆုတ်ဆုက်ကန်ကန် လုပ်နေကြလျှင် မိမိတို့ နိုင်ငံအတွက်၎င်း၊ အခြားနိုင်ငံများအတွက်၎င်း မိမိတို့ တသက်တာတွင် ရယူပြီးသော အခွင့်ကောင်းကြီးကို ဆိုရှယ်လစ်တို့သည် ဆုံးရှုံးကြပေလိမ့်မည်ဟုဆိုရပေမည်။ မိမိတို့ အလုပ်သမားပါတီ ပြိုပျက်မည်သာမက ဗြိတိသျှတို့ ၏ ဂုဏ် နှင့် အကျိုးကို ထိခိုက်ပေလိမ့်မည်။ မိမိတို့ ထိထိရောက်ရောက် မလုပ်နိုင်လျှင် မိမိတို့ နိုင်ငံတွင် ပေါ်ပေါက်လျက်ရှိသော ပြဿနာကြီးများသည် အထူးရှုပ်ထွေး၍ လာပေလိမ့်မည်။ ထိုသို့ ရှုပ်ထွေးလာသောအခါ ဗြိတိသျှ နိုင်ငံတွင် ပြည်တွင်း အရေးတော်ပုံ ပေါ်ပေါက်ကောင်း ပေါ်ပေါက်ပေလိမ့်မည်။ ထိုမျှလောက် အခြေအနေ ဆိုးဝါးလာလျှင် လက်အောက်လံ နိုင်ငံများသည် မိမိတို့၏ လွတ်လပ်ရေးကို လက်ဝယ်တွင် သိမ်းယူကြရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လက်အောက်ခံနိုင်ငံများသည် ရာဇ၀င် မကြုံစဖူး အင်အားအထူးရှိသော အခြေအနေသို့ ရောက်နေကြသည် သာမက ကမ္ဘာပေါ်ရှိ လူထုကြီးများ၏ စိတ်ကောင်းစေတနာနှင့် အားပေးအားမြှောက်ပြုခြင်းကိုလည်း ရယူနေကြသောကြောင့်ဖြစ်ပေသတည်း။ ထိုအခါ လက်အောက်ခံ နိုင်ငံပြဿနာကြီးသည် ကမ္ဘာပေါ်တွင် အထူးသဖြင့် အာရှတိုက်တွင် ဖြေရှင်ပေ တော့မည်။ ဤသည်ကား ဗြိတိသျှနိုင်ငံတွင် ဗြိတိသျှ အစိုးရနှင့် ဗြိတိသျှ လူမျိုးတို့ ကြုံတွေ့ရမည်ဖြစ်သော အရေးကိစ္စကြီးပေတည်း။

သို့စဉ်လျက် ဗြိတိသျှ နယ်ချဲ့ဝါဒစံနစ်သည် ကမ္ဘာပေါ်တွင် စီးပွားရေး ခေါင်းဖြတ်အလုပ် ၊ လက်အောက်နိုင်ငံများ တွင် စီးပွားရေး ဒမြတိုက်မှု အလုပ်ကို ပြုဆဲပင်ရှိသည်ဟု ဆိုရပေမည်။ဤသို့ ပြုခြင်းအားဖြင့် ဗြိတိသျှ နယ်ချဲ့စံနစ်သည် မိမိ၏သင်္ချိုင်း မိမိကိုယ်တိုင်းတူးခြင်း တို့ဖြစ်ပေသည်။ ဤနည်းအားဖြင့် ဗြိတိသျှနိုင်ငံသည် ပြန်လည်တိုးတက်မှုကို မပြုချေ။ မိမိ၏ မူလ အခြေအနေသို့ရောက်ရန် လက်အောက်ခံနိုင်ငံများ၏ အကျိုးကို ပိုမိုထိခိုက်နစ်နာစေသော အမှုမျိုးကို ပရမ်းပတာ ပြုလုပ်လျက် ရှိနေပေသည်။ ဤသို့ ပြုလုပ်သည်ကို အထက်၌ ဖော်ပြပြီးသော ဘရက်တင်ဝု(ဒ်)ငွေကြေး စာချုပ်နှင့် အမေရိကန်ထံမှ ငွေချေးရာတွင် တွေ့မြင်ရပေသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ ပြန်လည်ထူထောင်ရေး အမည်ဖြင့် ဆင်းမလားမြို့မှ လုပ်လာသော စီမံချက်အတိုင်း အင်္ဂလိပ် နယ်ချဲ့ဝါဒီ အစိုးရသည် စီးပွားရေး ဒမြတိုက်မှုကို မသိမသာ ခိုးကြောင်ခိုးဝှက် လုပ်လျက်ရှိလေသည်။
ဤစီမံချက်များကို အသေးစိတ် ကျွန်ုပ် မရှင်းလို။ အကြမ်းအားဖြင့် အနည်းငယ် ထင်မြင်ချက် ပေးရပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ကယ်ဆယ်ထောက်ပံ့ရေး ၊ ပြန်လည်ထူထောင်ရေး ၊ ပြုပြင်ထူထောင်ရေး ဟူ၍ ပြဿနာကြီး သုံးခု ရှိ၏။ ဤပြဿနာကြီးများကို ဖြေရှင်းရန် ဗြိတိသျှ အစိုးရသည် မည်ကဲ့သို့ စီမံသနည်။ မိတို့ စီမံချက်များအတွက် အတိုးမရှိဘဲ ဘိလပ်အစိုးရထံမှ ဘုရင်ခံက ရွှေဒင်္ဂါး ၈၇ သန်း ချေးယူပြီးသည်ဟု ကြားသိရ၏။ အတိုးမရှိဟူသော အချက်ကို သတိချပ်စေလိုသည်။ ဗြိတိသျှ အစိုးရသည် အမေရိကန်နိုင်ငံမှ ၂၀ တိုးနှင့် ချေးယူနေရသည့်အခါတွင် ဗြိတိသျှ အစိုးရက မြန်မာပြည် အစိုးရကို အတိုးမ.ူဘဲ သဒ္ဒါဗလပွနှင့် မည်ကဲ့သို့ ချေးနိုင်ကြသနည်။ ရှင်းရှင်းပြောရလျှင် ဤမြှောက်များစွာသော ရွှေဒင်္ဂါး ၈၇ သန်းသည် ချေးငွေလည်းမဟုတ် ၊ အတိုးမရှိသည်လည်းမဟုတ် ၊ ဗြိတိသျှက ငွေချေးသည် ဆိုရာ၌ မြန်မာနိုင်ငံက ကြေးငွေကိုရသည်မဟုတ်၊ ကုန်ဝထ္ထု ပစ္စည်းကိုသာလျှင် ရပေသည်။ ထိုကုန်ဝထ္ထုပစ္စည်းတန်ဖိုးပေါ်တွင် အတိုးအမြတ်ငွေကို ထည့်ပြီးသည်မှာ ထင်ရှားပေသည်။ သို့အတွက် အတိုးမရှိဘဲ ချေးငှားသည်ဟူသော ပြောဆိုချက်ကို အရသာတွေ့အောင် ဆားကလေးမြက်မြက်ခပ်ပြီးမှ မျိုရပေလိမ့်မည်။ ဗြိတိသျှပါလီမန်နှင့် ဗြိတိသျှ လူမျိုးတို့က ချေးငွေကြောင့် အမေရိကန်ထံမှ ငွေချေးမှုနှင့်ပတ်သက်၍ စဉ်းစားဆွေးနွေးကြသောအခါ များသော စိုးရိမ်မကင်းရှိသည့် သူများကို ဗြိတိသျှအစိုးရက ချေးငွေကြောင့် အမေရိကန်တို့က ဗြိတိသျှ တို့ကို ကြိုးကိုင်နိုင်မှု မရှိပါကြောင်း ထပ်တလဲလဲ ယုံကြည်အောင် ရှင်းလင်းပြောပြရပေပြီ။ ဗြိတိသျှနိုင်ငံတွင် အချို့က အမေရိကန် အစိုးရကို စိုးရိမ်လွန်းသည် စံနစ်ကျလွန်းသည်ဟူ၍ အမျိုးမျိုး အပြစ်တင်ကြလေသည်။ ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကို ငွေချေးသော အခါ၌မူကား ငွေချေးခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် အကြောင်းအချက်တို့ကိုပင် မသိမသာ ပြုလုပ်ထားလေသည်။

ကျွန်ုပ်တို့ သတိပြုသင့်သည်ကား ပဌမအချက်၌ ရွှေဒင်္ဂါး ၈၇ သန်းကို ဗြိတိသျှ နိုင်ငံ၌ပင် အသုံးပြု၏။ဒုတိယ အချက်မှာကား မြန်မာလူမျိုးတို့ အတွက် မြန်မာနိုင်ငံကို ပြုပြင်ထူထောင်ရန်မဟုတ်မူ၍ ဗြိတိသျှ နယ်ချဲ့ဝါဒီ အရင်းရှင်ဝါဒီတို့၏ အကျိုးစီးပွားကို ပြန်လည်ထူထောင်ရန် သုံးမည်ဖြစ်သော ငွေပင်ငွေရင်း ဖြစ်ပေသည်။ မြန်မာနိုင်ငံ လက်ရှိ အစိုးရ စီမံချက်များမှာ ဆိုရှယ်လစ်ဝါဒစကားလုံးတို့ကို သုံးပြီးလျင် အရင်း၇ှင်ဝါဒ၏ ရှေးထုံးရှေးနည်းအတိုင်း ကွေ့လည်ကြောင်ပတ်နှင့်အမြတ်အစွန်းရဖို့ မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်ဖို့ပင် ဖြစ်၏။ ဗြိတိသျှ အရင်းရှင်တို့ကို လျော်ကြေးပေးဖို့ကား စီမံပြီးလေပြီ။ ကျွန်ုပ်တို့ နိုင်ငံ၌ တိုင်းသူပြည်သားတို့ အမျိုးမျိုး နစ်နာဆုံးရှုံးရသည့်အတွက် လျော်ကြေးပေးမည်၊ အထောက်အပံ့ပေးမည် ဖြစ်သော စီမံချက်များကို ကား မကြားရေသေးပေ။

သတိပေးလိုသော အချက်တခုမှာ ကျွန်ုပ်တို့ တိုင်းပြည်၌ ပြာပုံသမျှ ပျက်စီးရသော အကြောင်းမှာ ဗြိတိသျှတို့ ၁၉၄၂ ခုနှစ်တွင် ထွက်ပြေးခါနီး၌ မီးရှို့မီးတိုက် ဖျက်ဆီးခဲ့ကြသောကြောင့်၎င်း၊ စစ်အတောအတွင်းပင် ဗြိတိသျှ ဗုံးရန်ကြောင့်၎င်း ဖြစ်ပေသည်။ များသောအားဖြင့် ဤအကြောင်း နှစ်ကြောင်း ကြောင့်ပျက်စီးရပေသည်။ ထို့အပြင် ကျွန်ုပ်တို့ နိုင်ငံနှင့် ကျွန်ုပ်တို့ လူမျိုး နစ်နာဆုံးရှုံးရသည်မှာ ဗြိတိသျှ အစိုးရသည် ကျွန်ုပ်တို့ တိုင်းပြည်ကို မကာကွယ်နိုင်ဘဲ ကျွန်ုပ်တို့ကို စွန့်ထားပြီးလျှင် ထွက်ပြေးသွားကြသောကြောင့်ဟု ဆိုရပေမည်။ ဤအချက်ကို ဗြိတိသျှပါလီမန်၌ပင် ၀န်ခံပြီးဖြစ်လေပြီး။ ကျွန်ုပ်တို့မှာ မှတ်မိသရွေ့ ပြောရလျှင် မြန်မာပြည် ကာကွယ်မှုသည် ဗြိတိသျှ အစိုးရက စရိတ်ကုန်ခံ၍ ပြုရမည့် တာဝန်ဟုပင် ဖော်ပြခဲ့ဖူးပေသည်။ သို့ဖြစ်ရကား ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံကို ၁၉၄၁ ခုအား အခြေအနေသို့ရောက်အောင် ပြန်လည်ထူထောင်ရန်အတွက် ကုန်ကျမည်ဖြစ်သော ငွေကြေးများကို ပေးထိုကပေသည်။ အရပ်စကားနှင့် ပြောရလျှင် အလကားပေးသည့် အနေနှင့် ပေးထိုက်လေသည်။ ယခုကား ဤသို့မဟုတ် ၊ ကျွန်ုပ်တို့နိုင်ငံကို ချေးငှားသောအနေနှင့် ချေးငှားလေသည်။ ချေးငှားသည်ဆို၇ာ၌ နောက်ဆုံးတွင်မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ထမ်းဆောင်ရမည်ဖြစ် သော အခွန်တော်ထဲမှ ပေးဆပ်ရမည်ဖြစ်၍ ကျွန်ုပ်တို့ လူထုထံမှ အခွန်ကောက်ခြင်းပင် ဖြစ်လေသည်။ လူထု၏ အကျိုးရှိလျင် တော်ပါသေး၏။ ယခုမှာကား လူထု၏ အကျိုးအတွက်မဟုတ် ၊ ဗြိတိသျှ အရင်းရှင်တို့၏ အကျိုးအတွက် သက်သက်လောက်ပင် ဖြစ်ပေ၏။ သို့အတွက် တိုက်ရိုပ်ပြောရလျှင် ရွှေဒင်္ဂါး ၈၇ သန်းသည် ချေးငွေမဟုတ်၊ မြန်မာနိုင်ငံသူ နိုင်ငံသား (၀ါ) ဗမာလူထုထံမှ အတင်းတောင်ယူသော စစ်လျော်ကြေးငွေသာလျှင် ဖြစ်၏။ ကျွန်ုပ်တို့ တိုင်းသူပြည်သားတို့သည် မိမိတို့ နစ်နာ ဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ရမည်ဝေးစွ။ တန်ဆာဆင်ထားသော စစ်လျော်ကြေးငွေကိုပင် ပေးရတော့မည်။ ကျွန်ုပ်တို့ ပြည်သူပြည်သားများအတွက် လျော်ကြေးငွေပေးရန် အဘယ်ကြောင့် မစီစဉ်ပါသေးသနည်းဟု အစိုးရိကို မေးရာ အစိုးရက “လွန်ခဲ့သည့် ၃နှစ်အတွင်း မိမိတို့သည် တနိုင်ငံ မြိုင်ယံခြားတွင် ရှိသောကြောင့် လိုအပ်သော အချက်တို့ကို မစုဆောင်းရသေးပါ။ စုဆောင်းရအောင်လည်း ထိုစဉ်အခါက မြန်မာနိုင်ငံကို လာရောက်၍ လေထီးနှင့်ဆင်းပြီး ပြည်သူတို့နှင့်တွေ့ဖို့ မဖြစ်နိုင်ပါ” ဟု အူကြောင်ကြောင်ပင် ပြန်၍ဖြေလိုက်သေး၏။ ကျွန်ုပ်တို့ တိုင်းပြည် ပြန်လည်ထူထောင်ရန် ငွေပင်ငွေရင်းလိုသည်မှာ မှန်၏။သို့သော်လည်း ကျွန်ုပ်တို့သည် တန်ဆာဆင် ထားသော စစ်လျော်ကြေးအဖြစ်ဖြင့် ပေးရမည်ဖြစ်သော ငွေများ ၊ စီးပွားရေး လက်ဝါး ကြီးအုပ်မှုများနှင့် တဖက် သတ် အကျိုးရှိမည် ဖြစ်သော ငွေပင်ငွေရင်း စိုက်ထုတ်မှုများကို အလိုမရှိချေ။

လယ်ယာစိုက်ပျိုးရေး စီမံချက် သစ်စီမံချက်၊ ၀ယ်ယူဖြန့်ဖြူးရေး စီမံချက် စသည်တို့နှင့် ပတ်သက်၍ ပြောလို သည်မှာ အစိုးရက မတ်လောက်သော အဖိုးများကို ပေး၍ အားလုံးသော ပိုလျှံမည့် ကောက်ပဲသီးနှံ များကို ၀ယ် ယူမည်ဟု ဆိုထားပြန်၏။ မတ်လောက်သော တန်ဖိုးများကို တောင်သူလယ်သမားများအား ပေး မည်လော၊ အစိုးရအတွက် အ၀ယ်တော်လုပ်သည့် နိုင်ငံခြား ကုမ္ပဏီကြီး များအား ပေးမည်လောဟု မေးရပေ လိမ့်မည်။ အစိုးရ က ဈေးနှုန်းကန့်သတ်မည်ဟု ဆိုပြန်၏။ ဈေးနှုန်း ကန့်သတ်ခြင်းသံနစ်ကို ကျွန်ုပ်တို့ ကြိုက်နှစ်သက်၏ သို့ရာတွင် ဈေးနှုန်း မကန့်သတ်မီ အလွန်တန်ဖိုးယုတ်လျော့လျက်ရှိသော ငွေကြေးပြဿနာကို မဖြေရှင်းရမီ ဈေးနှုန်းကို ကန့်သတ်လျှင်ကျွန်ုပ်တို့ တောင်သူလယ်သမားများ၏ လည်ဇိကို ညှစ်သည်နှင့် အတူတူပင်ဖြစ်၏။ ကျွန်ုပ်တို့ တောင်သူလယ်သမား ကျပ်တည်းကျဉ်းမြောင်းသော ဘ၀သို့ ရောက်လျှင် နိုင်ငံတွင် ခိုးမှု ၊ တိုက်မှု ရာဇ၀တ်မှုများ လာပေလိမ့်မည်။ လက်ရှိအခြေအနေပင် မည်မျှလောက်ဆိုးနေသည်ကို ဖော်ပြရန် မလိုချေ။ အစိုးရ စီမံကိန်းအရ ထွက်ကုန်ဝင်ကုန်ကို အစိုရက အုပ်ချုပ်မည်ဟု ဆိုပြန်၏။ ဤသို့ အုပ်ချုပ်ရာ၌ ဆိုဗီယက် ရုရှတွင် အစိုးရက အုပ်ချုပ်နည်းမျိုးမဟုတ် ၊ အစိုးရကိုယ်စားလှယ် အ၀ယ်တော်များကို အသုံးပြုပြီးလျှင် အုပ်ချုပ် ရန်ဖြစ်လေသည်။ ဤအ၀ယ်တော်များမှာ နိုင်ငံခြား ကုမ္ပဏီများ ဖြစ်၏။ မြန်မာလူမျိုးတို့သည် ထွက်ကုန်ဝင်ကုန် ကိစ္စတွင် ကျွမ်းကျင်လိမ္မာဖြင်းမရှိဟု ဆိုထား၏။ အကြံဥာဏ်ပေးလျှင် မြန်မာလူမျိုးတို့ မလုပ်နိုင်စရာအကြောင်း မရှိပေ။ အစိုးရက ပြန်လည်၍ စီမံသင့်ပေသည်။

ဤမျှမကသေး။ ဂျပန်ငွေစက္ကူကို တန်ဖိုးမရှိဟု ကြေငြာခဲ့သောကြောင့် တနိုင်ငံလုံးတွင် အတိဒုက္ခရောက် ကြရ ပေသည်။ အာရှတိုက် အရှေ့တောင်ဘက်ရှိ မဟာမိတ်များ သိမ်းပိုက်ထားသော နယ်များတွင် တန်ဖိုးထား သင့်သလောက် ထားပါလျက်နှင့် မြန်မာနိုင်ငံတွင် အဘယ်ကြောင့် တန်ဖိုး လုံးလုံးမရှိဟု ကြေငြာခဲ့ပါသလဲ။ ဗြိတိသျှက ထိုနယ်များကို အဘယ်ကြောင့် မျက်နှာလိုက်ပါသလဲ။ ဂျပန်ငွေစက္ကူ ထပ်ပြီး တိုးစရာ အကြောင်း မရှိသည်ဖြစ်၍ ထိုနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း တန်ဖိုးပေးသင့်သည် ။ မြန်မာပြည်သူပြည်သားတို့၏ ကိုယ်စာလှယ်များ နိုင်ငံပေါင်းစုံအဖွဲ့များတွင် ပါဝင်၍ ဂျပန်ပြည်မှ ဂျပန်ငွေစက္ကူများအတွက် ရထိုက်ရစရာ ရှိသော တန်ဖိုးကို ရနိုင်အာင် ဗြိတိသျှအစိုးရက စီစဉ်ပေးသင့်သည်။ ဤနှစ်ချက်ကို ဗြိတိသျှအစိုးရက အဘယ်ကြောင့် စီစဉ်မပေးနိုင်သနည်းဟု မေးလိုသည်။

ဤသို့ ပရိယာယ်အမျိုးမျိုးဖြင့် ဗြိတသျှနယ်ချဲ့ဝါဒီသမားတို့သည် စီးပွားရေး ဖက်ဆစ်ဝါဒကို မြန်မာပြည်တွင် စိုက်ထူရန် စီစဉ်လျက်ရှိနေကြသည်။ငွေကြေးတန်ဖိုးယုတ်မှု ပြဿနာကြောင့် ကျွန်ုပ်တို့ တိုင်းပြည်တွင် အလုပ် မရှိ အမြောက်အမြား၊ ငွေသားငွေစက္ကူ မကိုင်နိုင်သူ အမြောက်အမြားရှိ၏။သို့စဉ်လျက် ပြည်သူတို့ ချောင်ချိအောင် ဗြိတိသျှအစိုးရသည် လွတ်လပ်စွာ ကုန်ကူးသန်းရောင်းဝယ်ရေးကို အားမပေးဘဲ၊ အခြားနိုင်ငံ များကို ချုပ်ချယ်၍ ထားလေသည်။ မိမိတို့ နိုင်င့ကလည်း အချိန်မှီ လုံလောက်အောင် ကုန်စည်ဝထ္ထုပစ္စည်း မပေးပို့နိုင်ဘဲလျက် တကိုယ်ကောင်းကြံလိုသောစိတ်နှင့် အခြားနိုင်ငံများက ကုန်စည် ၀ထ္ထုပစ္စည်းများကိုပို့ခြင်းကို ပိတ်ပင်ထားလေသည်။ “အန်းရား” ခေါ် နိုင်ငံပေါင်းစုံ ကယ်ဆယ် ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးအဖွဲ့ ကိုပင် တားမြစ်ထား လေသည်။ ဤသို့သော စီမံချက်ဖြင့် ဗြိတိသျှ နယ်ချဲ့ဝါဒီတို့သည် မိမိတို့ အကျိုးကို ဖြစ် ထွန်းစေနိုင်လိမ့်မည်ဟု ပြုလုပ်၏။ နောက်ဆုံး၌ မိမိတို့ပင် အကျိုးယုတ်မည်မှာ သိသာနိုင်ပေ၏။

ဥပဒေနှင့်ပတ်သပ်၍ အနည်းငယ် ပြောလိုပါသည်။ ဘုရင်ခံ၏ကိုယ်စား တရားဝန်ကြီးတယောက်သည် ဥပဒေ သစ်အချို့ကို ပြုထား၏ ၁၉၄၃ ခု အထူးတရားကြီး အက်ဥပဒေ ၅ အရ၊ အထူးတ၇ားသူကြီးတဦးသည် သက်သေထွက်ချက်တို့ကို အတိုချုပ် မှတ်သားရန်လိုသည်။ တရားခံသည်လည်းခေါ်လိုသော အရေးကြီးသည့် သက်သေများကို ခေါ်ပိုင်ခွင့်မရှိ၊ တရားသူကြီးသာလျှင် ခေါ်ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထား၏ အချုပ်မှာ အထူးတရားသူကြီးတယောက်သာ သေးငယ်သောပြစ်မှုများတွင် တချက်လွှတ် အမိန့်ချနိုင်သကဲ့သို့ လူသတ်မှု စသော အမှုကြီးများတွင် တချက်လွှတ် အမိန့်ချနိုင်သည်ဟု ဆို၇ာရောက်ပေသည်။ နောက်တချက်မှာ အထူးတရားသူကြီး၏ အပြစ်ဒဏ်ပေးချက်ကို ခံယူရပြီးသည့်နောက် အယူခံပိုင်ခွင့် မရှိချေ။ အဆိုပါ အက်ဥပဒေ ၆(၁) အရ တရားလွှတ်တော်ကပင်လျှင် ပြန်လည်စစ်ဆေးခွင့်မရှိချေ။ ပုဒ်မ ၆(၂) အရ သေဒဏ်ပေးသော အမှုတမှုတွင် တရားဝန်ကြီးတဦးသာ ပြစ်မှုကို စစ်ဆေးနိုင်သည်။ တနည်းအားဖြင့် ဆိုသော် သေဒဏ်ပြစ်မှုကလွှဲ၍ အခြားသောပြစ်မှုများရသော တရားခံတို့မှာ အယူခံပိုင်ခွင့် မရှိသောဘ၀သို့ ရောက်ကြရ ခြင်းပင် ဖြစ်၏။

၁၉၄၃ ခု တ၇ားရုံးတော်များ အရေးပေါ် အက်ဥပဒေပုဒ်မ ၁၄ အရ တ၇ားခံတဦးသည် ပထမတန်း၊ ဒုတိယ တန်း၊ တတိယတန်း အာဏာရှိသော တ၇ားသူကြီးများက အပြစ်ပေးသောအခါ အယူခံဝင်ပိုင်ခွင့် မရှိချေ။ တရားခံတဦးသည် အထူးအာဏာရ တရားသူကြီးက ပြစ်မှုပေးအခါ ထောင်ဒဏ်ငါးနှစ်က အကျော်လွန်လျှင် အယူခံပိုင်ခွင့် မရှိချေ။ တရားခံတဦးသည် စက်ရှင်တရားသူကြီး သို့မဟုတ် တွဲဘက် စက်ရှင်တရားသူကြီးက ပြစ်မှုပေးသောအခါ သေဒဏ်မဟုတ်လျှင် အယူခံပိုင်ခွင့်မရှိချေ။ အထူးအာဏာရ တ၇ားသူကြီးရုံး၌ ငါးနှစ်ထက် ကျော်သော ထောင်ဒဏ်ပေးလျှင် တရားလွှတ်တော်ရုံးသို့ မဟုတ်ပဲ စက်ရှင်တရားသူကြီးရုံးသို့သာ အယူခံ နိုင်သည်။ ယခုအခါ၌ စက်ရှင်တရားသူကြီးသည် အထူးတရားသူကြီးလည်း ဖြစ်နေပြန်သောကြောင့် အလွန်အလုပ်များရာ အယူခံမှုများကို သေချာစွာ စစ်ဆေး နိုင်လိမ့်မည် မဟုတ်ချေ။

အထက်ပါ အက်ဥပဒေပုဒ်မ ၁၄ အရ ပုလိပ်ကို ဖြောင့်ချက်ပေးခြင်း တို့ကို သက်သေထွက်ချက်ဟူ၍ တ၇ား သူကြီးများက လက်ခံနိုင်သည်။ ထို့အပြင် အမှုစုံစမ်းရေး ပုလိပ်အရာရှိအား ထွက်ဆိုချက်တို့သည်လည်း တရားဝင်ပြန်လေသည်။သို့အတွက် အမှုစုံစမ်းရေး ပုလိပ်အရာရှိသည် လူတယောက်ကို မဖမ်းမီ မိမိတို့ အလိုရှိသော ထွက်ချက်ကို ရအောင် ပရိယာယ်အမျိုးမျိုးဖြင့် မေးတက်လေသည်။ တရားခံတဦးသည် ပုလိပ်အရာရှိ၏ ခြိမ်းမှု။ ချောက်မှု စသည်တို့ကို ပေါ်အောင်လုပ်နိုင်ရန် အလွန်ခဲယဉ်းသည် ဖြစ်ရာ ပုလိပ်လက်ထဲ၌ ဤကဲ့သို့တိုးချဲ့၍ အာဏာပေးထားခြင်းသည် အန္တရာယ်များစွာ ပေါ်ပေါက်ပေလိမ့်မည်။ တရားခံနှင့်ပုလိပ် နှစ်ဦးစကားကို တရားသူကြီးက ဆုံးဖြတ်ဖို့သာ ရှိပေတော့သည်။

မကြာမက ကျွန်ုပ်သည် ဗြိတိသျှတရားစစ်ဆေးရေးစံနစ်သည် ဂျပန်ကင်ပေတိုင်စံနစ်နှင့် တူနေသည်ဟု ပြောခဲ့ဖူးပေပြီ။ ယနေ့ သည့်အတိုင်းပင်ထပ်၍ ပြောလိုသည်။ အချုပ်မှာ ဤဥပဒေသစ်များကြောင့် ကျွန်ုပ်တို့ ပြည်သူ ပြည်သားများကို ယုတ်မာသော ပုလိပ်မျိုးနှင့် လက်စားချေလိုသော တရားသူကြီးမျိုးလက်ထဲတွင် ၀ကွက်၍ အပ်ခြင်းပင် ဖြစပေတော့သည်။ ထိုမျှမကသေး။ တရားစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေး အရာ ရှိများက ၀င်ရောက်စွက်ဖက်သည်များကိုလည်း ကျွန်ုပိတို့သိရှိရ၏။ ဤဥပဒေသစ်များကို အရေးကြုံ၍ ယာယီ သဘောလုပ်ရပါသည်ဟု ဆိုပြန်၏။ မြန်မာနိုင်ငံ၌ ဘာအရေးရှိနေလို့ပါလဲ၊စစ်အပြီးတွင် အခြားနိုင်ငံများ၌ လွတ်လပ်မှုများ ပြန်လည်ရရှိပါလျက် အဘယ်ကြောင့် ကျွန်ုပ်တို့ နိုင်ငံတွင် မရနိုင်ပါသလဲ။ ဗြိတိသျှတို့သည် စိတ်ကောင်းစေတနာနှင့် မြန်မာများကို ဂျပန်လက်တွင်းက ကယ်ဆယ်ဖို့ လာရောက်ပါသည်ဟု ဆိုကြသည်။ ဤဥပဒေသစ်များနှင့် စီးပွားရေးစီမံချက်များသည် ဗြိတိသျှတို့၏ မွန်မြတ်သော စေတနာ၏ ရှေ့ပြေးနိမိတ်များ ဖြစ်လေသလောဟု မေးလိုပါ၏။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့ နိုင်ငံရှိ လူ ၁၇ ယောက်မျှ ဥပဒေအကြောင်းကို ကောင်းကောင်းနားလည်သည်ဟု ပြောဆိုခြင်းသည် ဆင်သေကို သားရေနှင့် ဖုံး၍မရသကဲ့သို့ ရှိချေသည်။ ဤကဲ့သို့ ပြောဆိုမှုမျိုးပြခဲ့သော “လေထီးနှင့်ဆင်းပြီးကာ မေးရမည်လော” ဟူ၍ မလောက်လေးမလောက်စား ပြောဆိုမှုမျိုးသည် အရာမရောက်။ ကျွန်ုပ်တို့ တိုင်းပြည်တွင် ဗြိတိသျှတို့ကို မုန်းတီးသောစိတ်ကို မြှောက်ပင့်ပေးရာရောက်သည်သာလျှင် ဖြစ်သည်ဟု အာဏာပိုင်တို့အား သတိပေးလိုသည်။

အထက်၌ ဖော်ပြပြီးသောနည်း အမျိုးမျိုးဖြင့် ကျွန်ုပ်တို့ နိုင်ငံတွင် စီးပွားရေး စိုက်ထူနိုင်လိမ့်မည်ဟု မျှော်လင့်ကြ၏။ ဥပဒေအရဟု ဆိုနိုင်ရန် ဥပဒေကိုပင် မိမိတို့ အလိုကျပြင်လိုက်သေး၏။ ဤမျှမကသေး။ ဘုရင်ခံကို လုံးဝအာဏာပေး၍ အုပ်ချုပ်စေ၏။ ဥပဒေအရဆိုရင် ဘုရင်ခံသည် မြန်မာနိုင်ငံ၏ အာဏာရှင်ဖြစ်၏။ ဤသို့သော အကြောင်းများကြောင့် ဘုရင်ခံနှင့် ကျွန်ုပ်တို့ ယခုအခါ၌ သဘောကွဲလွဲနေကြ၏။ ကျွန်ုပ်တို့သည် မဖြစ်နိုင်ခြင်းကို မတောင်းဆိုခဲ့ကြချေ။ ဘုရင်ခံသည် မိမိ၏ မိန့်ခွန်းများတွင် အားလုံး နိုင်ငံရေးပါတီကြီးများ၏ ကိုယ်စာလှယ်များဖြင့် မိမိ၏ အမှုဆောင် ကောင်စီကို ဖွဲ့လိုပါသည်ဟု အတန်တန် ဖော်ပြဖူးသည့်အတိုင်း ကျွန်ုပ်တို့သည် ဤကဲ့သို့သော ကောင်စီိကို ဖွဲ့ရန်ကိုသာ တောင်းဆိုခဲ့၏။ ဥပဒေအရ အမှုဆောင် ကောင်စီဝင် လူကြီးများသည် ဘုရင်ခံကိုသာ လုံးဝ တာဝန်ရှိသော်လည်း ဒီမိုကရေစီဝါဒအတိုင်း ကောင်စီဖွဲ့သူများသည် တစုတပေါင်းတည်း တိုင်းသူပြည်သား (၀ါ) လူထုကိုသာ တာဝန်ရှိစေသင့်သည်ဟု တောင်းဆိုခဲ့၏။ စင်စစ်မှာ ကျွန်ုပ်တို့သည် မူလရည်ရွယ်ချက်ထက်ပင် တထစ်လျော့၍ တောင်းဆိုခြင်းဖြစ်၏။

မူလက ကျွန်ုပ်တို့သည် အားလုံးသော အာဏာများကို ပေးအပ်ခြင်းခံရသော ဗမာလူမျိုးပါဝင်သော ယာယီ အမျိုးသားအစိုးရကို တောင်းဆိုခဲ့ပေသည်။ သို့ရာတွင် အပေးအယူသဘောမျိုးဖြင့်ကာကွယ်ရေး၊ နိုင်ငံရေးရာ၊ တောင်ရိုးနယ်များကိစ္စတို့ကို ဘုရင်ခံလက်ထဲ၌ထားခြင်းကို သဘောတူသည်သာမက ကောင်စီတွင် အချို့အင်္ဂလိပ်တို့ကို ထည့်ခြင်းပင် သဘောတူလက်ခံခဲ့လေသည်။ ဘုရင်ခံ ခန့်အပ်သော အမှုဆောင် ၀န်ကြီး တဦး၏ လက်ထဲတွင် ဘဏ္ဍာရေးကို ထားခြင်းပင်လျှင် ကျွန်ုပ်တို့ လိုက်လျောခဲ့၏။ ဘုရင်ခံသည် ဥပဒေအရ တိုင်းပြည်ကို အုပ်ချုပ်ရာတွင် တာဝန်ရှိသော်လည်း ဒီမိုကရေစီဝါဒအတိုင်း အုပ်ချုပ်ရန်တောင်းဆိုခြင်းမျှသာ ဖြစ်ချေသည်။ ဤသို့ တောင်းဆိုရာ၌ ကျွန်ုပ်တို့သည် ပြည်ထဲရေးဌာနကို ကျွန်ုပ်တို့ အုပ်ချုပ်လိုပါသည်ဟု ထည့် ၍ပြောခဲ့၏ ဤသို့ ပြည်ထဲေ၇းဌာနကိုတောင်ဆိုခြင်းသည် မကောင်းသော အကြံနှင့် တောင်ဆိုခြင်းမဟုတ်။ ကျွန်ုပ်တို့သည် ဘုရင်ခံ၏ စေတနာကို ယုံကြည်မိသည်တကြောင်း၊၎င်းတိုင်းပြည်၏ အခြေအနေ အစဉ်အလာကို ထောက်၍၎င်း၊ တောင်းဆိုခြင်း ဖြစ်ပေသည်။ ရဲဘော်တို့နားလည်သည့်အတိုင်း ဤ တောင်းဆိုချက်သည် မဖြဟ်နိုင်သော တောင်းဆိုချက်မဟုတ်၊ အသင့်အတင့်မျှ တောင်းဆိုခြင်း ဖြစ်ပေသည်။ သို့သော်လည်း ဘုရင်ခံသည် မိမိသာလျှင် သိသော အကြောင်းများကြော်င့် ကျွန်ုပ်တို့၏ တောင်းဆိုချက်ကို လက်မခံနိုင်ဘဲ ငြင်းဆိုခဲ့သည်။

ကျွန်ုပ်တို့ အပေးအယူ သဘောမျိုးဖြင့် လျှော့ပေါ့၍ တောင်းဆိုခြင်းသည် ကျွန်ုပ်တို့ စိတ်ဓါတ် ညံ့ဖျင်း၍ မဟုတ်၊ ယခုအခါ၌ ကျွန်ုပ်တို့နိုင်နှင့် ကျွန်ုပ်တို့၏ လူမျိုးအကျိုးကို မြန်မြန်ထက်ထက် သည်ပိုးချင်သော ဆန္ဒအတွက် ဖြစ်ပေသည်။ ကျွန်ုပ်တို့အား အရးကြီးသော ဌာနတို့ကို ဘုရင်ခံ လက်ထဲ၌သော်၎င်း၊ဘုရင်ခံကိုယ်တိုင် ရွေးချယ် ခန့်ထားသော လူကြီးများ၏ လက်ထဲ၌သော်၎င်း ထားခြင်းအားဖြင့် တန်ခိုးအာဏာများစွာ မရှိသည်ကို သိလျှက် နှင့်ပင် တိုင်းပြည် ပြနလည် ထူထောင် နိုင်ရေးအတွက်အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်လိုသော ဆန္ဒနှင့် စကားကမ်းလှမ်းခဲ့လေသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ အလိုဆန္ဒ အတိုင်း မဖြစ်ခဲ့ချေ။ ကျွန်ုပ်တို့ နိုင်ငံတွင် အာဏာပိုင်များသည် အလွန် သာယာနာပျော်ဖွယ် ကောင်းသော စကားလုံး များကိုသာ သုံးပြီးလျှင် စီးပွားရေး ဖက်ဆစ်ဝါဒ ထူထောင်မည်ကို ကြိုးစားနေကြပေပြီ။ ထိုအတွက်ကြောင့်လည်း အာဏာပိုင်တို့သည် ယခုအခါ၌ တိုင်းပြည်၏ အခြေအနေ အဖြစ်သနစ် အကျိုးအကြောင်းအမှန်တို့ကို သိလျက်နှင့်ပင် မျက်စေံစုံလုံးမှိတ်၍ ပြည်သာတို့၏ (၀ါ) လူထုဆန္ဒကို ပြောင်ပြောင်ကြီး ဆန့်ကျင်ကာ ဗြိတိသျှ အစိုးရနှင့် ဗြိတိသျှ လူမျိုးတို့ကို ကျွန်ုပ်နို့၏ လွတ်လပ်မှုအတွက် သွားရောက်ရှင်းလင် ပြောဆိုဖို့ အခွင်အရေးကို ပင် မပေးဘဲ နေသည်သာမက ကျွန်ုပ်တို့၏ ဂုဏ်သရေ ကိုပျက်စိမ့်သောငှါ(၀ါ) ကျွန်ုပ်တို့၏ အင်အားကို ယုတ် စိမ့်သောငှါ ဥာဏ်နီ ဥာဏ်နက် အမျိုးမျိုးနှင့် ပြောဆို ပြုလုပ်လျက် ရှိကြပေပြီ။ ကျွန်ုပ်တို့ကိုလည်း မခံချင် အောင်အမျိုးမျိုး ဆွကြလေသည်။


သို့သော်လည်း ကျွန်ုပ်တို့ကို ဆွ၍ရမည်မဟုတ်ပေ။ နောက်ဆုံး၌ ကျွန်ုပ်တို့ အနိုင်ရမည်မှာ သေချာသည်ကို ကျွန်ုပ်တို့ သိသည်။ ကျွန်ုပ်တို့ အင်အားကို ကျွန်ုပ်တို့သိသည်။ ကျွန်ုပ်တို့ကို ခြေလှမ်းမှားအောင် ဆွ၍ မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့၏ အချိန်ကိုရွေး၍ ကျွန်ုပ်တို့ လူထု မကြိုးပမ်းသင့်သော နေရာတွင် မကြိုးပမ်းစေဘဲ ဖြောင့်ဖြောင့်တန်းတန်း လွန်လပ်ရေးရစေရန် ကြိုးစားရာ၌ ကျွန်ုပ်တို့ သတိပြုရမည်မှာ လွတ်လပ်ရေးသည် အကျိုးတရား မဟုတ် လွတ်လပ်ေ၇းသည် ကျွန်ုပ်တို့၏ ဆန္ဒအတိုင်း ကျွန်ုပ်တို့၏ ကံကြမ္မာကို ဖန်တီးနိုင်သော အကြောင်းတရားသာ ဖြစ်ချေသည် ။ ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို ဟန်ပြအနေနှင့် အလိုမရှိ။ ကျွန်ုပ်တို့ ကိုယ်တိုင် တန်ခိုးအာဏာအခွင့်အရေးမရှိသော (၀ါ)အနှစ်မရှိ အကာအတိသာ ဖြစ်သော လွတ်လပ်ရေးကို ကျွန်ုပ်တို့ကိုယ်တိုင် ကြုံတွေ့ဖူးသည် ဖြစ်၍ ၎င်းလွတ်လပ်ရေးကို အတုမျိုးအတွက် ကျွန်ုပ်တို့ ထပ်မံ ကြိုးပမ်းလိမ့် မည် မဟုတ်ချေ။

ရဲဘော်တို့၊ လွတ်လပ်ရေးဆိုသည့် ဝေါဟာရကိုသာ မကြည့်ရှုပါနှင့်၊ ဤလွတ်လပ်ရေးကို ရသောအခါ လွတ်လပ် ရေးကို အကြောင်းပြု၍ လွတ်လပ်မှု အကျိုးတရားများကို ခံစာနိုင်အောင် ယခုကပင် ဤလွတ်လပ်ရေးကို ပရိယာယ် အမျိုးမျိုးဖြင့် မသိမသာ ချုပ်ချယ်မှုတို့ကို ကြီးစွာသောသတိနှင့် ကန့်ကွက်ရပေလိမ့်မည်။ ဤပြဿနာ များကို ကျွန်ုပ်တို့ ယခုအခါ၌ တိုင်ပင်ဆွေးနွေး စဉ်းစားလျက် ရှိကြပေသည်။ သို့အတွက် ဘုရင်ခံသည် အဖြစ်သ နစ်အစစ်ကို ရှောင်ရှား၍ ကျွန်ုပ်တို့အဖွဲ့ချုပ်ကို နိုင်ငံရေးပြောက်ကျားတိုက်ပွဲနည်းစံနစ်ဖြင့် စစ်ဆင်လိုပါက၊ ဆင် ပါစေ၊ စီးပွားရေး ဖက်ဆစ်ဝါဒတိုက်နည်းကို သုံးလိုပါကသုံးပါစေ၊ သို့သော်လည်း ကျွန်ုပ်တို့မှာ မတုန်မလှုပ်စိတ် ဓါတ် ခိုင်မြဲစွာနှင့် လွတ်လပ်ရေးပန်းတိုင်သို့သာလျှင် ရှေ့ ရှုပြီး ချီတက်လျက်ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရင်ခံ ၏ ပြောက်ကျားတိုက်ပွဲများရှုံးမည်ကို သေသေချာချာ သိပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ပြောက်ကျားတိုက် ပွဲများ ရှုံးမည်ကို သေသေချာချာ သိပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ပြောက်ကျားတိုက်ပွဲ နည်းစနစ်ကို လူထု က သောင်းသောင်းဖြဖြ အားမပေးဘဲ အောင်မြင်စွာ အသုံးမပြုနိုင်ချေ။ ဘုရင်ခံနောက်၌ လူထုမရှိ၊ ကျွန်ုပ်တို့ အဖွဲ့ချုပ်နောက်၌သာ လူထုရှိသည်ကို သတိပြုကြလော့။

ဤသို့သော အကြောင်းကြောင်းများကြောင့် ကျွန်ုပ်တို့ မည်ကဲ့သို့စီစဉ် ဆောင်ရွက်ကြမည်နည်း။ ကျွန်ုပ်တို့ အ ဘယ်ကဲ့သို့ ခြေလှမ်းလှမ်းကြမည်နည်း။

ရဲဘော်တို့ ၊ အကျွန်ုပ်တို့၏ အဓိက ရည်ရွယ်ချက်သည် ကျွန်ုပ်တို့ကိုယ်တိုင် ဖန်တီးနိုင်သော အခွင့်အရေးကို ရယူ ရန် ဖြစ်ပေသည်။ ဤအခွင့်အရေးကို ရယူနိုင်ရန် ဗြိတိသျှအစိုးရအား ကျွန်ုပ်တို့ အရေးဆိုထားသည်မှာ အရွယ် ရောက်သူတိုင်း မဲပေးနိုင်ခွင့်ရှိသော ရွေးကောက်ပွဲများကို ချက်ချင်း ကျင်းပပြီးလျှင် တိုင်းပြုပြည်ပြု လွှတ်တော် ကို အမြန်ဆုံး ခေါ်ပေးရန်ဖြစ်ပေသည်။ ဤသို့ တိုင်းပြုပြည်ပြု လွှတ်တော်မဖြစ်ပေါ်မီအတွင်း ဗြိတိသျှအစိုးရနှင့် ဆက်သွယ်ဆွေးနွေးနိုင်သော အမျိုးသားအစိုးရကို ဖွဲ့စည်းပေးရန်ကိုလည်း ကျွန်ုပ်တို့ အဆိုပြုခဲ့ပေသည်။ သို့မှ သာလျှင် ကျွန်ုပ်တို့၏ ပြည်သူ့လက်ထဲသို့ လွတ်လပ်ရေး ရချိန်တွင် လုံးဝတန်ခိုးအာဏာ ပြောင်းလွှဲပေးအပ်ရန် အတွက် ကျွန်ုပ်တို့ လိုသမျှသော အစီအစဉ်များကို ကျနစွာ လုပ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ဗြိတိသျှအစိုးရ သည် ကျွန်ုပ်တို့ အမျိုးသားများအား ဒိုမီနီယန်အဆင့်အတန်းကို ပေးပါမည်ဟူ၍ မရေမရာသော ကတိပြုပြီးလျှင် စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခြင်းကိုသာပြုခဲ့လေသည်။ ဤဒိုမီနီယန် အဆင့်အတန်းကိုပင် ဘယ်အချိန် ဘယ်အ ခါ ပေးမည် ဟူ၍ တိတိကျကျ ဖော်ပြခြင်းမရှိပေ။

ကျွန်ုပ်တို့ အမျိုးသားတို့၏ လိုအင်ဆန္ဒကို ဗြိတိသျှ အစိုးရတို့က မဖြည့်သည့်အတွက် ကျွန်ုပ်တို့ ဘာလုပ်ကြမည် နည်း။ ရွေးကောက်ပွဲကို စောစောမပြုလုပ်ပေးလျှင် ဘယ်လို စခန်းသွားကြမည်လဲဟု မေးဘွယ်ရာ ရှိလေသည်။ စင်စစ်မှာ ဗြိတိသျှ အစိုးရသည် ရွေးကောက်ပွဲများကို စောစောကျင်းပလိုပါက ခဲယဉ်းစရာ အကြောင်းမရှိချေ။ ခြောက်လအတွင်းတွင်စီစဉ်၍ ပြုလုပ်နိုင်၏။ ခြောက်လအတွင်း မပြီးစီးနိုင်ဟု ဆိုလျှင် ဗြိတိသျှအစိုးရ၌ လုပ်ရည် ကိုင်ရည် မရှိဟု ဆိုရာရောက်ပေသည်။ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဘာများ အထူးအထွေ လုပ်စရာ ရှိပါသလဲ။ မဲပေးနိုင်ခွင့်ကိစ္စကို ဆုံးဖြတ်ဘို့နှင့် မဲစာရင်းများ လုပ်ရန်သာရှိပါသည်။ အသွားအလာလမ်းပန်းခရီးကို ယိုးမယ်ဖွဲ့  စရာမရှိပါ။ ယခင်အခါက လမ်းပန်းခရီးမကောင်းသည့်အထဲမှာပင် ရွေးကောက်ပွဲများ ပြုလုပ်လာကြပါသည်။ မဲ ပေးနိုင်ခွင့်ကိစ္စကို ဆုံးဖြတ်ဘို့နှင့် မဲစာရင်းများ လုပ်ရန်သာ ရှိပါသည်။ အသွားအလာလမ်းပန်း ခရီးကို ယိုးမယ်ဖွဲ့  စရာ မရှိပါ။ ယခင်အခါက လမ်းပန်းခရီးမကောင်းသည့်အထဲမှာပင် ရွေးကောက်ပွဲများ ပြုလုပ်လာကြပါသည်။ မဲပေးနိုင်ခွင့် ကိစ္စကို လွယ်ကူစွာ ဆုံးဖြတ်နိုင်ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ထင်မြင်ချက်များကို ပေးပြီးပါပြီ။ ဤညီလာခံသဘင်မှာလည်း ဤကိစ္စကို ထပ်မံ တင်ပြ ရှင်းလင်းပါမည်။ ထို့အပြင် ဤကိစ္စနှင့် ပတ်သက်၍ အခြားအခြားသော အဖွဲ့များနှင့် ပုဂ္ဂုလ်များကလည်း ထင်မြင်ချက်ပေးပြီး ဖြစ်ပါသည်။မဲစာရင်းများ ကို ခြောက်လအတွင်းပြီးအောင် လုပ်နိုင်သည်ကို ရှေးက သက်သေ သာဓက ရှိပြီး ဖြစ်ပါသည်။ သည့်အပြင် ဘာ အကြောင်း ရှိသေးလဲ။ လွတ်လွတ်လပ်လပ် မဲပေးနိုင်ဖို့ အခြေအနေ ရှိရမည်လို့ ဆိုပြန်သည်။ ဤပြောဆို ချက်ကှို ကျွန်ုပ်တို့ သဘောတူသည်။ ရွေးကောက်ပွဲ ကျင်းပသည့် အချိန်မှာ တိုင်းပြည်တွင် ငြိမ်းချမ်းမှု ရရှိပေ လိမ့်မည်။ ကမ္ဘာအရပ်ရပ်နှင့် ဗြိတိသျှ နိုင်ငံတွင် ဖြစ်ပွားလျှက် ရှိသကဲ့သို့ ကျွန်ုပ်တို့ နိုင်ငံမှာလည်း ခိုးသား ဓါးပြ မှုများ ဖြစ်ပွားလျက် ရှိသည်မှာ မှန်၏။ သို့ရာတွင် အရှေ့တလွှားတွင် ကျွန်ုပ်တို့ နိုင်ငံသည် အငြိမ်းချမ်းဆုံး သော တိုင်းပြည်ဟူ၍ ကျွန်ုပ်ဆိုလိုသည်။ ကျွန်ုပ် အကြောင်းပြချက်များကို ထောက်ထား၍ ရွေးကောက်ပွဲများကို စောစော ကျင်းပနိုင်ကြောင်း ထင်ရှား၏။

သို့သော်လည်း ရွေးကောက်ပွဲများကို ကျင်းပချင်မှ ကျင်းပပေလိမ့်မည်။ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ။ ကျွန်ုပ် ပြော ချင်တာက ရာဇ၀င် သဘောအရ၊ ခေတ်သဘောအရ ဖြစ်ပေါ့်နေသည့် ကမ္ဘာ့ ခြေလှမ်း ၊ ဗမာ့ ခြေလှမ်းတို့ သည် တလှမ်းတည်း လှမ်းပြီး သွားနေရမှာဘ။ ကျွန်ုပ်တို့ လူထု အားပေးကူညီ ယိုင်းပင်းမှုနှင့် ကျွန်ုပ်တို့ တိုင်းပြည်ကို ကျွန်ုပ်တို့ ပြုပြင် ထူထောင်မည်။ ကျွန်ုပ်တို့၏ လွတ်လပ်ရေး ပန်းတိုင်သို့ ရှေ့ရှု၍ ချီတက်မည်။ လွတ်လပ်ရေး ပန်းတိုင်သို့ အဘယ်ကဲ့သို့ ချီတက်မည်နည်း။ ကျွန်ုပ်တို့၏ လုပ်ငန်း အစီအစဉ်ကို ဤညီလာခံသဘင်၌ တင်ပြ မည်ဖြစ်၍ ကျွန်ုပ် အကျဉ်းအားဖြင့် ပြောလိုသည်မှာ ဤလုပ်ငန်း အစီအစဉ်သည် အတော်အတန် ပြည့်စုံသော် လည်း ကျွန်ုပ်တို့ အလှမ်းမကျယ်ဘဲ အလယ်အလတ် အရေးကြီးသော လက်ငင်း ပြဿနာမျုားကို ဖြေရှင်းနိုင် အောင် ပထမဆုံး စတင်ဆောင်ရွက် ရပေလိမ့်မည်။ အရေးကြီးသော ကိစ္စများမှာ ကယ်ဆယ်ထောက်ပံ့ရေး၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး ၊ ငြိမ်ဝပ်ပိပြားရေး ။ ပညာရေး၊ အိမ်ဆောက်ရေး၊ ကျန်းမာရေး စသည်တို့ ဖြစ်ပေသည်။ ဤအရေး ကိစ္စများကို အောင်မြင်စွာ ပြီးစီးနိုင်အောင် ကျွန်ုပ်တို့သည် ပူးပေါင်း ဆောင် ရွက်ခြင်း သဘောနှင့် ဆောင်ရွက်ကြရပေလိမ့်မည်။

ရွေးကောက်ပွဲများ ကျင်းပစေကာမူ ကျွန်ုပ်တို့ အလိုရှိသော တိုင်းပြုပြည်ပြု လွှတ်တော်ကို ခေါ်ပေးချင်မှ ခေါ်ပေးလိမ့်မည်။ တိုင်းပြုပြည်ပြုလွှတ်တော်ကို ခေါ်ပေးမှ ဖြစ်နိုင်သည်မဟုတ်။ ကျွန်ုပ်တို့၏ လုပ်ငန်းသဘောအ ရ တိုင်းပြုပြည်ပြုလွှတ်တော် ဖြစ်ပေါ်လာလိမ့်မည်ဟု နားလည်သင့်ကြပေသည်။ ရွေးကောက်ပွဲများ ကျင်းပခဲ့ပါ လျှင် လူထု၏ အားပေးမှုဖြင့် (၀ါ) လူထု၏မဲဆန္ဒကြောင့် ကျွန်ုပ်တို့သည် ရွေးကောက်ပွဲများတွင် အနိုင်ရမည်မှာ မ လွဲချေ။ ထိုအခါ ကျရောက်လျှင်ကျွန်ုပ်တို့သည် ဗြိတိသျှအစိုးရ ကိုတိတိလင်းလင်း ကျွန်ုပ်တို့၏ လိုအင်ဆန္ဒကို မ ရရအောင် တောင်းဆိုမည်။ ဤကဲ့သို့ ငြိမ်းချမ်းသော နည်းဖြင့် ကျွန်ုပ်တို့လူမျိုး၏ ကံကြမ္မာကို မဖန်တီးနိုင်လျှင် ကျွန်ုပ်တို့သည် နည်းလမ်းသစ်ထွင်၍ ကျွန်ုပ်တို့၏ တန်ခိုးအာဏာဖြင့် ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို ရယူရန် စိုင်း ပြင်းမည်။ နည်းသစ်ဟု ဆိုရာ၌ စင်ပြိုင်အစိုးရတည်ထောင်ခြင်းကို ဆိုလိုသည်မဟုတ်။ ၎င်းစင်ပြိုင်အစိုးရ တည် ထောင်ခြင်းထက်၎င်း၊ အနုမြူဗုံးထက်၎င်း အင်အားရှိသော ကျွန်ုပ်တို့ လူထုအားကို ကျနသေချာစွာ စည်းရုံး၍ အသုံးပြုမည်ဟု ဆိုလိုသည်။ ကမ္ဘာပေါ်တွင် လူထုအားကို မည်သည့်အားမျှ ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ချေ။

လူထုကို အဘယ်ကဲ့သို့ ကျနသေချာစွာ စည်းရုံးမည်နည်း။ အဘယ်ကဲ့သို့ ကျနသေချာစွာ အသုံးပြုမည်နည်း။ ပ ဌမဆုံး အမျိုးသားညီညွတ်မှုကို ဆောင်ရွက်ရမည်။ အမျိုးသား ညီညွတ်မှု၏ ရှေ့ ဆောင်ရှေ့ သွားအဖြစ်ဖြင့် ကျွန်ုပ်တို့ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်နှင့် နယ်အဖွဲ့ များကို ဖွဲ့ စည်းပြီးခဲ့လေပြီ။ အဖွဲ့ ချုပ်နှင့် နယ်အဖွဲ့ များကိုဖွဲ့ စည်းပြီးခဲ့လေပြီ။ အဖွဲ့ချုပ်နှင့် နယ်အဖွဲ့များကို ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင်၊ ကျန သည်ထက်ကျနအောင် ပြုလုပ်ရပေလိမ့်မည်။ အဖွဲ့ချုပ်၏ စည်းမျဉ်းများကို ပြုပြင်နိုင်ရန် ဤညီလာခံကို တင်ပြ ပြီးဖြစ်သည်။

အမျိုးသားညီညွတ်ရေးဆိုတာ ဘယ်ကဲ့သို့သော ညီညွတ်ရေးကို ခေါ်ပါသနည်းဟု မေးရပေလိမ့်မည်။ အမျိုးသား ညီညွတ်ရေး ဆိုသည်မှာ ခေါင်းဆောင်များသာညီညွတ်ခြင်းကို မဆိုလို။ လူမျိုးဘာသာ၊ ယောက်ျားမိန်းမ၊ ဂိုဏ်း ဂဏမရွေး တနိုင်ငံလုံး ပြည်သူပြည်သား၊ လူထုတခုလုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အ လိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါညီညွတ်ကြ သည်ကို ဆိုလိုသည်။

အချို့ သောပုဂ္ဂိုလ်များက ဤအမျိုးသားညီညွတ်ရေးမျိုး ဖြစ်ထွန်းလာအောင် အားလုံးသော အဖွဲ့ဝင်များသည် အသီးသီးအသက အသက မိမိတို့ အဖွဲ့ များကို အမျိုးသား အစည်းအရုံးကြီးနှင့် တလုံးတည်းတ၀တည်း ပေါင်းပစ် သင့်ကြသည်ဟု ထင်မြင်ချက် ပေးကြပေသည်။ ဤပုဂ္ဂိုလ်များက ဤသို့ထင်မြင်ချက်ပေးခြင်းမှာ အမျိုးသား လုပ် ငန်းကြီးကို လုပ်ရာတွင် အဖွဲ့များအသီးသီးရှိခြင်းသည် အင်အားကို ယုတ်လျော့စေသည်ဟူ၍ စိတ်ကောင်းစေတ နာနှင့် စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်လေသည်။ သို့သော်လည်း အဖွဲ့များကို ဖျက်ပစ်စေကာမူ၊ ပြဿနာအမျိုးမျိုး ပေါ်တွင် ရည်ရွယ်ချက်အားဖြင့် တူသော၊ ထင်မြင်ချက်အားဖြင့် တူသော၊ အကျိုးအားဖြင့်တူသော သူများသည် အသီးသီးရှိကြပေလိမ့်ဦးမည်။ သို့အတွက် အဖွဲ့များ သီးခြားရှိသည်မရှိသည်မှာ ပဓာန မဟုတ်။ ၎င်းအဖွဲ့တို့သည် ဂုဏ်တုဂုဏ်ပြိုင် ပါတီစိတ်၊ ပါတီသဘောများနှင့် အလုပ်မလုပ်ကြခြင်းသာ အရေးကြီးဆုံးအချက်ဖြစ်သည်ဟု ဆို ရပေမည်။

အမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားပြဿနာအားလုံးကို ဖြေရှင်းရန် စိုင်းပြင်းရာတွင် ပါတီစိတ်၊ ပါတီသ ဘောကို စွန့်၍ စည်းစည်းလုံးလုံးစိုင်းပြင်းသင့်ကြပေသည်၊ မိမိတို့၏ ထင်မြင်ယူဆချက်များကို(၀ါ) မိမိတို့၏၀ါဒ ကို အမျိုးသား အစည်းအရုံးဝင်များအား သာယာညှင်းပျောင်းကောင်းသော နည်းလမ်းများဖြင့်သာ နားလည် လက်ခံအောင် ရှင်းလင်းပြောပြခြင်းအမှုကိုသာ ပါတီဝင်များ အနေနှင့် ပြုသင့်ပေသည်။ အတိုချုပ်မှာ ပါတီဝင် များ၏ လုပ်ငန်းသည် ပါတီသဘောနှင့် ပါတီကိစ္စလုပ်ရန် မဟုတ်။ ၀ါဒပြန့်ပွားမှုကိုသာ ပြုသင့်ပေ၏။ ဤအတိုင်း ဆိုလျှင် ပါတီများရှိစေကာမူ ကျွန်ုပ်တို့၏ အမျိုးသားအစည်းအရုံး၏အင်အားကို ယုတ်လျော့စေသည် မဟုတ်ချေ ။ ဤ သဘောသဏ္ဌာန်ကို အမှန်စင်စစ် နားလည်ပြီးလျှင် ရိုးသားဖြောင့်မတ်စွာ အားထုတ်ကြပါမူ ကျွန်ုပ်တို့ အ မျိုးသားညီညွတ်မှုသည် တဆင့်ထက်တဆင့် တိုးမြှင့်ခိုင်ခံ့၍ မကြာမီ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ တည် တံ့ပေလိမ့်မည်။ ဤကား ကျွန်ုပ်တို့၏ ပဌမလုပ်ငန်းတည်း။

ကျွန်ုပ်တို့၏ ဒုတိယလုပ်ငန်းမှာ ၀ါဒဖြန့်ဖြူးရေးကိစ္စ အဖွဲ့ချုပ် အဖွဲ့ခွဲများ စည်းရုံးရေးကိစ္စနှင့် ပြုပြင်ထူထောင်ရေး ကိစ္စ အဖွဲ့ချုပ် အဖွဲ့ခွဲများ စည်းရုံးရေးကိစ္စနှင့် ပြုပြင်ထူထောင်ရေးကိစ္စများ ဖြစ်လေသည်။ ဤကိစ္စများကို ကျေ ပြွန်အောင် ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့စေတနာဝန်ထမ်းများအလိုရှိပေသည်။ စေတနာ တခုနှင့် မပြီးသေး။ ဆိုင်ရာ ဆိုင်ရာကိစ္စများကို စီမံဖန်တီး သင်ကြားပြသနိုင်သော အရည်အချင်းများလည်း ရှိရပေလိမ့်မည်။ တ နည်းအားဖြင့်ဆိုသော် အဖွဲ့ချုပ်၏ ဗဟိုဌာနတွင် ကျကျနန ဖွဲ့စည်းထားသော ရုံးကြီးတခုရှိရပေလိမ့်မည်။ ဤဗဟို ရုံးက နိုင်ငံရေး စီးပွားရေးလုပ်ငန်းများကို စီမံညွှန်ပြ ဆောင်ရွက်ရပေလိမ့်မည်။ သို့အတွက်အမျိုးသားဝန်ထမ်း အနေနှင့် အရည်အချင်းရှိသော ပုဂ္ဂိုလ်များစွာ အလိုရှိပါသည်။ ဤလုပ်ငန်းများအတွက် မိမိတို့ အရည်အချင်းကို ချင့်၍ ဆိုင်ရာဆိုင်ရာက ကူညီယိုင်းပင်း ဆောင်ရွက်ရန် အဆင်သင့် ရှိပါလျှင် ကျွန်ုပ်တို့၏ အဖွဲ့ချုပ် ဗဟိုရုံးသို့ အမြန်လာရောက်၍ စာရင်းသွင်းပြီးလျှင် အမြန်ဆုံးစတင်ဆောင်ရွက်ကြပါရန် ကျွန်ုပ်လေးနက်စွာ တိုက်တွန်း လိုက်ပါသည်။

ဤမျှနှင့် မပြီးသေး။ အဖွဲ့ချုပ်ရုံးတွင် ခေတ်မှီစွာ ၀ါဒဖြန့်နိုင်ဘို့ စက်ကိရိယာ တန်ဆာပလာများ ရှိရပေလိမ့်မည်။ အခြား အခြားသောလိုအပ်သည့်ဝတ္တု ပစ္စည်းများလည်း ရှိရပေလိမ့်ဦးမည်။ ဤကဲ့သို့ အလိုရှိအပ်သည်များကို ဖော်ပြပြီးနောက် ဆက်လက်၍ ပြောလိုသည်မှာ လိုအပ်သည်များကို ရနိုင်ရန် ရံပုံငွေ လိုကြောင်းပင်ဖြစ်၏။ ရံပုံငွေ မရှိလျင် မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့သည် နောက်နောင်ကို ငွေဝင်လမ်းမှန်မှန်ရှိအောင် (၀ါ) အ၀င်နှင့်အကုန် အကျ မျှတအောင် စီမံမည်။ သို့ဖြစ်၍ လူထု၏ အစည်းအရုံးဖြစ်သော ဖဆပလ အဖွဲ့ချုပ်ကို လူထုကပင် ထောက် ပံ့ရမည့်တာဝန်ရှိပါသည်။

အထက်၌ ဖော်ပြပြီးသော လုပ်ငန်းများသည် ကျွန်ုပ်တို့ အမျိုးသားတို့၏လုပ်ငန်းများ ဖြစ်ချေသည်။ ရဲဘော်တို့ အမျိုးသားတို့ကို စည်းရုံးပြီးစိုင်းပြင်းကြပါစို့။ ကျွန်ုပ်တို့၏ ကံကြမ္မာကို ကျွန်ုပ်တို့ ဖန်တီးဘို့အရေးသည် ကျွန်ုပ်တို့ ၏လက်တွင်းမှာပင်ရှိ၏။ ကျွန်ုပ်တို့အင်အားကို ကျွန်ုပ်တို့ ဖန်တီးဖို့အရေးသည် ကျွန်ုပ်တို့ ယုံကြည်လျှင် ကောင်းကင်တမွတ် ကြယ်ကိုပင် ဆွတ်ခူးနိုင်ကြပေမည်။ ကြယ်တို့ကိုပင် ဆွတ်နိုင်ကြလျှင် ကမ္ဘာပေါ်မှာ အဘယ်ကြောင့် လွတ်လပ်ရေး အောင်ပန်းကို မဆွတ်နိုင်ဘဲ ရှိအံ့သနည်း။ ကျွန်ုပ်တို့သည် ညီညွတ်စွာ ကျွန်ုပ်တို့၏ ကာယဗလ- ဥာဏဗလ-သတ္တိဗျတ္တိနှင့် ကျွန်ုပ်တို့၏ ရာဇ၀င်တွင် စာတင်နိုင်မည့် လွတ်လပ်ရေး အောင်မြင်မှုအတွက် ဆက်လက် ကြိုးပမ်းကြမည်။

ရဲဘော်တို့ ခြေလှမ်းမှန်မှန်နှင့် သွားနိုင်ရန် စိတ်ရောကိုယ်ပါ ပူးပေါင်း ဆောင်ရွက်ကြလော။ ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို ကျွန်ုပ်တို့ မကြာမြင့်မှီ ရရှိမည်ဟု တထစ်ချ ယုံကြည်ကြလော့။ အပ္ပမာဒေန၊သမ္ပာဒေထ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။