September 14, 2009

တပ်ထွက်မိန့်ခွန်း

တပ်ထွက်မိန့်ခွန်း

ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်းဖြင့် ခန့်ခန့်ညားညား လွတ်လပ်စွာ နေလာခဲ့သော မြန်မာတို့အား နယ် ချဲ့ ဗြိတိသျှတို့က (၁၈၂၄ - ၂၆) ခုနှစ်များတွင် တကြိမ်၊ (၁၈၅၂ - ၅၄) ခုနှစ်များတွင်တကြိမ်၊ အကြောင်းအမျိုးမျိုး ရှာ၍ စစ်မက်ပြုခဲ့ကြ၏။ ယင်းစစ်ပွဲ နှစ်ကြိမ်တိုက်ခဲ့ပြီးနောက် အကြံသမား ဗြိတိသျှသည် မြန်မာ့နယ်မြေများဖြစ် သော အာသံ၊ မဏိပူရ၊ ရခိုင်၊ တနင်္သာရီနှင့် မြန်မာပြည်အောက်ပိုင်းတို့ကို ဇွတ်အတင်း နယ်ချဲ့  သိမ်းယူခဲ့လေသည် နောက်ဆုံးအကြိမ်ဖြစ်သော တတိယစစ်ပွဲ၌မူကား ဘုံဘေဘားမားသစ်မှုကို အကြောင်းပြလျက် ဗြိတိသျှတို့က မြန်မာပြည်ကို တိုက်ခိုက်သိမ်းယူရန် စီစဉ်လေ၏။ (၁၈၈၅)ခု ဇန်န၀ါရီလ (၁) ရက်နေ့တွင် မြန်မာပြည်ကိုသိမ်းယူလိုက်ကြောင်း ဗြိတိသျှတို့က ကြေငြာသည်။ ထိုအချိန်မှစ၍ မြန်မာ့လွတ်လပ် ရေး ဆုံးရှုံးရလေသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့ကို ဖမ်းဆီးသွားသောအခါ အစပထမ၌ မြန်မာတို့သည် ညောင်ရမ်းမင်းသားကို နန်းတင်၍ ဗြိတိသျှတို့ဆုတ်ခွာသွားလိမ့်မည်ဟု ထင်ထားကြ၏။ ကာနယ်စလေဒင်နှင့် ကင်းဝန်မင်းကြီး တို့ ကြီးမှူးသောယာယီ လွှတ်တော်မှ ထုတ်ပြန်သည့် အမိန့် များကို နားထောင်ခဲ့ကြ၏။ သို့သော် နောက်ပိုင်းတွင် အခွန်ကောက်ခံခြင်း၊ အုပ်ချုပ်ရေး ကိစ္စများတွင် ဗြိတိသျှတို့ အလိုကျ လုပ်လာခြင်းတို့ကြောင့် မြန်မာ့ထီးနန်းကို ဗြိတိသျှတို့ သိမ်းယူကြောင်း မောင်းနှင်မထုတ်ဘဲနှင့် ဗြိတိသျှတပ်များ မြန်မာ့နယ်မြေမှ ထွက်ခွာသွားကြမည် မဟုတ်ကြောင်း အဖြစ်မှန်ကို သိရှိလာကြလေ၏။ ထိုစဉ်က မြန်မာတို့ အခြေအနေကို ဗြိတိသျှစစ်အုပ်ချုပ်ရေးယ န္တရားတွင် အရေးကြီးသော ၀က်အူတချောင်းအဖြစ် ပါဝင်ခဲ့ရသူ "ဖီးဒင်းဟော" ၏ ကိုယ်တွေ့အဆိုမှာ အောက်ပါ အတိုင်းဖြစ်၏။

" . . .မင်းပြောင်း မင်းလွဲ လွန်စွာမြန်ခြင်းကြောင့် လူထုသည် အခိုက်အတန့်ဘာမျှ မကြံစည်တတ်ဘဲ တွေဝေ နေ၏။ မြန်မာတို့၏ အထင်ကား ဗြိတိသျှတို့သည် မကြာမီ ထွက်ခွာသွား၍ မြန်မာဘုရင့်အစိုးရအဖွဲ့သည် ပြန် Justify Fullလည်စိုးမိုး အုပ်ချုပ်လိမ့်မည်ဟု ထင်မှတ်ကြ၏။ ထိုအထင်ကြောင့် သူတို့သည် (၁၈၈၅)ခု နိုဝင်ဘာလမှ (၁၈၈၆) ခု ဇူလိုင်လအထိ သိသိသာသာ ငြိမ်သက်နေကြ၏။ (၁၈၈၆)ခု ဇူလိုင်လ ရောက်သောအခါ ကျွန်ုပ်တို့သည် ကျေး လက်အုပ်ချုပ်ရေးကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်းများကို ဆောင်ရွက်လာကြသည်။ မြန်မာလူမျိုးတို့သည် မည်သည့်ချုပ်ချယ်မှုကိုမျှလည်း အလိုရှိသောလူမျိုးမဟုတ်၊ တိတိကျကျအားဖြင့် နိုင်ငံခြားသားများ၏ အုပ်ချုပ်ြ ခင်းကို နည်းနည်းမျှ လိုလားကြသူများမဟုတ်ကြ၊ ထို့ကြောင့် မြန်မာတို့သည်အတိုက်အခိုက် ကျွမ်းကျင်သူများ ကို ခေါင်းဆောင်တင်မြှောက်ကာ ကျွန်ုပ်တို့ကို စတင်တိုက်ခိုက်ကြလေတော့၏။ ဤနည်းဖြင့် မြန်မာပြည် အထက်ပိုင်း ဗန်းမော်မှ အလယ်ပိုင်း မင်းလှမြို့ အထိ၊ ရှမ်းပြည်မှသည် ချင်းတောင်တန်းများအထိ တပြည်လုံး အုံးအုံးကျွက်ကျွက် ဆူပွက်ပုန်ကန် တိုက်ခိုက်ကြပါတော့သည်။ . . ."

ထိုစဉ်က "ကုလားကျွန် ဖြစ်နေရခြင်းထက် တိုက်ခိုက်ရင်း သေရသည်ကမြတ်သေးသည်" ဟု ကြိမ်းဝါး၍ဗြိ တိသျှတို့ကို ခုခံတိုက်ခိုက်နေကြသော မြန်မာ မျိုးချစ်ပုဂ္ဂိုလ်တို့၏ လွတ်လပ်ရေး မြတ်နိုးစိတ်ကား အံ့ချီးဖွယ်ပင် ဖြစ်၏။ တပ်သားပေါင်း (၉,၄၆၇) ယောက်ဖြင့် သီပေါမင်းကို ဖမ်းဆီး၍ တိုင်းပြည်ကိုသိမ်းယူခဲ့သော ဗြိတိသျှတို့ သည် မျိုးချစ် သူပုန်များကိုနိုင်နင်းအောင် မတိုက်နိုင်ခဲ့ချေ။ ထို့ကြောင့် ဗြိတိသျှ စစ်သေနာပတိ ဆာဖရက်ဒရစ် ရောဘတ်သည် မိမိ၏ စစ်ဌာနချုပ်ရုံးကို မြန်မာပြည်သို့ ရွှေ့ ပြောင်းကာ စစ်သား(၃၂ ၀၀၀)၊ စစ်ရဲ (၈ ၅၀၀)တို့ ထပ်မံအင်အားဖြည့်တင်း၍ မြန်မာ့မျိုးချစ်တော်လှန်ရေးသမားများကို ဆယ်နှစ်ကျော်မျှ ဆက်လက်နှိမ်နင်းခဲ့ရ သည်ဟု ဆိုလေသည်။ မြန်မာပြည်ကိုလည်း စစ်အုပ်ချုပ်ရေးဖြင့်ယာယီ အုပ်ချုပ်ခဲ့လေသည်။

အထက်က ဆိုခဲ့သည့်အတိုင်း ဗြိတိသျှတို့က မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လာခဲ့ပြီးနောက် (၁၈၉၅ - ၁၈၉၇)ခုနှစ်တွင် (ဆာဖရက်ဒရစ် ဖရိုင်ယာ)ကို ဘုရင်ခံချုပ်ခန့်ထားပြီး၊ မြို့ ပြအုပ်ချုပ်ရေးအသွင်သ ဏ္ဍာန်ဖြင့် အုပ်ချုပ်လာပြန်သည်။ ဘုရင်ခံ၏ အတိုင်ပင်ခံ အဖြစ်ဖြင့် အမတ်ကိုးဦးကို စိတ်ကြိုက်ရွေးကောက် ခန့် ထားလေသည်။ (၁၉၀၉)ခုနှစ်တွင် "မင်တိုမော်လေ အုပ်ချုပ်ရေး ပြုပြင်မှု"ပေါ်ပေါက်လာရာ၊ ကောင်စီတွင် အ မတ်ဦးရေ ကိုးဦးမှ(၁၅)ဦး၊ ထို့နောက် (၁၇)ဦးအထိ တိုးချဲ့ ခန့်ထားလာခဲ့သည်။ (၁၉၂၀) ခုနှစ်တွင်မူကား ဘုရင်ခံ ၏အကြံပေးကောင်စီအမတ်ဦးရေမှာ (၂၈) ဦးအထိ တိုးချဲ့ ခန့်ထားလာသည်။

ဗြိတိသျှလက်အောက် ရောက်ရှိနေသော မြန်မာတို့သည် တိုင်းခြားကျွန်ဘ၀အဖြစ်နေရခြင်းကို မည်သည့် အခါကမျှကျေနပ်ကြသည်မဟုတ်။ (၁၉၀၆) ခုနှစ်တွင် (၀ိုင်အမ်ဘီအေ) ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို စ တင်တည်ထောင်ပြီး အမျိုး၊ ဘာသာ၊ သာသနာအတွက် ဆောင်ရွက်ကြ၏။ (၁၉၁၀)ပြည့်နှစ်သို့ရောက်သောအ ခါ ရန်ကုန်မြို့ တွင်သာ မဟုတ်မူဘဲ နယ်အသီးသီးတွင်လည်း (၀ိုင်အမ်ဘီအေ) အသင်းခွဲများကို ဖွဲ့စည်းလာကြ သည်။ မြန်မာပြည်လုံးဆိုင်ရာ (၀ိုင်အမ်ဘီအေ)အသင်းသားများ၏အစည်းအဝေးကို (၁၉၁၁)ခုနှစ်၌ ရန်ကုန်မြို့  တွင် စည်းဝေးကြ၏။ ယင်းနိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးမှပင် (၀ိုင်အမ်ဘီအေ)အဖွဲ့များ၏အသင်းချုပ်ကြီး ဖွဲ့စည်းသင့်ကြောင်း ဆုံးဖြတ်ချက် အမှတ်(၈)၌ ဆုံးဖြတ် ပြဋ္ဌာန်းခဲ့ကြလေသည်။

သို့ရာတွင် "နိုင်ငံလုံးဆိုင်ရာ (၀ိုင်အမ်ဘီအေ)နှင့်အလားတူ အသင်းများ၏ အသင်းချုပ်ကြီး" ဟု ခေါ်တွင် နေခဲ့ရာမှ " မြန်မာအမျိုးသားအသင်းအဖွဲ့များ၏ အသင်းချုပ်ကြီး "ဟုပြောင်းလွှဲ၍ လက်တွေ့ခေါ်ဝေါ်ဆောင်ရွက် လာသည်မှာ ဦးဘေဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော (၁၉၂၀)ပြည့် အောက်တိုဘာလ(၂၉)ရက်မှ (၃၁)ရက်နေ့အ ထိကျင်းပခဲ့သည့်ပြည်မြို့  အစည်းအဝေးကြီးမှစတင်ခဲ့၏။ ဤသို့ခေါ်တွင် ဆောင်ရွက်ရန်ယင်းအစည်းအဝေးကြီး ၏ဆုံးဖြတ်ချက်အပိုဒ် (၂၄)တွင်ဆုံးဖြတ်ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်လေသည်။ (ဂျီစီဘီအေ) အဖွဲ့ချုပ်ကြီး ပေါ်ပေါက် လာခြင်းသည် မြန်မာ့ ဇာတိမာန်စိတ်ဓါတ်ကို ပိုမိုတောက်ပြောင်လာစေအောင် နှိုးဆွပေးရာရောက်ခဲ့၏။ ယင်း(၁၉၉၁)ခုနှစ်မှာပင် (ဂျီစီဘီအေ) အဖွဲ့ချုပ်အတွင်း ပါဝင်ဆောင်ရွက်သော လူငယ်များဦးစီးသည့် သူရိယ သတင်းစာသည် စတင်ပေါ်ထွက်လာပြန်သည်။ သူရိယသတင်းစာ၏ ရည်သန်ရင်းမှာ ဗြိတိသျှတို့၏ ဖိနှိပ်မှုများကို ဖော်ပြခုခံရန်နှင့် အမျိုးသားတို့နိုးကြားကြစေရန် ရည်သန်ရေးသားရန် အဓိကဟု ဆိုလေသည်။ ထို(ဂျီစီဘီအေ)၀ံသာနုများ ခေတ်တွင် အမျိုးသားစိတ်ဓါတ်၊ လွတ်လပ်ရေးစိတ်ဓါတ်များ အလွန်ပွားများ တိုးတက်၍ လာသည်။ မြန်မာအမျိုးသားတို့၏ ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်ရေး အထိမ်းအမှတ်ဖြစ်သော ဒေါင်း တံဆိပ်ကို ပုဝါများ၊ လုံချည်များ၊ အလံများတွင်သုံးစွဲလာကြသဖြင့် ဒေါင်းပုဝါ၊ ဒေါင်းလုံချည်၊ ဒေါင်းအလံများနှင့် တိုင်းရင်းဖြစ်ပင်နီများ အတော်ပင် ခေတ်စားလာခဲ့သည်။

(၀ိုင်အမ်ဘီအေ) အသင်းကြီးမှ အသင်းချုပ်ကြီးမှ(ဂျီစီဘီအေ) အသင်းချုပ်ကြီးအဖြစ်သို့ တိုးတက်ကူး ပြောင်းလာသော မြန်မာ့နိုင်ငံရေးသည် အမျိုး၊ ဘာသာ၊ သာသနာဟူသော ကြွေးကြော်သံများ တုန်ဟည်းကာ အရှိန်ပြင်းစွာဖြင့် ထတောက်တော့မည့်မီးခဲကဲ့သို့ ရဲရဲညီး၍နေလေ၏။ ယင်းခရစ်နှစ် (၁၉၂၀)ခုနှစ်ကား ဤမျှသာ ထူးခြားပြောင်းလဲခဲ့သည် မဟုတ်သေး။ ထိုနှစ်၌ ရန်ကုန်ကောလိပ် ကျောင်းသားများနှင့်တကွ အခြားကျောင်း များ၊ ကျောင်းသားများတို့က ယူနီဗာစီတီ အက်ဥပဒေပုဒ်မ(၁)(၂)တို့ကို အတည်မပြုရန် တောင်းဆိုကြ၏။ ကျောင်းသားများနှင့် ပြည်သူလူထုက ကန့်ကွက်နေကြသည့် ကြားထဲမှပင် ယူနီဗာစီတီအကဥပဒေကို အတည်ပြုကြောင်း မြန်မာပြည်ဆိုင်ရာ အတွင်းဝန်မစ္စတာ ဘုဂရေဗလီ အမည်နှင့် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်၏။ ထို့ကြောင့် ရန်ကုန်ကောလိပ် ကျောင်းသားများသည် ဒီဇင်ဘာလ(၅)ရက်နေ့တွင် ဗဟန်း ဦးအရိယကျောင်းတိုက်သို့သွားပြီး စည်းဝေးဆွေးနွေးကာ ယင်းအက်ဥပဒေကို သပိတ်မှောက်ရန် ဆုံး ဖြတ်လိုက်ကြသည်။ ရန်ကုန်ကောလိပ်ကျောင်းကို သပိတ်မှောက်၍ ဆုံးဖြတ်လိုက်ကြသည်။ ရန်ကုန်ကောလိပ် ကျောင်းကို သပိတ်မှောက်၍ အမျိုးသားတက္ကသိုလ်၊ အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ခဲ့ကြသည်။

ယင်းသို့ ဗြိတိသျှတို့၏ ဖိနှိပ်မှုကို စတင်တွန်းလှန်၍ ကျွန်ပညာကို ရဲဝံ့စွာ သပိတ်မှောက်ခြင်းမှာ ထိုခေတ် ထိုအခါက အခြေအနေဖြင့် ဆိုလျှင် မြန်မာတမျိုးသားလုံး၏ ဇာတိမာန်စိတ်၊ အမျိုးသား၊ စိတ်ဓါတ်များ တဖွားဖွား တက်ကြွလာစေခဲ့၏။ (၁၉၂၁) ခုနှစ်တွင် မန္တလေးမြို့ ၌ ကျင်းပသော (ဂျီစီဘီအေ) အသင်းချုပ်ကြီး၏ န၀မအ ကြိမ်မြောက် ကွန်ဖရင့်ကြီးက ကျောင်းသားများ သပိတ်မှောက်လာကြသော တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို “အမျိုးသားနေ့” ဟုသတ်မှတ်ရန်ဆွေးနွေးပြီး တနိုင်ငံလုံး နှစ်စဉ် ကျင်းပစေခဲ့သည်။

ယူနီဗာစီတီကောလိပ်ကို သပိတ်မှောက်ပြီး အမျိုးသားကောလိပ်တည်ထောင်ကြသည်။ အမျိုးသား ကျောင်းများ တည်ထောင်ပြီး မျိုးချစ်စိတ်၊ တိုင်းချစ်စိတ်ဓါတ်များဝင်စား လာကြစေရန်ပုံသွန်းလောင်းကြသည်။ ယင်းအမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများကပင်လျှင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်လောင်း သားကောင်းရတနာများကို မွေးထုတ်ပေးခဲ့လေသည်။

အရှိန်ကောင်းကောင်းနှင့် စည်းလုံးညီညွတ်နေခဲ့သော (ဂျီစီဘီအေ) သည် န၀မကွန်ဖရင့်နှင့် သရက်မြို့  တွင်ကျင်းပသော ဒသမအကြိမ်မြောက် ကွန်ဖရင့်များတွင် ကွဲပြဲရန်အက်သံပါလာလေ၏။ ဤအတွင်းစည်းလုံးညီ ညွတ်နေသော(ဂျီစီဘီအေ)အသင်းချုပ်ကြီးကို ဗြိတိသျှနယ်ချဲ့ သမားက (၁၉၁၉)ခုနှစ်အိန္ဒိယအက်ဥပဒေအရ ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ရိုက်ခွဲလိုက်လေရာ အင်အားကောင်းလှသော(ဂျီစီဘီအေ)ကြီးမှာ အစိတ်စိတ်အမြွှာ မြွှာ ကွဲပြားသွားလေ၏။ “ဒိုင်အာခီ” ဆိုသော သိုးဆောင်းတို့၏ စကားအဓိပ္ပါယ်မှာ“နှစ်ခြမ်းခွဲ၍ အုပ်ချုပ်သောစ နစ်”ဟုဆိုလိုသည်။

ကွဲပြားနေသော သမ္မတ ဦးစိုးသိမ်း၏ (ဂျီစီဘီအေ)တွင် သာယာဝတီနယ်မှ ဆရာဦးစံရှားဆိုသူပုဂ္ဂိုလ်တ ဦးမှာ စည်းရုံးရေးကိစ္စများနှင့် (ဂျီစီဘီအေ) ၀ံသာနုလုပ်ငန်းများတွင် တက်ကြွစွာဆောင်ရွက်ခြင်းကြောင့် ထင်ရှားလာသည်။ (၁၉၃၀)ပြည့်နှစ်တွင် သာယာဝတီနယ်မှ လယ်သမားများက မိုးခေါင်ပြီး သီးနှံများ ပျက်စီးသဖြင့် အခွန် တော်လွတ်ငြိမ်းခွင့်ကို လျှောက်ထားကြ၏။ ထိုအချိန်က ခေတ္တဘုရင်ခံ ဖြစ်၍နေသော မြန်မာလူမျိုး“ဆာဂျေအေ ဦးမောင်ကြီး” က “မည်သို့မျှသက်သာခွင့်မပေးနိုင်”ဟုငြင်းလိုက်၏။ ထို့နောက် အစိုးရက အခွန်မပေးနိုင်သော (ဂျီစီဘီအေ) အသင်းဝင် လယ်သမားများ၏ အိမ်နှင့် ပစ္စည်းများ၊ လှည်း၊ နွား၊ ကြက်၊၀က်များကို ဇွတ်အတင်း သိမ်းယူလေသည်။ (ဂျီစီဘီအေ)အသင်းဝင်များကိုဖိနှိပ်ခြင်း၊ ညှင်းဆဲခြင်း၊ ထောင်ချခြင်း၊ ရွာများကိုမီးရှို့ ခြင်း၊ သေနတ်ဖြင့် ပစ်ခြင်းများကို ဗြိတိသျှလက်ပါးစေအစိုးရက ဆက်တိုက်ပြုမူလာလေတော့သည်။ ဖော်ပြခဲ့သော ဦးစံရှားခေါ် ဆရာစံနှင့် (ဂျီစီဘီအေ) ၀ံသာနုအသင်းဝင်များတောင်သူလယ်သမားများသည်“ဤသို့ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေရသည့်ကြားမှ ရက်စက်စွာ အဖိနှိပ်ခံနေရခြင်းထက် လွတ်လပ်ရေးအတွက် တိုက်ခိုက်ပြီး သေရတာကမြတ်သေး၏” ဟု သဘောထားလာကြ၏။ ထိုသူတို့သည် (၁၉၃၀)ပြည့်နှစ်ဒီဇင်ဘာလ(၂၂)ရက်နေ့ တွင် သာယာဝတီမြို့ အရှေ့ ဖက်ရှိ တောင်ညိုစခန်းမှနေပြီး ဗြိတိသျှတို့ကို စစ်ကြေငြာကာ စတင်တိုက်ခိုက်ကြ လေသည်။

တောင်သူလယ်သမား တော်လှန်မှုကြီးကို ဗြိတိသျှအစိုးရကလည်း ရက်စက်စွာ ဖိနှိပ်ခဲ့လေသည်။ မြန် မာပြည်ရှိ စစ်တပ်များဖြင့်နှိမ်နင်းမရနိုင်သောကြောင့် အိန္ဒိယမှစစ်ဗာရီတပ်များကို ခေါ်ယူအင်အားဖြည့်တင်း၍ နှိမ်နင်းခဲ့ရ၏။ ရွာများစွာတို့ကိုမီးရှို့ ၏။ မြန်မာအမျိုးသမီးများကို ဗြိတိသျှကြေးစားစစ်သားများက မုဒိမ်းကျင့်ခြင်း၊ ၀ံသာနုအသင်းဝင်များကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ထောင်ချခြင်းစသော လုပ်ငန်းများကို ဗြိ တိသျှတို့ မရှက်မကြောက် ပြုလုပ်ခဲ့ကြသည်။

ဆရာစံသည် ဗြိတိသျှတို့ကို လက်နက်ဖြင့် တော်လှန်တိုက်ခိုက်ရင်း နောက်ဆုံး၌ ရှမ်းပြည်မြောက်ပိုင်းရှိ ကျေးရွာတရွာတွင် ငှက်ဖျားမိ၍ အိပ်ရာထဲလဲနေစဉ် မစ္စတာဟေးယက်ခန်း အမည်ရှိပုလိပ် အင်စပက်တော်တဦး ၏ဖမ်းဆီးခြင်းကို ခံရ၏။ ထို့နောက် ဗြိတိသျှတို့က ခုံအဖွဲ့ဖွဲ့စည်း စစ်ဆေးပြီးနောက် ဆရာစံကို ကြိုးပေးသတ် ဖြတ်လိုက်လေသည်။ ဆရာစံ တော်လှန်ရေးသည် ဗြိတိသျှ လက်အောက် ကျရောက်နေသော မြန်မာတို့အား လွတ်လပ်ရေးကို လက်နက်ဖြင့် တော်လှန်ပုန်ကန်ယူမှသာ ရနိုင်မည်ဟူသော သင်ခန်းစာကိုပေးအပ်သွားခဲ့လေ သည်။

ထိုအမြင်နှင့် အယူအဆ သင်ခန်းစာကို အဓိကထား၍ (တို့ဗမာအစည်းအရုံးကြီး)သည် ဗမာ့လက်ရုံး တပ်များ၊ ကျောင်းသား သံမဏိတပ်များ၊ အပျော်ထမ်း ရဲတပ်များကို ဖွဲ့စည်းတည်ထောင်၍ လက်နက်ကိုင်တော် လှန်ရေးအတွက် စိတ်ဓါတ်များ သွင်းပေးခဲ့သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများနှင့် မြန်မာပြည် တပြည်လုံးရှိ ကျောင်းသားများသည် ကျောင်း သားသမဂ္ဂအသင်းများကို ဖွဲ့စည်း၍“ကျွန်ပညာ အလိုမရှိ” ဟုဟစ်အော်ကြွေးကြော်စ ပြုလာကြ၏။ (၁၉၃၆) ခုနှစ်တွင် ကျောင်းသားများသည် ဗြိတိသျှ ကိုလိုနီပညာရေး အရာရှိကြီးများ၏ မတရားဖိနှိပ်မှု ကို တော်လှန်သောအားဖြင့် ရန်ကုန်တက္ကသိုလ်မှ အစပြုကာ အထက်တန်းကျောင်းများပါ သပိတ်မှောက်ကြပြန် ၏။ ယင်း (၁၉၃၆)ခုနှစ် ကျောင်းသား သပိတ်သည်ကျောင်းသားရေးရာ ပြဿနာနှင့် ပက်သက်၍ သူတို့၏ တောင်းဆိုချက်များကို တင်းပြည့်ကျပ်ပြည့် မရရှိသော်လည်း အမျိုးသားရေး ရှုထောင့်မှနေ၍ ကြည့်လျှင်မူကား များစွာအမြတ်ထွက်သော သပိတ်ဖြစ်ပေသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုများသည် လယ်သမား၊ အလုပ်သမား လူတန်းစား ကျောင်းသားများ၏ နယ်ပယ်ထဲသို့အထိ နက်ရှိုင်းစွာစီးဝင် လှုပ်ရှားစ ပြုလာကြောင်း တွေ့ရှိကြရ လေသည်။

ဤအတွင်း (၁၉၃၈)ခု နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ရေနံချောင်း၊ ချောက်စသော ရေနံမြေ ရပ်ကွက် များတွင် ရေနံမြေ အလုပ်သမားများသည် ဗြိတိသျှအရင်းရှင်တို့ ဖိနှိပ်မှုများကြောင့် သပိတ်မှောက်နေကြ၏။ အ လုပ်သမားတပ်ကြီးသည် ဗြိတိသျှအရင်းရှင် ရေနံကုမ္ပဏီ၏ ဖိနှိပ်မှုများကို ပြည်သူလူထုထံတင်ပြရန်နှင့် အစိုးရထံ ဖြန်ဖြေပေးရေးအတွက် တောင်းဆိုရန် ရန်ကုန်သို့ ချီတက်လာခဲ့ကြသည်။ လယ်သီးစားအက်ဥပဒေကို လွှတ်တော်ကအတည်ပြုပေးရန် ဆန္ဒပြသော အားဖြင့် ပဲခူးနယ်မှ လယ်သမားပေါင်း(၂၀ ၀၀၀)နှစ်သောင်းကျော် တို့သည်လည်း ရန်ကုန်မြို့ သို့ ဆန္ဒပြချီတက်လာလျက်ရှိ၏။ ရေနံ အလုပ်သမားများ အရေးကြောင့် ကျောင်း သားသမဂ္ဂ ခေါင်းဆောင်များကို မကွေးမြို့ တွင် အစိုးရက ဖမ်းဆီးထား၏။ ယင်းသို့ ဖမ်းဆီးခြင်းကို ပြန်လည် လွှတ်ရန် ဆန္ဒပြတောင်းဆိုသော သဘောဖြင့် (၁၉၃ဂ) ခုဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ကျောင်းသားများ သည် အစိုးရ အတွင်းဝန်များ ရုံးကြီးကို ၀ိုင်း၍ အင်အားပြကြသည်။ ထိုသို့အင်အားပြသော ကျောင်းသားများကို အစိုးရက မြင်းနှင့်တိုက်၊ နံပတ်တုတ်နှင့်ရိုက်သဖြင့် ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်သေဆုံးပြီး ကျောင်းသူကျောင်းသား (၉၈)ဦး ဒဏ်ရာရရှိကာ၊ ကျောင်းသားခေါင်းဆောင်လေးဦး၊ သခင်နှစ်ဦးအဖမ်းခံရလေ သည်။ လက်နက်ဆို၍အပ်တချောင်းမျှ မပါရှိသော ကျောင်းသားလူငယ်များကို ဗြိတိသျှလက်ပါးစေအစိုးရက ဤ သို့ရက်စက်စွာ ဖိနှိပ်ခြင်းအတွက် တတိုင်းတပြည်လုံးက အစိုးရကို မုန်းတီးလာကြလေသည်။ အမြို့ မြို့ အရွာရွာ တွင် ညွှန့်ပေါင်းအစိုးရမသာချပွဲများကို ကျင်းပခဲ့ကြသည်။

ထိုစနက်မီးမှတဆင့် တတိုင်းပြည်လုံးရှိကျောင်းသားများသည် လှည်းနေ လှေအောင်း မြင်းစောင်းမ ကျန် ကျောင်းများကို သပိတ်မှောက်လိုက်ကြပြီးသော် ဗြိတိသျှအစိုးရ၏ မတရားမှုများကို ဖော်ထုတ်တိုက်ပွဲဝင် ကြလေသည်။ အလုပ်သမားတပ်အရေး၊ လယ်သမားအရေး၊ ကျောင်းသားများအရေး စသဖြင့် တတိုင်းပြည်လုံး မှာ တော်လှန်ရေး တိုက်ပွဲများဖြင့် ခြိမ့်ခြိမ့်ညံလျက်ရှိလေ၏။

မြန်မာတို့ကား လွတ်လပ်ရေးပန်းတိုင်သို့ မမောမပန်းချီတက်လျက်ပင်ရှိကြလေသည်။
၁၃၀၀(၁၉၃၈) ပြည့်နှစ် အရေးတော်ပုံတွင် ကျောင်းသားများအရိုက်အနှက် ခံရခြင်းသည်၎င်း၊ မန္တလေး မြို့ ၌ ရဟန်းတော်များ၊ ပြည်သူပြည်သားများနှင့် ကျောင်းသားများ သေနတ်ပစ်ခံရခြင်းသည်၎င်း၊ အလုပ်သမား၊ လယ်သမားများ ဖိနှိပ်ချုပ်ချယ်မှုခံရခြင်းသည်၎င်း၊ ထိုဖိနှိပ်မှုများသည် လွတ်လပ်ရေးကို စီတန်းလမ်းလျှောက်ဆ န္ဒပြ တောင်းဆို၍ မရနိုင်။ လက်နက်ကို လက်နက်ဖြင့် ပုန်ကန်မှသာ ရနိုင်မည်ဟူသော အမြင်အသိ သင်ခန်းစာ ကိုထပ်မံ၍ နှိုးဆော်ပေးရာရောက်လေသည်။ ထို့ကြောင့် တို့ဗမာ အစည်းအရုံးဝင် သခင်လူငယ်များ၊ ကျောင်း သားခေါင်းဆောင်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့သည် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲရန်၊ အစီအစဉ်များကို လျှို့ ဝှက်စွာ လုပ်ကိုင်ကြလေသည်။

ပြည်တွင်းညီညွှတ်ရေးအတွက် “ ဗမာ့ထွက်ရပ်ဂိုဏ်း ” ကိုတည်ထောင်ခဲ့ကြလေသည်။ ပြည်ပ နိုင်ငံတခု ခုနှင့် အဆက်အသွယ် ရှာဖွေရာတွင် နောက်ဆုံး၌ မရှောင်မလွှဲသာ ဂျပန်ပြည်သို့ ရောက်ရှိသွားပြီး ပြည်တွင်းပုန် ကန် ထကြွရေးကိုခေါင်းဆောင်မည့် လူငယ်များအား စစ်ပညာ သင်ကြားပေးရန် စီစဉ်ခဲ့ကြလေသည်။ ပြည်တွင်း၌လည်း မျိုးချစ်တော်လှန်ရေး အင်အားစုများသည် တော်လှန်ရေးအတွင်းသူပုန်အဖွဲ့များကို လျှို့ ဝှက်ဖွဲ့စည်း လှုပ်ရှားလျက်ရှိလေသည်။ (၁၉၄၁)ခု ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ယိုးဒယားပြည်ဘန် ကောက်မြို့ ၌ ထိုမြန်မာလူငယ်များတို့သည် ယိုးဒယားရောက်ရှိနေသော မြန်မာလူမျိုးတို့နှင့်ပူးပေါင်းကာ ဗမာ့ လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ကိုစတင် ဖွဲ့စည်းလိုက်၏။ ထို့နောက် မြန်မာပြည်သို့ ချီတက်လာကြပြီး လျှင် ဂျပန်တပ်များနှင့် ပူးပေါင်း၍ ဗြိတိသျှတို့အား မြန်မာ့မြေပေါ်မှ မောင်းနှင်ထုတ်ခဲ့ကြလေသည်။ မြန်မာ့မြေပေါ်သို့ ရောက်ရှိလျှင် အဆိုပါ ဂျပန်တပ်များက ပြည်သူလူထုကို ဖိနှိပ်ညှဉ်းဆဲ လာကြပြန်သည်။

တိုင်းပြည်၏အခြေအနေကားချည့်နဲ့ဆိုးရွားလှသည်။ “ကင်ပေတိုင်” ဟုခေါ်သော ဂျပန်စစ်ပုလိပ်တို့နှင့် ဂျပန်စစ်သားတို့၏ ရမ်းကားယုတ်မာမှုများ ဒဏ်ကို မရှုမလှ အံကြိတ်ကာ ခံနေကြရဆဲဖြစ်သည်။ ဂျပန်အရင်းရှင် များ ဖြစ်သော ကာနီဘို၊ ဂိုရှို၊ မစ်ဆုဘီရှီ စသော ဂျပန် ကုမ္ပဏီကြီးများကလည်း ဗမာ့စီးပွားရေးကို သွေးစုပ်လျက် ရှိကြသည်။ ဆီ၊ ၀ါဂွမ်း၊ ရေနံ၊ ရော်ဘာနှင့် ဆန်စပါးများကို ၎င်းကုမ္ပဏီကြီးတို့က လက်ဝါးကြီးအုပ်ထားကြသည်။ ဂျပန်ကပေးသော လွတ်လပ်ရေးကလည်း အတုအယောင်၊ အမျိုးသမီးနှင့် ဘုန်းတော်ကြီးများကိုပင်မရှောင်၊ ရက်စက်ယုတ်မာမှုများကလည်း တင်းကျမ်း၊ ဗမာ့စီးပွားရေးနှင့် အုပ်ချုပ်ရေးမှန်သမျှ ဂျပန်တို့ ပြုသမျှ နု၍နေကြ ရလေသော ဘ၀ကို ဗမာ့တပ်မတော်နှင့် မျိုးချစ်ပုဂ္ဂိုလ် မှန်သမျှက မခံမရပ်နိုင် ဖြစ်လာကြသည်။ ဗိုလ်ချုပ်အောင် ဆန်း ကြီးမှူးသော ဗမာ့တပ်မတော်သည် အထက်မြန်မာပြည်သို့ထိုးဖောက်ဝင်ရောက်၍လာသော ဗြိတိသျှနှင့် မဟာမိတ်တပ်များကို ချီတက် တိုက်ခိုက်မည်ဟု နည်းပရိယာယ်အသုံးပြု၍ ဂျပန်စစ် အာဏာပိုင်များနှင့် ဆွေး နွေးကြသည်။ ဂျပန် စစ်အာဏာပိုင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ အစီအစဉ်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံ လိုက်လေရာ စစ်မြေပြင်သို့ တပ်များချီတက်မည့် တပ်ထွက်အခမ်းအနား ကျင်းပရန်စီစဉ်လိုက်လေသည်။

ထို့ကြောင့် (၁၉၄၅) ခု၊ မတ်လ(၁၇)ရက်နေ့၌ ဗမာ့တပ်မတော်သည် ရန်ကုန်မြို့  ရွှေတိဂုံဘုရား အ နောက်မြောက်ဖက်ရှိ ကွင်းပြင်ကြီး(ယခုတော်လှန်ရေး ပန်းခြံနေရာ) တွင် စစ်ရေးပြအခမ်းအနားနှင့် တပ်ထွက် ပွဲ အခမ်းအနားကို ကျင်းပကြလေသည်။ ယင်းတပ်ထွက်အခမ်းအနားပွဲတွင် အတိုဆုံးနှင့် အရှင်းလင်း အထိ ရောက်ဆုံး ပြောကြားသွားသည့်ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

“ ရဲဘော်တို့ . . . .

အကျယ်ချဲ့ ပြီး ရှေရှေမပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲတွေနဲ့ရင် ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကို ပြပါ။ အထက်ဗိုလ်များရဲ့အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေကလဲ သာတူညီ မျှ ရဲဘောစိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက်မယ်။
ဗမာ့ရန်သူကို ချေမှုန်းကြ။
အနီးကပ်ဆုံး ရန်သူကိုရှာပြီးတိုက်ကြ။
ဒါဘဲ . . . .။ ”

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။