May 22, 2011

May 19, 2011

လွတ်ငြိမ်းချမ်းသာခွင့် ပေးသည် ဆိုသော်လည်း

အကျဉ်းချခံနေရသူများအား “လွတ်ငြိမ်းချမ်းသာခွင့်” ပေးသည် ဆိုသော နိုင်ငံတော် သမတ ဦးသိန်းစိန်၏ ဆောင်ရွက်ချက်မှာ လွတ်ငြိမ်းချမ်းခွင့် အစစ်အမှန် မဟုတ်ပဲ ပြည်တွင်းပြည်ပ ဖိအားများကြောင့် မဖြစ်မနေ လုပ်ပေးရသည့် “လျှော့ရက် စတိ” မျှသာ ဖြစ်နေသည်ကို တွေ့ရသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသား ပြည်သူများအပေါ် အမှန်တကယ် ထားရှိအပ်သည့် စေတနာ မပါမှန်း၊ မြန်မာ့နိုင်ငံရေး တိုးတက် ပြောင်းလဲမှုအတွက် အထောက်အကူ မပြုမှန်း၊ ပြည်သူတို့အတွက် လူ့အခွင့်အရေး အာမခံချက် မရှိမှန်း ဆက်လက် သိသာနေဆဲ ဖြစ်သည်ကိုလည်း တွေ့ရပြန်သည်။
သို့သော် သေဒဏ် အမိန့်ချမှတ်ခံရသူများအတွက် တသက်တကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲခွင့်ပြုခြင်းကိုမူ အပြုအမူကောင်းတရပ်အဖြစ် သတ်မှတ်နိုင်ပါသည်။

တိုင်းပြည်နှင့် ပြည်သူတို့၏ ကောင်းရာကောင်းကျိုးအတွက် နိုင်ငံသမတတို့က အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့် (amnesty) နှင့် အပြစ်မှ ခွင့်လွှတ်ခြင်း (pardon) ပြုလေ့ရှိကြသည်။ ဗီယက်နမ်စစ်ပွဲအတွင်း စစ်မှုထမ်းဆောင်ရန် ငြင်းဆန်မှုကြောင့် အကျဉ်းချခံရသူ တသောင်းကျော်ကို အမေရိကန်သမတများ ဖြစ်ခဲ့ကြသော ဂျရယ်ဖို့ဒ်နှင့် ဂျင်မီကာတာတို့က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ဖူးသည်။ ပြည်ထောင်စုအခွန် မပေးဆောင်ရေး ဆန့်ကျင်ခဲ့ကြသူ ဝီစကီ တော်လှန်ရေး (Whiskey Rebellion) သူပုန်အားလုံးကို အမေရိကန်သမတ ဂျော့ဝါရှင်တန်က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ဖူးသည်။ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပြည်သူတို့၏ စာရေးသားတောင်းဆိုမှုများကြောင့် အမေရိကန်သမတ ဖရန်ကလင် ရုစ်ဘဲ့က အကျဉ်းသား လေးထောင်နီးပါးအား အပြစ်မှ ခွင့်လွှတ်ခဲ့ဖူးသည်။

ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေသူများအား ပြစ်ဒဏ်ပေးသည့်အနေဖြင့် ကန့်သတ်ချုပ်ချယ် အကျဉ်းချထားခြင်းသည် နိုင်ငံအကြီးအကဲ၊ နိုင်ငံတော်သမတ တဦး၏ မည်သည့်အခါမျှ မှန်ကန်သောလုပ်ရပ် မဖြစ်ပါ။ အဆိုပါ နိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့် တရားဥပဒေများက မှားယွင်းလျက်ရှိနေကြောင်းကိုပင် ထပ်မံ သက်သေပြရာ ရောက်သွားသည်။

ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူများ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်ရန်အတွက် (အစိုးရနှင့် ပြည်သူတို့၏) အလေ့အကျင့်မျှသာ ဖြစ်သည်။ သို့ဖြစ်ရာ သမတအနေဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများအား အထူး စိုးရိမ် ကြောက်လန့်နေစရာ၊ ရန်ငြိုးထား ချုပ်ချယ် အကျဉ်းချထားစရာ မလိုပါ။ ဒီမိုကရေစီ ရရှိရေး ထောက်ခံအားပေး ကြိုးပမ်းနေသူများသည် ဒီမိုကရေစီ အလေ့အကျင့်များကိုသာ အခြေခံ၍ ကြိုးပမ်းနေခြင်း ဖြစ်သောကြောင့် မည်သည့်ဥပဒေနှင့်မျှ တိုင်းတာ ကန့်သတ် ချုပ်ချယ်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီနိုင်ငံ အစစ်အမှန် ဖြစ်သည်ဆိုလျှင် နိုင်ငံ၏ ဥပဒေနှင့် တရားစီရင်ထုံးများသည် ဒီမိုကရေစီ အလေ့အကျင့်များကို လိုလိုလားလား ခွင့်ပြုထားရပေလိမ့်မည်။

သမတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကို အမှန်တကယ် ဦးဆောင် တည်ဆောက်လိုလျှင် ဦးစွာအားဖြင့် ဒီမိုကရေစီ ရရှိရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ပေးကိုပေးရမည် ဖြစ်သည်။ လက်ရှိ တရားစီရင်ရေးစနစ်နှင့် တရားဥပဒေများကို ပြန်လည်စိစစ်ကာ ဒီမိုကရေစီရှုထောင့်မှနေ၍ ပြုပြင်သင့်သမျှ ပြုပြင်နိုင်ရေးကို အားထုတ်သင့်သည်။ ပြုပြင်ပြီးသည့်အတိုင်း လက်ရှိအုပ်ချုပ်ရေး ယန္တယားဘက်မှလည်း တိကျစွာ လိုက်နာကျင့်သုံးနိုင်ရေးကို စီမံခန့်ခွဲထားသင့်သည်။

ဒီမိုကရေစီ နိုင်ငံတော်ကို တဦးတည်းက ဦးဆောင်နိုင်သော်လည်း တဦးတည်းဖြင့် တည်ဆောက်၍ မရနိုင်ပါ။ ယုံကြည်ချက် ရှိသူ၊ အရည်အချင်းရှိသူများနှင့်အတူ လက်တွဲ ကြိုးပမ်းရမည်သာ ဖြစ်သည်။ တချိန်တည်းမှာပင် သမတအနေဖြင့် ပြည်သူတို့၏ ပံ့ပိုး ကူညီမှုနှင့် ထောက်ခံ အားပေးမှုများ လိုအပ်သည်။ ကိုယ်တိုင် အမြော်အမြင် ကြီးမားဖို့၊ သန္နိဌာန် ခိုင်မာဖို့၊ စိတ်ထားဖြူစင်ဖို့၊ ကျောသား-ရင်သား မခွဲခြားဖို့၊ လောဘ-ဒေါသ-မောဟ ကင်းစင်ဖို့လည်း လိုသည်။

သမတ အလုပ်သည် နိုင်ငံရေး အလုပ်တခုဖြစ်သည်။ နိုင်ငံရေးတွင် ရန်ငြိုး၊ ဒေါသနှင့် အကြောက်တရားများ ပါရှိနေလျှင် မည်သည့်အခါမျှ အောင်မြင်နိုင်မည် မဟုတ်ပါ။ အောင်မြင်သည့်တိုင်အောင် လူထုမကြိုက်သော တဖက်စွန်းရောက် အာဏာရှင် အောင်မြင်မှုသာ ဖြစ်လာပေလိမ့်မည်။

နိုင်ငံတော်သမတ ဟု ဆိုလိုက်ကတည်းက သမိုင်းဝင် ပုဂ္ဂိုလ်မှန်း သိကြသည်သာ ဖြစ်သည်။ သမတအလုပ်တွင် ကောင်းကောင်းဆိုးဆိုး လုပ်သမျှ အသေးအဖွဲကအစ မှတ်တမ်းတင်ခံရမည်။ လူသိရှင်ကြား ထုတ်ဖော်ခံရမည်။ တရက်တလမျှသာ မဟုတ်ပဲ နှစ်ပေါင်းများစွာမက ရာစုနှစ်နှင့်ချီ၍ နာမည်ကောင်း (သို့) နာမည်ဆိုးဖြင့် သမိုင်းတွင်နေမည် ဖြစ်သည်။

အကောင်းအဆိုးကို ဆုံးဖြတ်ပေးသူမှာ ပြည်သူလူထုဖြစ်သည်။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တတ်သူ လူတဦးစ၊ နှစ်ဦးစက ချီးကျူး ထောပနာပြုခြင်းကို ခံယူရသည်ထက် ပြည်သူ သန်းပေါင်းများစွာတို့၏ ထောက်ခံသော လက်ခုပ်သံများကို ခံယူရခြင်းက နာမည်ကောင်းဖြင့် သမိုင်းတွင်သွားသည့် သမတအဖြစ် တိုင်းပြည်အကျိုး သယ်ပိုးရကျိုး နပ်ပေလိမ့်မည်။

လွင်အောင်စိုး
၁၉-၅-၂ဝ၁၁

May 18, 2011

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်းဒေသသည် သမိုင်းကြောင်းအရ အလွန်ရှည်လျားရှုပ်ထွေးသော ဒေသတစ်ခု ဖြစ်ခဲ့ပေသည်။ ပထမဦးစွာ ဘီစီ ၃၅၀၀ ခန့်တွင်မက်ဆိုပိုတေးနီးယန်းဒေသအဖြစ်စတင်ဖြစ်တည်ခဲ့ပြီး ဘီစီ ၄ ရာစုခန့်တွင် ဖာရိုဘုရင်များအုပ်စိုးသော အခါကာလဖြစ်ခဲ့သည်။ ဘီစီ ၁ ရာစုတွင်အရှေ့ဘက်မြေထဲ ပင်လယ်ဒေသတွင် ရိုမန်အင်ပါယာဖြစ်တည်ခဲ့ပြီးဂရိယဉ်ကျေးမှုများစိမ့်ဝင်ပျံှ့နှံ့ခဲ့သည်။ ၇ ရာစုခန့်တွင်ရိုမန် နှင့် ပါရှန်းစစ်ပွဲများကြောင့်ဘိုင်ဇန်တိုင်းရိုမန်နှင့် ဆာဆနစ်ပါရှန်းတို့အားနည်းလာခဲ့ပြီး အစ္စလာမ်အား ကောင်း လာခဲ့သည်။ ၁၅ ရာစုတွင် အော်တိုမန်အင်ပါယာပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ဂရိ၊ ဘော်လကန်နှင့် ဟန်ဂေရီအထိနယ်ပယ်ချဲ့ထွင်နိုင်ခဲ့ပြီး အော်တိုမန်အင်ပါယာ အားကောင်းခဲ့သည်။အရှေ့အလယ်ပိုင်း


သို့သော် ၁၇ ရာစုခန့်တွင် ဥရောပသားတို့ အရင်းရှင်စံနစ်နှင့် စက်မှုတော်လှန်ရေးအောင်မြင်လာခဲ့ သောကြောင့် စီးပွားရေး၊ လူဦးရေ၊ ယဉ်ကျေးမှုနှင့် အထူးသဖြင့် နည်းပညာပိုင်းတွင် ဥရောပသားတို့ အရှေ့အလယ်ပိုင်းအာရပ်တို့ထက်များစွာသာလွန်ခဲ့သည်။ ခရစ် ၁၇၀၀ အတွင်း ဟန်ဂေရီဒေသတွင်းမှ အော်တိုမန်တို့ တဖြည်းဖြည်းချင်းဆုတ်ခွာလာခဲ့ရပြီး အင်အားချိန်ခွင်လျှာ ညီမျှလာခဲ့သည်။ အယ်ဘေးနီးယားနှင့် ဘော့စနီးယားမှလွဲ၍ အော်တိုမန်အင်ပါယာအတွင်းသက်ဆင်းခဲ့သော အခြားဥရောပ ဒေသများတွင် မွတ်ဆလင်ယဉ်ကျေးမှုများကူးစက်ပျံ့နှံ့ခြင်းမရှိခဲ့ပေ။ ၁၇၀၀ မှ ၁၉၁၈ အတွင်း အော်တိုမန် အင်ပါယာ တဖြည်းဖြည်းချင်းအင်အားဆုတ်ယုတ်လာပြီး ဥရောပက တဖြည်းဖြည်းချင်းကျော်တက်သွားခဲ့ သည်။ ၁၉ ရာစုအရောက်တွင် အရှေ့အလယ်ပိုင်းဒေသကို ဥရောပက ရောဂါသည်အဖြစ်သတ်မှတ်ခဲ့ပြီး ငွေရေးကြေးရေးအရလွှမ်းမိုးနိုင်ခဲ့သည်။ ထိုကာလအတွင်း၌ပင် ပြင်သစ်က အယ်ဂျီးရီးယားနှင့် တူနီးရှားကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းလက်ဘနွန်နှင့်ဆီးရီးယားကိုပါလွှမ်းမိုးနိုင်ခဲ့သည်။ အင်္ဂလန်က အီဂျစ်ကိုကျူးကျော်သိမ်းပိုက်ခဲ့ပြီးပါရှန်းပင်လယ်ကွေ့တွင် သြဇာညောင်းခဲ့သည်။ အီတလီက လစ်ဗျားနှင့် ဒိုဒီးဆင့်ကျွန်းများကို ကျူးကျော်ခဲ့သည်။ အနောက်သားတို့၏ရန်မှကာကွယ်ရန် ဂျာမဏီကို ဆရာတင်ခဲ့ သော်လည်း အကြွေးနွံအိုင်အတွင်းသို့သာပိုမိုသက်ဆင်းလာခဲ့သည်။ ၁၉ ရာစုနှောင်းနှင့် ၂၀ ရာစုအစော ပိုင်းများတွင် ဥရောပနှင့်ယှဉ်ပြိုင်ရန် ခေတ်မီနိုင်ငံတော်အဖြစ်တည်ဆောက်ရန်အားထုတ်ခဲ့သည်။ အီဂျစ်မှ မယ်ဟမ္မက်အလီနှင့် အဗ္ဗဒူလ်ဟာမစ် (ဒုတိယမြောက်) တို့က ၁၉၀၆ တွင်တော်လှန်ရေးဆင်နွှဲပြီး အနောက်ပုံစံ အုပ်ချုပ်ရေး၊ ပြည်သူ့ဥပဒေ၊ လောကဓါတ်ပညာရေး၊ စက်မှုထွန်းကားရေးတို့ကို ဆောင်ရွက် ခဲ့သည်။ ရထားလမ်းများ၊ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ကျောင်းများ၊ တက္ကသိုလ်များဖွင့်လှစ်ပြီး၊ စစ်အရာရှိလူ တန်းစားများ၊ ရှေ့နေများ၊ ဆရာများနှင့် စီမံခန့်ခွဲရေးဆိုင်ရာလူတန်းစားများပေါ်ပေါက်လာသ ဖြင့် ယခင်ကအုပ်ချုပ်ရေးနယ်ပယ်နှင့်ပညာရေး၊ လူမှုရေးနယ်ပယ်များတွင်ပါ သြဇာညောင်းသော အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် အတိုက်အခံဖြစ်လာခဲ့သည်။
သို့သော် ပြုပြင်ပြောင်းလဲရေးအတွက်အသုံးပြုရသောငွေကြေးများမှာ အနောက်နိုင်ငံများမှသာ ချေးငှားဆောင်ရွက်ရသည်ဖြစ်၍ နိုင်ငံမွဲပြီး အနောက်သားတို့သြဇာသာ ပိုကဲလာကာပြုပြင်ပြောင်းလဲရေး သမားများအပေါ်အယုံအကြည်နည်းခဲ့ကြသည်။ ဥပမာအားဖြင့် ပြုပြင်ပြောင်းလဲရေးအတွက် အမြှော်အမြင် အလွန်ကြီးခဲ့သော အီဂျစ်မိုဟာမက်အလီ၏ စီမံကိန်းကြီးများကြောင့် သူ့နောက်ဆက်ခံသူက နိုင်ငံတော် ကို ဒေဝါလီခံစေခဲ့ရသည်။ အစ္စလာမ်ကမ္ဘာတွင် အနောက်ပုံစံကျင့်သုံးမှုများကြောင့် ကြေးစား စစ်တပ်များနှင့် ကိုယ်ကျိုးရှာစစ်အရာရှိများထိုစဉ်ကတည်းကပေါက်ပွားလာခဲ့သည်။ ထိုသူတို့သည် မိမိတို့အာဏာ စွန့်ရန်မှတစ်ပါး အခြားအပြောင်းအလဲများအားလုံးကို ဆောင်ရွက်ရန်အသင့်ရှိနေသူများဖြစ်သည်။ ဤသည်ကပင်ပြဿနာတစ်ရပ်အဖြစ်ဖြစ်တည်လာခဲ့သည်မှာ ထိုစဉ်ကတည်းကဖြစ်သည်။
ပထမကမ္ဘာစစ်ပြီးနောက်ပိုင်း အော်တိုမန်ကို တော်လှန်ခဲ့သောအာရပ်တို့၁၉၁၈ တွင် အင်္ဂလိပ်လက်အောက် သို့ကျရောက်ခဲ့သည်။ အင်္ဂလိပ်နှင့် ပြင်သစ်တို့က လျှို့ဝှက်စာချုပ်ဆိုပြီး အရှေ့အလယ်ပိုင်းဒေသကို နှစ်ကိုယ်ကြားခွဲဝေယူခဲ့ကြသည့်အပြင် ပါလက်စတိုင်းဒေသတွင် ဂျူးအခြေချု နယ်မြေပေးရန် ဘဲလ်ဖိုးကြေငြာချက် (Belfour Declaration) ဖြင့် ကတိပြုခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်နှင့်ပြင်သစ်တို့ကသာ အရှေ့အလယ်ပိုင်းကို စီမံခန့်ခွဲခဲ့ကြပြီး ၎င်းတို့အလိုကျပြုပြင်ခဲ့သည်။
၁၉၀၈ ခုနှစ် ပါရှန်းတွင်ရေနံတွေ့ရှိပြီးနောက်ပိုင်း ဆော်ဒီအာရေဗျ၊ လစ်ဗျားနှင့်အယ်ဂျီးရီးယားတို့ တွင်လည်းရေနံများတွေ့ရှိလာသောအခါ အရှေ့အလယ်ပိုင်းသမိုင်းတစ်ဆစ်ချိုးပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် ၂၀ ရာစုစက်မှုခေတ်တွင် အရှေ့အလယ်ပိုင်းဒေသသည်အရေးပါလာခဲ့သည်။
၂၀ ရာစုဝက်နှင့် နှောင်းပိုင်းများတွင်အရှေ့အလယ်ပိုင်းဒေသများမှ အနောက်နှင့် ဥရောပသားတို့
ထွက်ခွါသွားပြီး အစ္စရေးနိုင်ငံကိုတည်ထောင်ထားရစ်ခဲ့ခြင်းတို့ဖြင့် အရှေ့အလယ်ပိုင်းခေတ်သစ်သမိုင်း စတင်လာခဲ့သည်။ ထိုအခါ အမေရိကန်ပြည်ထောင်စု၏ပါဝင်ပတ်သက်မှု အရှေ့အလယ်ပိုင်းတွင်မိုပိုလာ ခဲ့သည်။ ၁၉၅၄တွင် အီဂျစ်၊ ၁၉၆၃တွင် ဆီးရီးယား၊ ၁၉၆၈တွင် အီရတ်၊ ၁၉၆၉တွင် လစ်ဗျားတို့၌ အနောက် ဆန့်ကျင်ရေးအစိုးရများအာဏာရလာသောအခါ ဆိုဗီယက်က အရှေ့အလယ်ပိုင်းဒေသတွင် စစ်အေးစာ မျက်နှာသစ်ဖွင့်လှစ်ရန် ပြင်ဆင်လာခဲ့သည်။ အီဂျစ်မှ ဂမေးလ် အက်ဘဒယ် နက်ဆာနှင့် အီရတ်မှ ဆက်ဒမ် ဟူစိန်တို့ ဆိုဗီယက်နှင့် မဟာမိတ်များဖြစ်လာခဲ့သည်။ အစ္စရေးလ်ကိုချေမှုန်းရန်၊ အမေရိကန်ကို ဆန့်ကျင်ရန်၊ အနောက်အရင်းရှင်စံနစ်ကို ဆန့်ကျင်ရန်ကြွေးကြော်သံများဖြင့် တက်လာသောယင်းတို့ကို လူကြိုက်များခဲ့သော်လည်း လက်တွေ့ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပြီး အာဏာရှင်ဖြစ်လာခဲ့ကြသည်။
အရှေ့အလယ်ပိုင်းဒေသရှိမိမိတို့အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အမေရိကန်အနေနှင့် အရှေ့ အလယ်ပိုင်းရှိလက်ကျန်မဟာမိတ်များဖြစ်သော ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီရန်နှင့် ပါရှန်းပင်လယ် ကွေ့စော်ဘွားများကို အကာအကွယ်ပေးရတော့သည်။ ရှီးအိုက်ဘာသာရေးခေါင်းဆောင်များဦးဆောင်ပြီး ဘုရင်ကိုတော်လှန်ဖြုတ်ချ၍ ဘာသာရေးအစိုးရတစ်ရပ်တည်ထောင်ခဲ့သော ၁၉၇၉ အထိ အီရန်နိုင်ငံသည် အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်ခဲ့သည်။ ထိုအချက်ကြောင့် အမေရိကန်သည် ဆော်ဒီနှင့်ပိုမိုနီးစပ်လာခဲ့ သည်။ ၁၉၄၈ ခုနှစ် စစ်ပွဲအပါအဝင် အာရပ်နှင့် အစ္စရေးတို့စစ်ပွဲကြီးငယ်ပေါင်းမြောက်များစွာဆင်နွှဲခဲ့ကြ သည်။
အီဂျစ်တွင် နက်ဆာကို ဆက်ခံသော အဏ္ဏဝါဆာဒက်အာဏာရလာသောအခါ အစ္စရေးနှင့်ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၇၀ခုနှစ်များတွင် ပါလက်စတိုင်း ယာဆာအာရာဖတ်ဦးဆောင်၍ အမေရိကန်၊ ဂျူးနှင့် အနောက်ကို ပစ်မှတ်ထား၍အကြမ်းဖက်တိုက်ခိုက်မှုများကာလကြာရှည်ဆောင်ရွက်ခဲ့သည်။ ပါလက်စတိုင်းတို့ကို ဆီးရီးယား၊ လစ်ဗျား၊ အီရန်နှင့် အီရတ်တို့က ထောက်ပံ့ခဲ့သည်။
၁၉၉၀ အစောပိုင်းနှစ်များတွင် ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် ကွန်မြူနစ်ဝါဒကျဆုံးသွားခြင်း သည် အရှေ့အလယ်ပိုင်းဒေသအပေါ်ရိုက်ခတ်ခဲ့သည်။ ရုရှနှင့် ယူကရိန်းမှ အစ္စရေးလူမျိုးများအများအပြား အစ္စရေးနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့သဖြင့် ပိုမိုအင်အားတောင့်တင်းလာခဲ့သည်။ အနောက်နိုင်ငံများ အနေဖြင့်လည်း ရေနံအတွက် အာရပ်နိုင်ငံများအပေါ်အားကိုးနေရခြင်းမရှိတော့ဘဲ ရုရှမှရေနံကို ဈေးပေါ ပေါဖြင့်ဝယ်ယူသုံးစွဲခဲ့သည်။ အီဂျစ်၊ အယ်ဂျီးရီးယား၊ ဆီးရီးယားနှင့် အီရတ် စသည့်ဆိုရှယ်လစ်အာဏာရှင် အစိုးရများကို စီးပွားရေး၊ နိုင်ငံရေးအရ တုံ့ဆိုင်းသွားစေခဲ့သည်။ ဆတ်ဒမ်ဟူစိန်ကဲ့သို့အာဏာရှင်များကို လည်း ဆိုရှယ်လစ်ဝါဒ အစား အာရပ်အမျိုးသားဝါဒ ဘက်သို့တိမ်းညွှတ်သွားစေခဲ့သည်။ ထို့ကြောင့် အာရပ် အမျိုးသားဝါဒီကို အခြေခံ၍ ၁၉၈၀ ခုနှစ်များ အီရန်-အီရတ်စစ်ပွဲနှင့် ၁၉၉၀ ကူဝိတ်ကျူးကျော်စစ်ကျော်စစ် များပေါ် ပေါက်လာခဲ့ရသည်။ အမေရိကန်ဦးဆောင်ပြီး ကုလသမဂ္ဂသဘောတူညီချက်ဖြင့် ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ ဆီးရီးယား တို့ပူးပေါင်းကာ အီရတ်တို့ကို ကူဝိတ်မြေပေါ်မှပြန်လည်မောင်းနှင်တိုက်ထုတ်သောပါရှန်း ပင်လယ်ကွေ့စစ်ပွဲဆင်နွှဲခဲ့သည်။ အကျိုးဆက်အနေနှင့် ဆော်ဒီအာရေးဗျတွင်အမေရိကန်တို့ အမြဲတမ်း စစ်အခြေစိုက်စခန်းတည်ထောင်ခဲ့ပြီး မွတ်ဆလင်များစွာတို့က ဆန့်ကျင်ခဲ့ကြသည်။
၂၀၀၆ ခုနှစ် ဇူလိုင်လတွင် အစ္စရေးနှင့် ဟဇ္ဇဘိုလာလက်နက်ကိုင်များတစ်လကျော်ကြာစစ်ပွဲဖြစ်ပွား ခဲ့ပြီး ဇူလိုင်စစ်ပွဲ ဟုခေါ်တွင်သည်။ ဟဇ္ဇဘိုလာတို့ကို အီရန်နှင့်ဆီးရီးယားက လက်နက်၊ ငွေကြေးနှင့် စစ်သင်တန်းပို့ချပေးခြင်းများအကူအညီပေးခဲ့သဖြင့် အမှန်တကယ်တွင် အစ္စရေးကတစ်ဖက် ၊ အီရန်နှင့် ဆီးရီးယားကတစ်ဖက်ဖြစ်ပွားသောစစ်ပွဲကို ကြားခံကိုယ်စားလှယ်ထား၍ တိုက်ခိုက်ကြခြင်းသာဖြစ်ပေ သည်။
၁၉၉၀ နှစ်များတွင်အနောက်တိုင်းဝေဖန်ရေးသမားများနှင့်အချို့သောအရှေ့အလယ်ပိုင်းဝေဖန်ရေး သမားအချို့တို့က အရှေ့အလယ်ပိုင်းဒေသကို ပြဿနာဇုံအဖြစ်သာမက နောက်ပြန်ဆွဲနေသောဒေသ အဖြစ်လည်းရှုမြင်ခဲ့ကြသည်။ အရှေ့ဥရောပ၊ လက်တင်အမေရိကနှင့် အာဖရိကအချို့ဒေသများတွင် ဒီမိုကရေစီထွန်းကားပြီး ဈေးကွက်စီးပွားရေးစံနစ်အောင်မြင်လာမှုကြောင့် အရှေ့အလယ်ပိုင်းဒေသကို လျင်မြန်စွာကျော်တက်သွားခဲ့သည်။
အရှေ့အလယ်ပိုင်းနိုင်ငံအများစုတွင် ဈေးကွက်စီးပွားရေးသည် နိုင်ငံရေးအရထိန်းချုပ်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ အာဏာပိုင်အသိုင်းအဝိုင်းနှင့်နီးစပ်သူများသာလုပ်ပိုင်ခွင့်များ ရှိခဲ့ပြီး လက်နက်နှင့် ဂုဏ်သိက္ခာပြိုင်ဆိုင်မှုများတွင် အလွန်အကျွံသုံးစွဲခဲ့ပြီး ရေနံအပေါ်တွင်အလွန်အကျွံမှီခိုအားထားခဲ့သည်။ လူဦးရေနည်းပြီး ရေနံအဆမတန်ကြွယ်ဝသောဒေသများဖြစ်သည့် ကာတာ၊ ဘာရိန်းနှင့် ယူအေအီးတို့ကဲ့ သို့သောနိုင်ငံများသာ စီးပွားရေးအောင်မြင်ခဲ့သည်။

အီဂျစ်

အော်တိုမန်အင်ပါယာအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့်နေထိုင်လာရာမှ ၁၉၁၄ တွင်ဗြိတိသျှ ထီးရိပ်ခိုဖြစ်လာခဲ့ပြီး ၁၉၂၂ တွင်လွတ်လပ်ရေးရခဲ့သည်။ ၁၉၅၂ နောက်ပိုင်းတွင် ဂမေးလ်နက်ဆာက တစ်ပါတီစံနစ်ဖြင့် အီဂျစ်သမ္မတနိုင်ငံတည်ထောင်ခဲ့သည်။ ထို့နောက်ပိုင်းနှစ်ပေါင်း ၆၀ အထိအာဏာရှင် စံနစ်ဖြင့် သမ္မတသုံးဆက်အုပ်ချုပ်ခဲ့သည်။ ၁၉၅၄ မှ ၁၉၇၀ အထိ နက်ဆာ၊ ၁၉၇၁ မှ ၁၉၈၁ အထိအဏ္ဏဝါ ဆာဒက်(လုပ်ကြံခံရ၍သေဆုံး)နှင့် ၁၉၈၁ မှ ၂၀၁၁ အထိ ဟိုစနီမူဘာရက်တို့အသီးသီးအုပ်ချုပ်ခဲ့ကြသည်။
၂၀၁၁ တွင်လူထုလှုပ်ရှားမှုဖြင့် ဟိုစနီမူဘာရက်ကို ဖြုတ်ချပစ်ခဲ့ပြီး ဖေဖေါ်ဝါရီလမှစ၍ ယခုအထိစစ်တပ် မှထိန်းသိမ်းထားသည်။
၁၈၈၂ တွင် ဥရောပမှလွှမ်းမိုးမှုကို ဆန့်ကျင်ရာမှ ဒေသခံထင်ရှားသူများကြား တင်းမာမှုများကြီး ထွားလာခဲ့သည်။ အကြီးမားဆုံးသော စိန်ခေါ်သူ အတိုက်အခံများမှာ စစ်တပ်မှပေါ်ပေါက်လာခဲ့သည်။ ၁၈၈၁ စက်တင်ဘာတွင်ပေါ်ပေါက်ခဲ့သော စစ်တပ်မှဆန္ဒပြမှုကြောင့် ခါဒိုက် တော်ဖစ်၏ဝန်ကြီးချုပ်ကို ထုတ်ပယ်ပစ်ခဲ့ရသည်။ (“ခါဒိုက်” ဆိုသည်မှာ အာရေဗျ စကားဖြစ်၍ နယ်စားပယ်စားဟု အဓိပ္ပါယ်ရသည်။) ၁၈၈၂ ဧပြီလတွင် တာဖစ်ကို အကာအကွယ်ပေးရန် ပြင်သစ်နှင့်ဗြိတိန်တို့မှ စစ်သင်္ဘောများ အလက်ဇန် ဒရီးယား မြို့သို့စေလွှတ်ခဲ့သည်။ သို့သော် အာမက်အူရာဘီ ဦးဆောင်သော စစ်ဘက်အရာရှိများက အစိုးရကို ထိန်းချုပ်ထားသဖြင့် အလက်ဇန်ဒရီးယားသို့တော်ဖစ်ထွက်ပြေးခဲ့ရသည်။ ဇွန်လတွင် ဥရောပမှ လွှမ်းမိုးလာမှုကို မခံချင်သောအမျိုးသားရေးဝါဒီအတိုက်အခံများလက်တွင်းသို့ အီဂျစ်သက်ဆင်းခဲ့သည်။ ၁၈၈၂ တွင် ဗြိတိသျှတို့ အလက်ဇန်ဒရီးယားကို ဗုံးကြဲတိုက်ခိုက်ပြီး သြဂုတ်လတွင် ဗြိတိသျှပြည်ပတိုက် ခိုက်ရေးတပ်များ ဆူးအက်တူးမြောင်း တစ်ဘက်တစ်ချက်တွင်ခြေကုပ်ယူနိုင်ခဲ့သည်။ စက်တင်ဘာတွင် တယ်အယ်ခယ်ဘီးယား၌ ဗြိတိသျှတို့က အီဂျစ်စစ်တပ်ကို အောင်မြင်ခဲ့ပြီး တော်ဖစ်ကို ပြန်လည်နေရာချ ထားခဲ့သည်။ ကျူးကျော်ရခြင်း၏ ရည်ရွယ်ချက်မှာ ခါဒစ်၏အုပ်ချုပ်မှုအောက်တွင် နိုင်ငံရေးတည်ငြိမ်စေရန် နှင့် ၁၈၇၉ ခုနှစ်ကတည်းက နိုင်ငံတကာငွေကြေးထိန်းချုပ်မှုအောက်တွင် အီဂျစ်ဘဏ္ဍာရေးတည်ငြိမ်မှုရှိစေ ရန်ဖြစ်သည်။
၁၉၁၄ တွင် အော်တိုမန်အင်ပါယာနှင့် စစ်ကြေငြာသော ရလဒ်အဖြစ်ဗြိတိန်က အီဂျစ်ကိုအကာ အကွယ်ပေးရန်ထီးရိပ်ခို နိုင်ငံအဖြစ်ကြေငြာခဲ့သည်။ ထို့နောက် ခါဒစ်ကို ဖယ်ရှားပြီးခါဒစ်နှင့်ဆွေမျိုးတော် စပ်သူတစ်ဦးကို ဆူလ်တန်အဖြစ်ခန့်ထားခဲ့သည်။ ၁၉၁၉ တွင် ဝါ့ဖ်ဒ် ခေါ်အဖွဲ့တစ်ဖွဲ့ပြင်သစ်နိုင်ငံတွင်ပြု လုပ်သော ပါရီငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ပြီး အီဂျစ်လွတ်လပ်ရေးအတွက် အရေးဆိုခဲ့သည်။
ယင်းအဖွဲ့၌နောင်တွင် ဝန်ကြီးချုပ်ဖြစ်လာမည့် ဆားအက် ဇက်ဂ်လူး ပါဝင်သည်။ ၎င်းတို့ကို ဖမ်းဆီး၍ မော်လတာသို့ပို့ဆောင်လိုက်သောအခါ အီဂျစ်၌ လူထုအုံကြွမှုကြီးဖြစ်ပွားခဲ့သည်။ အီဂျစ်ပထမဆုံး တော်လှန်ရေးအဖြစ် သိခဲ့ကြသည်။ ဗြိတိသျှတို့အပြင်းအထန်နှိမ်နင်းသောကြောင့် လူ ၈၀၀ ခန့်သေဆုံးခဲ့ သည်။ ၁၉၁၉ နိုဝင်ဘာတွင် မီလ်နာကော်မစ်ရှင်ကို အီဂျစ်သို့စေလွှတ်ခဲ့သည်။ ၁၉၂၀ တွင် လော့ဒ်မီလ်နာ က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ လော့ဒ် ခါဇွန်ထံသို့ ထီးရိပ်ခိုနိုင်ငံအဖြစ်မှ မဟာမိတ်နိုင်ငံအဖြစ်ထား ရှိရန်အစီရင်ခံစာတင်ခဲ့သည်။ လော့ဒ်ခါဇွန်က လက်ခံခဲ့ပြီး ဇက်ဂ်လူးနှင့် အက်ဒလီပါရှာဦးဆောင်သော အဖွဲ့ကို လက်ခံတွေ့ဆုံဆွေးနွေးရန်သဘောတူညီခဲ့သည်။ ၁၉၂၀ ဇွန်လတွင် မစ်ရှင်အဖွဲ့လန်ဒန်သို့ရောက်ရှိ ပြီး သြဂုတ်လတွင် အပြီးသတ်သဘောတူညီချက်ရရှိခဲ့သည်။ ၁၉၂၁ ဖေဖေါ်ဝါရီလတွင် ဗြိတိန်ပါလီမန်က သဘောတူညီခဲ့ပြီး စာချုပ်ကို အပြီးသတ်ချုပ်ဆိုနိုင်ရန် လုပ်ပိုင်ခွင့်အပြည့်အဝရှိသော အဖွဲ့နောက်တစ်ဖွဲ့ လန်ဒန်သို့စေလွှတ်ရန် အီဂျစ်ကို တောင်းဆိုခဲ့သည်။ ၁၉၂၁ ဇွန်လတွင် အက်ဒလီ ပါရှာဦးဆောင်သော အဖွဲ့လန်ဒန်သို့သွားရောက်ခဲ့သည်။ သို့သော် တော်ဝင်ညီလာခံရှိ ဒိုမီနီယံကိုယ်စားလှယ်များက ဆူးအက် တူးမြောင်းဒေသကို ထိန်းချုပ်ရေးကိုပြောဆိုခဲ့ခြင်းကြောင့် အက်ဒလီဦးဆောင်သော မစ်ရှင်အဖွဲ့အီဂျစ်သို့ လှည့်ပြန်လာခဲ့ကြသည်။
၁၉၂၁ ဒီဇင်ဘာတွင် ကိုင်ရိုရှိ ဗြိတိသျှအာဏာပိုင်များက စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး ဇက်ဂလူးကို တိုင်းပြည်မှနှင်ထုတ်ခဲ့သည်။ ထိုအခါဆန္ဒပြမှုများဖြစ်ပွားပြီး အဓိကရုဏ်းများပေါ်ပေါက်လာသည်။ အမျိုးသားရေးဝါဒီများ အားကောင်းလာမှုကို သတိပြုမိ၍၎င်း၊ မဟာဝန်ရှင်တော်မင်းကြီး၏အကြံပေးချက် အရ၎င်း ဗြိတိသျှက အီဂျစ်လွတ်လပ်ရေးကြေငြာခဲ့သည်။ ဗြိတိသျှတို့ကမူ ဆူးအက်တူးမြောင်းကို ချုပ်ကိုင် ထားခဲ့သည်။ ၁၉၂၅ တွင်ကွန်မြူနစ်ပါတီ နှင့် ၁၉၂၈ တွင်မွတ်ဆလင်ညီအစ်ကိုများပါတီ စသည်ဖြင့် နိုင်ငံ ရေးအင်အားစုများပေါ်ပေါက်လာခဲ့သည်။ ၁၉၃၆ တွင် ဖူးအက်ဘုရင်ကွယ်လွန်ပြီးနောက်ဆက်ခံသော ဖာရွတ်ဘုရင်က ဗြိတိသျှတို့နှင့် အင်္ဂလိပ်-အီဂျစ် စာချုပ်ချုပ်ဆိုပြီး အင်္ဂလိပ်တို့အီဂျစ်မှထွက်ခွါပေးရန် သဘောတူညီခဲ့သည်။ သို့သော် ဆူးအက်တူးမြောင်းကိုမူ ၁၉၄၉ အထိထိန်းချုပ်ထားရန်သဘောတူညီ သည်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တို့စစ်ရေးအရ အီဂျစ်ကိုအသုံးပြုခဲ့သည်။ ၁၉၄၇ တွင်ဆူးအက် တူးမြောင်းသို့ဆုတ်ခွါသွား ကြသည်။ သို့သော် အမျိုးသားရေးဝါဒီများနှင့် အင်္ဂလိပ်မုန်းတီးရေးစိတ်များ ဆက်လက်ကြီးထွားလာနေ ခဲ့လေသည်။
၁၉၅၂ တွင် ဗိုလ်ချုပ် မူဟာမက်နာဂူအစ်ဦးဆောင်သော စစ်တပ်မှ ဖာရွတ်ဘုရင်ကို ဖြုတ်ချပြီး ဘုရင်စံနစ်နိဂုံးချုပ်စေခဲ့သည်။ ၁၉၅၃ ဇွန်လ ၁၈ ရက်နေ့တွင် အီဂျစ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ်ကြေငြာခဲ့ သည်။ နက်ဆာသည် အီဂျစ်ခေါင်းဆောင်အဖြစ်သာမက အာရပ်ကမ္ဘာကပါ အလေးထားသောခေါင်းဆောင် တစ်ဦးအဖြစ်ပေါ်ထွက်လာခဲ့သည်။
နက်ဆာသည် အာဏာရှင်တစ်ဦးအနေနှင့်အုပ်ချုပ်ခဲ့သော်လည်းအီဂျစ်နှင့်အာရပ်ကမ္ဘာကပါ လေးစားကြည်ညိုပြီးလူကြိုက်များသောသူတစ်ဦးဖြစ်သည်။ ၁၉၆၇ တွင်ဖြစ်ပွားသော ခြောက်ရက်စစ်ပွဲ၌ အစ္စရေးကို ရှုံးနိမ့်ပြီး အီဂျစ်မှ ဆိုင်းနိုင်းကျွန်းဆွယ်၊ ဂါဇာကမ်းမြှောင်ဒေသ၊ ဆီးရီးယားမှ ဂိုလန်ကုန်းမြင့်၊ ဂျော်ဒန်မှ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့ကို လက်လွတ်ဆုံးရှုံးရသောအခါ နက်ဆာအတွက် ဂုဏ်သိက္ခာကျဆင်းဖွယ်အတိဖြစ်ခဲ့ရသည်။ ရာထူးမှ နှုတ်ထွက်ရန်တောင်းဆိုရာတွင် လူထုဆန္ဒပြမှုဖြင့် မနှုတ်ထွက်ရန် တောင်းဆိုခြင်းခံခဲ့ရသဖြင့် ဆက်လက်ရာထူးမြဲခဲ့သည်။
နက်ဆာကွယ်လွန်သောအခါ ၁၉၅၂ တော်လှန်ရေးတွင်ပါဝင်ခဲ့သော စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဒုတိယသမ္မတ အဏ္ဏဝါအယ်ဆာဒတ်ကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ၁၉၇၃ အောက်တိုဘာ ၆ ရက်နေ့တွင် အစ္စရေးနှင့် စစ်တိုက်ခဲ့သည်။ ယင်းစစ်ပွဲတွင် လေကြောင်းအကူအညီဖြင့် ဆိုင်းနိုင်းကန္တာရ အတွင်းပိုင်းအထိဝင်ရောက်နိုင်ခဲ့ပြီး အေရီရယ်ရှယ်ရွန်ဦးဆောင်သော တင့်ကားတပ်မှာ လည်း ဆူးအက်မြို့အထိဝင်ရောက်နိုင်ခဲ့သည်။ ကုလသမဂ္ဂကြေငြာချက်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းဖြစ်ပေါ် ခဲ့ပြီး အီဂျစ်အတွက် ၁၉၆၇ ခုနှစ်စစ်ပွဲအတွင်းကျဆင်းခဲ့သော ဂုဏ်သိက္ခာပြန်လည် အဖတ်ဆည်နိုင်ခဲ့ပြီး ဆိုင်းနိုင်းကျွန်းဆွယ်တစ်ခုလုံးကို ပြန်လည်ရရှိခဲ့သည်။
ဆာဒက်သည် စီးပွားရေးပြပြင်မှုများအကြီးအကျယ်အပြောင်းအလဲလုပ်ရန်ကြိုးစားခဲ့ပြီး နက်ဆာ၏ ဆိုရှယ်လစ်ထိန်းချုပ်ထားမှုများကို အဆုံးသတ်ပစ်ခဲ့သည်။ တံခါးဖွင့်ဝါဒကို စတင်ခဲ့ပြီးထိုအတွက် အရေးကြီး သော နိုင်ငံရေးလွတ်လပ်ခွင့်နှင့် စီးပွားရေးမူဝါဒသစ်များကို ချမှတ်ခဲ့သည်။ ထို့ကြောင့်စီးပွားရေးအပေါ် အစိုးရချုပ်ကိုင်မှုလျော့ပါးသွားပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာခဲ့သည်။ အဆိုပါပြောင်းလဲမှု များကြောင့် ချမ်းသာကြွယ်ဝသောလူတန်းစား၊ အောင်မြင်သောအထက်တန်းစားနှင့် လူလတ်တန်းစားငယ် များပေါ်ပေါက်လာကာ သာမန်လက်လုပ်လက်စားဆင်းရဲသားလူရဲသားလူတန်းစား၏ မကျေနပ်မှုများ ကြီး ထွားလာခဲ့ရာ ဆာဒက်အစိုးရအပေါ်၎င်းတို့ငြိုငြင်လာခဲ့သည်။ ၁၉၈၁ အောက်တိုဘာ ၆ ရက်နေ့တွင် အစ္စလာမ်အစွန်းရောက်များလက်ချက်ဖြင့် သမ္မတ ဆာဒက် လုပ်ကြံခံခဲ့ရသည်။ ထိုအခါ ဒုတိယသမ္မတ အဖြစ်တာဝန်ထမ်းဆောင်နေသော ဟိုစနီမူဘာရက်ကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။ ၎င်းသည် နောက်ထပ် ၆ နှစ်သက်တမ်းသုံးကြိမ်ရွေးချယ်တင်မြှောက်ခြင်းခံရသော်လည်း သမ္မလောင်းအဖြစ် စာရင်းသွင်းခံရသူမှာ မူဘာရက်တစ်ဦးတည်းသာ ရှိကြောင်း အဝေဖန်ခံခဲ့ရသည်။ သမ္မတ ဆာဒက် လက်ထက်က ဆောင်ရွက်ခဲ့သော ကမ့်ဒေးဗစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ တွင် အာရပ်အဖွဲ့ချုပ်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။ ၁၉၉၁ မှစ၍ ပြည်တွင်းစီးပွားရေးပြုပြင်ပြောင်း လဲရေး အစီအစဉ်များဆောင်ရွက်ခဲ့ပြီး ပြည်သူပိုင်လုပ်ငန်းများကို လျှော့ချ၍ ပုဂ္ဂလိကပိုင်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်စေခဲ့သည်။ ငွေကြေးဖေါင်းပွမှုကို လျှော့ချနိုင်ပြီး တစ်ဦးချင်းဝင်ငွေအားဖြင့် ၂၀၀၆ ခုနှစ်တွင် ၄၅၃၅ အမေရိကန်ဒေါ်လာ ဝင်ငွေရှိသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတော်ပင်အားနည်းခဲ့သည်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၅၄ နေရာရှိရာတွင် အတိုက်အခံမှ ၃၄ နေရာသာရရှိ ပြီး အာဏာရ အမျိုးသားဒီမိုကရက်တစ်ပါတီမှ ၃၈၈ နေရာရရှိသည်။ ၂၀၀၅ ခုနှစ်တွင် ပြုပြင်ပြောင်းလဲထား သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်စားလှယ်လောင်းများစွာ သမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ သော်လည်း မူဘာရက်က ၈၇% ဖြင့်နောက်ထပ် ၆ နှစ်ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ အဓိက အတိုက်အခံပြိုင်ဘက်မှာ ဂယ့်သ်ပါတီခေါင်းဆောင် အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသူ အေမန်နာဝါ ဖြစ်သည်။ ထို့နောက် အေမန်နာဝါကို မသမာမှုများဖြင့်စွပ်စွဲပြီး ထောင်သွင်း အကျဉ်းချထားခဲ့သည်။ ၂၀၀၉ ဖေဖေါ်ဝါရီလတွင် ၎င်းကိုပြန်လွှတ်ပေးခဲ့သည်။
မူဘာရက်သည်အီဂျစ်ကို အာဏာရှင်စံနစ်ဖြင့် တင်းကျပ်စွာ အုပ်ချုပ်ခဲ့သည်။ အစိုးရမှ ပုဂ္ဂလိကပိုင် ချပေးသော လုပ်ငန်းများတွင် မူဘာရက်၏သား အယ်လား ခြစားမှုသတင်းများပေါ်ထွက်လာပြီးနောက် မူဘာရက်နှင့် ၎င်း၏စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို ထောက်ခံမှုအကြီးအကျယ်ကျဆင်းသွား ခဲ့သည်။ ၂၀၀၀ ခုနှစ်ခန့်တွင် အယ်လားအကြောင်းမှေးမှိန်သွားပြီး မူဘာရက်၏ ဒုတိယသားဖြစ်သူ ဂမေးလ် အမျိုးသားဒီမိုကရက်တစ်ပါတီတွင်း လစ်ဘရယ်လက်သစ်အဖြစ် ပေါ်ထွက်လာသည်။
၂၀၁၁ ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်၍ လူအများလမ်းပေါ်ထွက်ဆန္ဒပြကြပြီး အာဏာဖီဆန်မှုများ ဖြစ်ပွားလာခဲ့သည်။ ရဲများ၏ အကြမ်းဖက်မှု၊ အရေးပေါ်အခြေအနေဥပဒေပြဋ္ဌာန်းထားမှု၊ အလုပ်လက်မဲ့၊ လစာတိုးမြှင့်ရေး၊ အိမ်ယာချို့တဲ့မှု၊ အစားအသောက်များဈေးကြီးခြင်း၊ အကျင့်ပျက်ခြစားမှုများ ပေါများခြင်း၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်မရှိခြင်း၊ နေထိုင်မှုအဆင့်အတန်းနိမ့်ကျခြင်း စသည့် မကျေနပ်ချက်အများ ကြောင့် လူထုအုံကြွမှုဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်။ ၂၀၁၁ ဖေဖေါ်ဝါရီ ၁၁ တွင် စစ်တပ်ကြားဖြတ်အစိုးရ သို့အာဏာကို လွှဲပြောင်း၍ သမ္မတမူဘာရက် အာဏာစွန့်ခဲ့လေတော့သည်။



တူနီးရှား

တူနီးရှားနိုင်ငံသည် လွတ်လပ်ရေးအတွက် ဆယ်စုနှစ်များစွာကြိုးပမ်းခဲ့ရသည်။ ၁၉၅၄ တွင် တူနီးရှားအလုပ်သမားသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့မှ ထောက်ခံသော နီယိုဒတ်စတော နိုင်ငံရေးပါတီ နှင့် ပြင်သစ်နိုင်ငံကြား ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။ ၁၉၅၅ ဧပြီလတွင် ပြင်သစ်က စစ်ဘက်နှင့် နိုင်ငံခြားရေးကိုကိုင်တွယ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်သဘောတူညီ ချက်ရရှိခဲ့သည်။ ဘော်ဂူအစ်ဘာကို ထောင်ချထားရာမှ ပြင်သစ်တို့က ပြန်လည်လွှတ်ပေးခဲ့သည်။ ၁၉၅၆ မတ်လ ၂၀ ရက်နေ့တွင် တူနီးရှားနိုင်ငံအပြည့်အဝလွတ်လပ်ရေးရခဲ့သည်။ ထို့နောက် ဇူလိုင်လတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ပြင်သစ်ထံမှ လွတ်လပ်ရေးရစဉ်က တူနီးရှားသည် စည်းမျဉ်း ခံဘုရင်စံနစ်အဖြစ် အုပ်ချုပ်သောနိုင်ငံဖြစ်သည်။ အဋ္ဌမမြောက်မူဟာမက် အယ်အေမင်ဖြစ်သည်။ ၁၉၅၆ မတ်လ ၂၅ ရက်တွင်ကျင်းပသောရွေးကောက်ပွဲတွင် ဘော်ဂူအစ်ဘာဦးဆောင်သော နီယို ဒက်စတောပါတီ အနိုင်ရရှိကာ ဘော်ဂူအစ်ဘီ ဝန်ကြီးချုပ်ဖြစ်လာသောအခါ ဘုရင်စံနစ်ကို ဖျက်သိမ်းပြီး ဘုရင့်ရုံးကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။ ထို့နောက် သမ္မတနိုင်ငံတော်အဖြစ်ကြေငြာကာ ဘော်ဂူအစ်ဘီ ပထမဆုံးသမ္မတ ဖြစ်လာပြီး တစ်ပါတီစံနစ်ကို ကျင့်သုံးခဲ့သည်။
နီယိုဒတ်စတောအစိုးရသည် တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများဖြင့် ထိရောက်အောင်မြင် သောအုပ်ချုပ်ရေးစံနစ်ကို တည်ထောင်အုပ်ချုပ်နိုင်ခဲ့သော်လည်း ဒီမိုကရေစီနည်းလမ်းတကျတော့ မဟုတ် ခဲ့ပေ။ ထို့ကြောင့် ဘော်ဂူအစ်ဘီ တစ်ဦးတည်းနောက်ထပ် ၃၁ နှစ်ကြာအောင်တိုင်းပြည်ကို အုပ်ချုပ်နိုင်ခဲ့ သည်။ တည်ငြိမ်ရေးနှင့်စီးပွားရေးအပေါ်အမှီပြုကာ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။ အစ္စလာမ်အခြေခံဝါဒီများ ကို ဖိနှိပ်၍ အခြားအာရပ်နိုင်ငံများမတူဘဲထူးထူးခြားခြား အမျိုးသမီးအခွင့်အရေးများ ဖွင့်ထားပေးခဲ့ သည်။
ဘော်ဂူအစ်ဘီကို ထင်ရှားသောတူရကီအမျိုးသားခေါင်းဆောင် အာတာတာ့နှင့် နှိုင်းယှဉ်ပြောဆိုလေ့ရှိ သည်။ ဘော်ဂူအစ်ဘီဝါဒသည် စစ်ဝါဒမဟုတ်ကြောင်း အခိုင်အမာပြောဆိုလေ့ရှိသည်။ တူနီးရှားကို စစ်အင် အားကြီးနိုင်ငံတစ်ခုအဖြစ်တည်ဆောက်မည်မဟုတ်ကြောင်း၊ စစ်အင်အားတည်ဆောက်ခြင်းသည် အရင်းအ မြစ်များကို ဖြုန်းတီးပစ်ရာရောက်ပြီး စစ်အင်အားတည်ဆောက်ခြင်းအားဖြင့် အခြားသောအရှေ့ အလယ် ပိုင်းရှိ စစ်အင်အားတည်ဆောက်သောနိုင်ငံ များတွင် နိုင်ငံရေး၌ တွေ့ကြုံခံစားနေရသော နိုင်ငံရေးတွင် စစ်တပ်၏ဝင်ရောက်စွက်ဖက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်းထောက်ပြပြောဆိုသည်။ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးခေါင်းစဉ်ဖြင့် ဘာသာရေးဆိုင်ရာမြေယာများကို ပြည်သူပိုင်သိမ်းခြင်း၊ ဘာသာရေးအဖွဲ့အစည်း အများအပြားကို ဖျက်သိမ်းပစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဘာသာရေးအခြေခံဝါဒီတစ်ဦးမဟုတ်သော်လည်း ဘာသာတရားကိုဆန့်ကျင်သောသူတစ်ဦးလည်း မဟုတ်ခဲ့ပေ။ ဘော်ဂူအစ်ဘာ၏ အဓိကအတိုက်အခံမှာ ဆာလာဘန်ယူဆွတ်ဖြစ်ပြီး ၁၉၅၀ နှစ်များအတွင်း ပြည်နှင်ဒါဏ်ပေးခံရပြီး အီဂျစ်ပြည်ကိုင်ရိုတွင်ခိုလှုံနေ ခဲ့သည်။ ထိုအချိန်မှစ၍ ဘော်ဂူအစ်ဘာအတွက် ပြောပလောက်သော အတိုက်အခံဟူ၍ မရှိတော့ပေ။ လွတ်လပ်ရေးရစဉ်အချိန်ကတည်းက တူနီးရှားသည် တစ်ပါတီစံနစ်ဖြင့်သာအုပ်ချုပ်ခဲ့သော်လည်း ၁၉၆၃ တွင် နီယိုဒတ်စတောပါတီသည် တရားဝင်ရပ်တည်ခွင့်ရသည့် တစ်ခုတည်းသောပါတီအဖြစ်ကြေငြာခဲ့သည်။
ဘော်ဂူအစ်ဘာလက်ထက်တွင် အတိုက်အခံများကို ဖိနှိပ်ခဲ့သည်။ ၁၉၇၈ အထွေထွေသပိတ်ကို အင်အားသုံး ဖြိုခွင်းခဲ့ရာ ဒါဇင်ပေါင်းများစွာသေကြေပြီး ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခဲ့သည်။ စာနယ်ဇင်းများကိုချုပ်ချယ်ထားခဲ့ပြီး အတိုက်အခံများကို မကြာခဏဆိုသလိုဖမ်းဆီးထောင်ချခဲ့သည်။ ၁၉၇၅ တွင် ဘော်ဂူအစ်ဘီက ရာသက်ပန်သမ္မတ အဖြစ်ကြေငြာခဲ့သည်။
၁၉၈၀ နှစ်များတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှု အလွန်နည်းပါးခဲ့သည်။ ၁၉၈၃ တွင် ပေါင်မုန့်နှင့် ဂျုံဈေးတက်မှုကို အကြောင်းပြု၍ လူထုဆန္ဒပြမှုများဖြစ်ပွားရာတွင် ဗိုလ်ချုပ် ဇိုင်း အယ်အဘီဒိုင်း ဘင်အာလီ ဦးဆောင်သောစစ်တပ်မှ အကြမ်းဖက်ဖြိုခွဲခဲ့သည်။ ထို့နောက် ဘင်အာလီ ဝန်ကြီးချုပ်ဖြစ်လာခဲ့ သည်။ သမ္မတ ဟာဘစ်ဘော်ဂူအစ်ဘီ ကျန်းမာရေးအခြေအနေဆိုးရွားလာသောကြောင့် ၁၉၈၇ နိုင်ဝင်ဘာ ၇ ရက်နေ့တွင် ဘင်အလီသမ္မတရာထူးကို လက်ခံရယူခဲ့သည်။
ဘင်အလီလက်ထက်တွင်စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အကြီးအကျယ်ဆောင်ရွက်ခဲ့ပြီး တူနီးရှား စီးပွားရေးတောင့်တင်းစေခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးပွားလာသည်။ ဘင်အလီ သမ္မတအဖြစ်စတင် တာဝန်ယူချိန်မှစ၍ ၁၉၈၆ တွင် GDP ၁၂၀၁ ဒေါ်လာရှိရာမှ ၂၀၀၈ တွင် ၃၇၈၆ ဒေါ်လာအထိသုံးဆကျော် တိုးတက်လာခဲ့သည်။ ၁၉၈၇ မှစ၍ နောက်နှစ်နှစ်ဆယ်အတွင်း နှစ်စဉ် GDP ငါးရာခိုင်နှုန်းအတိုးပြသည်။ ၂၀၁၀ ဇူလိုင်တွင် Boston Consulting Group မှ တူနီးရှားကို အာဖရိက ခြင်္သေ့များထဲ တွင်ပါဝင်သော နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ စိုက်ပျိုးထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းများပြန်လည်အားကောင်းလာ ခြင်းနှင့် အီးယူနှင့် ကောင်းမွန်းသောဆက်ဆံရေးရှိခြင်းကြောင့် GDP ပုံမှန်တိုးတက်လာနေခဲ့သည်။ ၂၀၁၀-၂၀၁၁ တွင် Global Competitiveness Report မှ တူနီးရှားကို အာဖရိကတွင် နံပါတ်တစ်နှင့် ကမ္ဘာတွင် အဆင့် ၃၂ အဖြစ်သတ်မှတ်ခဲ့သည်။ သို့သော် လူငယ်များကြားအလုပ်လက်မဲ့နှုန်းမြင့်မားမှု၊ အသေးစားလုပ် ငန်းများ ကမ္ဘာ့ဈေးကွက်တွင်ယှဉ်ပြိုင်သောအခါ အခြေအနေမလှမှုများဆက်လက်ဖြစ်ပွားနေခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာနှင့် ၂၀၁၁ ဇန်နဝါရီလတွင် လူထုဆန္ဒပြမှုကြီးဖြစ်ပွားခဲ့သည်။ ထိုအခါ သမ္မတဘင်အလီက နိုင်ငံတော် အရေးပေါ်အခြေအနေကြေငြာခဲ့ပြီး ၂၀၁၁ ဇန်နဝါရီ ၁၄ ရက်နေ့တွင် အစိုးရအဖွဲ့ကိုဖျက်သိမ်း ကာ ခြောက်လအတွင်းရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်းကတိပေးခဲ့သည်။ သို့သော်ထိုနေ့မှာပင် ဝန်ကြီးချုပ် မိုဟာမက်ဂန္နူချီက သမ္မအာဏာကို ၎င်းကလွှဲပြောင်းရယူလိုက်ကြောင်းအစိုးရရုပ်မြင်သံကြားမှ ထုတ်လွှင့်ကြေငြာခဲ့သည်။ ထို့နောက် ဇန်နဝါရီည ၁၄၊ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဘင်အလီသည် ဒူဘိုင်းသို့လေယာဉ်ပျံဖြင့် ထွက်ပြေးသွားခဲ့ပြီး ဆောဒီအာရေးဗျသို့ ၁၅ ရက်နေ့စောပိုင်းတွင်ရောက်ရှိကာ ဆော်ဒီ အာဏာပိုင်များက ကြိုဆိုခဲ့ကြသည်။

လစ်ဗျား

မွမ်မါကဒါဖီ၏လက်အောက်တွင် လစ်ဗျားနိုင်ငံသည် အနှစ် ၄၀ မျှရှည်လျားခဲ့သည်။ ၁၉၆၉ စက်တင်ဘာ ၁ ရက်နေ့တွင် ငယ်ရွယ်သောလစ်ဗျားစစ်တပ်အရာရှိအုပ်စုတစ်စုဦးဆောင်၍ ဘုရင် ပထမအိုင်းဒရစ်ထံမှ အာဏာသိမ်းယူပြီး ကဒါဖီအာဏာရှင်ဖြစ်လာခဲ့သည်။ ဘုရင်အိုင်းဒရစ်ကို အီဂျစ်သို့ ပြည်နှင်ဒါဏ်ပေးခဲ့သည်။ အစိုးရသစ်ကို တော်လှန်ရေးကောင်စီ(RCC) ကဦးဆောင်ပြီး ဘုရင်စံနစ်နှင့် အခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ လစ်ဗျားအာရပ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့သည်။
၁၉၇၇ တွင် လစ်ဗျားအာရပ်သမ္မတနိုင်ငံတော် ဟူသော အမည်မှ ဂျာမာဟီရီယာ “ညီညွတ်သောပြည်သူ့ နိုင်ငံတော်” ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ကဒါဖီသည်သူ့ကိုယ်သူ တော်လှန်ရေးနှင့် လမ်းညွှန်ခေါင်းဆောင်ကြီးအဖြစ်ခံယူကာ ပြည်သူ့ကော်မတီအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၉ တွင် လစ်ဗျား အထွေထွေပြည်သူ့လွှတ်တော်၏ အထွေထွေအတွင်းရေးမှူးအဖြစ်မှ နှုတ်ထွက်ပြီး ၁၉၈၀ မှ ၂၀၀၀ ခုနှစ်များအထိ တိုင်းပြည်ကို တစ်ပါတီအာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်လာခဲ့သည်။
၁၉၇၀ ခုနှစ်များတွင် ဆိုဗီယက်အုပ်စုနှင့်မဟာမိတ်များဖြစ်ခဲ့ပြီး ၁၉၇၀ မှ ၁၉၈၀ ခုနှစ်များ တစ်လျောက် နိုင်ငံတကာအကြမ်းဖက်များကို ထောက်ပံ့နေခဲ့သည်။ ၁၉၈၆ တွင် ရေဂင်အစိုးရလက်ထက် လစ်ဗျားကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၁၉၉၃ တွင်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် အနောက်နိုင်ငံများနှင့်ဆက်ဆံရေးအတွက် ပုံစံတစ်မျိုးဖြင့်ပြောင်းလဲချဉ်းကပ်ခဲ့သည်။ ၁၉၇၀ မှ ၁၉၉၀ နှစ်များအတွင်း အာဏာသိမ်းရန်ကြိုးပမ်းမှုများပေါ်ပေါက်ခဲ့သည်။ ၁၉၉၃ တွင် ကဒါဖီကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းခဲ့သည်။ ၂၀၁၁ ဖေဖေါ်ဝါရီလတွင် လူထုအုံကြွမှုပေါ်ပေါက်လာခဲ့သည်။ စစ်တပ်နှစ်ခြမ်းကွဲသွားပြီး ကဒါဖီဆန့်ကျင်ရေးသမားများက လစ်ဗျားအရှေ့ပိုင်းမြို့များကို သိမ်းပိုက်ထားခဲ့ ရာမှ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်ရေးအရ ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့ပြီး လစ်ဗျားနိုင်ငံအတွင်း မပျံသန်းရဇုံသတ်မှတ်ကာ နိုင်ငံစုံတပ်များက ကဒါဖီတပ်များကို တိုက်ခိုက်ခဲ့သည်။
၁၉၅၉ တွင် ရေနံသိုက်ရှာဖွေတွေ့ရှိပြီးနောက် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ ချမ်းသာကြွယ်ဝ သောနိုင်ငံဖြစ်လာခဲ့သည်။ စစ်တပ်မှ အရာရှိ ၇၀ ခန့်ပါဝင်သောတော်လှန်ရေးအုပ်စုမှ ‘Free Officers Movement’ လှုပ်ရှားမှုဖြင့် ၁၉၆၉ စက်တင်ဘာ ၁ ရက်တွင် အာဏာသိမ်းပိုက်ခဲ့ပြီး ဘုရင်စံနစ်ကိုဖြုတ်ချခဲ့ သည်။ အာဏာသိမ်းပွဲနှင့်ပတ်သက်၍ သွေးမြေကျမှုမရှိခဲ့ပေ။
လစ်ဗျားအာရပ်သမ္မတနိုင်ငံအဖြစ်တည်ထောင်ပြီးနောက် တစ်ဦးတစ်ယောက်ဦးယောက်ဦးဆောင် မှုဖြင့်အုပ်ချုပ်မည်မဟုတ်ပဲ RCC မှဦးဆောင်မှုဖြင့် ဆုံးဖြတ်ဆောင်ရွက်သွားမည်ဟုကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် ကဒါဖီသာ အာဏာရှင်ဖြစ်လာကာ RCC သည် ၎င်း၏ ရော်ဘာတံဆိပ်တုံးသာသာဖြစ်လာခဲ့ သည်။ ၁၉၆၉ ဒီဇင်ဘာတွင် ကာကွယ်ရေးဝန်ကြီး အာမက်ဆာအစ် ဟော်ဝက်ဇ်၊ ပြည်ထဲရေးဝန်ကြီး မူဆာ အာမက်တို့ကို အာဏာသိမ်းရန်ကြံစည်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဝန်ကြီးအဖွဲ့ကိုဖွဲ့စည်းပြီးနောက် ကဒါဖီသည် RCC ၏ ဥက္ကဋ္ဌ အဖြစ်နှင့် တာဝန်ခံဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး ရာထူးတို့ကို တွဲဖက်ရယူ ခဲ့သည်။
၁၉၇၁ နှင့် ၁၉၇၂ တွင် ယခင်အစိုးရဟောင်းမှ ဝန်ကြီးချုပ်များနှင့်အခြားအစိုးရအဖွဲ့များ ၂၀၀ ကျော်ကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ၁၉၇၁ တွင် လွတ်လပ်သောစစ်တပ်အရာရှိများ လှုပ်ရှားမှုကို “အာရပ် ဆိုရှယ်လစ်သမဂ္ဂ” (ASU) ဟူသောအမည်ဖြင့်ပြောင်းလဲခဲ့သည်။ တစ်ပါတီစံနစ်ကို ကျင့်သုံးခဲ့သည်။ ကုန်သွယ်ရေးသမဂ္ဂများသည် ASU နှင့်အတူပူးပေါင်းဆောင်ရွက်ရသည်။ သတင်းစာများ ကိုစိစစ်တည်းဖြတ်ခဲ့သည်။ ဂျူးလက်ကျန်အီတလီလူမျိုးများကို တိုင်းပြည်မှ နှင်ထုတ်ပြီးပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည်။ စက်တင်ဘာအာဏာသိမ်းပွဲပြီးနောက် ယခင်အစိုးရနှင့် သဘောတူညီထားသည့်အတိုင်း ဝှီးလပ်စ် လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ နောက်ပိုင်းတွင်အမေရိကန်နှင့်ဆက်ဆံရေး တဖြည်းဖြည်းပိုမိုတင်းမာလာကာ လစ်ဗျားသည် ဆိုဗီယက်ယူနီယံနှင့် အခြားအရှေ့ဥရောပနိုင်ငံများနှင့် နီးစပ်ခဲ့သည်။ လစ်ဗျားလူ့အဖွဲ့အစည်းကို ပြန်လည်ပြင်ဆင်ရာတွင် ကဒါဖီ၏ အယူအဆများနှင့်ရောမွှေကာ ၁၉၇၃ ခုနှစ်မှ အစပြု၍ ယဉ်ကျေးမှုတော်လှန်ရေးအမည်ဖြင့် စတင်ကျင့်သုံးခဲ့သည်။ ထို့နောက်နိုင်ငံအနှံ့ လူထုကော်မီတီများဖွဲ့စည်းကာ ဒေသတွင်းအုပ်ချုပ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်စေခဲ့သည်။ ပုံမှန် အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အဖွဲ့ဝင်များရွေးချယ်ခြင်း စသည်တို့ဖြင့် ပြည်သူ့ကော်မီတီများ သည် တိုက်ရိုက်ဒီမိုကရေစီတွင် ပါဝင်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းများဖြစ်သည်ဟု ၁၉၆၇ ခုနှစ်တွင် ထွက်ပေါ်လာသော ကဒါဖီ၏ စာအုပ်စိမ်းထဲတွင် ရည်ညွှန်းထားသည်။ ယင်းကော်မီတီများ၏ ဗဟိုမှာ ယခင် RCC ကို အစားထိုးဖွဲ့စည်းလိုက်သော အထွေထွေ ပြည်သူ့လွှတ်တော် (GPC) ဖြစ်သည်။
၁၉၇၇ မတ်လ ၁ ရက်နေ့တွင် ကဒါဖီ၏ အမိန့်ဖြင့် GPC သည် “ပြည်သူ့အာဏာတည်ထောင်ခြင်း ကြေငြာချက်” နှင့် “ဆိုရှယ်လစ်ပြည်သူ့လစ်ဗျားအာရပ် ညီညွတ်သောပြည်သူ့နိုင်ငံတော်” ဟူ၍ သတ်မှတ်ခဲ့ သည်။ GPC ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ကဒါဖီကို အတည်ပြုခဲ့ကြပြီး ကဒါဖီက ဖျက်သိမ်းခဲ့သော RCC မှလက်ကျန်အဖွဲ့ဝင်များကိုအထွေထွေ အတွင်းရေးမှူးအဖွဲ့အဖြစ်ဖန်တီးဖွဲ့စည်းခဲ့သည်။
ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများ ကို GPC ကချုပ်ကိုင်ထားသည်။ တဖန် အာဏာ အများစုမှာလည်း အထွေထွေအတွင်းရေးမှူးနှင့် အထွေထွေအတွင်းရေးမှူးများ အဖွဲ့၌သာတည်သည်။ RCC တွင် ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်ခဲ့သလိုပင် GPC ၏ အထွေထွေအတွင်းရေးမှူးတစ်ဦးအနေနှင့် ကဒါဖီသည် ဆုံးဖြတ်ချက်များ၊ မူဝါဒများချသူဖြစ်သည်။ ဒေသဆိုင်ရာ အခြေခံ ပြည်သူ့လွှတ်တော် (BPC) များတွင်လည်း အရွယ်ရောက်သူတိုင်း ပါဝင်ပြောရေးဆိုခွင့်၊ ဆွေးနွေးခွင့်၊ တင်ပြခွင့်များကို ခွင့်ပြုပြီး ယင်းတို့ထံမှ တက်လာသော ဆုံးဖြတ်ဆောင်ရွက်ဖွယ်ကိစ္စများကို GPC သို့တင်ပြပြီးအမျိုးသားမူဝါဒအဖြစ်ချ မှတ်ကာ စဉ်းစားဆောင်ရွက်ပေးခြင်းများပြုလုပ်သည်။ ဤသို့ဆောင်ရွက်ခြင်းကို ကဒါဖီက တိုက်ရိုက်ပြည် သူ့အာဏာဟု အမည်ပေးသည်။ လစ်ဗျားနိုင်ငံရေးနှင့် အုပ်ချုပ်ရေးစံနစ်ကို ပြင်ဆင်ပြောင်းလဲသည့် အနေ ဖြင့် ၁၉၇၇ မှစ၍ “တော်လှန်ရေးကော်မီတီ” တစ်ရပ်ကို ကဒါဖီဖွဲ့စည်းခဲ့သည်။ ယင်းကော်မီတီက ပြည်သူ့ကော်မီတီများကို ကြီးကြပ်အကြံပေးရန် တာဝန်ပေးခဲ့သည်။ သို့သော်လက်တွေ့တွင် ပြည်သူလူထု ကိုထောက်လှမ်းရန်၊ အတိုက်အခံများကို နှိမ်နှင်းရန် လုပ်ဆောင်သည်။ လစ်ဗျားတွင် ဤသို့စောင့်ကြည့် ထောက်လှမ်းသည့် အလုပ်ကို လစ်ဗျားလူမျိုး ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိလုပ်ကိုင်သည်။ တိုင်းပြည်အနှံ့ တော်လှန်ရေး ကော်မီတီများပေါ်ပေါက်လာပြီး ကော်မီတီများအတွင်း နိုင်ငံရေးတောကြောင် များဖြင့်ခြေချင်းလိမ်နေတော့သည်။ ၁၉၇၉ တွင် BPC ရွေးကောက်ပွဲများကို တော်လှန်ရေးကော်မီတီများက ထိန်းချုပ်လာခဲ့သည်။ တရားဝင်အစိုးရဖွဲ့အစည်းမဟုတ်သော်လည်း ပြည်တွင်းနိုင်ငံရေးလောကတွင် အရေး ပါသော အဖွဲ့အစည်းဖြစ်လာခဲ့သည်။
ကဒါဖီသည်နိုင်ငံတကာ အကြမ်းဖက်မှုများတွင် အားပေးအားမြှောက်ပြုခဲ့သည့် အဖြစ်အပျက်များ စွာရှိခဲ့သည်။ ပါလက်စတိုင်း အကြမ်းဖက်အုပ်စုတွင်စေတနာ့ဝန်ထမ်းပါဝင်လှုပ်ရှားလိုသူများသည် မည်သည့် လစ်ဗျားသံရုံးတွင်မဆို စာရင်းပေးသွင်းနိုင်ပြီး လိုအပ်သော စစ်သင်တန်းများနှင့် လက်နက်များ တပ်ဆင်ပေးပြီး ငွေကြေးထောက်ပံ့သွားမည်ဖြစ်ကြောင်း ၁၉၇၁ ဇွန်လတွင် ကဒါဖီက ကြေငြာခဲ့သည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် ဂျပန်တပ်နီတော်မှ လုပ်ဆောင်သော လော့ဒ် လေဆိပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကဒါဖီက ချီးကျူးခဲ့ပြီး ပါလက်စတိုင်း အကြမ်းဖက်များအနေနှင့်လည်း ဤသို့လုပ်ဆောင်သင့်ကြောင်းပြောကြားခဲ့သည်။ ၁၉၇၂ မြူးနစ်နွေရာသီအိုလံပစ်ပွဲတော်တွင်ဖြစ်ပွားခဲ့ သော အမဲရောင်စက်တင်ဘာဟု အမည်ပေးခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၏ ငွေကြေးထောက် ပံ့သူမှာ ကဒါဖီဖြစ်ကြောင်း ဆိုသည်။ အိုင်ယာလန်ရှိ IRA သူပုန်များကိုလည်း ထောက်ပံ့ခဲ့သည်။ ၁၉၈၁ တွင် အမေရိကန်သမ္မတရော်နယ်ရေဂင်ကို လုပ်ကြံသတ်ဖြတ်ရန် ကဒါဖီမှပြောဆိုမှုများရှိခဲ့သည်။ ၁၉၈၁ အောက်တိုဘာတွင် အီဂျစ်သမ္မတ အဏ္ဏဝါဆာဒက်လုပ်ကြံခံရပြီးသေဆုံးသွားမှုအပေါ် အားရကျေနပ်မှုရှိခဲ့ ပြီး အပြစ်ပေးခံရခြင်းဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သမ္မတရော်နယ်ရေဂင်က ၎င်းကို အရှေ့အလယ်ပိုင်းခွေးရူး ဟုအမည်ပေးခဲ့သည်။ နီကာရာဂွာရှိ ဆန်ဒီနစ္စတာများကို စစ်သင်တန်းများပေး ခြင်း၊ လက်နက်ထောက်ပံ့ခြင်း စသည်ဖြင့် ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့ခဲ့သည်။ ၁၉၈၅ ဒီဇင်ဘာ ရောမနှင့် ဗီယင်နာ လေဆိပ်များတိုက်ခိုက်မှုတွင် ၁၉ ဦးသေဆုံးပြီး ၁၄၀ ခန့်ဒါဏ်ရာရရှိခဲ့သည်။ ယင်းအဖြစ်အပျက်များပြီးနောက် ဥရောပနိုင်ငံများအနေနှင့်လစ်ဗျားဆန့်ကျင်သူများကို ထောက်ခံနေသမျှ ကာလပတ်လုံး သူကလည်း ဂျာမဏီအကြမ်းဖက်တပ်နီတော်အဖွဲ့၊ အီတလီအကြမ်းဖက် တပ်နီအဖွဲ့၊ အိုင်းရစ် IRC သူပုန်အဖွဲ့တို့ကိုထောက်ခံသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး ကလည်း ယင်းသို့အကြမ်းဖက်သတ်ဖြတ်မှုများကို သူရဲကောင်းလုပ်ရပ် ဟုခေါ်ဆိုခဲ့သည်။
၁၉၈၆ တွင် အမေရိကန်နှင့် ဥရောပအကျိုးစီးပွားများကို တိုက်ခိုက်ရန် လစ်ဗျားက အသေခံဗုံးခွဲ တပ်ဖွဲ့များကိုလေ့ကျင့် ပေးနေကြောင်း လစ်ဗျား နိုင်ငံပိုင်ရုပ်သံမှကြေငြာခဲ့သည်။ ၁၉၈၆ ဧပြီ ၅ ရက်နေ့ တွင် လစ်ဗျားသူလျှိုများက အနောက်ဘာလင်ရှိ လာဘယ်လီ ညကလပ်ကို ဗုံးခွဲခဲ့ရာ သုံးဦးသေဆုံးပြီး ၂၂၉ ဦးဒါဏ်ရာရှိခဲ့သည်။ နောက်ပိုင်းတွင် အရှေ့အနောက်ဂျာမဏီပြန်လည်ပေါင်းစည်းသွားသောအခါ ယခင် အရှေ့ဂျာမဏီနိုင်ငံလစ်ဗျားသံရုံးမှတစ်ဆင့် ဗုံးခွဲမှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးအပြစ်ပေးခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အနောက်ဥရောပနိုင်ငံအများအပြား လစ်ဗျားအပေါ် အရေးယူဆောင်ရွက်မှုများပြု လုပ်ခဲ့သည်။
၁၉၈၈ တွင် စကော့တလန်၊ လော့ကာဘီ တွင် ပန်အမ်လေယဉ်အမှတ် ၁၀၃ ဗုံးဖေါက်ခွဲခံခဲ့ရမှုနှင့် ပတ်သက်၍ ကဒါဖီကိုစွပ်စွဲခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂက လစ်ဗျားကို စီးပွားရေးပိတ်ဆို့ အရေးယူမှုဆောင်ရွက်ခဲ့သည်။ ၂၀၀၃ ဒီဇင်ဘာတွင် စစ်လက်နက်ပစ္စည်းများနှင့် အစုလိုက်အပြုံလိုက်သေ စေနိုင်သော လက်နက်ပစ္စည်းများ ရရှိပိုင်ဆိုင်မှု အစီအစဉ်ကို စွန့်လွှတ်ကြောင်းနှင့် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကြောင်းကြေငြာခဲ့သည်။ အနောက်ဥရောပမှ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံခဲ့ပြီး ကိုယ်တိုင် လည်း ၂၀၀၄ ဧပြီတွင် အနောက်ဥရောပသို့ ၁၅ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဘရပ်ဆဲလ်သို့ သွားရောက်ခဲ့သည်။ လော်ကာဘီဗုံးကွဲမှု၊ လာဘယ်လီ ညကလပ်ဗုံးကွဲမှု၊ UTA 772 ဗုံးကွဲမှုတို့နှင့်ပတ်သက် ပြီးလျော်ကြေးများပေးရန်ကမ်းလှမ်းခဲ့သည်။ ၂၀၀၆ ဇွန်လတွင် အမေရိကန်မှ လစ်ဗျားအပေါ်သတ်မှတ်ထား သော အကြမ်းဖက်မှုထောက်ခံသောနိုင်ငံ စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
ရှည်လျားလှသော ကဒါဖီအုပ်ချုပ်မှုကာလအတွင်း အတိုက်အခံတို့၏ တွန်းလှန်မှု၊ အာဏာသိမ်းရန် ကြံစည်မှုတို့မှ ခုခံကာကွယ်ခဲ့ရသည်။ ယင်းဖီဆန်မှုများကို တန်ပြန်ရာတွင် တိုင်းပြည်တွင်းအင်အားစုများကို ထိန်းညှိခြင်းဖြင့်လည်းကောင်း၊ အကြမ်းဖက်ဖိနှိပ်ဖြိုခွင်းခြင်းဖြင့်လည်းကောင်း တန်ပြန်ခဲ့သည်။ နိုင်ငံတွင်း လူမျိုးစုများစွာအကြား တစ်စုကို မျက်နှာသာပေးပြီး အခြားတစ်စုကို ထိန်းထားစေခြင်းဖြင့် အင်းအားထိန်း ညှိရာတွင်အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းခြင်းမပြုနိုင်အောင် လစ်ဗျားစစ် တပ်တွင်း အရာရှိများကို အလှည့်ကျဆောင်ရွက်စေခြင်းဖြင့် အားနည်းစေခဲ့သည်။ တစ်ဖက်တွင် အခွင့်ထူး ခံ တော်လှန်းရေးအစောင့်အကြပ်တပ်၊ ခါမစ် အထူးတပ်ဖွဲ့ နှင့် သူ့ကိုယ်ပိုင်အမေဇုန်သက်တော်စောင့်တပ် တို့ကို အားကိုးအားထားပြုနေခဲ့သည်။ ဖိနှိပ်ဖြိုခွဲခြင်း၊ ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် လူထု အတိုက်အခံပြုမှုများကို ရှင်းလင်းနေခဲ့သည်။ အတိုက်အခံများကို နှိမ်နင်းရာတွင် ပြည်ပြေးအတိုက်အခံများ အဖြစ်ပြည်ပသို့ရောက်ရှိနေသူများကိုပင် သူလျှိုများလွှတ်၍ လိုက်လံသတ်ဖြတ်နှိမ်နင်းစေခဲ့သည်။
၁၉၉၀ ခုနှစ်များတွင် အစ္စလာမ်စစ်သွေးကြွများ၏ စိန်ခေါ်မှုကြုံတွေ့ရသည်။ ၁၉၉၃ အောက်တို ဘာတွင် လစ်ဗျားစစ်တပ်မှ ကဒါဖီကို မကျေနပ်သူများကလုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းရာမအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၁၉၉၀ ခုနှစ်များအတွင်း သူ၏တော်လှန်ရေးအစောင့်အကြပ်တပ်များကို အသုံးပြု၍ အုံကြွမှုများ၊ အစ္စလာမ္မစ်လှုပ်ရှားမှုများကို အကြမ်းဖက်နှိမ်နင်းခဲ့သည်။
၂၀၁၁ ဖေဖေါ်ဝါရီတွင် လူထုအုံကြွမှုကြီးပေါ်ပေါက်လာခဲ့ရာ ဖေဖေါ်ဝါရီ ၁၅ ရက်၌ ဘင်ဂါဇီတွင် လူထုဆန္ဒပြမှုများကိုရဲများက နှိမ်နင်းမှုနှင့်ပတ်သက်ပြီး အယ်ဂျာဇီးယားရုပ်သံနှင့် အင်တာဗျူးပြုလုပ်ခဲ့သူ စာရေးဆရာ အိုင်ဒရစ် အယ်-မတ်စ်မာရီကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖေဖေါ်ဝါရီလ ၂၆ မှစ၍ ကဒါဖီကို ပြောင်ပြောင်တင်းတင်းတော်လှန်ပြီး နိုင်ငံအရှေ့ခြမ်းရှိ စစ်တပ်အခြေစိုက်နေရာများကို အတိုက်အခံများက သိမ်းပိုက်ထားခဲ့သည်။ ကဒါဖီကို သစ္စာခံသောတပ်များက အတိုက်အခံတို့တပ်စွဲထားသော မြို့များကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားများကို အကာအကွယ်ပေးရန် ကုလသမဂ္ဂ အဆုံး အဖြတ်ဖြင့် ၂၀၁၁ မတ်လ ၁၇ ရက်မှစ၍ လစ်ဗျားတွင် မပျံသန်းရနယ်မြေများသတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂဆုံးဖြတ်ချက်အရ ကဒါဖီတပ်များက အရပ်သားများကိုမြေပြင်ထိုးစစ်ဖြင့် တိုက်ခိုက်နေသော ကြောင့် လေကြောင်းမှ တိုက်ခိုက်ရန်အခွင့်ပေးခဲ့သည်။ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့ အဓိကဦး ဆောင်၍ ကဒါဖီစစ်ဘက်အဆောက်အဦးများ၊ လေတပ်အခြေစိုက်စခန်းများ၊ မြေပြင်တင့်ကားများကို လေကြောင်းမှ တိုက်ခိုက်ဖျက်စီးပစ်ခဲ့သည်။

ဆီးရီးယား

ဆီးရီးယားသည် ဘီစီ ၁၀ ၀၀၀ ခန့် ကျောက်ခေတ်သစ်ကတည်းကစတင်၍ ကမ္ဘာတွင် ပထမဦးဆုံး စိုက်ပျိုးရေး၊ ကျွဲ၊နွား မွေးမြူရေးတို့ကို လုပ်ကိုင်လာခဲ့သော ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံတစ် နိုင်ငံဖြစ်သည်။ ဘီစီ ၈၃ တွင် အာမေးနီးယန်းဘုရင် တိုက်ဂရာနိစ်လက်အောက်သို့ကျရောက်ခဲ့ပြီး ၁၃ ကြာမျှ ထိန်းချုပ်ခဲ့ကာ နောက်ဆုံး ဘီစီ ၆၄ ခန့်တွင် ရောမအင်ပါယာအတွင်း သက်ဆင်းခဲ့သည်။
အေဒီ ၆၄၀ ခန့်တွင် ခါလက် အစ်ဘင် အယ်-ဝါလစ် ဦးဆောင်သော ရာရှီဒါန် စစ်တပ်မှ သိမ်းပိုက်ခဲ့ပြီး အစ္စလာမ်ကမ္ဘာအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။
၁၅ ရာစုအကုန်တွင် ဥရောပမှ အရှေ့ဖျားသို့သွားလာသော ရေလမ်းခရီးကို တွေ့ရှိပြီးနောက် ဆီးရီးယားကိုဖြတ်၍ သွားလာရသောကုန်းတွင်းလမ်းကို အသုံးပြုခြင်းမရှိတော့ပေ။ မွန်ဂိုတို့ဖျက်ဆီး ခြင်းကို ခံရပြီးနောက် အော်တိုမန်အင်ပါယာအတွင်း အလွယ်တကူပင်ကျရောက်သွားခဲ့သည်။
မဟာမိတ်သံတမန်နှစ်ဦးဖြစ်သော ပြင်သစ်လူမျိုး ဖရန်ကိုစစ် ဂျော့-ပီကော့ နှင့် ဗြိတိသျှ မာ့ခ်စကိုက် တို့သည် ပထမကမ္ဘာစစ်ကြီးမဖြစ်ခင်အချိန်များစွာအကြာကာလကတည်းက အော်တိုမန် အင်ပါယာကို မည်သို့ အစိတ်စိတ်အမွှာမွှာပိုင်းပြီး၊ မည်သို့ သြဇာလွှမ်းမိုးရမည်ဆိုသည်ကို ကြိုတင် လျှို့ဝှက် ကြံစည်ခဲ့ကြသည်။ ပထမကမ္ဘာစစ်ကြီးပြီးဆုံးသွားသောအခါ အော်တိုမန်အင်ပါယာသည် ဂျာမဏီနှင့်မဟာ မိတ်အဖြစ်ဖြင့် နှိမ်နင်းခံခဲ့ရပြီး စံနစ်တကျစတင်ဖြိုခွဲလေတော့သည်။
၁၉၁၆ တွင် ချုပ်ဆိုသော စကိုက်-ပီကော့ သဘောတူညီချကဖြင့် အနောက်တောင်အာရှဒေသ အတွက် နောက်ရာစုနှစ်အတွင်း ကံကြမ္မာများကို ဖန်တီးခဲ့သည်။ ယင်းစာချုပ်အရ မြောက်ဘက်နယ်မြေများ ဖြစ်သော ဆီးရီးယားနှင့် နောက်ပိုင်း လက်ဘနွန်အဖြစ်ပေါ်ထွက်လာမည့် ဒေသများကို ပြင်သစ်ကရရှိခဲ့ပြီး တောင်ဘက် အီရတ်နှင့် နောက်ပိုင်း ပါလက်စတိုင်းနှင့် ဂျော်ဒန်တို့ အဖြစ်ပေါ်ထွက်လာမည့် နယ်မြေများကို ဗြိတိန်ကရရှိခဲ့သည်။ အဆိုပါနယ်မြေနှစ်ခုကို ဂျော်ဒန်မှ အီရန်အထိမျဉ်းဖြောင့်ဆွဲ၍ပိုင်းခြားခဲ့သည်။ ၁၉၂၀ မှစ၍ နိုင်ငံပေါင်းစုံအသင်းကြီး၏ ခွင့်ပြုခန့်အပ်ထားမှုဖြင့် ပြင်သစ်နှင့် ဗြိတိသျှပိုင်နယ်မြေများအဖြစ် နိုင်ငံတ ကာအသိအမှတ်ပြုခဲ့သည်။
၁၉၂၀ တွင် လွတ်လပ်သောဆီးရီးယားအာရပ်ဘုရင့်နိုင်ငံတော် ဟူ၍ ဖိုင်ဆယ်ဘုရင်၏ အုပ်ချုပ်မှု အောက်တွင် တည်ထောင်ခဲ့သည်။ ဖိုင်ဆယ်ဘုရင်သည်နောက်ပိုင်းတွင် အီရတ်ဘုရင်ဖြစ်ခဲ့သည်။ ဆီးရီးယားကို လအနည်းငယ်ကြာအုပ်စိုးပြီးနောက် ၎င်း၏ ဆီးရီးယားစစ်တပ်နှင့် ပြည်သစ် စစ်တပ်တို့ကြား မေဆာလွန်တိုက်ပွဲဖြစ်ပွားပြီး ပြင်သစ်တို့က တိုက်ပွဲတွင်အောင်မြင်ခဲ့သည်။ ထို့နောက် ဆန်ရီမိုညီလာခံတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက ဆီးရီးယားကို ပြင်သစ်သို့အုပ်ချုပ်ခွင့် အပ်နှင်းခဲ့သည်။
၁၉၅၂ တွင် ဆူလ်တန် ပါရှာ အယ်-အက်ထရက် ဦးဆောင်ပြီးပြင်သစ်တို့ကို တော်လှန်ခဲ့သည်။ တော်လှန်ရေးမှာပြင်းထန်ခဲ့ပြီး ပြင်သစ်တပ်နှင့် တော်လှန်ရေးသမားများကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား ခဲ့သည်။ ပထမပိုင်းတွင် တော်လှန်ရေးသမားများအရေးသာပြီး အောင်ပွဲအလီလီခံနိုင်ခဲ့သော်လည်း ပြင်သစ်က မော်ရိုကိုနှင့် ဆီနီဂေါမှ စစ်သားထောင်ပေါင်းများစွာကို ခေတ်မီလက်နက်များတပ်ဆင်စေလွှတ် ချေမှုန်းစေရာ တော်လှန်ရေးအရေးနိမ့်ပြီး ဆူလ်တန် အယ်-အက်ထရက်ကို သေဒဏ်ပေးခဲ့သည်။ သို့သော် ထွက်ပြေးလွတ်မြောက်သွားပြီး နောက်ပိုင်းအပြစ်မှ ခွင့်လွှတ်ခဲ့သည်။ ဆီးရီးယား-ပြင်သစ်လက်မှတ်ရေးထိုး ပြီးနောက် ၁၉၃၇ တွင် ဆီးရီးယားသို့ပြန်လည်ဝင်ရောက်လာရာ လူထုက တခဲနက်ကြိုဆိုခဲ့ကြသည်။
၁၉၃၆ စက်တင်ဘာတွင် ဆီးရီးယားနှင့်ပြင်သစ်တို့ လွတ်လပ်ရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီဘုရင် ဖိုင်ဆယ်လက်ထက်က ဝန်ကြီးချုပ်လုပ်ခဲ့သော ဟာရှင် အယ်-အာတာဆီ ကို ပထမဆုံးသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။ သို့သော် လွတ်လပ်ရေးစာချုပ်ကို ပြင်သစ်တရားရေးက အတည်မပြုသဖြင့် အသက်ဝင်မလာခဲ့ပေ။
၁၉၄၁ တွင် ဆီးရီးယားက လွတ်လပ်ရေးအတွက် ထပ်မံတောင်းဆိုခဲ့သည်။ ၁၉၄၄ ဇန်နဝါရီလ ၁ ရက်နေ့တွင် လွတ်လပ်သောသမ္မတနိုင်ငံအဖြစ်အသိအမှတ်ပြုခဲ့သည်။ ဆီးရီးယား အမျိုးသားရေးဝါဒီများ နှင့် ဗြိတိသျတို့ဝိုင်းဝန်းဖိအားပေးမှုကြောင့် ၁၉၄၆ ဧပြီတွင် ပြင်သစ်တပ်များ ဆီးရီးယားမှထွက်ခွာသွားခဲ့ပြီး ရီပတ်ဘလီကန်အစိုးရ ဆီးရီးယားကို အုပ်ချုပ်ခဲ့သည်။
လွတ်လပ်ရေးကြေငြာပြီးနောက် စီးပွားရေးလျင်မြန်စွာတိုးတက်ခဲ့သော်လည်း ၁၉၆၀ ခုနှစ်များတွင် ဆီးရီးယားနိုင်ငံရေး မတည်ငြိမ်ခဲ့ပေ။ ၁၉၄၆ နှင့် ၁၉၅၆ ကြားတွင် အစိုးရဝန်ကြီးအဖွဲ့ ၂၀ ရှိခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေးခါ သီးခြားစီရေးဆွဲခဲ့ရသည်။ ၁၉၄၈ အာရပ်-အစ္စရေးစစ်ပွဲအတွင်း ဆီးရီးယားပါဝင်ခဲ့ သည်။ ၁၉၄၉ တွင် ကာနယ် ဟူစနီ အယ်-ဇာအင်မ် ကအာဏာသိမ်းယူခဲ့သည်။ ဒုတိယကမ္ဘာစစ်စတင်ချိန်မှ စ၍ အာရပ်ကမ္ဘာတွင် ပထမဦးဆုံးအဖြစ် စစ်တပ်အာဏာသိမ်းခြင်းဖြစ်သည်။ ထို့နောက်တစ်ဖန် ကာနယ် ဆာမီ အယ်-ဟင်နဝီ ကအာဏာထပ်မံသိမ်းယူခဲ့ပြီး ထိုနှစ်ထဲမှာပင် သူ့ထံမှ ကာနယ် အာဒစ် ရှီရှက်ခလီ ကတတိယ အကြိမ်မြောက်အဖြစ် အာဏာသိမ်းယူခဲ့ပြန်သည်။ ထို့နောက် ၁၉၅၁ တွင် ထပ်မံအာဏာသိမ်း ကာ သူ၏အုပ်ချုပ်မှုခိုင်မာစေပြီး ပါတီစုံစံနစ်ကို ကိုလည်းတဖြည်းဖြည်းဖျက်သိမ်းပစ်ခဲ့သည်။ ၁၉၅၄ တွင် သူကိုယ်တိုင်အာဏာအသိမ်းခံခဲ့ရပြီး ပါလီမန်စံနစ်ကိုပြန်လည်အသက်သွင်းခဲ့သည်။ သို့သော် ယင်းအချိန်ကလည်း အရပ်သားအုပ်ချုပ်ရေးမှာ နာမည်ကောင်းမရရှိဘဲ စစ်တပ်ကသာ အာဏာချုပ်ကိုင် ထားခြင်းသာလျှင် အသင့်လျော်ဆုံးဖြစ်သည်ဟု ထင်မှတ်နေခဲ့ကြသည်။ ပါလီမန်မှာအင်အားချိနဲ့လျက်ရှိပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်စွမ်းမရှိချေ။ ၁၉၅၆ဆူးအက်တူးမြောင်း ပြဿနာတွင် ဆိုင်းနိုင်းကျွန်း ဆွယ်သို့ အစ္စရေးတပ်များ ကျူးကျော်ဝင်ရောက်လာပြီး ပြင်သစ်နှင့် ဗြိတိန်တို့လည်းကျူးကျော်ဝင်ရောက် လာသောအခါ ဆီးရီးယားတွင် စစ်ဥပဒေထုတ်ပြန်ခဲ့သည်။
၁၉၅၆ တွင် ဆိုဗီယက်ယူနီယံနှင့် စာချုပ်တစ်ခုချုပ်ဆိုခဲ့ပြီး အစိုးရအတွင်း ကွန်မြူနစ်ဝါဒကို လက်ခံ ခဲ့ပြီး အပြန်အလှန်အားဖြင့် ဆိုဗီယက်မှ လေယာဉ်များ၊ တင့်ကားများနှင့် အခြားစစ်ဘက်ဆိုင်ရာအထောက် အပံ့များလက်ခံခဲ့သည်။ ဤသို့စစ်ရေးအရတောင့်တင်းလာမှုအပေါ် တူရကီက စိုးရိမ်မကင်းဖြစ်လာခဲ့သည်။ နှစ်ဘက်အငြင်းပွားနေသော အစ္စကန်ဒါရန်မြို့ကိုဆီးရီးယားက စစ်ရေးဖြင့်ပြန်လည်သိမ်းပိုက်သွားမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ တူရကီက ဆီးရီးယားနယ်စပ်တွင် စစ်အင်အားအလုံးအရင်း ဖြင့် ချထားခြင်းအပေါ် လည်း ဆီးရီးယားနှင့် ဆိုဗီယက်ယူနီယံတို့က မကျေနပ်ချေ။ ထိုပြဿနာများကြားတွင် ဆီးရီးယားအစိုးရနှင့် စစ်တပ်တို့တွင် ကွန်မြူနစ်ဝါဒကြီးစိုးခဲ့သည်။ ၁၉၅၄ အာဏာသိမ်းမှုပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများ နှင့် ဆူးအက်တူးမြောင်းအရေးတွင် အီဂျစ်သမ္မတ ဂမေး နက်ဆာ၏ ဦးဆောင်မှုတို့ကြောင့် ဆီးရီးယားသည် အီဂျစ်နှင့်ပေါင်းစည်းရန် အကြောင်းဖန်လာခဲ့သည်။ ၁၉၅၈ ဖေဖေါ်ဝါရီ ၁ တွင် ဆီးရီးယားသမ္မတ ရှူကရီ အယ်-ခူဝက်တလီနှင့် အီဂျစ်သမ္မတ နက်ဆာတို့ပူးပေါင်း၍ အာရပ်သမ္မတပြည်ထောင်စု အဖြစ်ကြေငြာပြီး နှစ်နိုင်ငံပေါင်းစည်းခဲ့သည်။ သို့သော် ကြာရှည်မခံခဲ့ပေ။ ၁၉၆၁ စက်တင်ဘာ ၂၈ တွင် ဆီးရီးယား၌ အက် အယ်-ခါရင် အယ် နာလဝီ ဦးဆောင်သောစစ်တပ်မှ အာဏာသိမ်းသောအခါ အီဂျစ်မှ ခွဲထွက်ပြီး ဆီးရီးယားအာရပ်သမ္မတနိုင်ငံထူထောင်ခဲ့သည်။ သို့သော် နောက်ထပ် ၁၈ လအတွင်းမတည်ငြိမ်မှုများ ကြောင့် ၁၉၆၃ မတ်လ ၈ ရက်နေ့တွင် လက်ဝဲစွန်းတော်လှန်ရေးကောင်စီ(NCRC) ခေါ်ဆီးရီးယား စစ်တပ်ထိပ်သီးများက အာဏာသိမ်းယူခဲ့သည်။ ထို့နောက်၎င်းတို့က ပင်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများအားလုံးကို ထိန်းချုပ်ထားခဲ့သည်။ အာဏာသိမ်းပွဲကို ညွှန်ကြားလမ်းပြခဲ့သော အာရပ်ပြန်လည် ရှင်ပြန်ထမြောက်ရေးပါတီ ခေါ် ဘားသ်ပါတီမှ ဝင်များဝန်ကြီးအဖွဲ့တွင်နေရာရခဲ့သည်။
ဟာဖက်ဇ် အယ်-အာဆက် အာဏာရလာသောအခါ အစိုးရတွင်းအခြေခံအဖွဲ့အစည်းများကို လျှင်မြန်စွာဖွဲ့စည်းခဲ့ပြီး ထိန်းချုပ်နိုင်စွမ်းအားကို ခိုင်မာစေခဲ့သည်။ အာဆက်၏ အာရပ်ဘာ့သ်ဆိုရှယ်လစ် ပါတီ တိုင်းဒေသဌာနချုပ်မှ ဥပဒေပြုလွှတ်တော်တွင် အမတ် ၁၇၃ နေရာရရှိခဲ့သည်။ ပြည်သူ့လွှတ်တော် တွင် ၈၇ နေရာရှိခဲ့သည်။ အခြားနေရာများကို ကျန်သောပါတီများခွဲဝေရရှိခဲ့သည်။ ၁၉၇၁ မတ်လတွင် ဘာ့သ်ပါတီက ဒေသဆိုင်ရာညီလာခံများကျင်းပပြီး အဖွဲ့ဝင် ၂၁ ဦးပါဝင်၍အာဆက်ဦးစီးသော ဒေသဆိုင် ဦးစီးများရွေးချယ်တင်မြှောက်ခဲ့သည်။ ထိုလတွင်းမှာပင် အာဆက်သမ္မတသက်တမ်း ၇ နှစ်ထမ်းဆောင်ရေး အတည်ပြုနိုင်ရန် လူထုဆန္ဒခံယူပွဲတစ်ရပ်ကျင်းပခဲ့သည်။ အစိုးရကို အခြေခိုင်စေရန် ၁၉၇၂ မတ်လတွင် ဘာ့သ်ပါတီဦးဆောင်၍ကျန်ပါတီများညွန့်ပေါင်းပါဝင်သော အမျိုးသားတိုးတက်ရေးတပ်ဦးကို ဖွဲ့စည်းခဲ့ သည်။ ပြည်နယ် ၁၄ ခုရှိ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန်အတွက် ရွေးကောက်ပွဲများကျင်းပခဲ့သည်။ ၁၉၇၃ မတ်လတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ် စတင်အသက်ဝင်ခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဆီးရီးယားသည် လောကီအစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်ပြီး အစ္စလာမ်ဘာသာကို အများစု ကိုးကွယ်သောဘာသာအဖြစ်အသိအမှတ်ပြုခဲ့သည်။
၁၉၇၃ တွင် အစ္စရေးလ်က ဂိုလန်ကုန်းမြင့်ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၁၉၆၇ ခုနှစ်က သတ်မှတ်ထားသော နယ်နိမိတ်ကိုပင်ကျော်လွန်ကာ ဝင်ရောက်လာခဲ့သည်။
၁၉၇၆ အစောပိုင်းတွင် လက်ဘနွန်ပြည်တွင်းစစ်ပေါ်ပေါက်လာသောအခါ လက်ဘနွန် မာရွန်နိတ် ခရစ်ယာန်အစိုးရ၏ တောင်းဆိုချက်ကို အာရပ်အဖွဲ့ချုပ်၏သဘောတူညီမှုဖြင့် ဆီးရီးယားက စစ်တပ်အင် အား ၄၀ ၀၀၀ ပို့ဆောင်ပေးခဲ့သည်။
၂၀၀၀ ဇွန်လ ၁၀ ရက်နေ့တွင် အနှစ်သုံးဆယ်နိုင်ငံကို အုပ်ချုပ်ပြီးနောက် သမ္မတ အယ်-အာဆက် ကွယ်လွန်ခဲ့သည်။ သမ္မတ အယ်-အာဆက်သေဆုံးသည်နှင့်တပြိုင်နက် ပါလီမန်က အခြေခံဥပဒေတွင် သမ္မတတာဝန်ယူရမည့်ကာလကို အနှစ် ၄၀ မှ ၃၄ နှစ်အထိပြောင်းလဲရေးဆွဲခဲ့သည်။ အာဏာရဘာ့သ်ပါတီ က အယ်-အာဆက်၏ သားဖြစ်သူ ဘာရှာ အယ်-အာဆက်ကို သမ္မတလောင်းအဖြစ်ရွေးချယ်ခဲ့ပြီး ၂၀၀၀ ဇူလိုင် ၁၀ ရက်နေ့တွင် ပြည်လုံးကျွန်ဆန္ဒခံယူပွဲကျင်းပကာ ပြိုင်ဘက်မရှိ မဲအရေအတွက် ၉၇.၂၉ % ဖြင့် သမ္မတဖြစ်လာခဲ့သည်။
၂၀၀၀ နွေရာသီတွင် ဒမားစကတ်မြို့တော်၌ ဒီမိုကရေစီလှုပ်ရှားမှုများပေါ်ပေါက်လာပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတောင်းဆိုခဲ့သည်။ ၂၀၀၁ ဆောင်းဦးပေါက်တွင် ၎င်းလှုပ်ရှားသူများကိုနှိပ်ကွပ် ခဲ့ပြီး ပညာတတ်ခေါင်းဆောင်အချို့ကိုထောင်ချခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ ၆ လခန့်သာကြာမြင့်ခဲ့သော် လည်း နိုင်ငံရေးဆွေးနွေးမှုများ၊ လူ့အဖွဲ့အစည်းတွင်းပြောဆိုဆွေးနွေးမှုများ ပြင်းထန်စွာ လှုပ်ရှားဖြစ်ပေါ်ခဲ့ သည်။
နှစ်များစွာအတွင်း အစိုးရက အင်တာနက်ဆင်ဆာများပြုလုပ်ခဲ့ပြီး အင်တာနက်သုံးစွဲသူများ ကိုမှတ်တမ်းတင်ထားရန် အင်တာနက်ဆိုင်များကို ဖိအားပေးခဲ့သည်။ အနောက်တိုင်းတေးဂီတများကဲ့သို့ သောရေဒီယိုအစီအစဉ်များကို ခွင့်ပြုထားသော်လည်း ဝီကီပီဒီးယား၊ ယူကျု၊ ဖေ့စ်ဘွတ်နှင့် အမေဇုန် စသည့် အင်တာနက်စာမျက်နှာများကို ပိတ်ဆို့ထားခဲ့သည်။
၂၀၀၃ အောက်တိုဘာ ၅ တွင် ဒမားစကတ်အနီး နေရာတစ်ခုကို အစ္စလာမ်ဂျီဟက်အဖွဲ့ဝင် များကို အကြမ်းဖက်သင်တန်းများပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် အစ္စရေးလ်ကဗုံးကြဲခဲ့သည်။ ယင်းကို လက်တုံ့ပြန်သောအားဖြင့် အစ္စရေးလ်မြို့ဖြစ်သော ဟိုင်ဖာမြို့စားသောက်ဆိုင်တစ်ဆိုင်တွင် ဗုံးခွဲခံရသဖြင့် ၁၉ ဦးသေဆုံးခဲ့သည်။ အစ္စလာမ်ဂျီဟက်အဖွဲ့က အစ္စရေးတို့ဗုံးကြဲခဲ့သောစခန်းကို အသုံးပြုခြင်းမရှိတော့ ကြောင်းပြောဆိုခဲ့ပြီး သေဆုံးသူများမှာ အရပ်သားများဖြစ်ကြောင်း ဆီးရီးယားကဆိုသည်။
ဆီးရီးယားသည် အီရန်နှင့်အနီးကပ်ဆက်ဆံခဲ့သည်။ ၂၀၀၇ စက်တင်ဘာ ၆ ရက်နေ့တွင် မြောက် ကိုရီးယားပညာရှင်များဦးစီးလုပ်ဆောင်နေသည်ဟု သံသယရှိသောနျူကလီးယားဓါတ်ပေါင်းဖိုကို အစ္စရေး ကဗုံးကြဲခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် တူရကီ၏စေ့စပ်ညှိနှိုင်းမှုဖြင့် ဆီးရီးယားနှင့် အစ္စရေးတို့ ငြိမ်းချမ်းရေးစာ ချုပ်ချုပ်ဆိုရန်ဆွေးနွေးနေကြောင်း သမ္မတအာဆက်က ကာတာရီသတင်းစာသို့ ပြောကြားခဲ့သည်။ ဂိုလန် ကုန်းမြင့်ဒေသအရေးမှာ အဓိက ပြဿနာဖြစ်နေပြီး အာဆက်က အမေရိကန်ပြည်ထောင်စုကို အပြစ်တင် ပြောဆိုခဲ့သည်။
၂၀၁၁ မတ်လ ၁၈ ရက်နေ့တွင် ဆီးရီးယား၌ လူထုအုံကြွမှုပေါ်ပေါက်လာခဲ့သည်။ နိုင်ငံအဝှမ်း လမ်းမများပေါ်ထွက်လာကြပြီး ဆန္ဒပြခဲ့ကြသည်။ အစိုးရက ပစ်ခတ်နှိမ်နင်းရာတွင် သေကြေဒဏ်ရာရ မှု များစွာရှိခဲ့သည်။

February 8, 2010

နိပွန်နိုင်ငံ

နိပွန်နိုင်ငံ

အမွိုင်မြို့ ၌ ၂ လကြာမျှ စောင့်ဆိုင်းပြီးနောက် နီပွန် ဗိုလ်မှူးကလေးတစ်ဦး ကျွန်ုပ်တို့အား အခေါ်လွတ်ကာ ဗမာနိုင်ငံရှိ ကွန်ုပ်တို့၏ ရဲဘော်များက ပို့လိုက်သော ကျွန်ုပ်တို့၏ ဓာတ်ပုံများကို ပြသလျက် ထိုင်ဝမ်ကျွန်းရှိ မစ္စတာ မီနာမီဆိုသူနှင့် တွေ့ကြုံလိုစိတ်ရှိ မရှိမေးလေသည်။ တွေ့ရမည်ဆိုက အထူး ၀မ်းမြောက်သည့်အကြောင်း ပြောပြသည်ကို အကြောင်း ပြောပြသည်ကို အကြောင်းပြု၍ ကျွန်ုပ်တို့ တိုကျိုမြို့ တော်သို့ ၁၉၄၀ ခု၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်သွားလေတော့သည်။

ဟ-နေဒါ လေယျာဉ်ပျံကွင်းတွင် ဗိုလ်မိုးကြိုး (၀ါ) မစ္စတာမီနာမီသည် ကျွန်ုပ်တို့အား သူ့လက်ထောက်တစ်ဦးနှင့် အတူလာရောက် ကြိုဆိုလျက်ရှိလေသည်။ ကာနယ်စူဇူကီးနှင့်အတူ ကျွန်ုပ်တို့သည်၊ တိုကျိုမြို့ တော်၌ ၃ လကြာမျှ အလုပ် အစီအစဉ်များကို လုပ်ကိုင်စီစသ်ကြပြီးနောက်၊ ဂျပန်သဘောင်္တစင်ဖြင့် ဗမာနိုင်ငံသို့ ပြန်ခဲ့၍ ကျွန်ုပ်တို့၏ လုပ်စရာ လုပ်ငန်းများကို သိရှိစေခဲ့ရ၏။

ရန်ကုန်မြို့ သို့ ၁၉၄၁ခု၊ မတ်လ ၃ ရက်တွင် ရောက်၍ မတ်လ ၉ ရက်နေ့ထိနေ၏။ စစ်ပညာ သင်ကြားရန်အတွက် မဌမနိုင်ငံချစ် လုလင်တစ်စုကို ကျွန်ုပ်နှင့် တစ်ပါတည်းခေါ်ဆောင်ခဲ့ကာ တိုကျိုမြို့ သို့ သဘောင်္ဖြင့် ပြန်လာခဲ့၏။ မတ်လ ၂၇ ရက်တွင် တိုကျိုမြို့ သို့ရောက်ခဲ့သည်။ ၁၀ရက်ခန့်မျှ တိုကျိုတွင် နေပြီးနောက် စစ်အတတ်သင်ကြားရန် ဗမာနိုင်ငံအတွင်းသို့ လက်နက်များ ပို့ဆောင်ရေးကို မစ္စတာ စူဇူကီးနှင့်အတူ ဆောင်ရွက်ရန် ကျွန်ုပ်ဟိုင်နန်မှ ယိုးဒယားသို့ ထွက်ခဲ့လေသည်။ သို့သော် အင်ဒိုချိုင်းနားကို အတူပူးပေါင်း ကာကွယ်ရေး စာချုပ်တစ်ခု နီပွန်နှင့်ပြင်သစ်တို့ ချုပ်ဆိုပြီးသည့်အခါတွင်ကား နိုင်ငံချင်း ဆက်သွယ်ရေးသည် အတော်ပင် ပျက်ပြားဆိုးရွားလာလေရကား၊ ကျွန်ုပ်မှာ နောက်ပိတ်ဆုံးအစီအစဉ်များကို အပြီးသတ် စီစဉ်ဆွေးနွေးပြုလုပ်ရန် ဟိုင်နန်သို့ ပြန်ခဲ့ရ၏။ ထိုမှတစ်ဖန် တိုကျိုမြို့ သို့ပြန်ပေးခဲ့ရ၏။ စစ်ကျေညာပြီးနောက် ယိုးဒယားနေ ဗမာများနှင့်ပင် ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းရန်အတွက် ဘန်ကောက်သို့ ပြန်သွားရ၏။

February 1, 2010

ဗိုလ်ချုပ်၏ ဗိုလ်ချုပ်- ၁

ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ

၁၉၃၈ အောက်တိုဘာလတွင် တို့ဗမာ အစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန် သင်ရန်ကိစ္စကို၎င်း၊ ကျွန်ုပ်၏ ရှေ့ အလားများကို၎င်း တပါတည်း အပြီးသတ် စွန့်လွှတ်လိုက်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက် ကျောင်းပိတ်ရက် ရသည့်အခါမှ စ၍ တက္ကသိုလ်ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။

ဥရောပါတိုက်တွင် မြူနစ်အရေးပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယ ကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့် အရေးကို ကျွန်ုပ်၏ အသိဥာဏ်အတွင်း ထင်ကနပေါ်စေတော့၏။ ထို့ထက်စောစွာကပင် ၁၉၃၉-၄၀ ခုလောက်၌ ကမ္ဘာစစ်ဖြစ်မည့်အရေးကို ကွန်ုပ်တို့တစ်ခုတွက်ဆပြီးဖြစ်၏။ ထိုအချိန်လောက်တွင် လက်နက် ဖြည့်တင်းရေးကိစ္စများသည် နိုင်ငံကြီးများ၌ လုံးဝပြီးစီးမည်ဖြစ်သောကြောင့်လည်း ကမ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းအချိန်တွင် တို့ဗမာများ မည်သို့ ခြေလှမ်းလှမ်းကြမည်ကို ကွန်ုပ်တို့လူစု မတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ ပြောဆို ဆွေးနွေးကြ၏။

သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး မလွဲဖြစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန်အတိအကျကား ပြောဆိုနိုင်ခဲ့သည် မဟုတ်သော်လည်း၊ မြို့ နှစ်မြို့ ၌ အင်္ဂလိပ် နန်းရင်ဝန် ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှ မငဲ့မထောက်နိုင်ရှာတော့ဘဲ၊ ဟာရ်ဟစ်တလာ ကြေအေးနှစ်သိမ့်ရေးအတွက် ဦးနှိမ်လိုက်သည့် အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးမ၌ ဆိုက်ရောက်နေပြီဖြစ်ကြောင်းကို သဲထိတ်ရင်ဖို သိရှိရလေတော့၏။

ကမ္ဘာစစ်ကြီး အမှန်ဖြစ်ချေတော့မည်။ ဗမာ့အခြေအနေကား အသို့နည်း။ ဗမာတွေ ဘာလုပ်ကြမည်နည်း။ ဤပြဿနာများကား ကျွန်ုပ်ရှေ့ တွင် အလျှိုအလျှို တသီကြီး ပေါ်လာလေတော့၏။ တစ်ခုတည်းသော အဓိဌာန်ကို ရုတ်ခြည်း ကွန်ုပ်ပြုလိုက်၏။

"ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့၊ နိုင်ငံရေး ဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံ လွတ်လပ်ရေးအတွက် မနေမနား စွန့်စားလုံးပန်း တော့အံ့။"

ဤအဓိဌာန်ကို သန်သန်ကြီး ပြုလိုက်မိတော့၏။ မည်သူသည် ဤသို့ အခါကောင်း အခွင့်ထူး ရွှေလမ်းကြီး ဖြူးနေသည့် အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံနိုင်ခြိမ့်မည်နည်း။ ဟိသစ္စံ၊ ထိုစကားမှန်၏။ ကျွန်ုပ်အတွက်မှန်လှ၏။ ကျွန်ုပ် လက်လွတ်မခံ၊ စွမ်းအားရှိသလောက် ကိုယ့်လူမျိုး ကြုံတွေ့နေရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန်ထုတွေ အမြစ်ပါနုတ်၍ ချေတော့အံ့။ သခင် အစည်းအရုံးမှ တစ်ဆင့် နိုင်ငံ့လွတ်လပ်ရေးတိုက်ရန် တိုက်ပွဲတွင်းသို့ ကျွန်ုပ် စတင်သက်ဆင်းမိခဲ့လေသည်။

ကျွန်ုပ် သခင်ဘ၀တွင်း ဆင်းမိသည်နှင့် တစ်ပြိုင်နက် သပိတ်မှောက်မှု၊ စီတန်းလမ်းလျှောက် အင်အားပြမှု တော်လှန်ရေးဒီလှိုင်း တံပိုးတို့သည် တစ်နိုင်ငံလုံး ဖုံးလွှမ်းခသွားခဲ့လေသည်။ ဗြိတိသျှအစိုးရကလည်း ထကြွမှုများကို ငဲ့ညှာမရှိ ပြင်းထန်စွာ တန်ပြန် တိုက်လေတော့၏။ ကျွန်ုပ်နှင့်တကွ ကြံရာပါ ဖေါ်တသင်းသည်(ကျွန်ုပ်တို့ကို ဖမ်းချုပ်လိုက်သည့် အင်္ဂလိပ် ပုလိပ်မင်းကြီး စကားအတိုင်း သုံးရက) "အစိုးရအဖွဲ့ကို အင်နှင့်အားနှင့် တော်လျန်လုပ်ကြံမှု" ဖြင့် အစစ်အဆေးမရှိ ရန်ကုန်ထောင်တွင်း အတန်ကြာမျှ အကျဉ်းချထားခြင်း ခံလိုက်ကြရ၏။

အမှန်မှာလည်း ထိုတော်လှန်မှုများတွင် ကျွန်ုပ်၏အနည်းငယ်မှသော လက်ရာသည် ပါသည်မှန်၏။ ပြောပြလောက်သော လက်ရာကား မဟုတ်လှပါ။ ဤအရေးများသည် အရှိန်ယူနေပြီဖြစ်သော ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍ ပေါ်လာရမည့် မဝေးလှတော့သော ဗမာ့လွတ်လပ်ရေး အရေးတော်ပုံကြီး၊ မဟာအခါကြီးများအတွက် နိဒါန်းကလေးမျှသာ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး ထင်မြင်မိတော့၏။

ဥရောပစစ်

ကျွန်ုပ်ထင်သကဲ့သို့ပင် အမှန်ပင်စစ်ဖြစ်ရတော့၏။ ၁၉၃၉ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပါစစ် စတင်တိုက်လေသည်။ (ကျွန်ုပ်၏ အမှတ်အသားမမှားပါက) စစ်မကျေညာမှ ၂ ရက်ကပင် တို့ဗမာအစည်းအရုံး ပြည်လုံးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၏ အထူးအစည်းအဝေးပွဲကို ကျင်းပကာ ပါတီမရွေး ဗမာ့လွတ်လပ်ရေးကို ချစ်သူ အားလုံးပါဝင်၍ တို့ဗမာ အစည်းအရုံးနှင့် ဒေါက်တာ ဘမော်၏ ဆင်းရဲသား အစည်းအရုံးကို အခြေထားလျက် ဗမာ့ထွက်ရပ်ဂိုဏ်းတစ်ခု တည်ထောင်ရန်ကို ဆုံးဖြတ်ခဲ့ကြလေသည်။

အမှန် အပေါ်ပေါက်လာတော့မည်ဖြစ်သော ကမ္ဘာစစ်ကို ကြိုတင်၍ ဆုံးဖြတ်ချက် ချမျတ်ကြခြင်းဖြစ်၏။ ဤဆုံးဖြတ်ချက်အတိုင်းပင် ဗမာ့ထွက်ရပ် ဂိုဏ်းကြီးကိုလည်း ဖွဲ့စည်းမိလေသည်။ ထိုဂိုဏ်းကြီး ပြန့်ပွားမှုအတွက် အနည်းငယ်မျှသာ စီမံရစဉ်မှာပင် ဗြိတိသျှအစိုးရသည် နိုင်ငံအနှံ့ ဖမ်းဆီးချုပ်နှောင်မှု များကို စတင်ပြုလိုက်ရကား၊ အဖမ်းခံရသူများအထဲတွင် အရာရောက်သော ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်များ အားလုံးလောက် ပါဝင်သွားလေတော့သည်။

ကျွန်ုပ်ကား တစ်ယောက်တည်း လွတ်ကျန်ရစ်သည်။ ကျွန်ုပ်အား အမှန်ဖမ်းမည့် အရေးမှာလည်း လျှို့ ဝှက်ထားချက်ပင် ဆိုသော်လည်း အများသိပြီး ဖြစ်လေပြီ။ ကျွန်ုပ်မှာလည်း ထိုအခါက အိန္ဒိနိုင်ငံတွင် ရမ်ဂါကွန်ဂရက် အစည်းအဝေး တက်ရောက်၍ ဂန္ဒီ၊ ဂျဝါဟာလ်လာနေရူး၊ ဆူဘတ်စ်ဘို့စ် အစရှိသော ကွန်ဂရက် ခေါင်းဆောင်များနှင့် တွေ့ဆုံးပြီး ဗမာ့နိုင်ငံသို့ ပြန်ရောက်ဖြစ်၏။

အိန္ဒိယနိုင်ငံတွင် ကျွန်ုပ်တိ သွားလေရာတို့၌ နောက်က အစိုးရ စုံထောက်များ ဇွဲကောင်းကောင်းနှင့် လိုက်နေကြောင်း သိခဲ့၏။ ဗမာနိုင်ငံသို့ ကျွန်ုပ်တို့ ပြန်ရောက်သည်ဆိုလျှင်ပင် ကျွန်ုပ်တို့ အိန္ဒိယတွင် လုပ်ကိုင်ခဲ့သမျှ ကိစ္စများနှင့်ပတ်သက်သော အစီအရင်ခံစာတို့ကို စီရင်စုတိုင်းရှိ အရာရှိများထံ ဝေငှ ပေးပို့ထားကြောင့်သိရှိရ၏။ သခင်အစည်းအရုံးကို မတရားအစည်းအရုံးအဖြစ် ကျေညာလိမ့်မည်ဟူသော သတင်းများမှာလည်း ပြန့်လျက်ရှိလေသည်။

ပေါ်ပေါက်လျက်ရှိသော အခြေအနေအားလုံးကို ခြုံ၍ ထင်မြင်အောင် ဆင်ခြင်ကြည့်ပြီးနောက် ပေါ်ပေါ်ထင်ထင် မနေဘဲ ခပ်လျှိုးလျှိုးနေခြင်းသာ ကောင်းမည်ဟု တွေးတောမိသည့်အလျောက် ကြုံလာရမည့် အရေးဟူသရွေ့ ကို ရင်ဆိုင်ရန် အသင့် စီစဉ်ရလေသည်။ သို့သော် စီစဉ်သင့်သရွေ့ ကို အပြီးအစီး မစီစဉ်ရသေးမီ ကျွန်ုပ်၏ ရဲဘော်အားလုံးလောက်ပင် ထောင်တွင်းရောက်ကုန်ကြလေပြီ။

ခြေရာပျောက် လျှိုး၍နေရန်ကို လောလောဆယ် ကျွန်ုပ်စီမံရတော့၏။ ခြေရာဖျောက်မိပြီး မကြာမီပင် ကျွန်ုပ်အား ဖမ်းဆီးရန် ၀ရမ်းထွက်၍ လာလေတော့သည်။ ဆံခြည်တစ်လုံးကြား လွတ်မြောက်သွားရခြင်းတည်း။ ဤသို့သာ မလွတ်မြောက်ပါက ကမ္ဘာစစ်ကြီး တာရှည်သလောက်မျှသာမကဘဲ ကမ္ဘာ့ အရှေ့ ပိုင်းတွင် အင်္ဂလိပ် အခြေသေချာ တည်မြဲသည့်အချိန်ထိ ကျွန်ုပ်၏ဘ၀ကို အကျဉ်းတောင်တွင် မြုပ်နှံခြင်း ပြုရတောမည်ဖြစ်ရကား၊ အလုပ်မရှိ အချိန်အားသည်နှင့်အမျှ အရေးမပါသည့် ဒေါသကို မျိုသိပ်ကာသာ ဘာကိုမျှ လုပ်နိုင်မည် မဟုတ်သော ဘ၀သို့ ရောက်ရတော့မည်အမှန်။

ဤနေရာ၌ ကြားဖြတ်သဘောဖြင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်ကလေးကို ချုပ်၍ ပြောရဦးမည်ဖြစ်၏။ ကျွန်ုပ် တော်လှန်ရေးသမား တစ်ယောက်အနေဖြင့် ရှောင်တိမ်းမနေရခင် ရန်ကုန်တက္ကသိုလ် သမဂ္ဂ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်လူကြီးတစ်ယောက်အဖြစ် ရွေးကောက်တငမြှောက်ခဲ့၏။ အစည်းအဝေးတကြိမ်မျှသာ တက်ရောက်နိုင်ခဲ့၏။ ထိုအချိန်မှာပင် ပြင်သစ်နိုင်ငံကြီး မလွဲပြိုအက်ပျက်ပြားမည့် အရိပ်နမိတ်တို့သည် ထင်ရှားလာလေသည်။ ပြင်သစ် သမတ ဥက္ကဌ အမ်ရေနဒ်သည် ရုစဘဲလ်ထံသို့ နောက်ဆုံး အသနားခံလိုက်သော အခါတည်း။

ထိုအခါက ဗမာနိုင်ငံ ပညာမင်းကြီးဖြစ်သော အေ၊ ကင်းဘဲလ်သည် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေး အပြီးတွင် ကင်းဘဲလ်သည် ကျွန်ုပ်အား သူ့ကားနှင့် တင်ခေါ်ခဲ့၏။ အင်္ဂလိပ် အရံစားရင်းဝင် ဗိုလ်မှူးလေး (မေဂျာ) တစ်ယောက်ဖြစ်ရုံသာမက အလွန်ထက်သည်ဟု ထင်ရှားသော ကင်းဘဲလ်လို လူမျိုးတစ်ယောက်က ကွန်ုပ်အား ဤသို့ကားနှင့် တင်ခေါ်ခြင်းမှာ အလွန်ထူးခြားလာလေသည်။ ပိုထူးခြားချက်ကား ကျွန်ုပ်ကဲ့သိသော သံမဏိ ဗြိတိသျှ ဆန့်ကျင်ရေးသမား တစ်ယောက်ကို ယခုစစ်ကြီးတွင် အင်္ဂလိပ်အား ကူညီပါမည့်အကြောင်း သနားစဖွယ် တုန်ရီသောအသံဖြင့် တောင်းပန်သကဲ့သို့ မလုပ်နိုင်သဖြင့် ၀မ်းနည်းလေကြောင်းနှင့် စကားချီကာ အဂိလိပ် နေရှင် စနစ်ကို ဖြိုဖျက်ရန်သာ ကျွန်ုပ်လုပ်ရလိမ့်မည်အကြောင်းကို ပြန်ပြောလိုက်ရ၏။

အရေးတော်ပုံကို ဆက်ရမည်ဆိုသော ကျွန်ုပ်တို့ ထောင်အပြင်ဘက်တွင် ကျန်ရစ်သူတစ်ခုမှာ စုဝေးစည်းရုံး၍ လက်နက်ကိုင်ကွဲကာ တော်လှန်ရေးပြဿနာကို ဆွေးနွေးမိကြတော့သည်။ ကျွန်ုပ်တို့တို့တွင် လက်နက်လည်းမရှိ၊ ဘယ်သို့ လက်နက်ရအောင်ရှာမည်နည်း။ ဤပြဿနာသည် ပေါ်ပေါက်လာလေတော့၏။

နောက်တစ်လ နှစ်လ အခါက ကျွန်ုပ်တို့သည် ၀င်ရိုးတန်း သူလျှိုတစ်ယောက်နှင့် တွေ့ဆုံမိကြသဖြင့် နိုင်ငံတွင်းမှ နေ၍ အုပ်ချုပ်ရေး ဖျက်ဆီးမှုများသည် အနှံ့အပြား ပြုလုပ်ကြရန် စီစသ်ခဲ့ကြသေး၏။ သို့သော် ထိုအစီအစဉ်များ အတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။ ထိုအတွင်းမှာပင် ကျွန်ုပ်တို့၏ အဆက်အသွယ်မှာ နှောင့်ယှက်မှုများကြောင်း ပျက်ပြားသွားရလေသည်။ နောက်ထပ်တစ်ဖန် အဆက်အသွယ်ရအောင် ကြံကြပါသေး၏။ ဆက်သွယ်ရေးတာဝန်ကျသော ရဲဘော်အချို့  အဖမ်းခံကြရပြန်သဖြင့် နောက်ထပ်ထစတ်ဖန်အဆက်အသွယ်ရရန် အရေးသည်လည်း ပျက်ပြားရပြန်လေသည်။

ဗမာ ရော်ဂျာကေးစ်တစ်ယောက် ပေါ်ပေါက်လာမှ ဖြစ်မည်ဟု ကွန်ုပ်တို့ အားလုံး သဘော ကိုက်ညီကြသည်။ ကျွန်ုပ်၏ ကိုယ်နှင့်အသက်ကိုပင် မောရော်ဂျာကေးစ်အဖြစ် ယူရန် နိုင်ငံအတွက် စွန့်လှူလိုက်၏။


ထိုကြောင့် ၁၉၄၀ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့ ဂျာမနီလေတပ်ကြီးက ရာဇ၀င်တွင် မကြုံဘူးသော လေကြောင်းစစ်ပွဲကြီး ဆင်နွဲကာ လန်ဒန်မြို့ ကြီးကို တိုက်သောနေ့၊ ထိုနေ့တွင်ပင် ကျွန်ုပ်သည် ဗမာနိုင်ငံတော်ကို တရုတ်သဘောင်္သားများ စီမံခန့်ခွဲ မောင်းနှင်သည့်နော်ဝေပိုင် သဘောင်္ပေါ်တွင် တိတ်တဆိတ် ပုန်းအောင်းထွက်ခွာ လိုက်ပါသွားရလေတော့သည်။

ယခုအခါ တပ်ပေါင်းဗိုလ်တစ်ဦး ဖြစ်နေရပြီဖြစ်သော ရဲဘော်တစ်ဦးလည်း ကွန်ုပ်တို့နှင့်အတူ ကူညီဖော်အဖြစ် ပါခဲ့၏။ ကျွန်ုပ်၏ ခရီးဆုံဌာနမှာ အမွိုင်မြို့ ဖြစ်၍ ထိုမြို့ မှနေ၍ ကျွန်ုပ်၏ လုပ်ဆောင်စရာရှိသည့် ကိစ္စအများကို ခန့်ခွဲစီမံရမည်ဖြစ်၏။

ကျွန်ုပ်အဖြစ်ကား သန်းကောင်လကွယ် တောအုပ်လယ်၌ ရောက်သူပမာ ရှိနေတော့သည်။ ကွန်ုပ်သွားရမည့် နေရာနှင့် ပတ်သက်၍ ကျွန်ုပ် ဘာတစ်ခုမျှ မသိ၊ ဆွေလည်းမရှိ၊ မျိုးလည်းမရှိ၊ ကမ္ဘာ့ အရှေ့ ပိုင်းသားသည်၊ အရှေ့ ပိုင်း အကြောင်း အတုအယောင်မျှလောက်သာ သိ၏။ သိသမျှလည်း မရေရာလှ၊ ဆိုးရွားလေစွ။

တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂအိုးဝေ မဂ္ဂဇင်း စာတည်းအဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမကိုယ်တော်ကြီး၏ ဟောပြောချက်များကို နာကြားရ၏။ ထိုအခါ အသိဥာဏ်တစ်ခုည် ကျွန်ုပ်ဦးနှောက်တွင်း ပွင့်လင်းလာ၏။ ပညာတော်သင်များအား အနောက်နိုင်ငံသို့ လွတ်ရိုးလွှတ်စဉ်အတိုင်း မလွှတ်တော့ပဲ အရှေ့ အာရှ ဂျပန်ကိုသာလွှတ်သင့်ကြောင်း။ အရှေ့ ကိုရှေ့ ရှုသင့်ကြပြီ ဖြစ်ကြောင်းများကို ရေးသားခဲ့ဖူး၏။ မြန်မာတစ်နိုင်ငံလုံး သပိတ်မှောက်မှုများ ပေါ်ပေါက်လာပြီးနောက်၊ ထိုအခါ ၀န်ကြီးချုပ်များက ဂျပန်သို့ ပညာတော်သင်များကို လွှတ်စပြုခဲ့လေသည်။

ကျွန်ုပ် သခင်ဖြစ်လာသည့် အခါတွင် ကွန်ုပ်တို့ ယနေ့တိုင် လမ်းလွဲလိုက်လျက် ရှိကြသည်ကို ထင်မြင်လာ၏။ အာရှ နိုင်ငံရေးသဘောများကို နှံ့စပ်ချောက်ချားအောင် ရှာဖွေဆည်းပူးသင့်ပါလျက်၊ ကွန်ုပ်တို့၏ အဖိုးထိုက်လှသော အချိန်များကို မဆီမဆိုင်လှသော အနောက်နိုင်ငံ အရေးများကို လေ့လာရခြင်းဖြင့် ဖြုန်းခဲ့ကြမိသည့် အမှားကား ကြီးလှ၏။ ကျွန်ုပ် တက္ကသိုလ်တွင် ပညာဆည်းပူးစဉ်က နိုင်ငံသမိုင်းကို ဘာသာတစ်ရပ်အဖြစ် ယူခဲ့မိ၏။ ထိုသမိုင်းမှာလည်း အနောက်ပိုင်းသမိုင်းသာတည်း။

ကျွန်ုပ်တို့၏ ကိုယ်ပိုင်အမေဖြစ်သော အလွန်ရှေးကျခဲ့သည့် ယဉ်ကျေးမှုကြီးများ ပေါ်က်ဖွားတည်ထွန်းရာ တရုတ်နိုင်ငံကြီးနှင့် ခေတ်သစ်နိုင်ငံကြီးဖြစ်သော ဂျပန် စသော အရှေ့ နိုင်ငံကြီးများ၏ အကြောင်းကိုကား ၀ိုးဝါး မသေမချာမျှသာ သိခဲ့ရ၏။ မဟာ အရှေ့ အာရှအကြောင်း အထူးသဖြင့် နိပွန်သမိုင်းကို လေ့လာရန် စိတ်ပိုင်းဖြတ်မိချက်မှာ အထူးနှောင်းသွားလေသည်။ စာအုပ်ဆိုင်များရှိ စာအုပ်များမှာလည်း အင်္ဂလိပ်အား တိုက်ရမည်ဟူသော စာအုပ်တစ်အုပ်သာလျှင် ကျွန်ုပ်စိတ်ကြိုက်နှင့် တိုက်ဆိုင်မိသည်။ ထိုစာအုပ် ဖတ်ပြီးသည်ကစ၍ ဗမာ့လွတ်လပ်ရေးသည်။ အရှေ့ ဖက်တွင်သာရှိ၏။ အရှေ့ ရှိ နီပွန်နိုင်ငံတို့နှင့်သာ ရှိ၏ဟူသော အချက်ကို ကျွန်ုပ်များစွာ ယုံကြည် နှလုံးသွင်းမိခဲ့တော့၏။

တက္ကသိုလ်တွင် ရှိစဉ်ကလည်း (ခေတ်သစ် ဂျပန်၏ တစ်စတစ်စ တိုးတက်မှု) (ခေတ်သစ်နိုင်ငံ) (ဂျပန်နိုင်အဖြစ်) နှင့် နိုင်ငံခြားရေးဆိုင်ရာ အသင်းမှ ၃ လတစ်ကြိမ်ထုတ်ဝေသည့် (ခေတ်ပြိုင်ဂျပန်) ခေါ် ဂျာနယ်စသော စာအုပ်များလောက်ကိုသာ ဖတ်ခဲ့ရဖူး၏။ ထို့ကြောင့်ပင် ကျွန်ုပ် အရှေ့ သို့ ထွက်လာသည့် အရေးမှာ အမှောင်တိုက်တွင်း သက်ဆင်းသည်နှင့် တူလှ၏ဟု ကျွန်ုပ်ဆို၏ လူငယ်တို့၏ တရှူးထိုး( တုံးတိုက် ကျားကိုက်) စိတ်၏ လှုံ့ ဆော်မှုကြောင့်သာ ထွက်ခဲ့မိခြင်းဖြစ်သတည်။

အလုပ်အစီအစသ်ဟူ၍ အတိအကျ ဘာမှရှိသည်မဟုတ်ချေ။ ကွန်ုပ်၏ မြော်မြင်တတ်သမျှ ဥာဏ်ဖြင့်သွှာကြုံရမည့် အရေးဟူသရွေ့ ကို စီမံအုပ်စီးရန် ကျွန်ုပ်၏ရဲဘော်များက အာဏာကုန်လွှဲအပ်လိုက်ခြင်း ဖြစ်လေသည်။ အဘယ်သို့ပင်ဖြစ်စေ ငါသည် အကယ်၍ သေသွားသည်တိုင်အောင် မြတ်သောသေခြင်း၊ နိုင်ငံအတွက် သေခြင်းသာ ဖြစ်ည်ဟု ကိုယ့်ကိုယ်ကို ကိုယ်နှစ်သိမ့်ရတော့၏။ ၁၉၄၀ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင် အမွိုင်မြို့ သို့ ရောက်ခဲ့လေသည်။

January 28, 2010

Saint Helena ,Ascension,and Tristan da Cunha



၁၈၆ ။ စိန့်ဟီလီနား အက်ဆန်းရှင်း၊ ထရစ္စတန် ဒါကူညာ
Saint Helena ,Ascension,and Tristan da Cunha
နောက်ခံသမိုင်းအကျဉ်း
စိန့်ဟီလီနားသည် စိန့်ဟီလီနား နှင့် အက်ဆန်းရှင်း ကျွန်းများ၊ထရစ္စတန်ဒါကူညာ ကျွန်းစုတို့ပါဝင်သော ဗြိတိသျှ အဝေးရောက် ပိုင်နက် နယ်မြေများဖြစ်၏။

စိန့်ဟီလီနာ ။ ။ ၁၅၀၂ ခုနှစ်တွင် ပေါ်တူဂီတို့ ပထမဦးဆုံး တွေ့ရှိခဲ့ပြီး လူသူနေထိုင်းခြင်း မရှိသေးပေ။ (၁၇) ရာစုတွင် ဗြိတိသျှတို့ တပ်ခွဲထားခဲ့သည်။ ၁၈၁၅ မှ သေဆုံးချိန် ၁၈၂၁ ခုနှစ်အထိ နပိုလီယံဘိုနာပတ် ကို ပြည်နင်ဒဏ်ပေးရာ ကျွန်းအဖြစ် ကျော်ကြားခဲ့သည်။ ၁၈၆၉် ခုနှစ်တွင် ဆူးအက်တူးမြောင်း (Suez canal) ဖွင့်လှစ်ပြီးနောက်ပိုင်း အရေးကြီး ဆိပ်ကမ်းတစ်ခု အဖြစ်မှ လျောကျသွားခဲ့သည်။

အက်ဆန်းရှင်းကျွန်း ။ ၁၅၀၃ ခုနှစ်တွင် ပေါ်တူဂီတို့ တွေ့ရှိခဲ့ပြီး ကန္တာရဆန်၍ လူသူမရှိသော ဤကျွန်းကို ပေါ်တူဂီ အမည်ပေးထားခဲ့သည်။ စိန့်ဟီလီနာ ကျွန်းတွင် တကျွန်းပို့ထားသော နပိုလီယံကို ကယ်တင်ခြင်း မပြုနိုင်စေရန် ၁၈၁၅ တွင် ဗြိတိသျှသို့ တပ်ခွဲထားခဲ့သည်။ တော်ဝင်ရေတပ် အနောက်အာဖရိက တပ်ရင်း၏ ကျွန်းကုန်ကူးမှု နှိမ်နင်းရေးတွင် ထောက်ပံ့ရေး စခန်းအဖြစ် ထားရှိခဲ့သည်။ စိန့်ဟီလီနာ၏ အုပ်ချုပ်ခံ အဖြစ်ရောက်ရှိခဲ့သော ၁၉၂၂ အထိ ရေတပ် ဗိုလ်ချုပ်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း အန္တလန္တိတ် သမုဒ္ဒရာတလျောက် လေယာဉ်ပျံများအတွက် ကျွန်းပေါ်တွင် လေယာဉ်ကွင်းတည်ဆောက်ခွင့်နှင့် တောင်အန္တာလန္တိတ် သမုဒ္ဒရာအတွင်း ရေငုပ်သဘောင်္ အန္တရာယ်နှိမ်နင်းမှု စစ်ဆင်ရေး လုပ်ငန်းများအတွက် ဗြိတိန်က အမေရိကန်ကို ခွင့်ပြုခဲ့သည်။ ၁၉၆၀ ခုနှစ်များတွင် အမေရိကန်၏ အရေးကြီးသော ဝေဟင်ထောက်လှမ်းရေး ဌာနအဖြစ်အသုံးပြုခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဖေါက်ကလန် စစ်ပွဲအတွင်း ဗြိတိသျှ စစ်တပ်အတွက် တစ်ဆင့်ခံ နယ်မြေအဖြစ် အလွန်အသုံးဝင်ခဲ့သည်။ လက်ရှိ အချိန်အထိ ဗြိတိန်မှ တောင်အန္တာလန္တိတ်သို့ လေကြောင်းခရီးတွင် အရေးပါသော လောင်စာဖြည့်တင်းရာ နေရာအဖြစ် အသုံးပြုလျှက်ရှိသည်။

ခရစ္စတန်ဒါကူညာ ။ ။ ခရစ္စတန်ဒါကူညာ၊နိုက်တင်ဂေးလ်၊ အင်အက်ဆက်ဆေးဘဲလ် နှင့် ဂို့ကျွန်းတို့ ပါဝင်သော ကွ်ျန်းစုဖြစ်၏။ ၁၅၀၆ တွင် ပေါ်တူဂီတို့ တွေ့ရှိခဲ့ပြီး အမည်ပေးခဲ့သည်။ စိန့်ဟီလီနာရှိ နပိုလီယံကို ကယ်တင်ခြင်းမပြုနိုင်အောင် ၁၈၁၆ တွင် ဗြိတိသျှတို့ တပ်ခွဲထားခဲ့သည်။ ဂို့နှင့် အင်အက်ဆက်ဆေးဘဲလ် ကျွန်းများကို ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ထားသည်။ ဂို့ကျွန်းပေါ်တွင် မိုးလေ၀သနှင့်ဇလဗေး ဌာနတစ်ခုအတွက် တောင်အာဖရိက မှ ငှားရမ်းထားသည်။

ပထ၀ီအနေအထား တည်နေရာ
တောင်အန္တာလန္တိတ် သမုဒ္ဒရာအတွင်း၊ တောင်အမေရိက နှင့် အာဖရိကကြား။ စိန့်ဟီလီနာကျွန်း၏ အနောက်မြောက်ဘက် ရေပိုင် ၇၀၀။ စိန့်ဟီလီနာကျွန်း၏ အနောက်တောင်ဘက် ရေပိုင် ၂၃၀၀။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ စိန့်ဟီလီနာ = ၁၂၂ Sq km
အက်ဆန်းရှင်း = ၈၈ Sq km
ထရစ္စတန်ဒါကူညာ= ၉၈ Sq km
ရေ မရှိ
စုစုပေါင်း ၃၀၈ Sq km

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
စိန့်ဟီလီနာ = ၆၀ Sq km
အက်ဆန်းရှင်း = မရှိသလောက်နည်းပါး
ထရစ္စတန်ဒါကူညာ = ၄၀ Sq km

ရာသီဥတု
စိန့်ဟီလီနာ။ အပူပိုင်းပင်လယ်။မျှတ၊ ကုန်သည်လေ တိုက်ခတ်မှုကြောင့် အပူအအေး သမ။
အက်ဆန်းရှင်း ။ အပူပိုင်းပင်လယ် ၊မျှတ၊ မိုးအနည်းငယ်ခေါင်။
ထရစ္စတန်ဒါကူညာ။ အပူအအေးမျှတသော ပင်လယ် ရာသီဥတု၊မျှတ၊ကုန်သည်လေ တိုက်ခိုက်မှုကြောင့် အပူအအေးမျှတ။

မြေမျက်နှာသွင်ပြင်
အန္တာလန္တိတ်သမုဒ္ဒရာ အလယ်ကုန်းကြော နှင့် ဆက်စပ် မီးတောင်များကြောင့် ဖြစ်ပေါ်လာ။

စိန့်ဟီလီနာ
ကြမ်းတမ်း၊မီးတောင်မြေ။ပြန့်ကျဲနေသော ကုန်းမြင့်လွင်ပြင်များနှင့် မြေပြန့်များ။

အက်ဆန်းရှင်း
မျက်နှာပြင်ကို ချော်ရည်စီးကြောင်းများနှင့် မီးတောင် ၄၄ ခုတို့၏ ပြာတောင်ပူစာတို့ဖြင့် ဖုံးလွှမ်းထား။ အရှေ့ဘက်သို့ ကုန်းမြေမြင့်တက်သွား။

ထရစ္စတ်ဒါကူညာ
စက်ဝိုင်းနီးပါး ကမ်းရိုးတန်းတလျောက် မက်ဆောက်သော ကမ်းပါးများရှိ ပင်မမီးတောင်၏ ခါးတွင် မက်စောက်စွာ ပြတ်ဂွေ့ လျက်ရှိ။မီးတောင်ဝနှင့် ကမ်းရိုးတန်း မက်စောက်ကျောက်ဆောင်များကြားတွင် ကျဉ်းမြောင်းသော ကမ်းရိုးတန်းလွင်ပြင်ရှိ။

အမြင့်ပေခြားနားချက်
အနိမ့်ဆုံးအပိုင်း အန္တာလန္တိတ် သမုဒ္ဒရာ = 0m
အမြင့်ဆုံးအပိုင်း ထရစ္စတန်ဒါကူညာ = တွင်းမေရီတောင်ထွက် = ၂၀၆၂ m
အက်ဆန်းရှင်းကျွန်း = တောင်စိမ်း = ၈၅၉ m
စိန့်ဟီလီနာကျွန်း = အက်တီယွန်တောင်= ၈၁၈ m

သဘာဝအရင်းအမြစ်
ငါး ၊ ပုဇွန်ထုပ်။

လူ့အရင်းအမြစ်
လူဦးရေ ၇၆၃၇ ဦးရေ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် = ၂၂၅
လူဦးရေတိုးနှုန်း ၀.၄၄၅ % (၂၀၀၉)
မွေးဖွားနှုန်း ၁၁.၁၃ /၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၆.၆၈ / ၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား = ၇၅.၅၂ နှစ်
မ = ၈၁.၅ နှစ်
စုစုပေါင်း = ၇၈.၄၄ နှစ် (၂၀၀၉)

လူမျိုး
စိန့်ဟီလီယံ
တိုင်းရင်းသားလူမျိုး
အာဖရိက အနွယ် ၅၀ %
လူဖြူ ၂၅%
တရုတ် ၂၅%

ကိုးကွယ်မှု
အင်္ဂလီကန် (အများစု)၊ ဘက်စတစ်၊ ခုနှစ်ရက်မြောက် မျှော်လင့်ခြင်း ၊ရိုမန်ကက်သလစ်။
ဘာသာစကား
အင်္ဂလိပ်

မြို့ တော်
ဂျိမ်းစ်တောင်း (Jamestown)

January 27, 2010

Saint Barthelemy




စိန့်ဘာသီလီမီ
Saint Barthelemy

နောက်ခံသမိုင်းအကျဉ်း
၁၉၄၃ တွင် ခရစ္စတိုဖာကိုလံဘတ်(စ်) ကရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏ အစ်ကို ဘာတိုလိုမီဟို၏ အမည်ကို ပေးခဲ့သည်။ စိန့်ဘာသီလီမီ ၌ ၁၆၄၈ တွင် ပြင်သစ်တို့ ပထမဦးစွာ အခြေချခဲ့သည်။ ၁၇၈၄ တွင် ၎င်းကျွန်းကို ပြင်သစ်က ဆွီဒင်ထံသို့ ရောင်းချခဲ့သည်။ ထို့နောက် ဘုရင် ဂတ်စ်တဗ်(တတိယ)၏ အမည်ကို အစွဲပြု၍ အကြီးဆုံးမြို့ကို ဂတ်စ်စတာဗီယာ ဟူ၍ အမည်ပေးခဲ့ပြီး အခမဲ့ ဆိပ်ကမ်း ပြုလုပ်ခဲ့သည်။ ၁၈ ရာစုတွင်ဖြစ်ပွားသော ကိုလိုနီ စစ်ပွဲအတွင်း ထောက်ပံ့ရေးဌာနနှင့် ကူးသန်းရေးဌာနအဖြစ် စီးပွားဖြစ်ထွန်းခဲ့သည်။ ၁၈၇၈ တွင် ပြင်သစ်က ပြန်လည်ဝယ်ယူခဲ့ပြီး ဂွာီးလုပ်၏ အုပ်ချုပ်ခံ နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ စိန့်ဘာသီလီမီ သည် ဆွီဒင်တို့ ပေးထားခဲ့သော မြို့အမည်များ လမ်းအမည်များကို ဆက်လက်ထိန်းသိမ်း သုံးစွဲခဲ့ပြီး လက်မောင်းအမှတ်တံဆိပ် မကိုဋ်သုံးခု အမှတ်အသားကို ဆက်လက်သုံးစွဲခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ကျွန်းနေလူထုက ဂွါဒီလုပ်မှ ခွဲထွက်ရန် မဲပေးခဲ့ကြပြီး ၂၀၀၇ တွင် ပြင်သစ်၏ အဝေးရောက် ပိုင်ဆိုင်သော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
ဂွါဒီလုပ်မှ အနောက်မြောက် ၁၂၅ မိုင်အကွာ။

မြေပုံအညွှန်း
အမေရိကန် အလယ်ပိုင်း ကာရစ်ဘီယံ။

ဧရိယာ
၂၁ Sq km

ထိစပ်နယ်မြေ
မရှိ

ရာသီဥတု
အပူပိုင်းဒေသ။ဒေသလိုက် အပူချိန်ပြောင်းလဲမှုမရှိ
ခြောက်သွေ့ရာသီနှင့် စိုထိုင်းသောရာသီ ဟူ၍ ရာသီဥတု နှစ်ခုရှိ။

မြေမျက်နှာသွင်ပြင်
တောင်ကုန်းပေါးများ၊ ရေတိမ်သန္တာကျောက်တန်းများ ကျွန်းလုံးပြည့်နီးပါး ၀န်းရံထား၊ ကမ်းခြေ အခု ၂၀ ရှိ။

မျက်နှာပြင်အမြင့် ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယံပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း မွန်းဒူဗီတက် = ၂၈၆ m

သဘာဝအရင်းအမြစ်
အလွန်နည်းပါး။ ကမ်းခြေများသည် အရေးအပါဆုံး အရင်းအမြစ်များဖြစ်သည်။

လူ့အရင်းအမြစ်
လူဦးရေ ၇၄၄၈ ဦး (၂၀၀၉)
လူဦးရေ ကြီးမားမှု ကမ္ဘာ့အဆင့် = ၂၂၆
တိုင်းရင်းသားလူမျိုး = လူဖြူ ၊ ခရီအိုးလ် ၊ (မူလတို) ၊ဂွါဒီလုပ်မက်ဇတီဇို။

ကိုးကွယ်မှု
ရိုမန်ကက်သလစ်
ပရိုတက်စတင့်
ယေဝေါဟာသက်သေ။

ဘာသာစကား
ပြင်သစ် (အဓိက) အင်္ဂလိပ်။

မြို့တော်
ဂတ်စတာဗီယာ (Gustavia)




January 25, 2010

January 20, 2010

Republic of Rwanda



၁၈၄။ ရ၀မ်ဒါ
(Rwanda)
Republic of Rwanda


နောက်ခံ သမိုင်းအကျဉ်း
ဘယ်လဂျီယံထံမှ လွတ်လပ်ရေးမရမီ (၃) နှစ်အလို (၁၉၅၉) တွင် အင်အားကြီးဟူတူ တိုင်းရင်းသားတို့က တပ်ဆီ ဘုရင်ကို ဖြုတ်ချခဲ့သည်။ နောက်နှစ်ပေါင်းများစွာ ကြာအောင် တပ်ဆီ တိုင်းရင်းသား ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်။ တစ်သိန်းခွဲကျော် အိမ်နီးချင်း နိုင်ငံများသို့ နှင်ထုတ်ခံခဲ့ရသည်။ နှင်ထုတ်ခံခဲ့ရသော တပ်ဆီ တိုင်းရင်းသားတို့၏ မျိုးဆက်များက ရ၀မ်ဒါ မျိုးချစ်တပ်ဦး (Rwanda patriotic Front- RPF) ဖွဲ့စည်းပြီး သူပုန်ထခဲ့ရာ ၁၉၉၀ တွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည်။
အဆိုပါ ပြည်တွင်းစစ်နှင့် အတူ နိုင်ငံရေး၊စီးပွားရေး ကမောက်ကမ ဖြစ်ပွားခဲ့သည်။ ၁၉၉၄ ဧပြီတွင် တပ်ဆီ တိုင်းရင်းသားများနှင့် ယူတူ လူလတ်တန်းစား ၈၀၀,၀၀၀ ခန့် မျိုးတုန်းသတ်ဖြတ်ခံရပြီး အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ၁၉၉၄ ဇူလိုင်တွင် တပ်ဆီ သူပုန်များက ဟူတူ အစိုးရကို တော်လှန်အောင်မြင်ခဲ့ပြီးနောက် သတ်ဖြတ်မှုများ ရပ်တန့်သွားခဲ့သည်။ ဟူတူ တိုင်းရင်းသား ဒုက္ခသည် နှစ်သန်းခန့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘူရန်ဒီ၊တန်ဇန်းနီးယား၊ ယူဂန္စ္စာ၊ဇိုင်ရီ နိုင်ငံများသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။ ထိုအချိန်မှစ၍ ဒုက္ခသည် အများစုမှာ ရ၀မ်ဒါ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သော်လည်း ထောင်ပေါင်းများစွာသော ဒုက္ခသည်များမှာ အိမ်နီးချင်း ဒီမိုကရက်တစ် သမ္မတကွန်ရိုနိုင်ငံ (ယခင် ဇိုင်ရီ)တွင် ရှိနေဆဲဖြစ်၏။
ထို့နောက် အစွန်းရောက် သူပုန် အုပ်စုဖွဲ့စည်းပြီး ၁၉၉၀ တွင် RPF တို့ ကြိုးပမ်းခဲ့သည့်နည်းတူ နိုင်ငံအာဏာကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။ ၁၉၉၀ တွင် လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲ နောက်ပိုင်း ပထမဦးဆုံး သမ္မတ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ၂၀၀၃ တွင် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကွန်ရိုစစ်တပ်နှင့် ပူးပေါင်း၍ ဟူတူ အစွန်းရောက်များကို ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး တီဂါလီ နှင့် ကင်ရှာဆာ တို့ သံတမန် ဆက်ဆံရေး ပြန်လည်ပြုလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် နှောင်ပိုင်းတွင် ဓနသဟာယ အဖွဲ့သို့လည်း ၀င်ရောက်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက အလယ်ပိုင်း၊ကွန်ဂို အရှေ့ ဘက်။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ = ၂၄၆၆၈ Sq km
ရေ = ၁၆၇၀ Sq km

ထိစပ်နယ်မြေ

ဘူရန်ဒီ ၂၉၀ km ဒီမိုကရက်တစ် ကွန်ဂို
သမ္မတနိုင်ငံ ၂၁၇ km တန်ဇန်းနီးယား
ယူဂန္စာ ၁၆၉ km

ကမ်းရိုးတန်း

မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
အပူအအေးမျှတ။မိုးရာသီနှစ်ရာသီ (ဖေဖေါ်ဝါရီမှ ဧပြီ၊ နိုဝင်ဘာ မှ ဇန်န၀ါရီ)
တောင်တန်းတွင် ဆီးနှင်းကျ၍ သမမျှတ။

မြေမျက်နှာသွင်ပြင်

အများအားဖြင့် မြက်လွှမ်းသော ကုန်းမြင့်၊တောင်တန်းများ အနောက်မှ အရှေ့သို့ အမြင့်ပေ နိမ့်ကျလာပြီး တောင်တန်းများပြေပြစ်။

မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း ရပ်ဆီဇီမြစ် ၉၅၀ m
အမြင့်ဆုံးအပိုင်း ဗော်လကန် ကာရီဆင်ဘီ = ၄၅၁၉ m

သဘာဝအရင်းအမြစ်
ရွှေ၊ သံဖြူသတ္တုရိုင်း၊ ခနောက်စိမ်းရိုင်း၊မိသိန်း၊ ရေအားလျှပ်စစ်၊စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်

လူဦင်္းရေ ၁၀၄၇၃၂၈၂ ဦးရေ
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် = ၇၇
လူဦးရေတိုးနှုန်း ၂.၇၈၂% (၂၀၀၉)
မွေးဖွားနှုန်း ၃၉.၆၇/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၁၄.၁၂/၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား = ၄၉.၂၅ နှစ်
မ = ၅၁.၈၃ နှစ်
စုစုပေါင်း = ၅၀.၅၂ နှစ် (၂၀၀၉)

လူမျိုး
ရ၀မ်ဒါ

တိုင်းရင်းသားလူမျိုး
ယူတူ(ဘန်ဘူ) ၈၄%
တပ်ဆီ (ဟန်မီတစ်) ၁၅%
ထွာ (ပစ်ဂမီ) ၁ %။

ကိုးကွယ်မှု

ရိုမန်ကက်သလစ် ၅၆.၅%
ပရိုတက်စတစ် ၂၆ %
အက်ဒပြန်တစ် ၁၁.၁%
မွတ်စလင် ၄.၆ %
တိုင်းရင်းသား မီရိုးဖလာကိုးကွယ်မှု ၀.၁ %
ဘာသာမဲ့ ၁.၇%

ဘာသာစကား
ကင်ညာရ၀မ်ဒါ (ရုံးသုံး) ဘန်ဘူ နေ့စဉ်သုံးစကား။
ပြင်သစ် (ရုံးသုံး)
အင်္ဂလိပ် (ရုံးသုံး)
ကီဆွာဟီလီ(ဆွာဟီလီ) စီးပွားရေး တွင်သုံးသည်။

မြို့တော်
ကီဂါလီ (Kigali)

December 22, 2009

တိုင်းပြုပြည်ပြု လွှတ်တော်

တတိုင်းပြုပြည်ပြု လွှတ်တော်


၁၉၄၇ ခု၊ ဇွန်လ ၁၀ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးကို စတင် ကျင်းပခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲရေး လမ်းညွှန် ပြဌာန်းချက်များကို အဆိုတင်သွင်း ဆွေးနွေးလေသည်။ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် လက်ရှိ တည်ရှိသော တိုင်းပြုပြည်ပြု လွှတ်တော် ၏ ပုံသဏ္ဍန်နှင့် လွတ်လပ်ရေးကို တနှစ် အတွင်း ရစေရန် အာမခံကြောင်း၊ လွတ်လပ်ရေး ရလျှင် လွတ်လပ်ရေးနှင့် ထိုက်တန် အောင် အလုပ်ကြိုးစား လုပ်ကြစေလိုကြောင်း ..... စသည်များကို ရှင်းလင်းပြောကြား သွား၏ ။ဤ ပြောကြားသော မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး မိန့်ခွန်းပင် ဖြစ်သည်။ ဤ မိန့်ခွန်းပြောပြီး ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

မူလတုန်းက အလုပ်ခိုင်းတုန်းကတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ် တွေက ကိုယ့်နယ်ဆိုင်ရာ နယ်က ပရိတ်သတ်ကို တိုင်းပြုပြည်ပြု လွှတ်တော်က ဘာတွေ လုပ်နေတယ် ဆိုတာ အစီရင်ခံဖို့ အလုပ် ခိုင်းတာပါဘဲ။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် အခြားနိုင်ငံတွေမှာတော့ လွှတ်တော် အမတ်တွေရယ်လို့ တိုင်းပြည်က တင်မြှောက်လိုက် တဲ့ အခါမှာ အဲဒီလွှတ်တော် အမတ်တွေက လွှတ်တော် အစည်းအဝေး မှရှိတဲ့ အခါမျိုးမှာ မိမိတို့ အားလပ်ချိန် ရသမျှ အချိန်အတောအတွင်းမှာ မိမိတို့ကို ရွေးကောက်တင်မြှောက် လိုက်တဲ့ နယ်ကို ပြန်သွားပြီးတော့ ဒီလွှတ်တော်မှာ ဘာဖြစ်နေတယ် ဘာလုပ်နေတယ် ဆိုတာ အစရှိတဲ့ အခြေအနေ အရပ်ရပ်ကို ကိုယ့်နယ်ကို ပြန်ပြီး အစီရင်ခံတဲ့ ထုံးစံ ရှိပါ တယ်။

အဲဒီ ထုံးစံမျိုးအတိုင်း ဗမာပြည်မှာလဲဘဲ ဒီထုံးစံ ဖြစ်စေချင်တဲ့အတွက် ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကို ရန်ကုန်မြို့မှာရှိတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက မိမိတို့ကို တင်မြှောက်လိုက်တဲ့ နယ်အသီးသီးကို ပြန်ပြီး အစ်ီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ဖို့ ပြောလိုက်တဲ့ အခါမှာ ဒီတိုင်းပြု ပြည်ပြု လွှတ်တော်အမတ်တွေက နေပြီး ကိုယ့်နယ် ဆိုင်ရာတွေကို ပြန်အစီရင်ခံဖို့ အဓိပ္ပါယ် မပါတော့ဘဲ နိုင်ငံရေး ရှင်းတမ်း တရားပွဲဆိုပြီး ရပ်ကွက်တွေမှာ လုပ်လာတယ်။ အခုလိုဘဲ ယနေ့ တမြို့လုံးအတွက် နိုင်ငံရေး ရှင်းတမ်း ဆိုပြီး တော့ကာ နိုင်ငံရေး ရှင်းတမ်းပွဲများ ဖြစ်လာကြတယ်။ သို့သော်လဲဘဲ ကျွန်တော်တို့ က နဂိုပြောခဲ့တဲ့ အတိုင်းဘဲ ယနေ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရှင်းတမ်းက ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေဖြင့်သာ မဟုတ်ဘဲနဲ့ ဒီရန်ကုန်မြို့နယ် တနယ်ကနေပြီးတော့ တင်မြှောက်လိုက်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာ အမတ် အနေနဲ့ ၊ဒီတိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာ ဘာတွေ လုပ်နေလို့ ဘာတွေလုပ်ခဲ့တယ် ဆိုတာတွေကို နယ်သူ နယ်သားတွေ ပြန်သိအောင် အစီရင်ခံဖို့ ရည်ရွယ်ချက်က အဓိက ရည်ရွယ်ချက်အဖြစ်နဲ့ ထားပြီးတော့ကာ ကျွန်တော် အခုစကား ပြောဆိုပါတယ်။ ဒီတော့ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော် ဆိုတာကလဲ ရှေးတုန်းက ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူတွေဟာ အနည်းကျဉ်း ကြးဘူးပေမယ့် ဒီတခါမှဘဲ တိုင်းပြုပြည်ပြု လွှတ်တော် ဆိုတာ ကို တိုင်းပြည်က လူတွေက ရွေးကောင် တင်မြှောက်ရပြီးတဲ့နောက် အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာကိုလဲဘဲ အကောင်အထည် သဘောမျိုးနဲ့ ပြင်ရတဲ့ အခြေအနေမျိုး ဒီတခါမှလဲ ရောက်လာကြတယ်။ အမှန်စင်စစ်မှာ တိုင်းပြုပြည်ပြု လွှတ်တော် ဆိုပြီးတော့ တတိုင်းတပြည်လုံးမယ် တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွေ လုပ်ခဲ့ပေမယ့် ကျွန်တော်ထင်တာ ပြောရမယ် ဆိုယင်တော့ တိုင်းပြည်မှာ ရှိတဲ့ လူအများဟာ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာကို ရှေးတုန်းက လုပ်နေကျ ဥပဒေပြု လွှတ်တော် လိုဘဲ လို့ ထင်နေကြတဲ့ လူတွေ အမြောက်အများ ရှိကြဦးမှာဘဲ။

အဲဒီလိုဘဲ အခုတော့ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ အကြောင်းကို အစီရင်ခံရမယ်ဆိုယင် ပဌမရှေးဦးစွာ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ဘာတွေ ဆိုတာက နေပြီးတော့ သေသေ ချာချာ ကျကျနန ကျွန်တော် ရှင်းလင်းပြောပြလိုပါတယ်။ ယခု ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ဘယ်နေ့က စပြီးတော့ ထင်ထင် ရှားရှား ပေါ်လာသလဲ လို့ဆိုယင် အမတ်တွေ စုံစုံညီညီ ဒ်ီရန်ကုန်မြို့မှာ စုဝေးကြပြီးနောက် ဇွန်လ ၁၀ ရက်နေ့မှာ စတင်ကျင်းပတဲ့ နေ့ကစပြီးတော့မှသာလျှင် တိုင်ပြုပြည်ပြု လွှတ်တော် ဆိုတာ ဖြစ်လာ ပါတယ်။ အဲဒီ အရင်တုန်းက ရွေးကောက်ပွဲ ပေးပင်ပေးငြားပေမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်လို အဖွဲ့ကို မဖွဲ့စည်းနိုင်သေးပါဘူး။ သို့သော်လည်းဘဲ ဒီတိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ကျွတ်တော်တို့ ကမ္ဘာ့နိုင်ငံရေး ရာဇ၀င်မှာတော့ အင်မတန် ထူးဆန်းတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်တမျိုး ဖြစ်နေပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်တွေဟာ အခြား နိုင်ငံတွေမှာလဲဘဲ အသီးသီး ပေါ်ပေါက်ခဲ့ဘူးတယ်။ အဲဒီ ပေါ်ပေါက်ခဲ့တဲ့ တိုင်းပြည် တွေရဲ့ အခြေအနေ အရ အမျိုးမျိုး ပေါ်ပေါက်ခဲ့တဲ့ သက်သေ သာဓကတွေ ရှိပါတယ်။ အဲဒီတော့ကာ သဘောတရားသက်သက်နဲ့ ကြည့်ပြီး ပြောရမယ်ဆိုယင် တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာဟာ ဘာဖြစ်လို့ ပေါ်ပေါက်လာရသလဲ။ ဆိုယင် တိုင်းပြည်အသစ်တည်လို့ တိုင်းသစ် ပြည်သစ် နိုင်ငံသစ် တည်ထောင်ဖို့ အတွက် ပေါ် ပေါက်လာရခြင်း ဖြစ်တယ်လို့ အဲဒီလို သဘောတရားမှာ ရှိတယ်။ ကျွန်တော်တို့ ဗမာ့ စာပေနယ်မှာ ကြည့်မယ်ဆိုယင် ကျွန်တော်တို့ ကမ္ဘာအစဆိုပြီး ဖွဲ့တဲ့ အခါတုန်းက မဟာ သမ္မတမင်း မြှောက်ကြတယ်ဆိုပြီး လူတွေ စုရုံးပြီး မြှောက်ကြတဲ့ အစည်းအဝေးမျိုးက ကမ္ဘာကြီးမှာ ပဌမဆုံး တိုင်းပြုပြည်ပြု လွှတ်တော်လို့ဘဲ ဆိုရမှာဘဲ။

အဲဒီတော့ အဲဒီနိုင်ငံသစ် တည်ထောင်စရာရှိတဲ့ အခါမှာ တိုင်းပြုပြည်ပြု လွှတ်တော် ဆိုတာ ပေါ်လာစမြဲ ဖြစ်ပါတယ်။ နိုင်ငံအသစ် ဆိုတဲ့ သဘောကိုလဲ ကိုယ့်တိုင်းပြည်ကို အခြားနိုင်ငံ က နေပြီးတော့ အုပ်စိုး လွှမ်းမိုးထားလို့ အဲဒီ လွှမ်းမိုး အုပ်စိုးခြင်းကို တွန်းလှန် ပယ်ဖျက်ပြီးတဲ့နောက် မိမိတို့ တိုင်းပြည် မိမိတို့ အစိုးရ ကိုယ့်မင်းကိုယ့်ချင်း တည်ထောင်ဖို့ အတွက် တိုင်းပြုပြည်ပြု လုပ်တာက တမျိုး၊အဲဒီလို တိုင်းသစ် ပြည်သစ် နိုင်ငံသစ် အတွက် တမျိုးက ကျွန်တော်တို့ အားလုံး သတင်းစာတွေမှာလဲဘဲ ခဏခဏ ဖတ်နေရမှာဘဲ။ ဆိုဗီယက် ယူနီယံခေါ်တဲ့ နိုင်ငံကြီးဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က တော်လှန်ရေး အကြ်ီးအကျယ် ဖြစ်ခဲ့တယ်။ ဒီလို တော်လှန်ရေး အကြ်ီးအကျယ် ဖြစ်ပြီးတဲ့နောက် သူလဲ နိုင်ငံသစ် ဖြစ်လာတယ်လို့ ပြောရမှာဘဲ။ ဘယ်လို နိုင်ငံသစ် ဖြစ်လာသလဲဆိုယင် ခေတ်ဟောင်း ခေတ်ဆွေးတွေကို မှီခိုနေတဲ့ ဇာဘုရင်စံနစ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည် ဟောင်း ၊စံနစ်ဟောင်းကြီးကို တော်လှန် တွန်းလှန်ပစ်ပြီးတဲ့ နောက် အသစ်ကျပ်ချွတ် ပြန်ပြီးတော့ကာ တိုင်းပြည်ကို စံနစ်တမျိုးနှင့် တည်တဲ့ အတွက်ကြောင့် အဲဒီ နိုင်ငံ အသစ်က တမျိုး ဖြစ်နေတယ်။ ဒီနိုင်ငံသစ်ကတော့ အခြားလူမျိုးခြား အောက်မှာ ရောက်ပြီးတော့မှ ဖြစ်လာတဲ့ နိုင်ငံသစ်မျိုး မဟုတ်ဘဲနဲ့ ကိုယ့်လူမျိုးအချင်းချင်း ဖြစ်တဲ့ လူတန်းစား အချင်းချင်းရဲ့ ချုပ်ချယ် အုပ်စိုးမှုမှ လွတ်မြောက်လာပြီးတဲ့နောက် နိုင်ငံသစ် ထူထောင်တဲ့ နည်းဖြစ်တယ်။ အဲဒီတော့ နိုင်ငံသစ်ဆိုတာဟာ အကြမ်းအားဖြင့် ဆိုလို့ ရှိယင် အဓိပ္ပါယ် နှစ်မျိုး ရှိတယ်။ ကျွန်တော်တို့ ဗမာပြည်လို လက်အောက်ခံ နိုင်ငံတွေ အဖို့မှာတော့ နိုင်ငံသစ် ဆိုတဲ့ အဓိပ္ပါယ်ဟာ လူမျိုးခြားရဲ့ လက်အောက်က လွတ်မြောက် ပြီးတော့ ကိုယ့်ဘာသာ ၊ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်အစိုးရ နဲ့ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ ထည်ထောင် လာတဲ့ နိုင်ငံသစ် လို့ဆိုရတယ်။ သို့သော်လဲ လွတ်လပ်တဲ့ နိုင်ငံတွေ ဖြစ်တဲ့ ကိုယ့်လူမျိုး အချင်းချင်း အုပ်စိုးတဲ့ အဲဒီလို တိုင်ပြည်တွေမှာတော့ကာ ချည့်ချည့်နဲ့နဲ့ အစိုးရ စံနစ် အဆောက်အအုံ တခုလုံးကို ပြောင်လဲဖျက်ဆီးပစ်ပြီးတဲ့နောက် အသစ်ကျပ်ချွတ် ပြန်ပြီးတော့ စံနစ်တမျိုး တိုင်းပြည်ဆိုတဲ့ နိုင်ငံသစ်၊တိုင်းပြည်သစ် တခုကို ထူထောင်ဖို့က တမျိုး အဲဒီလို နှစ်မျိုး ရှိပါတယ်။

အဲဒီလို နှစ်မျိုးရှိတဲ့ အခါမယ် နှစ်မျိုးစလုံး ပေါ်ပေါက်လာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ထုံးစံအားဖြင့် ပေါ်လာစမြဲ ဖြစ်ပါတယ်။ ဒီတိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ဘာဖြစ်လို့ ပေါ်လာစမြဲ ဖြစ်သလဲ ဆိုယင် အဲဒီ တိုင်းပြည် အသစ်၊ နိုင်ငံ အသစ် ဖြစ်နေတော့ ပြန်ပြီးတော့ကာ ဥပဒေတွေ ၊စံနစ်တွေ အကုန် အသစ်ပြန်ပြီး ရေးဆွဲ ရမယ် ဖြစ်တော့ အခြေခံက စပြီးတော့ ပြန်ပြီးတော့၊ ဥပမာအားဖြင့် ရှိနေတဲ့ အိမ်ဟောင်း ကို တည်ရုံ အလုပ်မဟုတ်ဘဲနဲ့ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီ ပျက်သွားတဲ့ နေရာမှာ ထပ်ပြီး အိမ်သစ်ဆောက်တာနဲ့ တူပါတယ်။ အဲဒီလို အိမ်သစ်ဆောက်တဲ့ အခါမှာလဲ ဒီနိုင်ငံသစ်ကို ဘယ်လိုစံနစ်၊ဘယ်လို စီမံကိန်း မျိုးနဲ့ တည်ဆောက်မယ်ဆိုပြီးတော့ကာ အင်ဂျင်နီယာတို့၊ ဗိသုကာ အတက်ဆရာတို့က ပဌမရှေးဦးစွာ အိမ်ပုံစံတွေ ရေးဆွဲပြီး တော့ကာ ဒီအိမ်ပုံစံအရ ငွေပေါင်း ဘယ်လောက်ကုန်မယ်။ ဘာဖြစ်မယ် စသည်အားဖြင့် ဒါတွေကို တွက်ချက်ပြီးတဲ့နောက် သေသေချာချာ နေ့ကောင်းရက်သား ရွေးပြီးတော့မှ အဲဒီလို အိမ်သစ် ဆောက်တာမျိုးဘဲ။ ယခုလဲဘဲ ကျွန်တော်တို့ နိုင်ငံသစ်ကို အဲဒီလို တည်ဆောက်ဖို့အတွက် တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ ဒါတွေကို စီစဉ် ရေးဆွဲရပါလိမ့်မယ်။ စီမံကိန်းချရ ပါလိမ့်မယ်။

ဘယ်လို တိုင်းပြည်ရဲ့ နိုင်ငံသစ်ရဲ့ ပုံစံဟာ ဘယ်လိုရှိသင့်တယ်ဆိုတာကို တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ ဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ အဲဒီလိုဆိုတော့ကာ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ တာဝန်ဟာ ဘာလဲ ဆိုယင် နိုင်ငံသစ် ထူထောင်ဖို့ တာဝန် ဖြစ်ပါတယ်။ အဲဒီ နိုင်ငံသစ် ထူထောင်ဖို့ဟာ သာမာန်အားဖြင့် ပြောရမယ်ဆိုယင် ဘယ်တိုင်းပြု ပြည်ပြု လွှတ်တော်မဆို အချုပ်အခြာ အာဏာနဲ့ ပြည့်စုံတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်မျိုးသာ ဖြစ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် နိုင်ငံသစ် တည်ထောင်ရအောင် ဆိုလို့ရှိယင် အဲဒီနိုင်ငံသစ်ကို တည်ထောင်ဖို့ အတွက် ပေါ်ပေါက်လာတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာလဲ အချုပ်အခြာ အာဏာရှိဖို့ လိုပါလိမ့်မယ်။ အဲဒီလို အချုပ်အခြာ အာဏာနဲ့ မပြည့်စုံလျှင်လဲ ကိုယ်လိုချင်တဲ့ နိုင်ငံသစ်ကို တည်နိုင်တဲ့ အခြေအနေ ရှိမှာ မဟုတ်ပါဘူး။

ဒီတော့ကာ ယခု ပြောတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ကမ္ဘာနိုင်ငံရေး ရာဇ၀င်မှာ အတော်လေး ထူးဆန်းတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ဖြစ်တယ်လို့ ဘာဖြစ်လို့ ပြောခဲ့သလဲ ဆိုလို့ရှိယင် ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာတဲ့ အခြေအနေနဲ့ အခြားတိုင်းပြည်တွေမှာ ပေါ်ပေါက်လာတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော် အခြေအနေနဲ့ ကွာခြားနေတဲ့အချက်တွေရှိပါတယ်။ အဲဒီလို ကွာခြားမှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာလဲ ထူးထူးခြားခြား ဖြစ်တဲ့ အကြောင်းတွေ ရှိနေပါတယ်။ အခြားတိုင်းပြည်တွေမှာ ဥပမာ ယခင် ခေတ်တွေက ဟိုရှေးတုန်းက တော်လှန်ရေး ဖြစ်ပြီးတဲ့နောက် တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာမျိုး ပေါ်ပေါက် ခဲ့ဖူးပါတယ်။ အဲဒီလို ပေါ်လာတဲ့ အခါမှာလဲ ဒီတိုင်းပြု ပြည်ပြု လွှတ်တော်ဟာ အာဏာရပြီးသား လွှတ်တော်ဖြစ်နေတယ်။ ယခုအခါ ဒီစစ်ကြီး ဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စစ်ကြီး အတောအတွင်းမှာ ပြင်သစ် ပြည်တို့ ယူဂိုဆလေး ဗီယားတို့ဟာ ဂျာမန်တွေရဲ လက်အောက်ကို ရောက်ခဲ့တယ်။ အဲဒီလို ဂျာမန်တွေရဲ့ လက်အောက်ကို ရောက်ပြီးတဲ့ နောက် ပြန်ပြီးတော့ ဂျာမန်တွေကို တွန်းလှန် မောင်းထုတ်ပြီးတဲ့နောက် ကိုယ့်တိုင်းပြည် မယ် ပြန်ပြီးတော့ ဂျင်နရယ် တီတိုး အစရှိသည်အားဖြင့် ပြန်ရောက် လာကြတော့ကာ ပြန်ပြီးတော့ တိုင်းသစ် ပြည်သစ် နိုင်ငံသစ်ကို ဖော်ရတယ်။ အဲဒီလို ဖော်ဖို့အတွက် တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာ တခါ ထပ်ပြီး လုပ်ရသေးတယ်။ အဲဒီလို လုပ်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ မိမိတိုင်းပြု ပြည်ပြု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ကိစ္စမှန်သမျှကို ချက်ချင်း ဥပဒေအတည် ဖြစ်စေပြီး တော့ တတိုင်းတပြည်လုံးရဲ့ အာဏာစက်တည်အောင် လုပ်နိုင်တယ်။ ချက်ချင်း လုပ်လိုက်တယ်။ အဲဒီတော့ကာ အဲဒါမျိုး ဖြစ်ပါတယ်။ နောက် အမေရိကန်ပြည်မှာ ဆိုလို့ရှိယင် လဲ ပဌမရှးဦးစွာ အင်္ဂလိပ်များ လက်အောက်မှာ လူတမျိုး တည်း အဖြစ် နေကြပြီးတဲ့နောက်၊ အင်္ဂလိပ်ပြည်ကရှိတဲ့ အင်္ဂလိပ်အစိုးရကို အကျေနပ်လို့ တော်လှန်ပြီးတော့ကာ လွတ်လပ်ရေး တိုက်ပွဲတွေ၊ စစ်ပွဲကြီး ဆင်နွှဲပြီးတဲ့နောက် နိုင်တဲ့ အခါကျတော့ကာ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာ ကျင်းပခဲ့တယ်။ နည်မည်တော့ အမျိုးမျိုး ခေါ်ခဲ့တယ်။ သို့ပေမဲ့ သဘောကတော့ တိုင်းပြု ပြည်ပြု လွှတ်တော်ပါဘဲ။ အဲဒီ တိုင်းပြု ပြည်ပြု လွှတ်တော် ကျင်းပတဲ့ အခါတုန်းကလဲဘဲ သူတို့ဟာ အာဏာရပြီး အခြေအနေမှာ တိုင်းပြုပြည်ပြု လွှတ်တော်ကို ကျင်းပတယ်။

သို့သော်လဲဘဲ ကျွန်တော်တို့ တိုင်းပြည်ကတော့ ယခု တိုင်းပြုပြည်ပြု လွှတ်တော် ကျင်းပ နေတဲ့ အချိန်အခါမှာ ကျွန်တော်တို့ တိုင်းပြည်က အာဏာရပြီးတဲ့ အခြေအနေ မရောက် သေးပါဘူး။ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော် အခြေအနေဟာ ဘာနဲ့ တူသလဲ ဆိုယင် တောင်ပိုင်း အိုင်ယာလန်မှာ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်တုန်းက ဖြစ်တဲ့ အခြေ အနေမျိုးနဲ့ တူပါတယ်။ အဲဒီ အိုင်ယာလန်မှာ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးက ဘယ်လို ဖြစ်သလဲဆိုယင် ပဌမ အင်္ဂလိပ် အစိုးရကို ကမ္ဘာစစ်ကြီး အတေားအတွင်း ဆူပူတော်လှန်တာတွေ ဖြစ်ပြီးတော့ နောက်ဆုံးစစ်ပြီးတဲ့ အခါမှာ ဒီသူပုန်ကိစ္စတွေဟာလဲ ရပ်သွားတယ်။ အဲဒီလို ရပ်သွားပြီးတဲ့ နော်က်မှာ တခါ ဒီအင်္ဂလိပ် အစိုးရနဲ့ အိုင်ယာလန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ကာ စာချုပ် ချုပ်ကြတယ်။ စာချုပ် ချုပ်ကြပြီးတဲ့ နောက် သူတို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာ လုပ်တယ်။လုပ်တဲ့အခါမှာ အိုင်ယာလန် ဟာ အာဏာ မရသေးပါဘူး။ သို့သော်လဲ ဘဲ ယခု ကျွန်တော်တို့ ရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အဲဒီ အိုင်ယာလန် လွှတ်တော် လုပ်တဲ့ အခြေအနေတုန်းကထက် သာတဲ့ အခြေအနေတွေလဲ ရှိတယ် ဘယ်လိုသာနေတဲ့ အခြေအနေတွေ ရှိသလဲ ဆိုယင် ဟိုးတုန်းက အိုင်ယာလန်ပြည်မှာ တိုင်းပြု ပြည်ပြု လွှတ်တော်လုပ်ရတဲ့ အချိန်အခါ တုန်းက ဆိုယင် အဲဒီ ပဌမ ကမ္ဘာစစ်ကြီး ပြီးတဲပ အခါမှာ ဗြိတိသျှ နယ်ချဲ့သမားဟာ အင်အား ဘာမှလျော့ပါးသွားတာ မရှိပါဘူး။ ဒီအတောအတွင်း တုန်းက ဗြိတိသျှ နယ်ချဲ့ သမားတွေဟာ အမှန်စင်စစ် စစ်နိုင်ပြီး အတော်ဘဲ တောင့်တောင့် တင်းတင်း နိုင်ငံကြီး တနိုင်ငံ ဖြစ်တယ်။

ယခု ဒီကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ဗြိတိသျှနယ်ချဲ့စံနစ်ရဲ့ အခြေအနေကတော့ အင်မတန် မှဘဲ အားနည်းသွားတဲ့ အခြေအနေ ရောက်တယ်။ ဘယ်လောက်ထိတောင် အားနည်း သွားသလဲ ဆိုယင်ဘိလပ်ကို ရောက်တဲ့လူတွေ ဆိုယင် ပိုပြီးသိမယ်။ ဟိုမှာ ကြာကြာ နေလို့ရှိယင် တွေရမယ်။ အဲဒီလို ဗြိတိသျှ နယ်ချဲ့စံနစ်ဟာ အင်မတန် အင်အားနည်း လာတဲ့ အခြေအနေမျိုးမှာ ဒီတိုင်းပြု ပြည်ပြု လွှတ်တော် ပေါ်ပေါက်လာရတဲ့ အခါဖြစ်တဲ့ အတွက် ဟိုအိုင်ယာလန် ပြည်တုန်းက တိုင်းပြု ပြည်ပြုလွှတ်တော်မျိုးကတော့ အမှန် စင်စစ် ဒိုမီနီယံ အဆင့်အတန်း ဖြစ်တဲ့ အုပ်ချုပ်ရေးမျိုးကိုသာ ရေးဆွဲဖို့ဆိုတဲ့ သဘောမျိုး လောက်သာ ဖြစ်ပါတယ်။ သို့သော်လဲဘဲ ကျွန်တော်တို့ အခု ရထားတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ကတော့ကာ ကိုယ်ကြိုက်ရာ ဆုံးဖြတ်ပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ ဟာကို အင်္ဂလိပ် အစိုးရက သဘောတူပြီးသား ဖြစ်တဲ့အတိုင်း ဒီနေရာမှာတော့ ကျွန်တော်တို့ တိုင်းပြဲပြည်ပြု လွှတ်တော်က အိုင်ယာလန်ပြည်က ဟိုးအခါတုန်းက ရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ထက် တပန်းသာနေတာကို တွေ့ရပါတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ ဒီလို အခြေအနေမျိုးမှာ ပေါ်လာပြီး အဲဒီလို ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။ တခါ အိန္ဒိယပြည်မှာ ရှိတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်နဲ့ ကျွန်တော်တို့ ဗမာပြည်မှာ ရှိတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ကို နှိုင်းယှဉ်ကြည့်ဖို့ လိုပါသေးတယ်။ အိန္ဒိယပြည်မှာ ဖြစ်ပေါ်လာတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်နဲ့ ကျွန်တော် တို့ ဗမာပြည်မှာ ပေါ်လာတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်နဲ့ အဆင်တူတဲ့ အချက်တွေ ရှိတယ်။ မတူတဲ့ အချက်တွေလဲရှိတယ်။ တူတဲ့ ချက်တွေဆိုတာကတော့၊ အခုတင်က အိုင်ယာလန်ပြည်မှာ ဖြစ်တာမျိုးနဲ့ သိပ်ပြီးတော့ မခြားပါဘူး။ အဲဒီသဘောမျိုးအတိုင်း ဘဲ။ တိုင်းပြည်က အာဏာမရခင် ရှေးဦးစွာ တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ သို့သော်လဲဘဲ အိန္ဒိပြည်မှာရှိတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ကို လုပ်တဲ့ အခါတုန်းက ဘယ်ကနေပြီး လုပ်လိုက်သလဲဆိုယင် ပြည်န်ာအမှာရှိတဲ့ ဥပဒေပြု လွှတ်တော်တွေကနေပြီး ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ အဲဒီလို ရွေးကောက် တင်မြှောက်လိုက်တဲ့အခါမှာလဲ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက် သလို သေသေ ချာချာကြီး၊ဥပမာ နိုင်ငံခြားသားတွေ မပါရဘူး။ ဘာ၊ညာ စသည်ဖြင့် အဲဒီလို မဟုတ်ဘဲနဲ့ နားလည်မှုနဲ့ နေပြီး၊ ဥရောပတိုက်သားတွေက မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးတာထဲမှာ မပါပါဘူးဆိုတဲ့ ဖယ်နေတဲ့ သဘောမျိုးသာ ဖြစ်တယ်။ ဒါတောင်မှ ပြည်နယ်တနယ်မှာ သူတို့ ဖယ်မနေကြပါဘူး။မဲပေးတဲ့ နေရာမှာ ၀င်ပါကြတယ်။ သို့သော်လဲ အကုန်ခြုံကြည့်လိုက်မယ် ဆိုယင်ဖြင့် သူတို့ဟာ သူတို့ တိုင်းပြု ပြည်ပြု လွှတ်တော်ကို လွတ်လွတ် လပ်လပ် လုပ်နိုင်တဲ့ အခြေအနေမျိုးတော့ ရောက်သင့်သလောက် ရောက်ပါတယ်. ရောက်ပြီးတဲ့နောက် အဲဒီ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ “မွတ်စလိ(ခ်) ခေါ်တဲ့ မူဆလင် အဖွဲ့ချုပ်ကြီးက ကိုယ်စားပြုတွေ အမြောက်အမြားလဲ ပါလာပါတယ်။ အဲဒီလို တိုင်းပြု ပြည်ပြု လွှတ်တော်မှာ ကိုယ်စားလှယ် အမြောက်အမြား ပါလာတဲ့ အခါမှာ မူဆလင်လိ(ခ်) က ကိုယ်စားလှယ် အမြောက်အမြားနဲ့ ကွန်ဂရက် ကိုယ်စားလှယ် အမြောက်အမြား အားလုံး စုပေါင်းပြီး ဖွဲ့စည်းပြီးတော့ လုပ်ကြမယ်ဆိုယင်တော့ အင်မတန် အင်အားကောင်းတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကြီး ဖြစ်သွားမှာဘဲ။ သို့သော်လဲဘဲ မူဆလင် အစည်းအရုံးကြိးကနေပြီး ဟိုဒင်း မကျေနပ်နိုင်ဘူး၊ ဘာလုပ်ပေးရမယ်။ ညာလုပ်ပေးရမယ် စသဖြင့် စည်းကမ်းချက်တွေ အမျိုးမျိုးနဲ့ တောင်းဆိုင်္ပြီး အဲဒါမျိုးတွေ လုပ်ပါတယ်။

နောက် ကွန်ဂရက်အဖွဲ့ဖက်က ခေါင်းဆောင်တွေကလဲ ဒီတခါတုန်းက မူဆလင် အစည်း အရုံးကြီးကို အင်မတန်ဘဲ မထေမဲ့မြင် လုပ်တာ ရှိပါတယ်။ အဲဒီလို နှစ်ဦးနှစ်ဖက် တဦးနှင့် တဦး အစေးမကပ်ဘဲ ဖြစ်တော့ မူဆလင် အစည်းအရုံးကြီးက တိုင်းပြု ပြည်ပြု လွှတ်တော် အမတ်တွေဟာ တော်တော်များတယ်။ အဲဒီလူတွေဟာ တိုင်းပြု ပြည်ပြု လွှတ်တော်ထဲမှာ ဒို့မပါဘူးဆိုပြီးတော့ ဖယ်နေကြတယ်။ ရှောင်နေကြတယ်။ အဲဒီလို ရှောင်နေတဲ့အတွက် ကွန်ဂရက် အဖွဲ့ဝင်တွေ ဖြစ်တဲ့ အမတ်များလောက်သာ အဲဒီ တိုင်းပြု ပြည်ပြု လွှတ်တော် ထဲမှာ ရှိပြီး တိုင်းပြု ပြည်ပြု လွှတ်တော်ဟာ တော်တော်ကလေး ပျက်ပြယ်ပြယ် ဖြစ်သွားပါတယ်။ အဲဒီလို ဖြစ်သွားပြီးတဲ့နောက် ယခု နောက်ဆုံးကျတော့ (မူဆလင်) အစည်းအရုံးနှင့် ကွန်ဂရက် အဖွဲ့နှစ်ဖွဲ့ဟာ စေ့စပ်လို့ အရနိုင်တဲ့ အခြေအနေမျိုး ရောက်သွားတော့ အင်္ဂလိပ် အစိုးရကနေပြီး ကြားဖြန်ပေးတဲ့အတွက် ယခု နောက်ဆုံး အခြေ အနေကတော့ ချက်ချင်း လက်ငင်း ယခု ဩဂုတ်လမှာ ကွန်ဂရက်ပိုင်တဲ့ ပြည်နယ် တွေကိုလဲ ဒိုမီနီယံ တခု သတ်သတ် လုပ်ပေးမည်။ နောက်ပြီးတော့ မူဆလင်တွေ ပိုင်တဲ့ ပြည်နယ်တွေကို ပါကစ္စတန်ခေါ်ပြီးတော့ ဒိုမီနီယံတခု သတ်သတ် လုပ်ပေးမယ်ဆိုပြီး အဲဒီလို နောက်ဆုံးကျတော့ နှစ်ဖက် သဘောတူကြတဲ့ အခြေအနေမျိုး ရောက်တယ်။ ရောက်ပြီးတဲ့နောက် အဲဒီ ပါကစ္စတန် ဆိုတဲ့ ဒိုမီနီယံမှာလဲ တိုင်းပြု ပြည်ပြု လွှတ်တော် တခု သတ်သတ်ပေါ်မယ်။ တောက်ပြီးတော့ အိန္ဒိယလို့ ခေါ်မည့် (ဟိန္ဒူစတန်မခေါ်ဘူး) ကွန်ဂရက်ပိုင်တဲ့ ပြည်နယ်တွေကိုတော့ အိန္ဒိယလို့ လေါ်ပြီး တိုင်းပြု ပြည်ပြု လွှတ်တော် ကလဲ တခု သတ်သတ် ရှိရဦးမှာဘဲ။ အဲဒီလို နှစ်ခုရှိပြီးတော့ မဟာရာဂျာတွေ ပိုင်တဲ့ ပြည်နယ်တွေလဲ အိန္ဒိယပြည်မှာ အမြောက်အမြား ရှိပါသေးတယ်။

အဲဒီ မဟာရာဂျာတွေပိုင်တဲ့ နယ်တွေဟာ ဘယ်လောက်ကြီးသလဲ ဆိုယင် မဟာရာဂျာ တယောက်ပိုင်တဲ့ နယ်တချို့တလေဟာ ကျွန်တော်တို့ ဗမာပြည် နီးပါးလောက်ကြီးတဲ့ နယ်တွေ ဖြစ်ပါတယ်။ မဟာရာဂျာတွေ ပိုင်တဲ့ နယ်တွေထဲမှာ ဆိုယင် ဗမာပြည်လောက် ကြီးတဲ့ နယ်တွေ တော်တော်များများ လောက်ရှိတယ်။ အဲဒီတော့ကာ အဲဒီ မဟာရာဂျာ တွေပိုင်တဲ့ နယ်တွေလဲဘဲ တဖက်ဖက်ပါဖို့ ကောင်းတယ်လို့ အင်္ဂလိပ် အစိုးရက ဆိုပေမဲ့ ဒီလူတွေက ဒို့မပါဘူး။ ဒို့ဖာသာဒို့ သီးသန့်နေမယ်ဆိုယင် နေနိုင်တဲ့ အခြေအနေမျိုး ရှိတယ်။ အဲဒီောလာက် အိန္ဒိယရဲ့ နိုင်ငံရေး အခြေအနေကတော့ အင်မတန်ကိုဘဲ ရှေ့ကို ရှုပ်ထွေးဦးမယ်ဆိုတာ ကျွန်တော်တို့က မြင်နေပါတယ်။

ဒီတော့ကာ အင်္ဂလိပ်အစိုးရက ဒိုမီနီယံ ပေးထားတာက ဘ်ာလိုပေးလိုက်သလဲဆိုတော့ မင်းတို့ ဒိုမီနီယံ ယခုယူထားပါ။ နောက်ပြီးတော့ကာ မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော် အသီးသီးကနေပြီး လုံးဝ လွတ်လပ်ရေး လိုချင်တယ်ဆိုယင်မင်းတို့ ဆုံးဖြတ်ယူ။ သဘောရှိအတိုင်းဘဲ။ သို့သော်လဲ အခုချက်ချင်း လက်ငင်းအားဖြင့် ဒိုမီနီယံဘဲယူထား။ ယူထားပြီးနောက် မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ လွတ်လပ်ရေးကို ဒို့ အင်္ဂလိပ်(Commonwealth) ကနေပြီးတော့ ထွက်သွားချင်တယ်ဆိုယင် မင်းတို့ ထွက်သွားနိုင်တယ် ဆိုပြီးတော့ ပြောထားတယ်. ပြောထားပေမဲ့ တကယ် လက်တွေ့ မှာတော့ အင်မတန်ဘဲ သူတို့မှာ အင်္ဂလိပ် (Commonwealth) က နေပြီးတော့ ထွက်ဖို့ ခဲယဉ်းတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဘာပြုလို့လဲ ဆိုလို့ရှိယင် အင်္ဂလိပ် အစိုးရက မပေးမှာမို့လို့ မဟုတ်ဘူး။ အချင်းချင်း ဂွကျနေလို့ အခက်အခဲ အမျိုးမျိုး ရှိနေလို့ အင်္ဂလိပ် (Commonwealth) က မထွက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ချင်ဖြစ်နိုင်တယ်။ နောက်ဆုံး တနေ့မှာ အင်္ဂလိပ် (Commonwealth) က ထွက်လာနိုင်တဲ့ အခြေအနေမျိုး ရောက်လာသည့်တိုင်အောင် ချက်ချင်း မရောက်နိုင်သေးဘူး။ တော်တော်ကလေးကြာမှ အင်္ဂလိပ် (Commonwealth) က ထွက်လာတဲ့ အခြေအနေမျိုး ရောက်လာတယ်။ အဲဒီ အခြေအနေက ဘာပြုလို့ဆိုယင် အခု ပါကစ္စတန်နှင့် အိန္ဒိယပြည်ဆိုပြီးတော့ နှစ်ခုခွဲ ပြီးတော့ ခွဲထွက်လိုက်မယ်ဆိုလို့ရှိယင် နယ်တွေကိုလဲ ခွဲရဦးမယ်။

ဥပမာ ဘင်္ဂလားပြည်ဆိုလို့ရှိယင် မူဆလင်တွေများတဲ့ အပိုင်းရှိတယ်။ ဟိန္ဒူတွေများတဲ့ အပိုင်းရှိတယ်။ အဲဒီတော့ကာ အဲဒီအပိုင်းတွေလဲ ခွဲရအုံးမယ်။ အာသံပြည်မှာ အချို့နယ် တွေမှာ လူတွေရဲ့ဆန္ဒကို မေးရဦးမယ်။မင်းတို့ဟာ ပါကစ္စတန်ဖက် ၀င်ချင်သလား၊ အိန္ဒိယ ဖက် နေချင်သလား စသဖြင့် ဒါတွေမေးရမယ်။ နောက်ပြီးတော့ တခါ ပန်ဂျပ်ပြည် မှာလဲ အဲဒါတွေလုပ်ရ ဦးမယ်။ (North-West Frontier Province)ဟာ မူဆလင်တွေနေတဲ့ နယ်ဖြစ်ပေမယ့် ကွန်ဂရက်ကို ထောက်ခံတဲ့ လူတွေက အစိုးရ ဖြစ်နေ တဲ့နယ်ဖြစ်တယ်။ အဲဒီနယ်ကို အခုပြန်ပြီးတော့ကာ ရွေးကောက်ပွဲ လုပ်ပြီးတော့ကာ မင်းတို့ဟာ ပါကစ္စတန် ဖက်ပါခင်သလား၊ အိန္ဒိယဖက်ပါချင်သလားဆိုတယ မေးရဦးမယ်။ အဲဒီတော့ အဲဒါမျိုးတွေ လုပ်တဲ့အခါမှာလဲ အေးအေးလူလူနဲ့ ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုလိမ့်မယ်။ တော်တော့်ကို ရှုပ်ရှုပ် ပွေပွေ ဖြစ်နိုင်စရာ အကြောင်းတွေ ရှိတယ်။ သူတို့ဆီမှာ အခုနေအခါမှာဆိုယင် လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်နေတာ တွေရှိတယ်။ သို့ပေမဲ့ ဒီတခါကျတော့ကာ ဒီတခါမှာ ကွန်ဂရက်နှင့် မူဆလင်လိ(ခ်) တို့ သဘောမတူဘူးဆိုယင် လူမျိုးရေး အဖြစ်မျိုး မဟုတ်ဘဲနဲ့ တကယ့်ပြည်တွင်း စစ်သဘော ကိုရောက်ချင်ရောက်သွားနိုင်တယ်။ အဲဒါတမျိုးရှိတယ်။ နောက်ပြီးတော့တခါ စစ်တပ် (အိန္ဒိယစစ်တပ်) ဖွဲ့ရမယ်။ အိန္ဒိယစစ်တပ်ကို မူဆလင်လူမျိုးတွေဖြစ်တဲ့ လူတွေကို မူဆလင်ဖက်၊ပါကစ္စတန်ဖက် ပါချင်တဲ့ လူတွေကို ပါကစ္စတန်ဖက်ကို ခွဲရမယ်။ အိန္ဒိယ အစိုးရဖက်မှာ နေချင်တဲ့ လူတွေကို အိန္ဒိယ အစိုးရဖက် ခွဲရမယ်။ အဲဒီလို ဟာမျိုးတွေက လုပ်ရမှာ အမြောက်အမြားရှိတယ်။ အဲဒီလို လုပ်ရမည့် အလုပ်တွေက အများကြီး ရှိနေတော့ အဲဒီလိုလုပ်နေတဲ့ အချိန်အခါ အတောအတွင်းမှာ ဆိုယင် အိန္ဒိယပြည်ဟာ ပါကစ္စတန်ရော၊ အိန္ဒိယရော နှစ်ခုစလုံး ဒိုမီနီယံ အဖြစ်နဲ့ နေရမှာဘဲ။ ဘာဖြစ်လို့လဲ ဆိုယင် အင်္ဂလိပ် ကွန်မွန်ဝဲ(လ်) (Commonwealth) ကနေပြီး တိုးထွက်နိုင်တဲ့ အခြေအနေကို ဖြစ်ကိုမဖြစ်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုယင် ကိုယ့်မှာ စစ်တပ်က ကျကျ နန မရှိသေးဘူး။ နယ်ကျကျနန သတ်မှတ်လို့ မပြီးသေးဘူး။ စကားများနေတုန်း၊ တယောက်နဲ့ တယောက် အဲဒါမျိုးတွေ ဖြစ်နေတယ်။

အဲဒီတော့ အိန္ဒိယပြည်မှာ အဲဒီလို အခြေအနေမျိုးတွေ ဖြစ်နေတယ်။ ဖြစ်ပေမဲ့ ၊ တခု ထူးခြားသွားတာကတော့ ဘာထူးခြားသွားသလဲ ဆိုယင် ခုတင်က ပါကစ္စတန်တို့၊ အိန္ဒိယတို့မှာ ပေါ်ပေါက်လာတဲ့ ယခုသီးခြား ပေါ်ပေါက်ကြမယ့် တိုင်းပြု ပြည်ပြု လွှတ်တော်တွေဟာ ယခုတော့တခုဘဲ ရှိတယ်။ ဒီတခုကလဲဘဲ မူဆလင်လိ(ခ်) မပါဘူး။ မူဆလင်လိ(ခ်)ကအမတ်တွေက ပါကစ္စတန် ဒိုမီနီယံဖက်မှာ လုပ်ချင်တာက တိုင်းပြု ပြည်ပြုလွှတ်တော် လုပ်မယ်နဲ့တူတယ်။ ဒီတော့ အဲဒီလိုလုပ်ပြီး တိုင်းပြုပြည်ပြု လွှတ်တေ် ပေါ်ပေါက်တဲ့အခါမှာ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော် နှစ်ခုစလုံးဟာ အချုပ်အချာ အာဏာပိုင်တဲ့ လွှတ်တော်အဖြစ် ချက်ချင်းရောက်သွားမယ်။ ဘာဖြစ်လို့ ချက်ချင်း ရောက်သွားမလဲဆိုယင် ဒိုမီနီယံဆိုတဲ့ အဓိပ္ပါယ်ဟာ ဥပဒေသဘောအားဖြင့် ပြောရမယ် ဆိုယင် (Semi-sovereign state) အချုပ်အချာ အာဏာရှိသင့်သလောက်ရှိတယ်။ သို့သော်လဲဘဲ ရုပ်ပြအားဖြင့် မရှိဘူး။ (Formal sovereignty) မရှိဘူး။ (Formal sovereignty) ဆိုတဲ့ အဓိပ္ပါယ်က ရုပ်ပြအချုပ်အချာ အာဏာပိုင် မရှိဘူး။ ဘယ်လို အချုပ်အချာ အာဏာမရှိဘူးလဲဆိုယင် ဒီအင်္ဂလိပ် ရှင်ဘုရင်ရဲ့ သစ္စာကို စောင့်သိ ရိုသေရမယ်ဆိုတဲ့ သဘောမျိုး ရှိတယ်။ အဲဒီသဘောမျိုးရှိနေတဲ့အတွက် ရုပ်ပြ အချုပ်အချာ အာဏာမှရှိဘူးလို့ ဆိုရမယ်။ အဲဒါတောင်မှ ဥပမာ အိုင်ယာလန်မှာလို့ဆိုယင် အတော်ထူးခြားတဲ့ အခြေအနေရောက်နေတယ်။ အိုင်ယာလန်ပြည်ဟာ အင်္ဂလိပ် ရှင်ဘုရင်ကို သစ္စာစောင့်ရမယ်ဆိုတဲ့ အပိုဒ်ကို ဖျက်လိုက်တယ်။ နောက်ပြီးတော့ ဘယ် ရှင်ဘုရင်မှ မထားတော့ဘူး။ သို့သော်လဲ နိုင်ငံခြား ဆက်သွယ်တဲ့နေရာမှာ တခါ၊ အင်္ဂလိပ် ရှင်ဘုရင်ကို အသုံးချတယ်။ အသုံးချရုံဘဲ ချတယ်။ သို့သော်လည်း သူတို့ သစ္စာတော့ မဆိုဘူး။ နောက်ပြီးတော့ သူတို့တိုင်းပြည်မှာလဲ သမ္မတလို သဘောထားမျိုးရှိတယ်။ နန်းရင်းဝန်လို့ ခေါ်တဲ့ ၀န်ကြီးချုပ်အပြင် သမ္မတ ဆိုတဲ့ လူစားမျိုးလဲ အိုင်ယာလန်မှာ ရှိတယ်။ သို့သော်လဲဘဲ သူတို့တိုင်းပြည်ကို အိုင်ယာလန်လို့ခေါ်တယ်။ ဘာအဓိပ္ပါယ်လဲ ဆိုတာ ကျွန်တော်လဲ မပြောတက်ဘူး။

အဲဒီမယ် အိုင်ယာလန်လို့ ခေါ်တဲ့အတွက် သူတို့ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုက် ကြည့်တဲ့ အခါကျတော့ သူတို့ဆိုသွားတာတွေကတော့ (It is independent, democratic sovereign state) လုံးဝလွတ်လပ်တဲ့ ဒီမိုကရေစီ စံနစ်အရ အချုပ်အချာ အာဏာနှင့် ပြည့်စုံတဲ့ နိုင်ငံတော်ဖြစ်တယ်လို့ အဲဒီလိုလဲသာမာန် ဆိုထားတယ်။ သမ္မတ နိုင်ငံရယ်လို့တော့ သေသေချာချာ တိတိလင်းလင်း ဆိုမထားပါဘူး။ အဲဒီလို သမ္မတနိုင်ငံ လို့ တိတိ လင်းလင်း ဆိုမထားတဲ့ အတွက် အိုင်ယာလန်ပြည်မှာ တောင်မှ အချို့သူတွေ ဟာ အငြင်းထွက်နေကြတယ်။ ဥပဒေ သဘောအရ သမ္မတနိုင်ငံ မဟုတ်ဘူး။ ဥပဒေ သဘောအရဆိုလို့ရှိယင် အင်္ဂလိပ် ပြည်ထောင်စု အတောအတွင်းမှာရှိတယ်။ ဘာ၊ညာ အစရှိသဖြင့် အငြင်းထွက်နေကြတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သူတို့ အခြေအနေကတော့ အတော်ဘဲ ထူးဆန်းတယ်။ အဲဒီတော့ကာ နိုင်ငံရေး ဆရာတဦးက နေပြီးတော့ အိုင်ယာလန်ပြည်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောဘူးသလဲ ဆိုယင်၊ ကျွန်တော် မှတ်မိ သလောက် ပြောရမယ်ဆိုယင် (Eire is in the Commonwealth but not of it.) အဲဒါ (Commonwealth) အတွင်းမှာလို့ ပြောချင်ပြောနိုင်ပေမဲ့ (Commonwealth) ရဲ့ နိုင်ငံလဲ မဟုတ်ဘူးတဲ့ ၊နောက်ပြီးတော့က တခါ ဒီဗလီယာက တခါတုန်းကပြေားဘူးတဲ့ စကားရှိတယ်။ သူက ဘယ့်နယ်ပြောသလဲ ဆိုယင် အင်္ဂလိပ် အစိုးရက ဒို့အိုင်ယာလန် တိုင်းပြည်ဟာ အင်္ဂလိပ် (Commonwealth) ထဲမှာ ပါတယ်လို့ သူတို့ဖာသာ သူတို့ထင်လို့ရှိယင် ထင်ချင်တာ ထင်စေပေါ့တဲ့၊ ဒို့လဲဘဲ ဒို့လုပ်ချင်တာ လုပ်ပေါ့တဲ့။ အဲဒီလို ဒီဗလီရာက ပြောတယ်။ အဲဒီတုန်းက အိုင်ယာလန်ရဲ့ အခြေအနေဟာ အင်မတန်ဘဲ ထူးဆန်းတယ်။ သို့ပေမဲ့ ကျွန်တော်တို့ သိနေကြတာက သူကို ဒိုမီနီယံလို့ဘဲ သိနေတယ်။

အိုင်ယာလန်လို ထူးခြားတဲ့ ဒိုမီနီယံကို အပထားလို့ရှိယင် အခြား ဒိုမီနီယံတွေကတော့ အင်္ဂလိပ် ဘုရင်တွေကိုဘဲ သူတို့ ဘုရင်တွေ အဖြစ်နဲ့ထားတယ်။ ဘာပြုလို့လဲ ဆိုယင် အိန္ဒိယပြည်အတွက်တော့ ကျွန်တော် မပြောလိုဘူး။ ကနေဒါတို့၊ဩစတြေးလျားတို့ တောင်အာဖရိကတို့ဆိုတဲ့ ဒိုမီနီယံတွေကတော့ သွေးတူသားတူ ဥရောပတိုက်သား တွေကနေပြီးတော့ ဆင်းလာတဲ့ လူတမျိုးထဲလို လူစားတွေဖြစ်တော့ အကုန်လုံး မျက်နှာဖြူ လူမျိုးတွေချည်းဘဲ။ ဥရောပတိုက်လူမျိုးတွေချည်းဘဲ။ အဲဒီလိုဖြစ်နေတော့ သူတို့အဖို့မှာ အင်္ဂလိပ်ရှင်ဘုရင်ကို ကိုယ့်ရှင်ဘုရင်လို့ဆိုပြီး ယူဆဖို့ မခဲယဉ်းဘူး။ မခဲယဉ်း တဲ့အတိုင်း သူတို့ကိုယ်တိုင်က ကြည်ဖြူပြီးတော့ အင်္ဂလိပ်ရှင်ဘုရင်ကို ကျုပ်တို့ ရှင်ဘုရင်အဖြစ် ထားပါဆိုပြီးတော့ သူတို့က ကြည်ဖြူလို့ထားကြတယ်။ အဲဒီတော့ ဒိုမီနီယံဆိုတဲ့ သဘောကတော့ အင်္ဂလိပ်နဲ့ တသဘောတည်း၊အင်္ဂလိပ်နဲ့ တအိမ်ထောင် တည်း သဘောမျိုးနဲ့ နေကြတာဘဲ။ သို့သော်လဲဘဲ ဒီဥပဒေ သဘောအားဖြင့် ဆိုယင် သူ့တိုင်းပြည်သူ အုပ်ချုပ်တဲ့နေရာမှာ သူ့ဖာသာသူ အုပ်ချုပ်တာ၊ အဲဒီလို အုပ်ချုပ်တဲ့ အခါမှာ အဲဒီလို တိုင်းပြည်မှာရှိတဲ့၊လွှတ်တော်ဟာလဲဘဲ အာဏာရှိတဲ့ လွှတ်တော် ဖြစ်တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာတော့ အခု ကျွန်တော်တို့ ရထားတဲ့ အစိုးရဆိုတာက လက်တွေ့အားဖြင့် ကျွန်တော်တို့ လုပ်နေတဲ့နေရာမှာတော့ လုပ်နိုင်ပါတယ်။ သို့သော် လဲဘဲ(Status) ဆိုတဲ့ အဆင့်အတန်းမှာတော့ ကျွန်တော်တို့က အာဏာရှိတဲ့ အဆင့် အတန်း မဟုတ်ဘူး။ ဒီတော့ နိုင်ငံခြားတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ကျွန်တော်တို့ တိုင်းပြည်ကို တခြားနိုင်ငံတွေက မေးတဲ့အခါမှာ မင်းတို့နိုင်ငံဟာ သမ္မတနိုင်ငံလား၊ လွတ်လပ်တဲ့နိုင်ငံလား၊ဒါမှမဟုတ် ဒိုမီနီယံ နိုင်ငံလားဆိုယင် ကျွန်တော်တို့က ဘယ်လို ဖြေရမလဲဆိုယင် ကျုပ်တို့တော့ မသိဘူး။ လုပ်တော့ လုပ်နိုင်တယ်။ ကျုပ်တို့ တိုင်းပြည်ကို တော်တော်ကလေး အုပ်ချုပ်လို့ရတာဘဲ၊ရပေမဲ့ ဘယ်လို ခေါ်ရမယ်လို့တော့ ကျုပ်တို့လဲ မသိသေးဘူးလို့ အဲဒီလိုဘဲ ပြန်ဖြေရမယ်။ ဒါဟာ ကျွန်တော်တို့ အခုအစိုးရရဲ့ အခြေ အနေဖြစ်တယ်။

ကျွန်တော်တို့ အစိုးရရဲ့ အခြေအနေဖြစ်နေတော့ အိန္ဒိယပြည်မှာတော့ အခု ဩဂုတ်လမှာ ဆိုယင်ဒိုမီနီယံ အစိုးရ ဖြစ်သွားကြတဲ့အခါမှာ သူတို့ရဲ့ အဆင့်အတန်းဟာ ကျွန်တော်တို့ အစိုးရ အဆင့်မတန်းထက် မြင့်သွားမယ်။ မြင့်သွားပြီးတော့ အဲဒီဟာထက် ပိုပြီး အရေးကြီးတာက ဘာအရေးကြီးသလဲဆိုယင် သူတို့ရဲ့ နယ်တွေမှာ ပေါ်မဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်တွေဟာ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော်တွေ ဖြစ်သွားမယ်။ ဘယ်လို အချုပ်အချာ အာဏာတွေနဲ့ ပြည့်စုံတဲ့ လွှတ်တော်တွေ ဖြစ်သွားလဲဆိုယင် အဲဒီ လွှတ်တော်က ဆွဲတဲ့ ဥပဒေကို ချက်ချင်း အတည်ဖြစ်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ထက် အိန္ဒိယပြည်က တပန်းသာသွားတာလဲ ရှိတယ်။ ကျွန်တော်တို့ထက် လျော့သွားတာလဲ ရှိတယ်။ ကျွန်တော်တို့က အဲဒီနေရာမှာ တိုင်းပြု ပြည်ပြု လွှတ်တော်က အချုပ်အချာ အာဏာမရသေးဘူး။ မရသေးဘူးဆိုတာက ရအောင် လုပ်တဲ့နည်းတွေကတော့ အမျိုးမျိုးရှိတာပေါ့လေ။ နောက် ကျွန်တော် ပြောပြ မယ်။ဒီဥပဒေသဘော ပြောရမယ်ဆိုယင် ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ဟာ အချုပ်အချာ အာဏာ မရသေးဘူး။ အချုပ်အချာ အဖွဲ့ရဲ့ အဆင့်အတန်းသာ ရသေးတယ်။ (Status) အဆင့်အတန်းကသာလျှင် ကျွန်တော်တို့ အချုပ်အချာ လွှတ်တော်ရဲ့ အဆင့် အတန်းသာ ရတယ်။ သဘောကတော့ ယခု ကျွန်တ်ာတို့ တိုင်းပြု ပြည်ပြု လွှတ်တော် လုပ်ကြတယ်ဆိုယင် ဒီလွှတ်တော်ကို ဘုရင်ခံလာပြီးတော့ ရိုးရိုး ဥပဒေပြု လွှတ်တော် လာသလို လာပြီးတော့ စကားမပြောနိုင်ဘူး။ သူလာပြီးတော့ကာ တိုင်းပြု ပြည်ပြု လွှတ်တော်ကို နားထောင်ချင်တယ်ဆိုယင် ဧည့်သည်အဖြစ်နဲ့ လာနားထောင်နိုင်တယ်။ ဘုရင်ခံ အဖြစ်နဲ့ လာပြီး ကျွန်တော်တို့ကိုဘာလုပ်ပါ။ ဘာလုပ်ပါလို့ မပြောနိုင်ဘူး။ ဒီတော့ ရိုးရိုး ဥပဒေပြု လွှတ်တော်ဆိုယင် အဲဒီ ဥပဒေပြု လွှတ်တော်ကို လာပြီး စကားပြော နိုင်တယ်။ အဲဒါမျိုးတွေ ဖြစ်တယ်။

အဲဒီတော့ အချုပ်အချာ အာဏာသဘောမျိုး အဆင့်အတန်း ဆိုပါတော့ ကျွန်တော်တို့ တိုင်းပြု ပြည်ပြု လွှတ်တော် သူ့ဟာသူ လုပ်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒိလို လွတ်လွတ်လပ်လပ် ရှိတဲ့အတွက် (Status) အဆင့်အတန်းမှာတော့ကာ အချုပ်အချာ အာဏာအဖွဲ့ သဘောမျိုး ဖြစ်တယ်။ သို့သော်လဲဘဲ ဥပဒေသဘောနဲ့ ပြောမယ်ဆိုယင် အာဏာတော့ မရှိသေးဘူး။ အာဏာရအောင် လုပ်တဲ့နည်းကတော့ အခုတင်က အစီရင်ခံခဲ့တဲ့အတိုင်း ဖြစ်နေတော့ အိန္ဒိယပြည်က တိုင်းပြုပြည်ပြု လွှတ်တော် ဟာလဲဘဲ လွန်ခဲ့တဲ့ အခြေအနေတုန်းကတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ထက် ဒီလိုဘဲ မခြားနားတဲ့ အခြေအနေမျိုးရှိတယ်။

ယခုတော့ကာ အိန္ဒိယပြည်မယ်ရှိတဲ့ ပေါ်ပေါက်လာမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်တွေဟာ ကျွန်တော်တို့ထက် ပိုပြီးတော့ကာ တဆင့်သာ သွားတယ်။ ဘယ်လိုသာသွားသလဲ ဆိုလို့ရှိယင် အချုပ်အချာလို အာဏာလို အဆင့်အတန်းတွင် မကဘဲနဲ့ အာဏာများပါရတဲ့ အခြေအနေမျိုး ရောက်သွားတယ်။ အဲဒီတော့ကာ အဲဒီလိုသာတဲ့ ဖက်ကလဲ သာတယ်။ သို့သော် သူတို့ရှော်တဲ့ ဖက်ကလဲ ဘယ်လိုရှော်သလဲ ဆိုတော့ သူတို့ကို အင်္ဂလိပ် အစိုးရက ဒိုမီနီယံပေးလိုက်တဲ့ အခါမှာလဲ အဲဒီ ဒိုမီနီယံအဖြစ်နဲ့ ဘယ်လောက်ကြာကြာ နေရသလဲဆိုယင် ဟိန္ဒူနဲ့ မူစလင် စေ့စပ်တဲ့ နေရာမှာ ကြာလျှင်ကြာသလောက် နေရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အင်္ဂလိပ်အစိုးရက နေစေချင်လို့ မဟုတ်ဘူး။ သူတို့ အချင်းချင်း မတဲ့လို့နေရတဲ့ အခြေအနေဖြစ်နေတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ ဒီလွတ်လပ်ရေး ကိစ္စနဲ့ပတ်သတ်ပြီးတော့ ဖ၊ဆ၊ပ၊လ အဖွဲ့အချုပ်ကြီးက ၁၉၄၆ ခု၊ ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ ပထမ ဖ၊ဆ၊ပ၊လ ဗမာနိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ် ညီလာခံကြီးက ဗမာပြည်ဟာ လုံးဝလွတ်လပ်ရေးကို လိုချင်တယ်။ ဘယ်လို ဒိုမီနီယံ စတိတ်ကိုမှ မလိုချင်ဘူးဆိုပြီးတော့ ကျွန်တော်တို့ ရည်ရွယ်ချက် မဖြစ်နဲ့ အတိအလင်းကြေညာခဲ့ပါတယ်။ အဲဒီ ကြေညာခဲ့တဲ့ အတိုင်းပဲ ကျွန်တော်တို့ လွန်ခဲ့တဲ့ မေလအတွင်းမှာ ကျင်းပကြတဲ့ ဖ၊ဆ၊ပ၊လ ပမာဏ ညီလာခံမှာလဲဘဲ ကျွန်တော်တို့ လွန်ခဲ့တဲ့ မေလအတွင်းမှာ ကျင်းပကြတဲ့ ဖ၊ဆ၊ပ၊လ ပမာဏ ညီလာခံမှာလဲဘဲ ကျွန်တော်တို့ဟာ ဒီဗမာပြည်ကြီးကို လုံးဝလွတ်လပ်ပြီးတော့ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံအဖြစ်နဲ့ တည်ထောင်မယ်ဆိုပြီးတော့ ကျွန်တော်တို့ဆုံးဖြတ် ခဲ့တယ်။ နောက်ပြီးတော့လဲဘဲ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ကြီးမှာလဲ ကျွန်တော် ကိုယ်တိုင် တင်သွင်းခဲ့ပြီးတော့ကာ ဒီအချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတ နိုင်ငံကို တည်ထောင်မယ် ဆိုပြီးတော့ကာ အဲဒီ ဆုံးဖြတ်ချက်ကို တင်သွင်းလို့ ဆုံးဖြတ်လို့တောင်ပြီးပြီ။

ဒီတော့ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်လုပ်တဲ့ အလုပ်ဟာ အင်မတန်ရှင်းပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း လုံးဝ လွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝ လွတ်လပ်ရေးကို ဆုံးဖြတ်ပြီတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေငြာ ထားတဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရအောင် လုပ်မယ်ဆိုတာလဲ ကျွန်တော်တို့ လုပ်နေလျှက်ပါပဲ။ တနှစ်လဲဘဲ မပြည့်သေးပါဘူး။ တနှစ်စေ့လာတဲ့ အနေမျိုး ၊ သို့သော်လဲဘဲ စေ့တယ်။ ပြည့်တယ် ဆိုတဲ့ သဘောမျိုးကတော့ အလျော့အပေါ့ နဲနဲပါးပါး ပါချင်ပါတယ်။ သို့သော်လဲဘဲ ဘယ်လိုသဘော ဖြစ်ဖြစ် အဲဒီဖြစ်တာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြု ပြည်ပြု လွှတ်တော်က ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ရအောင် မလုပ်နိုင်သေးဘူး။ ကျွန်တော်တိုကလဲဘဲ အဲဒီ အချိန်အခါ အထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်း ရနိုင်အောင် ကျွန်တော်တို့ ကြိုးစားမယ်။ အဲဒီလို ကြိုးစားမယ်ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေတယ်။ ဒီလိုလုပ်နေတဲ့ အတိုင်းးကျွန်တော်တို့ လုပ်တဲ့ လုပ်ငန်းဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာ အခုနေအခါ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုယင် အချိန်တွေ လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့ တနေ့ ခင်ဗျားတို့ မြင်လာတဲ့ တနေ့မှာ ကျွန်တော်တို့ လုပ်ငန်းတွေဟာ အေင်သလား၊ မအောင်ဘူးလား ဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာဘဲ။

အဲဒီလို မြင်လာတဲ့အခါမှာ၊ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ဟာ ဘယ်လို အဖွဲ့ချုပ်မျိုးလဲ။ အလုပ်လုပ်တဲ့ နေရာမျိုးမှာ ဘယ်လိုထိရောက်အောင် လုပ်နိုင်သလဲ ဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျွန်တော်ဘာမှ သိပ်ပြီးတော့ ကြီးကြီး ကျယ်ကျယ်တွေ ပြောနေဖို့ မလိုပါဘူး။ အဲဒီတော့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က ဘာမှ သွေးဖီပြီး တော့ လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေး ရအောင်ဆိုပြီး လုပ်နေတာပဲ။ သို့သော်လဲဘဲ အဲဒီလို လွတ်လပ်ရေး ရအောင် ကျုပ်တို့က လုပ်တဲ့နေရာမှာ အလွယ်ဆုံး ၊ အကောင်းဆုံး၊အအေးဆုံးနည်းကို ရှာတယ်။ အဲဒီလိုရှာတာကို ကျုပ်တို့တို ဘာအပြစ်ပြောစရာ ခင်ဗျားတို့ရှိသလဲ။ အလွယ်ဆုံး ၊အကောင်းဆုံး၊အအေးဆုံး နည်းတွေနဲ့ ကျွန်တော်တို့ လွတ်လပ်ရေး ရအောင်ရှာတဲ့ နေရာမယ် ဘယ်သူတွေက ဘာဖြစ်လို့ ကျုပ်တို့ကို အပြစ်တင်နေရသလဲ၊အဲဒီတော့ကာ အဲဒီလို လုပ်တဲ့ နေရာမယ် ဒါတွေကို ရှင်းပြနေတဲ့ အထံကနေပြီးတော့ ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က ဒိုမီန်ီယံဘဲ လက်ခံတော့မလိုလို ဘာလိုလိုအစရှိသည် အားဖြင့် တချို့ကနေပြီးတော့ ဟိုရေး၊ဒီရေး၊ ဟိုပြော၊ဒီပြော ပြောတယ်။

ကျုပ်တို့ ဂရုမစိုက်ပါဘူး။ ခင်ဗျားတို့တိုင်းပြည်က အဲဒီလိုလူတွေ ပြောတာတွေကို ယုံချင်တယ်ဆိုယင် ခင်ဗျားတို့ ယုံနိုင်တယ် (လက်ခုတ်တီးသံနှင့်ဩဘာသံများ)။ အဲဒီတော့ ဒိုမီနီယံ ကိစ္စနှင့် ပတ်သက်ပြီး ဒိုမီနီယံ ပြောနေကြတဲ့ လူတွေကလဲ နားလည်လို့ ပြောနေကြတာ မဟုတ်ဘူး။ အမှန်စင်စစ်တော့ ကျွန်တော်တို့ ဗမာနိုင်ငံရေးမှာ ကျွန်တော်နဲနဲ (Brutal truth) ဆိုမှာပေါ့၊ တော်တော်ကလေး ကိုဘဲ ရက်ရက် စက်စက် မှန်တယ်။ သခင်နုကတော့ ကျွန်တော့်ကို ခဏခဏ ပြောတယ်။ ခင်ဗျား (painful truth)သိပ်မပြောပါနဲ့လို့။ (painful truth) ဆိုတာ ဘာလဲဆိုယင် မှန်တော့ မှန်တယ်။ သို့သော် မှန်လွန်းအားကြီးလို့ မခံနိုင်ဘူး။ အဲဒီလိုဖြစ်တယ်။ သို့ပေမဲ့ ဒီတခါလဲ ကျွန်တော် ပြောရအုံးမယ်။ ဘာပြေမလဲဆိုယင် ယခု ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးသမားတွေ လုပ်နေကြတယ်။ သတင်းစာဆရာတွေ လုပ်နေကြတယ်။ သူတို့ ရေးနေတာ သူတို့၊သူတို့ ပြောနေတာ သူတို့ နားမလည်တဲ့ သူတွေ အများကြီးဘဲ ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။(လက်ခုတ်တီးသံ ဩဘာသံများ)။ခံချင်မှာတော့ မဟုတ်ဘူး။ ဘာပြုလို့လဲ ဆိုယင် နားမလည်ဘူး ပြောလိုက်တာကိုး၊ခံချင်မှာတော့ မဟုတ်ပါဘူးဗျာ့။ သို့သော်လဲဘဲ (It is painful truth) အဲဒါ တခါတည်းကို သွေးထွက်အောင် မခံချင်လောက်အောင် မှန်တယ်၊မှန်တယ်ဆိုတာ ကျွန်တော် ရဲရဲ ကြီး ပြောရဲတယ်။ (လက်ခုတ်တီးသံနှင့် ဩဘာသံများ)။

အဲဒီတော့ ကိုယ်ပြောနေတာ ကိုယ်ရေးနေတာ ကိုယ်လုပ်နေတာ ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားတွေ၊သတင်းစာ ဆရာတွေက တော်တော်ကလေး များတယ်။ အဲဒီလို ဖြစ်နေတော့ ကျွန်တော်လဲ နိုင်ငံရေး အကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံရေးဆိုတဲ့ စကားက အစ ကျွန်တော်တခါတည်း တိုင်းပြည်ကို နောင်အခွင်သင့်လို့ရှိယင် အပတ်စဉ် အပတ်စဉ်ဖြစ်စေ၊တခါတည်း ရက်ဆက် သဘောမျိုး ဖြစ်စေ တခါတည်း အဲဒီလို ရှင်းလင်းပြသွားချင်ပါသေးတယ်။ိ အဲဒီအခါကျယင် နိုင်ငံရေး ဆိုတာ ဘာလဲ၊ တော်လှန်ရေးဆိုတာ ဘာလဲ၊ နောက်ပြီးတော့ လွတ်လပ်ရေး ဆိုတာ ဘာလဲ၊ ဟိုဟာက ဘာလဲ၊ဒီဟာက ဘာလဲ၊အဲဒါတွေ ကျွန်တော်ရှင်းပြချင်တယ်။ ခေါင်းဆေင်မှုဆိုတာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ။ အဲဒါတွေ ကျွန်တော် ရှင်းပြချင်တယ်။ သို့ပေမယ့် ၀မ်းထဲမှာတော့ အများကြီးဘဲ၊ ပုံနေတာဘဲ၊ သို့သော်လဲဘဲ ကျွန်တော့်မှာ အချိန်က မရတော့ မရှင်းနိုင်အားဘူး။ အဲဒီတော့ သတင်းစာထဲ ရေးချင်တာရေး၊ တချို့ ပြောချင်တာပြော၊ ကြည့်နေရတာပဲ။ ဘာမှ မတက်နိုင်ဘူး။ ခင်ဗျားတို့ ကြားချင်တာ ကြးပြီး၊ ထင်ချင်တာ ထင်နေတာဘဲ ဆိုတာလဲ ကျွန်တော် သိပါတယ်။ (လက်ခုတ်တီးသံနှင့် ဩဘာသံများ)။


အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားကြည့်စေချင်တာက ဒီ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ဟာ ဘယ်လို ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်လဲဆိုတာ ရာဇ၀င်နှင့် ပြန်ကြည့်စေချင်တယ်။ လူတွေကိုလဲ ရာဇ၀င်နှင့် ပြန်ကြည့်စေချင်တယ်။ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ်ခဲ့တဲ့ နိုင်ငံရေး အဖွဲ့တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး တယောက်စီ တယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ စဉ်ပြီး၊မာတိကာ စဉ်ပြီး စဉ်းစားကြည့်စမ်းပါ။ ဘယ်လို လူစားတွေလဲ၊ ဘယ်လို အဖွဲ့တွေလဲ ဆိုတာ။ အဲဒီအခါမှာ အဖြေထွက်လာမယ်။ ယခု အခါမှာ ကျွန်တော်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ သို့သော်လဲဘဲ ကျွန်တော်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုးမှာ ဆိုယင် အတိုက်အခံ ဆိုတာ ရှိစမြဲပါဘဲ။

ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနှင့် မကင်းလို့ရှိယင်၊ကျုပ်တို့လဲ မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနှင့်မကင်တဲ့အပြင် တပ်ပျပ်ဗိုလ်လုပ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒီလို တပ်ပျပ်ဗိုလ်လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ချွတ်ယွင်းချက်တွေ အမြောက်အမြား ရှိတယ်ဆိုတာ ကျုပ်တို့ ကိုယ်တိုင်သိတယ်။ ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက် မရှိတဲ့ အစိုးရ မရှိဘူး။ သို့သော်လဲဘဲ တိုင်းပြည်ပေါ်မှာ စေတနာ ရှင်းရှင်း ထားပြီးတော့ တဆင့်ထက် တဆင့် ကျွန်တော်တို့ လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား ဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။ (ဩဘာသံများ) ။ ရက်မကြာခင်လောက် ဆိုယင် သခင်နုတို့လဲ ပြန်လာမယ်။ နောက်တော်တော်လေး ကြာလာယင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကြေငြာနိုင်တဲ့ စကားမျိုး လုပ်လာနိုင်ဦးမယ်။ အဲဒီလို လုပ်လာတဲ့ အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေး လုပ်ငန်းမယ် ဘယ်အထိ ရောက်အောင် တစခန်း တက်လာပြီး ဘယ်အထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကို ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည် ပြန်လည် ထူထောင်ရေးမယ် လုပ်တဲ့ လုပ်ငန်းမှာလဲ တဆင့်တက်လာတာကို သော်၎င်း၊ အခု လွတ်လပ်ရေး လုပ်ငန်းနဲ့ တဆင့်တက်လာတာကို သော်၎င်း အဲဒီလို တိုးတက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။ အဲဒီလို မြင်ရရုံ ကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်က ရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့ လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။ (ဩဘာသံများ)။

အရင်အစိုးရတွေတုန်းက ကျုပ် အတိအလင်း ပြောတယ်။ လာဘ်စားတဲ့ လူတွေရှိတယ်။ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလို လူတွေက ယခုနေ အခါမယ် တိုင်းပြည်ကို မိမိတို့ ပါတီ ပြန်အာဏာရအောင် ခြေထိုးကြတဲ့ ကိစ္စမှာ ယောင်ယောင် မှားမှား ဖြစ်တဲ့ လူတွေဟာ စေတနာ ပါသည် ဖြစ်စေ ၊မပါသည် ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူ နံပါတ် (၁) တွေ ဖြစ်တယ်။(ဩဘာသံ) ။ အဲဒီ ရန်သူ နံပါတ် (၁) တွေကို ခင်ဗျားတို့ ထောက်ခံ ချင်တယ်ဆိုလျှင် ခင်ဗျားတို့ လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာဘဲ (ဩဘာသံများ)။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင် အတင်း အဓမ္မလုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရုဖြစ်နေတာ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့ တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့ အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံမဲ့ လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။

ဒီတော့ကာ လွတ်လပ်ရေး ဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေး ဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာကို ခင်ဗျားတို့ကို ကျွန်တော်တို့ကို ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ်ဆိုလို့ရှိယင်၊စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲ ဆိုလို့ယင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်း၊ညချင်းပေါက်လာကြတော့မလို့ ခင်ဗျားတို့ ထင်ကြတဲ့ လူတွေ များကြတယ်။တချို့ကလဲဘဲ ဟာ- လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟသာင်္နယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။ ဘာတွေ့ခဲ့သလဲ ဆိုယင် လမ်းပေါ်မှာ ဆေးလှန်းတယ်။ ဟာ လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းပေါ်မှာ ထွက်ပြီး ဆေးလှန်းတယ်။ အဲဒီတော့ လမ်းသွား လမ်းလာ လုပ်တဲ့ သူတွေက အတော်ဂွကျတယ်။ အဲတာဟာ လွတ်လပ်ရေး မဟုတ်ဘူး။ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တဦး တယောက် ကောင်းစားဖို့ ဖြစ်စေ၊ တမျိုးလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတဦး တယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှု အတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးဘဲ။

ဥပမာ ခင်ဗျားစီးပွားရေး ဖြစ်ထွန်းအောင် လုပ်တဲ့နေရာမှာ အနှောင့်အရှက် မရှိစေရဘူး။ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်လို့ရှိယင် အနှောက်အရှက် မရှိစေရဘူး။ တိုင်းပြည်တပြည်လုံးရဲ့ အကျိုးကို မထိခိုက်စေရဘူး။ အခြား လူတွေရဲ့ အကျိုးကို မထိခိုက်စေရဘူး။ ခင်ဗျား လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အခြေအနေရှိရမယ်။ သို့သော်လဲ အခြားနိုင်ငံရဲ့ လွတ်လပ်ရေးကို သွားနှောင့်ရှက်တဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးကို မဟုတ်ဘူး။အဲတာက ဘာလဲ ဆိုယင် (Licence) ခေါ်တယ်။ ဒါဟာ ရမ်းကားမှုသာ ဖြစ်တယ်။

ဒီတော့ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပါယ်ဟာ စည်းမဲ့ ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ ကမ်းနဲ့ ရှိမှ သာလျှင် လွတ်လပ်ရေး ဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေး ဆိုတာကို ကျွန်တော်တို့ ရတဲ့ အခါမှာလဲ နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ ငါတို့ တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင် လဲဘဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလို အားဖြင့် စည်းကမ်း သဘောတွေကို နားလည်ပြီး စည်းနဲ့ ကမ်းနဲ့ အလုပ် လုပ်ကြမှ လွတ်လပ်ရေး ဆိုတာ တကယ်ရမယ်။

နောက်ပြီးတော့ လွတ်လပ်ရေး ရတဲ့ အခါမှာ လွတ်လပ်ရေး အခွင့်အရေးတွေရတယ်။ လွတ်လပ်ရေးရတဲ့အခါမှာ ခင်ဗျားတို့ အခွင့်အရေးတွေ ပိုရတာလဲ ရှိတယ်။ အခွင့်အရေး ပိုရသလိုဘဲ တာဝန်တွေလဲ ပိုလာလိမ့်မယ်။ ဘယ်လို တာဝန်တွေ ပိုလာမလဲ ဆိုလျှင် ဒီတိုင်းပြည်ကို အ င်္ဂလိပ်က အုပ်ချုပ်နေတုန်းက ဒီဗမာပြည် ကာကွယ်ဖို့ တာဝန်ဟာ အင်္ဂလိပ်ရဲ့ တာဝန်သာဖြစ်တယ်။ သို့သော်လဲ ဒီဗမာပြည်ကို ကျုပ်တို့ လွတ်လပ်ရေးရတဲ့ အခါမှာ ကျုပ်တို့ ဗမာတွေကသာလျှင် ဗမာပြည်ကို ကာကွယ်မဲ့ တာဝန်ဟာ အဓိက ဖြစ်တယ်။ ဒီတော့ အရင်တုန်းကလို ခင်ဗျားတို့ အေးအေး ဆေးဆေး နေလို့ မဖြစ်နိုင်တော့ဘူး။ ကျုပ်တို့ တိုင်းပြည် အစိုးရ လုပ်တဲ့ လူတွေ က တိုင်းပြည် ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းနေတယ်ဆိုလို့ရှိယင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့ လူမှန်သမျှ ကျန်းမာတဲ့ လူမှန်သမျှ စစ်မှု မထမ်းမနေရ ဆိုပြီး တော့ အတင်း ဥပဒေနဲပ စစ်ထဲကို ထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန် လုပ်ရလိမ့်မယ်။ နှစ်နှစ်တန်သည် ၊သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်။ ၀င်ပြီးနောက် စစ်ဖြစ်တဲ့ အခါမှာ ၀င်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့ တိုက်ချင် တိုကချင်၊ မတိုက်ချင် မတိုက်ချင် ၀င်တိုက်ရမှာဘဲ။ အဲတာကလဲ တာဝန်ဘဲ။ ဒါဟာ လွတ်လပ်ရေးရတဲ့ အခါမှာ ဖြစ်ရမဲ့ တာဝန်မျိုးဘဲ။ လွတ်လပ်ရေးရတဲ့ အခါမှာ ဖြစ်ရမဲ့ တာဝန်တွေဘဲ။

အဲဒီအတိုင်းဘဲ ကျွန်တော်တို့ ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့အခါမှာလဲ ယိုးဒယားပြည်လို ဖြစ်ချင်သလား။ တူရကီပြည်လို ဖြစ်ချင်သလား၊ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား။ ယူနိုက်တက်စတိတ် အမေရိကန်လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား။ ဆိုဗီယက် ယူနီယံ လို ဖြစ်ချင်သလား။ ဖြစ်ချင်တာတွေအပေါ်မှာ မှီပြီးတော့ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောပြချင်တယ်။ မလုပ်မလုပ်ဘဲနဲ့တော့ မဖြစ်ဘူး။

အဲဒီတော့ ဘိလပ်မှာ အခု ဒီစစ်ကြီးပြီးတဲ့အခါမှာ အင်မတန်ဘဲ မွဲနေတယ်။ အရင်တုန်းကတော့ သူတို့တိုင်းပြည်က ထွက်တဲ့ကုန်က သူ့တိုင်းပြည်ကို သွင်းတဲ့ကုန်ထက် အဆပေါင်းများစွာ ပိုတယ်။ ပိုတဲ့အတွက်လဲဘဲ သူတို့တိုင်းပြည်မှာ ၀င်ငွေတွေ တော်တော်များများ ရပြီးတော့ သူတို့တိုင်းသူ ပြည်သားတွေကို တော်တော်ကလေး ချောင်ချောင်ချိချိ ဖြစ်အောင် သူတို့ထားနိုင်တယ်။ သို့သော်လဲ ဒီစစ်ကြီးပြီးတဲ့နောက် အင်္ဂလိပ်အစိုးရတို့မှာဆိုရင် ဒီနိုင်ငံခြားမှာ သူတို့ရှိနေတဲ့ ငွေပင်ငွေရင်းစိုက်ထားတဲ့ လုပ်ငန်းတွေဟာ အမေရိကန်ကို ရောင်းပစ်လိုက်ရတာလောက်ချဉ်းဘဲ ဖြစ်တယ်။ နောက်ပြီး ကြွေးလဲဘဲ တော်တော်များများကို တင်တယ်။ ကုဋေ ၁,၅၀၀ လောက်ကို တင်တယ်။ ရွှေဒင်္ဂါး ကုဋေ သန်းပေါင်း ၁၅၀၀ လောက်တင်ထယ်ခင်ဗျာ။ အဲဒါမျိုးအပြင် နောက်ပြီးတော့ သူ့တိုင်းပြည်မှာရှိတဲ့ ပစ္စည်းတွေဟာလဲဘဲ အတော်ကလေးဆုံးသွားတယ်။ ဆုံးရုံတင်မ့ဘူး။ နိုင်ငံခြားကို ကုန်ကူးတဲ့နေရာမှာ ထွက်ကုန်က ၀င်ကုန်ထက်အများကြီး နည်းနေတယ်။ အဲဒီတော့ ကာ အခုဒီစစ်ကြီး ပြီးတဲ့အခါမှာ ရှးက နဂိုအနေကို အမြန်ဆုံး ပြန်ရအောင် ဆိုပြီးတော့ အမြန်ဆုံးပြန်ရအောင်ဆိုပေမယ့် တစ်နှစ်တည်းမနှင့် မရဘူး၊ နှစ်နှစ်တည်းနဲ့ မရဘူး၊ နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်၊ကိုးနှစ်ဆယ်နှစ် အဲဒီလိုသူတို့ လုပ်ယူရမယ်။

အဲဒီအထဲမှာ ရှင်နည်းရော အဂလူထွက်ဆိုတာမျိုးလို သူတို့ တိုင်းပြည်မှာ တလောတုန်းက ရာသီဥတု ဆိုးဝါးပြီးတော့ကာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကလဲ အကြီးအကျယ် ပျက်စီးသွားတယ်။ နောက် ကျောက်မီးသွေး လုပ်ငန်းတွေလဲဘဲ အတော်အကြီးအကျယ် ထိခိုက်သွားတယ်။ အဲဒီအကြောင်းတွေကြောင့် သူတို့ အတော့်ကိုဘဲ ကြီးပွားရေး လုပ်ငန်းတွေ ထိခိုက်နေတော့ကာ နဂို အခြေ အနေကို ၄၊၅၊၁၉ နှစ် ဆိုသလိုနဲ့ အမြန်ဆုံး ပြန်ရောက်အောင်ဆိုပြီးတော့ သူတို့ ဘာကြိုးစားနေသလဲ။ အင်္ဂလိပ်ပြည်မှ ထွက်တဲ့ ပစ္စည်း၊ အင်္ဂလိပ်ပြည်မှ လုပ်တဲ့ ပစ္စည်းတွေကို အင်္ဂလိပ်တွေ မ၀ယ်နိုင်ဘူး။ ဘာပြုလို့လဲ။ဥပမာ အ၀တ်အထည်ကို အင်္ဂလိပ်ပြည်က လုပ်တယ်။ အဲဒီတော့ လုပ်တဲ့ အ၀တ်အထည်ကို အင်္ဂလိပ်ပြည်က လုပ်ပေမဲ့ အင်္ဂလိပ်လူမျိုး တွေကို တနှစ်ကို နှစ်ထည် ၊သုံးထည် အစရှိသည်အားဖြင့် လိုသလောက်ထပ် ပိုပြီး မ၀တ်ရအောင်၊ ကူပွန်ဆိုတာတွေ ပေးပြီးတော့ ဆိုင်တွေမယ် ရောင်းတယ်။ အဲဒီ ကူပွန်ရမှ ၀ယ်နိုင်တယ်။ အဲဒီတော့ ဒီလိုဝယ်နိုင်တော့ကာ အဲဒီလို ပေးပြီးတော့ ရောင်းတဲ့၊ အ၀ယ်ခိုင်းတဲ့ ပိုတာတွေ မှန်သမျှကို ဘာလုပ်သလဲဆိုယင် နိုင်ငံခြားကို ထုတ်ပြီးရောင်းတယ်။ နိုင်ငံခြားက တခါ ဘိလပ်ကို သွင်းတဲ့ ပစ္စည်တွေကျတော့လဲဘဲ အရင်ကလို အတိုင်းမသွင်းပဲနဲ့ လျှော့လျှော့ ပေါ့ပေါ့ တင်သွင်းပြီးနောက် အဲဒီ နိုင်ငံခြားက သွင်းတဲ့ အချို့ကုန် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ချွေချွေတာတာ အရင်ကထက် အများကြီး လျှော့ပေါ့ပြီး အသုံးခိုင်းတယ်။ သူတို့ဆီမှာ ဆိုယင် ရှေးက စားရတဲ့ ပေါင်မုန့် နဲ့ အခုစားရတဲ့ ပေါင်မုန့်နဲ့ ဆိုယင် အခုအခါမှာ အင်မတန်ကို လျှော့ပြီး စားရတဲ့ အချိန်အခါမျိုး စားရတယ်။ ဒီလို ချွေတာပြီး အခုနေအခါမယ် လုပ်မှ၊ နောက် လေး၊ငါးခြောက်နှစ်၊ခုနှစ်နှစ်၊ ဆယ်နှစ်အစရှိသဖြင့် အဲဒီလို ရှိလာတဲ့ အခါကျမှ အင်္ဂလိပ်ပြည်ဟာ အရင်နဂို အခြေအနေကို ပြန်ရောက်နိုင်မည့် အကြောင်းရှိတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ နေမယ်ဆိုယင်တော့ သူတို့မရနိုင်ဘူး။

အဲဒီတော့ကာ ဒီလို တိုင်းပြည်ကျကျနန ဖြစ်အောင်၊ထူထောင်နိုင်အောင် ဆိုယင် အင်္ဂလိပ်တွေဟာလဲ လွတ်လပ်တဲ့ တိုင်းပြည် ဖြစ်ပင် ဖြစ်ငြားသော်လည်း အလုပ်လုပ်ရတဲ့ ဆိုတာကို ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီအတိုင်းဘဲ ဆိုဗီယက် ယူနီယံဆိုတဲ့ တိုင်းပြည်ကြီးဟာ တော်လှန်ရေးတွေ ဖြစ်ပြီးတဲ့နောက် ၊ပဌမ ရှေးဦးစွာ စစ်အတောအတွင်းမှာတော့ ၀ါးကွန်မြူနစ်ဇင် (war communism) ဆိုတာ ဒီ အတောအတွင်းမှာ လုပ်တဲ့ ကွန်မြူနစ် ဆိုပြီးတော့ လုပ်တယ်။ အဲဒီ ပြီးတဲ့နောက် စစ်ပြီးတဲ့အခါမှာလ (New Economic policy) ခေါ်တဲ့ စီးပွာရေးစံနစ် သဘောမျိုးဘဲ လုပ်ရတယ်။ အဲဒီလို လုပ်ပြီးတဲ့ နောက်မှ တခါ ငါးနှစ် စီမံကိန်းတွေဆိုပြီးတော့ ငါးနှစ် စီမံကိန်းတွေ ဆိုဗီယက် ယူနီယံမှာ လုပ်ခဲ့တယ်။အဲဒီလို ငါးနှစ် စီမံကိန်းတွေ လုပ်စဉ် အခါတုန်းက ဒီတနိုင်ငံလုံးရဲ့ အခြေအနေအားလုံးကို ခြုံကြည့်ပြီးတော့ တတိုင်း တပြည်လုံးကောင်းဖို့၊အမြဲတမ်းကောင်းဖို့ကို ရှေ့ရှုကြည့်ပြီတော့ လုပ်ရတဲ့ အခါဖြစ်တဲ့အတွက် လူတွေဟာ စားချင်တိုင်း ပဌမ မစားရဘူး။ ၀တ်ချင်တိုင်း မ၀တ်ရဘူး။ နေချင်တိုင်း မနေရဘူး။ အဲဒီလို ဖြစ်ရတယ်။ ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည် ထူထောင် ကြမယ်ဆိုလို့ ရှိယင်လဲ (National Planning) ခေါ်တဲ့ အဲဒီ စီမံကိန်းမျိုးတွေနဲ့ မလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့ တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး။ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သတိရှိစေချင်ပါတယ်။ အဲဒီတော့ ပဒေသာပင်ဟာ မြေက ပေါက်လာမှာ မဟုတ်ပါဘူး။

ပဒေသာပင် ပေါက်အောင်ဆိုယင်၊ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ နားလည်စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေးရပင် ရသော်ငြားလည်း၊ လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူး ဆိုယင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာဘဲ ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။

ဒီတော့ အဲဒီ လွတ်လပ်ရေးရတဲ့ အခါမှာ ကျွန်တော်တို့ အခုတင်က စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ် ၂၀ လောက် ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်း ပြောရယင်၊ စကား ခပ်ရိုင်းရိုင်း ပြောရယင်ဆိုတာ စကား ခပ်ရိုင်းရိုင်း ပြောမှ လူတွေက မှတ်မိတယ်။ စကား ခပ်ရိုင်းရိုင်း ဆိုယင် အတော့ကို ပြဲအောင် ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ အဲဒါအတော့ကို ကုန်းလုပ်နိုင်မှ၊ အနှစ် ၂၀ လောက်ရှိတဲ့ အခါမှာ တော်ကာကျမယ်။ အဲဒီလို မဟုတ်ဘဲ ခင်ဗျားတို့ အလုပ် အလုပ်မလုပ်ဘဲ နေမယ်ဆိုလို့ရှိယင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်းတောင် မှီမှာ မဟုတ်ဘူး။ ယိုးဒယား ပြည်ဆိုလို့ရှိယင် လွတ်လပ်တဲ့နိုင်ငံထဲမှာ ညံ့ညံ့ဘဲ၊ ညံ့ညံ့ပင်ဖြစ်ပေမဲ့ ကျွန်တော်တို့ ဗမာပြည်နဲ့ စာလိုက်ယင်တော့ ကျွန်တော်တို့ ဗမာပြည် လွတ်လပ်ယင် လွတ်လပ်ချင်းဘဲ၊ယိုးဒယားပြည်က ကျွန်တော်တို့ ထက်တော့ သာတာဘဲ။ ဘယ်လိုသာမလဲဆိုယင် စစ်တပ်တွေ ဆိုလို့ရှိယင်လဲ ကောင်းကောင်းရှိတယ်။ရေတပ် တွေလဲ ရှိတယ်။ လေတပ်တွေလဲ ရှိတယ်။ အခြား စစ်တပ်တွေလဲ တော်တော်များများရှိတယ်။ အဲဒီလိုအားဖြင့် ယိုးဒယားက ရှိတာ ရှိတယ်။ ကျွန်တော်တို့မှာ အဲဒီလို မရှိသေးပါဘူး။

ဒီတော့ ကျွန်တော်တို့ တကယ်ဘဲ သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်း တလှမ်း လှမ်းယင်၊ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတလှမ်း လှမ်းယင် ကျွန်တော်တို့က ခြေလှမ်း ၄၊၅၊၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလို လိုက်နိုင်တဲ့အခါကျမှ နောက် ၁၀ နှစ် ၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလို တန်းတူ ညီမတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ် ဆိုပေမဲ့ ဟိုလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့ အခါ မျက်နှာချို သွေးရနဲပ ဖာသယ်လို နိုင်ငံမျိုး ဖြစ်နေမှာဘဲ ဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ် (ဩဘာသံများ)။ အားမှ မှရှိသေးတော့ အဲဒီလိုဘဲ ဖြစ်နေမှာဘဲ။ အဲဒီတော့ကာ အင်မတန်ကို ကျွန်တော်တို့ တခါထဲ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူတွေ စည်းစည်း ရုံးရုံးနဲ့ ရှိပါမှ ဖာသယ်သဘောမျိုး၊ နိုင်ငံမျိုး မဖြစ်ဘဲ နေမှာ။

အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထု ညီညွတ်ရေး၊စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊တိုင်းသူပြည်သား လူထု ညီညွတ်ရေး။အဲဒီညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး၊ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော်ငြားလဲ ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာဘဲလို့ ကျွန်တော် ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားစေနဲ့။ ဘယ်သူကဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်။

ဒီတော့ ယခုဖြစ်နေတဲ့ အခြေအနေမှာဆိုယင်၊လွတ်လပ်ရေးကိစ္စနဲ့ ကျွန်တော်တို့ မြင်တာ ပြောရမယ်ဆိုယင်၊ လွတ်လပ်ရေးဟာ ရဖို့ အခြေအနေတော့ တော်တော်ကလေးများပါတယ် ဆိုတာ ကျွန်တော်ပြောချင်တယ်။ သို့ပေမဲ့လဲ ကျွန်တော်တို့ ဗမာစကားလဲရှိတယ်။ အင်္ဂလိပ်စကားလဲရှိတယ်။ အင်္ဂလိပ်စကားကတော့ (Don't halloo till you are out of the wood) အရင်တခါလဲ ကျွန်တော်ပြောသွားပြီးပါပြီ။စစ်ပွဲကြီးအတွင်းက တောကြီးမျက်မဲအတွင်းက မထွက်မိခင် ငါတော့ ဘေးလွတ်ပြီလို့ မအော်ပါနဲ့ဆိုတဲ့ သဘောမျိုးဘဲ။ အဲဒီအတိုင်းဘဲ။ ကျွန်တော်က တခါ ခြင်္သေ့မင်း ဥပမာကို ပြောရမယ်ဆိုယင် ခြသေ့င်္မင်းများဟာ တောကောင်ကို လိုက်တဲ့ နေရာမှာ ကြီးတာငယ်တာ ပဓာနမထားဘဲနဲ့၊ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့နေရာမှာ အဲဒီအတိုင်းဘဲ လုံ့လစိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းဘဲ ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့ တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု ၊အားထုတ်မှုကို လျှော့လို့မဖြစ်ဘူး။လုံ့လ ၀ိရိယကိုလျှော့လို့ မဖြစ်နိုင်ဘူး။ ဆထက်ထမ်ပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။

ကျွန်တော်တို့ ဗမာတွေမှာ စောက်ကျင့်တခုရှိတယ်။ ဘာစောက်ကျင့် တခုရှိသလဲဆိုယင်၊ဒါကလဲဘဲ ကျွန်တော် တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။။ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတခုရှိတယ်။ လှေပြိုင်ပွဲလုပ်ခဲ့တယ်။လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလဲဆိုတော့ လှေတွေပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး၊ရှေ့ကို နဲနဲရောက်တယ် ဆိုယင်ဘဲ တက်ထောင်တယ်။ ကြွားတယ်။ တခါရှုံးတဲ့နောက်က နေတဲ့လှေကလဲဘဲ ပန်းတိုင်မရောက်သေးဘူး. ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး။ ရှုံးတော့မှာပါဘဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ဒါဟာ ဘာလဲဆိုယင် တကယ့်တိုင်းပြည်ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘူး။ အဲဒီစိတ်ဓါတ်မျိုးဟာ ကျွန်ဖြစ်မဲံ စိတ်ဓာတ်မျိုး၊ ကျွန်ရဲ့ စိတ်ဓာတ်မျိုး၊ ဒီစိတ်ဓာတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ. လွတ်လပ်ရေးရယင်လဲ မြန်မြန် ပြန်ကျွန်ဖြစ်မှာပါဘဲ။ နောက်ဆုံးတနေ့ မရှုံးတဲ့ တိုင်အောင် ကျွန်မဖြစ်တဲ့တိုင်အောင် ခုနကလို ဖာသယ် လွတ်လပ်ရေး ဖြစ်နေမှာဘဲ။ ဘယ်လိုလဲဆိုယင် အကျင့်က အဲဒီလိုနဲနဲလေး နိုင်လာတယ်။ ရှေ့က သာလာတယ်ဆိုယင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစင်းဟာ အဲဒီလို ရှေ့ကသာလာလို့ တက်ထောင်မိတာနဲ့ ပွဲတပွဲမှာ ရှုံးကိုရှုံးသွားတယ်။ အဲဒီလိုဖြစ်တယ်။

ပြီးတော့ ဘောလုံးပွဲကိုကြည့်၊ ကျွန်တော်တို့ ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့ အခါမှာဆိုယင် ကိုယ်က ပဌမ စဂိုးသွင်းရတယ် ဆိုယင် အတော် အားတက်လာတယ်။ အားတက်လာတာနဲ့ ၊ကန်တာနဲ့၊ပြုတာနဲ့ နောက်တခါ အဲဒီလိုဖြစ်တဲ့ အခါမှာ တော်တော်လေး ဂိုးလေးများလာတယ် ဆိုယင် လျှော့လျှော့ ပေါ့ပေါ့ ကန်ချင်လာတယ်။ ငါနိုင်မှာဘဲ ဆိုပြီး အဲဒါနဲ့နေပြီး တဖက်ကနေပြီး နောက်ဆုံး အပြီးသတ်မှာ ကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေ ဖြစ်ဖြစ်၊ရှုံးတာဖြစ်ဖြစ်၊ဖြစ်သွားတာမျိုးလဲ ကျွန်တော်တို့ ဘောလုံးပွဲ ရာဇ၀င်မှာ ခင်ဗျားတို့ ပြန်စဉ်းစားယင်တော့ တွေ့မှာဘဲ။ ဒါတင် မကသေးဘူး ဒီရှုံးသွားတဲ့ လူကလဲ ဘောလုံးကန်လို့ရှိယင် ပဌမအပိုင်း နာရီဝက်မှာ ရှုံးသွားယင်တော့ တော်သေးရဲ့။ ကျန်သေးတဲ့ ဒုတိယ နာရီဝက်မှာ ကန်လို့ ၁၀ မိနစ်လောက်ကြာတော့ ကိုယ့်ဖက်က ဂိုးမသွင်းနိုင်ဘူးဆိုယင် အဲဒီအခါကျယင် လူကိုချတယ်။ ဒါ ကျွန်တော်တို့ ဗမာဘောလုံးကန်တဲ့ ဘောလုံးပွဲ အကျင့်ဘဲ။ အဲဒါ (sporting spirit )မရှိဘူး။ ဒါဘာလဲ ဆိုလိှု့ရှိယင် ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓါတ်ထက်တယ်။ ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူဘဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေဘဲ။ ဗမာတွေ စိတ်ဓါတ်က မဟုတ်တဲ့ နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတက်ဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမျိုးမှာ အသုံးမချတက်ဘူး။ ဗမာ ဗမာချင်း ချဖို့ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ယင်လဲ ဘယ်တော့မှ ကျကျ နန လွတ်လပ်ရေး မဖြစ်ဘူး။

အဲဒီတော့ကာ ကျွန်တော်တို့ အဲဒီ စိတ်ဓါတ်မျိုးကို လုံးဝ ဖျောက်ပစ်ဖို့လိုတယ်။ ကျွန်တော်တို့ဟာ ဘာအလုပ် ဘဲလုပ်လုပ် ၊နောက်ဆုံးတနေ့ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊နိုင်မယ်ထင်တယ် ဖြစ်စေ၊မလျှော့တမ်း ဇွဲနဲ့လုပ်သွားရတယ်။ စစ်တိုက်တဲ့ နေရာမှာလဲ အဲဒီ အတိုင်းသွားရမယ်။

အင်္ဂလိပ်တွေကိုကြည့်။ အင်္ဂလိပ်တွေဟာ ကျွန်တော်တို့ အပေါ်မှာ အုပ်ချူပ်နေလို့ ကျွန်တော်တို့ မုန်းပေမဲ့ အင်္ဂလိပ်တွေမှာ ချီးမွမ်းစရာတွေ အများကြီးရှိတယ်။ ခုပြီးခဲ့တဲ့ စစ်ကြီးမှာ သူတို့ ဘယ်လောက် အကျဉ်းအကျပ် ရောက်သလဲ။အဲဒီအကျဉ်းအကျပ်ထဲက နေပြီးတော့ကာ တခါတည်းကို လွတ်မြောက်လာအောင် ဘယ်လောက် တခါတည်းကို အံကြိတ်ပြီးတော့၊ခါးတောင်းကျိုက်ပြီးတော့ ကြိုးစားလာသလဲ။ ဒီမူတွေကို ကြည့်ပါ အခုလဲဘဲ သူ့တိုင်းပြည်မှာ နေတာတွေကိုကြည့်။သူတို့တိုင်းပြည်လဲဘဲ အခုလို ကျပ်ကျပ်တည်းတည်းနေရတာ လူတွေ မညည်းဘူးလားဆိုတော့ ပုထုဇဉ်ဘ၀ ညည်းတော့ညည်းကြမှာပါဘဲ၊ညည်းကြတယ်၊ညည်းငြားသော်လဲဘဲ စည်းနဲ့ ကမ်းနဲ့ ညည်းကြတယ်။ စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြတယ်။ အဲဒီလို လုပ်နေကြတယ်။ကျွန်တော်တို့ တိုင်းပြည်မှာတော့ ၊စည်းကမ်းကို ယခုအခါမှာ မှရှိဘဲ ဖြစ်နေတယ်။ စည်းကမ်းမရှိတော့ကာယခု နိုင်ငံရေးလုပ်တဲ့ နေရာတွေမှာ ယခုအခါမှာ၊နယ်ချဲ့သမားသဘောကျမဲ့ အလုပ်မျိုးကို လုပ်နေတယ်။ ယခု ကျွန်တော် တိတိ လင်းလင်း ပြောထားစမ်းမယ်။ ဗမာပြည်မှာ လူထုညီညွတ်ရေး၊ တိုင်းရင်းသား ညီညွတ်ရေးတွေဟာ မပြိုကွဲဘဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ရှိယင်၊နောက်ပြီးတော့ကာ လက်ဝဲသမားဆိုတဲ့ လူငယ် နိုင်ငံရေးသမားတွေ ညီညွတ်သည်ထက် ညီညွတ်ယင် အဲဒီ အင်အားဟာ ကြီးကြီးသလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်။အဲဒီ အင်အားဟယ ငယ် ငယ်သလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ရတယ်ဆိုပေမဲ့ နည်းနေမယ်။ အခွင့်အရေး နည်းနေမယ်။ နောက်တခါ အဲဒီလို နေရာမှာ နိုင်ငံရေးသမားတချို့ ခြေထိုးတာကို ခင်ဗျားတို့ ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြယင်တော့ဖြင့်ယင် အဲဒါ ခင်ဗျားတို့ လွတ်လပ်ရေး ရမှာမဟုတ်ဘူး။အဲဒါ အင်္ဂလိပ်က ပေးချင်တာ မဟုတ်ဘဲနဲ့ အိန္ဒိယမှာဆိုယင် မယူမဖြစ်တဲ့ အခြေအနေမျိုးကို ရောက်ပါလိမ့်မယ်။ အဲဒီတော့ အဲဒါမျိုးတွေကိုလဲ သတိထားဖို့ရှိပါတယ်။

အဲဒါတွေကို အားလုံးကုန် သတိထားပြီး ၊ယခုတိုင်းပြည် ပြည်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော် အနည်းငယ် ပြောပြချင်ပါသေးတယ်။ ဒီတိုင်းပြည ပြည်လည် ထူထေင်ရေးနဲ့ ပတ်သက်ပြီးတော့ကာ ယခု ကျွန်တော်တို့ရှိနေကြတဲ့ အခြေအနေမှာ အင်မတန်ဘဲ ဆိုးနေတယ်။ ကျွန်တော်တို့ ဗမာပြည်ဟာ ဒီစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေထဲမှာ မအေးနှစ်ခါနာဖြစ်တဲ့ ဗမာနိုင်ငံလို နိုင်ငံ မရှိသေးပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ဟာ ဂျပန်ဝင်လာတုန်းကလဲ စစ်မြေပြင်ဘဲ၊ အင်္ဂလိပ်ပြန်ဝင်လာတုန်းကလဲ စစ်မြေပြင်ဘဲ။ အဲဒီလို မိအေး နှစ်ခါနာဖြစ်တဲ့ ဗမာပြည်ဟာ အင်မတန်ဘဲ စီးပွားရေးမှာ ပျက်စီးတယ်။ အင်္ဂလန်ပြည်မှာလဲဘဲ စီးပွားရေး ပျက်စီးတယ်။ အင်္ဂလန်ပြည်မှာ စီးပွားရေး ပျက်စီးတော့ အင်္ဂလိပ်လူမျိုးတွေ ကတော့ စီမံကိန်းတွေ ဘာတွေနဲ့ သိပ်ပြီးတော့ ကျကျ နနတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်နဲ့စာယင် အင်မတန်ကို စံနစ်ပိုကောင်းတယ်။ အဲဒါတွေလုပ်ပြီး ၊ ချွေချွေတာတာနဲ့ နောင် ၄၊၅၊၁၉ နှစ်ကြာတဲ့အခါ ကျလို့ရှိယင် တကယ်ချောင်လည်လာအောင်ဆိုပြီး ကြိုးစားနေကြတယ်။ အဆင့်အတန်း မြင့်သထက် မြင့်အောင် ကြိုးစားနေကြတယ်။ ဆိုဗီယက်ယူနီယံမှာ ဆိုယင် စစ်ကြီးပြီးယင် ပြီးချင်း ငါးနှစ် စီမံကိန်းဆိုတာ လုပ်ပြီးတော့ကာ တခါထဲ ယခု ခြိုးခြံမှုတွေ လုပ်နေတယ်။ ဆိုဗီယက် ယူနီယံမှာ ရှေးကလို စားရ၊သောက်ရ၊နေရ၊ထိုင်ရတာ မှရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုယင် စစ်ကြောင့် အင်မတန်ဘဲ ပျက်စီးတဲ့ အတွက်၊ပြန်ပြီးတော့ ချွေတာရတဲ့ အခြေအနေမျိုး ပြန်ရောက်လာတယ်။ အဲဒီလို ဖြစ်နေတယ်။

ကျွန်တော်တို့ ဗမာပြည်မှာတော့ ဒါ နိုင်ငံခြားထွက်ကြည့်မှာ ခင်ဗျားတို့သိမယ်။ စစ်ဖြစ်နေတုန်းက ကျွန်တော် ဂျပန်ပြည်ရောက်ဘူးတယ်။ ဂျပန်ပြည် ရောက်ဘူးလို့ ဂျပန်ပြည်က လူတွေဟာ ကျွန်တော်တို့ ဗမာပြည်လို ၀၀လင်လင်၊ပေါပေါများများ မစားရဘူး။ အ၀တ်အထည်တွေမှာလဲ ပေါပေါများများ မ၀တ်ရဘူး။ အစားစားတဲ့ နေရာမှာလဲ၊၀၀လင်လင် မစားရရဘူး။ နေရတဲ့ နေရာမှာတော့ သပ်သပ်ရပ်ရပ် နေရတယ်။ ဒါတော့ မှန်တယ်။ ဒါတော့ နှစ်ရှည်လများ လုပ်ထားတဲ့အတွက် သပ်သပ်ရပ်ရပ် နေရတယ်။ ကျွန်တော်တို့ ပြည်ကတော့ အဲသည်လို မဟုတ်ဘူး။ ပုံပေါလအော စားသောက် နေထိုင်ကြတာဘဲ။ ကျပ်ကျပ် တည်းတည်းဆိုတဲ့ အထဲကနေပြီးတော့ အဲဒီလိုနေကြတာဘဲ။ ဟိုတုန်းက ဂျပန်ပြည်ဟာ စံနစ်မကောင်းလို့ ဒီလို ကျပ်တည်းနေရတယ် ထင်တယ်လို့ ကျွန်တော်စိတ်ထဲမှာ အောက်မေ့နေတယ်။ အခု ဒီစစ်ကြီးပြီးတော့ ကျွန်တော် လိုက်ကြည့်တယ်။ စာထဲမှာလဲ ဖတ်ရတယ်။ကိုယ်တိုင်လဲ မြင်ရတဲ့ နိုင်ငံတွေလဲရှိတယ်။ အိန္ဒိယပြည်ကို သွားကြည့်ပါ။ ဥပမာ ဟော်တယ်တွေ သွားယင် ကိုယ့်မိတ်ဆွေတွေ ခေါ်ပြီး ကျွေးချင်တိုင်း မကျွေးနိုင်ဘူး။ တခါကို ၂၄ ယောက်ထက် ပိုပြီး မကျွေးနိုင်ဘူး။ ပေါင်မုံ့မရဘူး၊အာလူးတခုတည်းရတယ်။ ထမင်းအလျှင်းမရဘူး။ နောက်ပြီးတော့ တခါတည်းဟင်းလဲ တမယ်ထက်မပိုရ။ ကျွန်တော်တို့ ဆန်းကဖေးတို့ သွားစားတဲ့ လူတွေက ဟင်းတမယ်မကဘူး။ နှစ်မယ်မကဘူး၊သုံးမယ်မကဘူး၊လေးမယ်မကဘူး၊ စားချင်သလောက်စား၊ ဘာအကန့်အသက်မှမရှိဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်နေတယ်။ အင်္ဂလန်ပြည်မှာ အဲဒါမရဘူး။ ဆန်မရဘူး။ ပေါင်မုန့်ဆိုရင် အရင်ကထက် လျှော့ရတယ်။ တခြားတိင်းပြည်တွေမှာ အဲဒီလို ချွေချွေတာတာ ကြိုးပမ်းပြီးတော့ အခုနေအခါမယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကြေတယ်။ ကျွန်တော်တို့တိုင်းပြည်က ကျပ်ကျပ်တည်းတည်းနေရတဲ့ အထဲက ဒီလိုပေါလအော သုံးကြတုန်း စွဲကြတုန်းဘဲ။

အဲဒီတော့ ကျွန်တော်တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ပြောတယ်။ ဆီမရှိမစားနိုင်တာကတော့မှန်တယ်။ သို့သော် အဲဒီဆီတွေဟာ ဘာအတွက် သုံးနေကြတာလဲ။ ပုံပေါလအော သုံးသလား၊ မသုံးဘူးလား၊ တခြားတိုင်းပြည်တွေ သွားကြည့်ပါ။ ဆီကိုဒီလို ပုံပေါလအော သုံးနိုင်သလား၊ မသုံးနိုင်ဘူးလား၊ ခင်ဗျားတို့ဆီတွေကို ပုံပေါလအော သုံးနေတာ ခင်ဗျားတို့စိတ်ထဲမှာ ဘာမှ အရေးမကြီးဘူးလို့ ထင်တယ်။ အဲဒီလို ပုံပေါလအော သုံးတဲ့အတွက် ကုလားပြည်ကနေပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကြောင့် ခင်ဗျားတို့ဈေးကြီးတယ်။ ကြီးတယ်ဆိုတာ အကြောင်းပြချက်မှာ ခင်ဗျားတို့ ပုံပေါလအောသုံးနေလို့ ဒီဆီတွေကို တခြားနိုင်ငံက သွင်းနေရတဲ့အတွက်၊ အပိုသွင်းနေရတဲ့အတွက် ဈေးကြီးတယ်။ ကြီးတယ်ဆိုတာ အကြောင်းပြချက်မှာ ခင်ဗျားတို့ ပုံပေါလအောသုံးနေလို့ ဒီဆီတွေကို တခြားနိုင်ငံက သွင်းနေရတဲ့အတွက်၊ အပိုသွင်းနေရတဲ့အတွက် ဈေးကြီးတဲ့ နေရာမှာ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

ဥပမာ တစ်ခု၊ အကြောင်းတစ်ရပ်ကိုတော့ ကျွန်တော်ပြောပြမယ်။ ငရုတ်၊ ကြက်သွန်ကြည့်။ ဗမာပြည်မှ ငရုတ်၊ ကြက်သွန်က ကိုယ့်ဖာသာကိုယ် စိုက်ယင် မရင်နိုင်ဘူးလား။ ကျွန်တော်တို့ဆိုရင် ကျွန်တော့်အိမ်ဘေးမှာ ကျွန်တော်စိုက်တားတယ်။ အဲဒီ ကိုယ့်ဖာသာ ကိုယ်အိမ်ရာကွက်လပ် ရှိတဲ့လူတွေက၊ စိုက်ကြပါလား။ မစိုက်ကြဘူး။ ဈေးမှာ ကိုယ်တော်မြတ်တွေက ၀ယ်စားချင်ကြတယ်။ ဈေးမှာ ၀ယ်စားတော့ အဲဒီငရုတ်၊ ကြက်သွန်တွေက ဘယ်ကလာတယ်မှတ်သလဲ။ အိန္ဒိယပြည်က လာတယ်။ အိန္ဒိယ ပြည်ကလာတော့ ခင်ဗျားတို့ အိန္ဒိယပြည်ကို ခင်ဗျားတို့ ပိုက်ဆံပေးနေရတယ်။ အဲဒီလိုပေးနေရတဲ့အတွက် ဒီတိုင်းပြည်မှာ ရနိုင်တဲ့ပစ္စည်းကို တခြားနိုင်ငံက ၀ယ်နေရတဲ့အတွက် ခင်ဗျားတိုပမှာ အခုဈေးကြီးတယ်။ ကြီးတယ်ဆိုတာ ဒါတွေဖြစ်တာဘဲ။ အကြောင်းတစ်ရပ်က ဆန်စားတဲ့နေရာမှာ ကျွန်တော်တို့ ဆန်စားတဲ့အနေနဲ့ ဒီအဟာရဓာတ်ကျမ်းတွေကို နားလည်တဲ့ လူတွေနဲ့ သေသေချာချာ ကြည့်မယ်ဆိုရင်၊ ကျွန်တော်တို့တိုင်းပြည်မှာ စားရတဲ့ အဟာရ အကုန်ပျမ်းမျှခြင်း တွက်ကြည့်မည်ဆိုရင် တခြားနိုင်ငံတွေထက် ပိုနေတယ်။ ပိုနေတော့ အခုကျွန်တော်တို့ ပြည်မှာ ဆန်ကတော့ လုံလောက်တယ်။ လုံလောက်ရုံတင်မကဘူး။ ပိုနေတယ်။ နိုင်ငံခြား တင်ရတယ်။ တင်ရောင်းရတယ်။ နိုင်ငံခြား တင်ရောင်းရပေမယ့် ကျွန်တောတို့ စစ်မဖြစ်ခင်ကလောက် မပိုဘူး။ ပိုပို လျှံလျှံ မရှိဘူး။ အဲဒီမှာ ကျွန်တော်တို့ ကုန်တွေ စားတာကလဲ ရှေးကထက် လျှော့လဲမစားဘူး။ အရင်က လိုဘဲ ပုံပေါလအော စားတုန်းဘဲ၊ အပိုတွေ အများကြီးရှိတုန်းပဲ။

အဲဒီတော့ကော ယခုဖြစ်နေတာက စစ်မဖြစ်ခင်ကလောက် ဆန်မထွက်ဘူး။ ဆန်မထွက်တဲ့အထဲမှာ ကျွန်တော်တို့ လျှော့စားကြသလားဆိုတော့ လျှော့မစားဘဲ ပုံပေါလအောင် စားနေကြတုန်းဘဲ။ အဲဒီအထဲမှာ ဆန်လှူတဲ့အတွက် ငွေတစ်ကုဋေကျော်ဖိုးလဲ ဆုံးသေးတယ်။ ကျွန်တော်တို့တိုင်းပြည်က ၀င်ကုန်နဲ့ ထွက်ကုန်မှာ အရင်စစ်မဖြစ်ခင်တုန်းက များတယ်။ အဲဒီများတဲ့ နေရာမှာလဲ ဆန်ကုန်ကူးတဲ့အတွက် အမြတ်အများဆုံးရတယ်။ ယခု ဆန်ကိုသာလျှင် ကျွန်တော်တို့ အများဆုံး အားကိုးရတယ်။ အဲဒီလို ဗမာတွေရဲ့  အသက်မသေခင်ဖြစ်တဲ့ ကိစ္စမှာ စစ်ပြီးတော့ ပျက်စီးနေတဲ့အတွက် နွားတွေလုသွား၊ နောက်ပြီးတော့ သူခိုး ဓားပြဟောင်းတွေ သောင်းကျန်းမှုတွေကြောင့် လယ်ယာတွေ ကောင်းကောင်း မလုပ်ရတဲ့အတွက်ကြောင့်၊ ရှေးကလဲ မထွက်ဘူး။ ရှေးကလဲ မလုပ်နိုင်ဘူး။ အဲဒီမထဲမှာ ခင်ဗျားတို့ ပုံပေါလအော စားတုန်းဘဲ။ အဲဒီအထဲမှာ ဆန်လုတဲ့လူက လုကြတယ်။ ငွေတစ်ကုဋေကျော်ဖိုး ဆုံးသွားတယ်။ အဲဒီလိုဖြစ်တော့ကာ ဒီလိုဖြစ်နေတာတွေ ခင်ဗျားတို့ ကျပ်တယ်၊ ကျပ်တယ်ဆိုတာ၊ ဒါဘာအံ့သြစရာ ရှိသလဲ၊ ကျပ်မှာဘဲလို့ ကျွန်တော်တို့က ပြောချင်တယ်။

အဲဒီတော့ ယခုတိုင်းပြည်မှာ မငြိမ်အသက်ဖြစ်နေတဲ့ကိစ္စ ဆူဆူပူပူ ဖြစ်နေတဲ့ ကိစ္စတွေဟာ တိုင်းပြည်အတွက် အကျိုးရှိသလာ။ အကျိုးမရှိဘူးလား ဆိုတာ ခင်ဗျားတို့ ထပ်မစဉ်းစားကြည့်။ ခင်ဗျားတို့ အကျိုးရှိတယ်၊ မရှိဘူးဆိုတာ ခင်ဗျားတို့ စဉ်းစားဖို့လိုတယ်။ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က တစ်ခါတလေ အပြောအဆိုမှားတာရှိရင် ရှိမယ်။ သို့သော်လဲဘဲ စေတနာကတော့ သန့်ရှင်းလျက်ပါဘဲ။ ဒါကျွန်တော်သေသေချာချာ ၀န်ခံရဲပါတယ်။ ဖ၊ဆ၊ပ၊လ ဖွဲ့က ပုဂိုလ်တစ်ဦး တစ်ယောက်တည်းက ဖောက်ပြန်သွားတဲ့လူရှိချင် ရှိမယ်။ သို့သော်လည်း အဖွဲ့အနေအားဖြင့် ဘယ်တော့မှ မဖောက်ပြန်ဘူးဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီအတိုင်းဘဲ မဖောက်ပြန်တဲ့ သန့်ရှင်းတဲ့စေတနာနဲ့ ခြေလှမ်းမှန်မှန်နဲ့ နေပြီးဗမာပြည် လွတ်လပ်ရေးရအောင်ဆိုပြီး အကောင်အထည်ဖော်အောင် တစ်စတစ်စ ရုပ်လုံးလဲ ကျွန်တော်တို့ ပေါ်ပေါ်လာခဲ့ပြီ။ နောက်ရက်များမကြာမှီမှာဆိုရင် တစ်ဆင့်တက်ပြီး ခင်ဗျားတို့ အဲဒီ ရုပ်လုံးပေါ်လာတာကို မြင်ရမှာဘဲ။

တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာလဲဘဲ အဲဒီလိုဘဲ တစ်ဆင့်တက်ပြီး ရုပ်လုံးပေါ်လာတာ မြင်ရအုံးမှာဘဲ။ အဲဒီလိုပေါ်လာပြီးတော့ တစ်ဆင့်ထက်တစ်ဆင့် လုပ်နေရာမှာ အကောင်းဆုံး၊ အလွယ်ဆုံး၊ အအေးဆုံးဆိုတဲ့နည်းကို ကျွန်တော်တို့က ပထမဦးစွာ ကျွန်တော်တို့ရှာပြီး လုပ်မှာဘဲ။ သို့သော်လဲပဲ အဲဒီလိုလုပ်လို့ မရဘူးဆိုရင် ကျွန်တော်တို့ ရှေးကလဲပြောလာခဲ့တာတွေ ရှိပါတယ်။ "ခင်ဗျားတို့ပြန်ပြီး စဉ်းစားကြည့်။ အေးအေးနဲ့ မရရင်ရနိုင်တဲ့နည်းနဲ့ လုပ်ရမှာဘဲ။ ဒီတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကို အချုပ်အချာအာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော် မဟုတ်ဘူးလို့ ကျွန်တော်တို့ အဆီးအတား အာဏာလွှဲပြောင်းယူနိုင်အောင် ကျွန်တော်တို့ ပထမရှေးဦးစွာ ဒီသဘောကို ထားခြင်း သတ်မှတ်ထားတဲ့ အချိန်အခါရောကလို့ အကြည်အသာဆိုတဲ့ ကိစ္စမျိုး မဖြစ်လို့ရှိရင် ကျွန်တော်တို့က အတင်းလုပ်မှာဘဲ ဆိုတာတော့ ဒါပြောထားပြီးသား။ ဘာမှ ကျွန်တော် ထပ်ပြောနေစရာ မလိုပါဘူး။

ဒီတော့ အတင်းလုပ်တဲ့အခါမှာလဲ ခင်ဗျားတို့ အဆင်သင့် ရှိနေရမယ်။ ဆယ်ရေး တစ်ရေး၊ ကိုးရေး တစ်ရာ ရှိနေရမယ်။ ယခုအခါမှာလဲဘဲ ကိစ္စမပြီးသေးတော့ ကျွန်တော်တို့ သိပ်အားမလျှော့ရသေးဘူး။ ကျွန်တော် အရင်တစ်ခါ ပြောခဲ့သလိုဘဲ နိုင်ငံရေးဖက်က အေးနေပြီးတော့ကာ၊ မဟုတ်တဲ့နေရာမှာ ဆူတဲ့ပူတဲ့ဖက်က ပိုလာသလို ဖြစ်နေပါတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ဲဒီတော့ကာ အဲဒီလို မဟုတ်တဲ့နေရာမှာ ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့ လူတွေမှန်သမျှ ၀ိုင်းဝန်းကူညီနှိမ်နှင်းဖို့ လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့ မလိုဘူး။ သို့သော်လည်းဘဲ ဗမာပြည်ရဲ့  လွတ်လပ်ရေးကို ထူထောင်ရေး၊ ဗမာပြည်တိုင်းသူ ပြည်သား ညီညွတ်ရေး၊ လူထုရဲ့ ညီညွတ်ရေး ထက်ထမ်းပိုးတိုးပြီး လုပ်ကြဖို့လိုတယ်။ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကလဲ ဒီနေရာမှာဆိုရင် လုပ်လာတဲ့နေရာမှာ လိုသေးတယ်။ ကျွန်တော်လဲ သိပ်မကျေနပ်သေးဘူး။ အဲဒီတော့ကာ ဒါတွေအားလုံ အလုပ်လုပ်ကြဖို့လိုတယ်။ အဲဒီလို လုပ်နိုင်ကြမှသာလျှင် လွတ်လပ်ရေးဆိုတာလဲဘဲ ကျွန်တော်တို့ ရှေ့ ဆက်ပြီးတော့ကာ အားလုံး နင်းကန်ပြီးတော့ အလုပ်လုပ်နိုင်မှ အနှစ်၂၀ လောက်ကြာရင် တန်ကာကျမယ်။

အနှစ် ၂၀ လောက်ကြာရင် တန်ကာကြမယ်ဆိုတာက ကျွန်တော် နည်းနည်း ထပ်ရှင်းပြချင်သေးတယ်။ ဥပမာနဲ့ ပြောခဲ့ချင်တယ်။ ဥပမာ ပညာရေး ကြည့်မယ်။ ပညာရေးမယ် ကျွန်တော်တို့ဗမာပြည်မယ် အရင်စစ်မဖြစ်ခင် တုန်းကထက် အင်မတန်အောက်ကျ နောက်ကျ ဖြစ်နေတယ်။ အင်မတန် အောက်ကျ နောက်ကျ ဖြစ်နေတော့ကာ အခမဲ့ မူလတန်းပညာ မသင်မနေရ ဥပဒေ လုပ်ပေးပါလို့ ပြောတယ်။ ဥပဒေသာလုပ်ပေမဲ့၊ ဘယ်လောက်ကြိုးစား၊ ဘယ်လောက်အလုပ်လုပ်မှ၊ ဘယ်လောက်ကြာမှ အဲဒီအခမဲ့ မူလတန်း မသင်မနေရ ပညာဆိုတာ ဗမာပြည်တစ်ပြည်လုံး၊ ရွာတိုင်း၊ မြို့ တိုင်းမှာဖြစ်မလဲဆိုတာက အနှစ် ၂၀ ကြာလောက်မှ ဖြစ်လိမ့်မယ်။ ယခုရှိတဲ့ ဆရာတွေက အင်မတန်နည်းနေတယ်။ အဲဒီကျောင်းတွေမှာ သုံးမဲ့ပစ္စည်းကိရိယာ တန်ဆာပလာ၊ စာအုပ်ခဲတံ၊ ကျောက်သင်ပုန်း၊ ဘီဒိုအကုန်လုံးရှိရမယ်။ ဒါတွေလဲ စုံစုံလင်လင် ရှိရမယ်။ အဲဒီဟာတွေအတွက် ကုနမာ့်ငွေတွေဟာ ဘယ်လောက်ကုနမလဲဆိုရင်၊ ကုဋေပေါင်းအများကြိး ချီပြီးတော့ကုန်မယ်။ အနှစ် ၂၀ လောက် ကျွန်တော်တို့ ကုန်လုပ်ပါမှ အနှစ် ၂၀ လောက်ရှိမှ ခင်ဗျားတို့ ဗမာပြည်တစ်ပြည်လုံး အခမဲ့ မူလတန်း မသင်မနေရ ပညာဆိုတာ တစ်တိုင်းတစ်ပြည်လုံး ရွာတိုင်း၊ မြို့ တိုင်းမှာ ဖြစ်မယ်။

နောက်ပြီးတော့ ကျွန်တော်တို့ ကာကွယ်ရေးဖက်ကြည့်၊ စစ်တပ်တွေ အခု ကျွန်တော်တို့ရှိတဲ့ စစ်တပ်ဘာရှိသလဲ။ ကျွန်တော်တို့ရှိတဲ့ စစ်တပ် ဗမာပြည်မှာ ဆူတာပူတာ နှိမ်ဖို့တော့ လုံလောက်တယ်။ဘာဖြစ်လို့လဲ။ အဲဒီ ဆူတာပူတာရှိတဲ့အတွက် စစ်တပ်ရော။ ပုလိပ်တပ်ရော ခါတိုင်းထက် နှစ်ဆ အခုပိုထားနေရတယ်။ အဲဒီလို နျစ်ဆပိုထားရတဲ့အတွက် နှစ်ဆ ပိုစရိတ်ကုန်တယ်။ နှစ်ဆပို စရိတ်ကုန်တယ်ဆိုတာ ဘယ်သူဆီကလဲ၊ ခင်ဗျား တို့ ပေးတဲ့အခွန်တွေဆီက နှစ်ဆပိုစရိတ်ကုန်တယ်။ အဲဒီတော့ ခင်ဗျားဆို့မှာ အခုပြန်ဈေးကြီးတယ်။ ဈေးတွေကြီးတယ်။ ကြီးတယ်ဆိုတာ ဒီလိုအကြောင်းတွေဘဲ။ တိုင်းပြည် ကာကွယ်ဖို့ကိစ္စမှာ ကျွန်တော်တို့ စစ်တပ်တွေက မလုံလောက်သေးဘူး။ ကုန်းတပ်ဆိုတဲ့ ကုန်းတပ် စစ်တပ်ကလဲ ဘာမှ မဖြစ်လောက်သေးဘူး။ သံချပ်ကာ ကားတပ်ဆိုတာတွေ ရှိသေးဘူး။ ဒီတပ်မျိုးဟာ အခုလိုခေတ်မှာဖြစ်တဲ့ စစ်ကြီးမျိုးမှာဆိုရင် တော်တော်တန်တန် ကြီးမားတဲ့ ရန်သူနဲ့ အင်အားကောင်းကောင်းနဲ့ လက်နက်ကောင်းကောင်းနဲ့ တိုက်ခိုက်တယ်ဆိုရင် နာရီပိုင်းအတွင်း ပြုတ်မယ်။ အခု ကျွန်တော်တို့မှာ ရှိတဲ့ရေတပ်ဆိုတာက ဟန်ပြရေတပ်ဘဲ ရှိသေးတယ်။ တကယ့်တကယ် ဘာမှတိင်းပြည်ကို တကယ်မကာကွယ်နိုင်သေးဘူး။ လေတပ်ဆိုတာ အခုမှ စတုန်းရှိသေးတယ်။ အဲဒီတော့ကာေ လတပ်ကိုဘဲ ကျွန်တော်စဉ်းစားပြမယ်။ တခြားဟာတွေ မစသ်းစားနဲ့။ လေတပ်ဆိုလို့ရှိရင် ဒီတိုင်းပြည်လို လေတပ်မျိုးဟာ အဖျင်းဆုံး လေယာဉ်ပျံ ၅၀၀ လောက်ရှေ့ တန်း လေယာဉ်ပျံခေါ်ပါတယ်။ Firt line Plane အဖျင်းဆုံးစစ်ဖြစ်ဖြစ်ချင်း လေယာဉ်ပျံ ၅၀၀ လောက်ရှိမှ၊ ဒါတောင်မှ လုံလောက်တယ်လို့ မခေါ်နိုင်သေးဘူး။ သို့သော်လဲ တူတူတန်တန်ကလေး တိုက်နိုင်တယ်လို့ မခေါ်နိုင်သေးဘူး။ သို့သော်လဲ တူတူတန်တန်ကလေး တိုက်နိုင်တယ်။ လေယာဉ်ပျံတစ်စင်းတစ်စင်း ဘယ်လောက်ကျတယ်၊ ငါးသိန်း၊ တစ်သန်းစသည်ဖြင့် ကျတယ်။ အဲဒီတော့ လေယာဉ်ပျံအစင်း ၅၀၀ ဆိုရင် ခင်ဗျားတို့ တွက်ကြည့်ပါတော့။ ကုဋေ ၅၀ ကုန်မယ်။ ကုဋေ ၅၀ ကုန်ပြီး၊ အဲဒီလေယာဉ်ပျံတွေ ၅၀၀ က ရှေ့ မှာတိုက်တဲ့အခါ နောက်မှာက လေယာဉ်ပျံတစ်စင်းကို သုံး၊ လေးစင်း အရံထားရမယ်။ အဲဒီနောက်မှာက အဖျင်းဆုံးလေယာဉ်ပျံ ၅၀၀ ထပ်ဖြည့်မှဖြစ်မယ်။

အဲဒီဟာ ကုဋေ၅၀၊ ကုဋေ ၁၀၀ သွားရော၊ အဲဒီမှာ ပျက်တဲ့လေယာဉ်ပျံတွေကို ပြင်ဖို့ အလုပ်ရုံတွေ၊ ဘာတွေ၊ ညာတွေ ရှိရမယ်။ စက်ကိရိယာ တန်ဆာပလာ နားလည်တဲ့လူတွေ ရှိရမယ်။ အဲဒီလို လုပ်ပေးရမဲ့ လူတွေရှိရမယ်။ အဲဒါမျိုးတွေပေါ့ဗျာ။ ရှောက်ပြီး တွက်လိုက်မယ် ဆိုလို့ရှိရင် အမြောက်အမြားကို ကုန်မယ်။ ကုဋေပေါင်း အများကြီး ချီကုန်မယ်။ ကျွန်တော်တို့င်းပြည်က တစ်နှစ် တစ်နှစ် တစ်နှစ်ကို ရမဲ့ဝင်ငွေက တိုင်းပြည်ဆီက ရတဲ့အခွန်ငွေက ဘယ်လောက် ရမလဲ။ စစ်မဖြစ်ခင်က အလွန်ဆုံး ကုဋေ၂၀ပဲ ရတယ်။ အခီုစစ်ပြီးတာနဲ့ ကုဋေ ၂၂ ကုဋေရတယ်။ နောင်ကို ကျွန်တော်တို့က ဖျစ်ဖျစ်ညှစ်ညှစ်ရအောင် အမျိုးမျိုး စီမံကိန်းတွေနဲ့  လုပ်မယ်ဆိုရင် ကျွန်တော်တို့ နှစ်စဉ်နှစ်စဉ်ရဖို့ ကုဋေ၃၀ ဆိုတာ လွန်ရော ကျွံရောဘဲ။

ဒါဟာ အင်မတန် ပိုပိုကြိုကြို တွက်ထားတာဘဲ။ ကျွန်တော်တို့ စီမံကိန်းတွေလုပ်တဲ့ အခါမှာ အမြတ်အစွန်ရမယ်ဆိုတာက ချက်ချင်းရမချင်မှရမယ်။ အဲဒီတော့ကာ အဲဒီလို ဒီလောက်တိုင်းပြည်ရဲ့ ဝင်ငွေကျတော့ နည်းနေပြီးတော့ ကျွန်တော်တို့ ကုန်ရမဲ့ ဟာတွေကတော့ လေယာဉ်ပျံတပ်ဘဲ ကြည့်မယ်လိုက်မယ်ဆိုရင် ကုဋေ အဖျင်းဆုံး ၁၅၀-၂၀၀ လောက်ကျမဲ့ဟာမျိုးဖြစ်နေတယ်။ အကုန်လုံးခြုံပြီး ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဟာ တကယ့်တကယ်တော့ စစ်တိုက်တဲ့ အချိန်မျိုးမှာ လူတစ်သန်း စစ်တပ်အင်အားရှိမှ ကောင်းမယ်ဆိုတော့၊ အဲဒီတော့ အခုကျွန်တော်တို့ ရှိနေတဲ့ စစ်တပ်တွေဟာ အခုနှစ်သောင်းလောင်ဘဲရှိတယ်။ နှစ်သောင်းလောက်ရှိတဲ့ စစ်ပတ်ကို နှစ်သောင်းလောက်ဆိုတာ ကျွန်တော် Army တင်ပြောတာ၊ Navy တို့၊ Air Force တို့ မပါသေးဘူး၊ အဲဒီတော့ နှစ်သောင်းလော်ကရှိတဲ့၊ အဲဒီ နှစ်သောင်းလောက်ဆိုတဲ့ စစ်တပ်တောင်မှ ငွေဘယ်လောက် ကုန်သလဲဆိုရင် ရှိစ်ကုဋေလောက်ကုန်တယ်။ အဲဒီ နှစ်သောင်းလောက်ရှိတဲ့ စစ်တပ်ကို ရှစ်ကုဋေကုန်ရင်၊ ကျွန်တော်တို့ တိုင်းပြည် ကာကွယ်ေ၇းအတွက် အဖျင်းဆုံး တစ်သန်းလောက် စစ်ဖြစ်လျှင်ဖြစ်ချင်း လိုတော့တာဘဲ။ ဒီတော့ သန်းပေါင်းဘယ်လောက် ကုန်မလဲဆိုတာ ခင်ဗျားတို့ဘဲ တွက်ကြည့်ပါတော့ဗျာ။ အဲဒီလို ကုန်တဲ့ငွေမျိုး၊ လူတွေ၊ ကျွန်တော်တို့က နောက်တစ်ခါ စစ်ကြီးမဖြစ်ခင် ကျွန်တော်တို့က အမြန်ဆုံးရအောင် လုပ်ရမယ်။

ဒီအနောအတွင်းမှာလဲဘဲ၊ ဟိုနေရာက မထိတထိစတာ၊ ဒီနေရာက မထိတထိ စတာကိုလဲ ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ရဲရမယ်။ဲဒိလို လုပ်နိုင်အောင်က ကျွန်တော်တို့ လုပ်ရမယ်ဆိုရင်၊ ခင်ဗျားတို့ ပြဲအောင် အလုပ်လုပ်ရမယ်။ အလုပ် မလုပ်ဘဲနဲ့တော့ လွတ်လပ်ရေးရပေမဲ့ ဘယ်နည်းနဲ့မှ ခင်ဗျားတို့ လွတ်လပ်ရေး အရသာကို ကျပ်ပြည့်တင်းပြည့် ခံစား စံစားရမှာ မဟုတ်ဘူးဆိုတာ ဘယ်လို အစိုးရဘဲ တက်တက်၊ ကွန်မြူနစ် အစိုးရဘဲ တက်ကတ်၊ ဆိုရှယ်လစ် အစိုးရဘဲတက်တက်။ ဘာအစိုးရဘဲတက်တက် အဲဒီ အလုပ်မလုပ်ဘဲနဲ့တော့ ခင်ဗျားတို့ မဖြစ်ဘူးဆိုတာကို ကျွန်တော်တစ်ထစ်ချ ရဲရဲကြီးပြောရဲတယ်။

အဲဒီတော့ကာ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်သမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ ကို လွတ်လပ်ရေး အရသာကို ခံစားစံစားချင်တယ်ဆိုရင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ကနေ့ပြောခဲ့ချင်တယ်။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။