September 17, 2009

ပြည်သူ့လွတ်လပ်ရေး

၁၉၄၅ ခုနှစ်၊ သြဂုတ်လ ပြည်သူ့ အစည်းအဝေးကြီးတွင် မြွက်ကြားသည့် မိန့်ခွန်း

၁၉၄၅ ခု၊ သြဂုတ်လ ပထမပတ်အတွင်း (ဖဆပလ အဖွဲ့ချုပ်)တွင် နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ ဆွေးနွေးပွဲကို ကျင်းပခဲ့၏။ (ဖဆပလ) အဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်ကို နိုင်ငံရေးခေါင်းဆောင်များသာမဟုတ် ပြည်သူလူထုကြီးကပါ သဘောပေါက် ထောက်ခံလာစေရန်လည်း အရေးကြီး၏။ ထို့ကြောင့် ၁၉၄၅ ခု၊သြဂုတ်လ ၁၉ ရက်နေ့တွင် မြို့ လုံးကျွတ် လူထုအစည်းအဝေးကြီးကို ကန်တော်ကြီးနေ သူရိန် ကပွဲရုံ၌ ကျင်းပကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအစည်းအဝေးကြီး၌ (ဖဆပလအဖွဲ့ချုပ်) ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းများကို အောက်ပါအတိုင်း ရှင်းလင်း တင်ပြခဲ့သည်။

ကနေ့ မြို့ လုံးကျွတ် အစည်းအဝေးခေါ်ရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ ဗမာ့တပ်မတော် အပါအ၀င် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး အကြောင်းကို မြို့ သူမြို့ သားများနှင့် တိုင်းသူပြည် သားများအား ရှင်းလင်းပြောပြချင်လို့ဘဲ။ ပထမဆုံး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးနှင့် ပက်သက်ပြီး ရှင်းလင်းချင်တဲ့ အချက်ကတော့ ဒီအဖွဲ့ချုပ်ဟာ သခင်အဖွဲ့လို့ အများသိနေတဲ့ တို့ဗမာအစည်းအရုံးနှင့်လဲ မတူဘူး။ တို့ဗမာ အစည်းအရုံးက တို့ဗမာအစည်းအရုံးသက်သက်၊ အရင်တုန်းက တို့ဗမာအစည်းအရုံးထဲ ကျွန်တော်တို့ပါခဲ့ပါတယ် ။ အခု အကြောင်းကြောင်းတွေကြောင့် ကျွန်တော်တို့ မပါတော့ဘူး။

ဒုတိယ ကျွန်တော်ရှင်းပြချင်တဲ့အကြောင်းကတော့၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးဟာ ကွန်မြူနစ်ပါ တီလဲမဟုတ်ဘူး။ ကွန်မြူနစ်ပါတီကလူတွေဟာ ဒီအဖွဲ့ချုပ်ကြီးမှာ ၀င်လုပ်နေတာ မှန်တယ်။ ဒါပေမဲ့ သူတို့ပိုင်အ ဖွဲ့မဟုတ်ဘူး။ ဒီအဖွဲ့ချုပ်ကြီးကို ဂျပန် လက်ထက်မှာ ဂျပန်တွေက တိုင်းသူပြည်သားတွေ အပေါ် အမျိုးမျိုးစော် ကား၊ အမျိုးမျိုးနှိပ်စက်ပြီး ဘာမှအဆီအသားမရှိတဲ့ လွတ်လပ်ရေး ဗန်းပြသွေးစုပ်နေတော့ ကျုပ်တို့ တကယ်လွတ်လပ်ရေးကိုရအောင် တကယ်တိုက်ချင်တဲ့ လူတွေကို ပါတီမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး တ တိုင်းတပြည်လုံး သွေးစည်းပြီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ၁၉၄၄ ခု၊ သြဂုတ်လ အစလောက်မှာ တည် ထောင်လာခဲ့တယ်။ အဲဒီလို အဖွဲ့ချုပ်ကြီး မဖွဲ့ခင်ကတော့ ဟိုတစုဒီတစု ကျုပ်တို့က ကျုပ်တို့ချည်း၊ ကွန်မြူနစ်တွေ က ကွန်မြူနစ်တွေချည်း၊ ပြည်သူ့တော်လှန်ရေးအဖွဲ့က ပြည်သူ့တော်လှန်ရေး အဖွဲ့ချည်းသက်သက် ဆောင်ရွက် နေကြလို့ ကျုပ်ကစတင်ပြီး အကြံပေးတဲ့အတိုင်း အားလုံးစည်းရုံးပြီး ဂျပန်ကိုတိုက်ကြရအောင်လို့ နှိုးဆော်လို့ ဒီအဖွဲ့ကြီး ဖြစ်ပေါ်လာခဲ့တယ်။ ဒီအဖွဲ့ချုပ်ကြီးကို ဘယ်လိုဖွဲ့စည်းရမယ်။ ဘာရည်ရွယ်ချက်တွေနှင့် ဖွဲ့စည်းရမယ်ဆိုတဲ့ အချက်တွေကို ကျုပ်ကဘဲ စတင်စီမံပေးခဲ့တာဘဲ။ အဲသလို အဖွဲ့ချုပ်ကြီးကို လုပ်တဲ့အခါ ဘယ်အဖွဲ့ ဘယ်ပါတီရဲ့မူပိုင်သဘောမျိုးအဖြစ်နှင့်မှ ဖွဲ့ခဲ့တာမဟုတ်ဘူး။ တတိုင်းတပြည်လုံးရဲ့လွတ်လပ်ရေးကို အ ဓိကထားပြီး သွေးစည်းဖို့အတွက် ဖွဲ့စည်းခဲ့တာဘဲ။ သို့ပေမဲ့ တခုတော့ ရှိတယ်။ ကွန်မြူနစ် ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် အလုပ်လုပ်ယင် အလုပ်လုပ်တဲ့လူ တွင်ကျယ်မယ်ဆိုတာကိုတော့ အားလုံးနားလည်ဖို့လိုတယ်။

ဒါဖြင့် ဒီအဖွဲ့ချုပ်ကြီးဟာ ဘာလုပ်ခဲ့သလဲ၊ အိန္ဒိယပြည်၊ တရုတ်ပြည်မှာရှိတဲ့ တချို့ မျိုးချစ်လူငယ်တွေနဲ့ ကျွန်တော်တို့ အဆက်ရပြီး မဟာမိတ်တွေနှင့်အဆက်ရနိုင်သမျှရအောင်လုပ်တယ်။ ပြီးတော့ဘာနိုင်ငံခြား အဆက်မှမရရ ရရ ဂျပန်ဖက်ဆစ်များကို အမြန်ဆုံးတိုက်နိုင်အောင် စီမံစိုင်းပြင်းခဲ့တယ်။ နောက်ဆုံး မတ်လ ၂၇ ရက်နေ့က စပြီး တပြည်လုံးမှာ ကျုပ်တို့တပ်မတော်က ကြီးမှူးပြီး ဂျပန်ကို တော်လှန်ခဲ့တယ်။ အဲဒီ အရင်ကလဲ ရခိုင်ပြည်မှာ ရှိတဲ့ အရင် ၁၉၃၆ ခု၊ ကျောင်းသား သပိတ်တုန်းက သပိတ်မှောက် အဖွဲ့ချုပ် လူကြီးတဦးဖြစ်ခဲ့တဲ့ ကိုညိုထွန်းက ကမကထလုပ်လို့ ဦးပညာသီဟက ခေါင်းဆောင်ပြီး၊ ရခိုင်ပြည် အမျိုးသားများက မဟာမိတ်များ ပေးတဲ့ လက်နက်များနဲ့ ဂျပန်ကို ပုန်ကန်ခဲ့ကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသားများဖြစ်တဲ့ ကချင်တို့၊ ချင်းတို့က လဲ ဂျပန်ကို တိုက်ခဲ့တယ်။ ကရင်အမျိုးသားများလဲ ဒီကိစ္စမှာ စိုင်းပြင်းခဲ့တယ်။ နောက်ဆုံး သူတို့ဟာ တောင်ငူ နယ်မှာ အထူးသဖြင့် အောင်အောင်မြင်မြင်နှင့်ဂျပန်ကို တိုက်ခိုက်ခဲ့ကြတယ်။ ကျွန်တော်တို့ တပ်မတော်မှာ ရှိတဲ့ ကရင်တပ်ရင်းကလဲ မြစ်ဝကျွန်းပေါ် အနောက်ပိုင်းကို တာဝန်ယူတိုက်ခဲ့တယ်။

နောက် အထက်ဗမာပြည် မန္တလေးတ၀ိုက်မှာ ကွယ်လွန်သွားတဲ့ဗိုလ်မှူးကြီး ဗထူးကြီးမှူးပြီး၊ ကျုပ်တို့ တပ် မတော်က ဂျပန်ကို တိုက်ခိုက်ခဲ့တယ်။ ဗိုလ်မှူးကြီး ဗထူး တိုက်ပေးတဲ့အတွက် မန္တလေး တိုက်ပွဲဟာ လျင်မြန်စွာ အောင်မြင်ရတယ် ဆိုတာကို ဟိုတုန်းက ဗမာပြည်တိုက်ခိုက်ရေးကို ကြိးမှူးအုပ်ချုပ်ရတဲ့ မဟာမိတ် တပ်မတော် အမှတ်၁၄ တပ်မှူး လက်ဖတင်နင်ဂျင်နရယ် ဆာဝီလီယန်ဆလင်း ကိုယ်တိုင်ရေဒီယိုက ချီးကျူးပြောခဲ့တယ်။ နောက်ကိုလဲ ဗိုလ်မှူးကြီးဗထူးဟာမြို့တွေ ရွာတွေအမြောက်အမြားသိမ်းပြီး ရှမ်းပြည်ဖက် တက်တိုက်ခဲ့တယ်။ ဗိုလ်မှူးကြီးဗထူးကို မဟာမိတ် ဒီဝီဇံတပ်မှူးတိုင်းလိုလို သိကြတယ်။ ချီးကျူးတယ်။ ၄ နံပတ် တပ်မမှူးဖြစ်တဲ့ လက်ဖတင်နင် ဂျင်နရယ်မက်ဇာဗီက ဗိုလ်မှူးကြီးဗထူးရဲ့အကြောင်းကို (Despatcles) လန်ဒန်ဂေဇက်(ဘိလပ် အစိုးရဂေဇက်)ထဲမှာ ထဲ့ပြီး ကြေငြာမယ်လို့ ပြောခဲ့တယ်။ နောက်မိတ္ထီလာမှာ ရှိခဲ့တဲ့ တပ်ရင်း ၅ ကလဲ ဂျပန်ကို တိုက်ခဲ့တယ်။ တပြည်လုံးမှာတော့ မတ်လ ၂၈ ရက်နေ့က စပြီးတိုက်ခဲ့တယ်။ အဲဒီလို တိုက်ခဲ့တဲ့အခါ တောင်ငူဖက်မှာ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့နှင့် ကျုပ်တို့ တပ်မတော်က ဗိုလ်အကြပ် ၃၀ လောက်ကြီးမှူးပြီး ပြောက်ကျား တပ်များသီးခြားဖွဲ့ပြီးလဲ တိုက်ခဲ့တယ်။ ကျုပ်တို့ တပ်မတော်နှင့် ပြောက်ကျားတပ်တွေ တိုက်လိုက် တဲ့အတွက်၊ ဂျပန်ပေါင်း နှစ်သောင်းထက်မနည်း ကျဆုံးခဲ့တယ်။ သုံ့ပန်းပေါင်းနှစ်ရာ သုံးရာခန့် ဖမ်းမိတယ်။ ဂျပန်သုံ့ပန်း ဒီလောက်ဖမ်းနိုင်တယ်ဆိုတာ တော်တော်ကိုထူးခြားတယ်။ တခြား လူမျိုးတွေနဲ့ စစ်တိုက်ရတဲ့အခါ သုံ့ပန်းရဖို့လွယ်သလောက် ဂျပန်ကို သုံ့ပန်းရဖို့မလွယ်ဘူး။ ဒီအချက်ကို မဟာမိတ်တွေ ကိုယ်တိုင်က အသိအ မှတ်ပြုကြတယ်။ နောက် ကျွန်တော်တို့တပ်တွေ သိမ်းတဲ့ မြို့တွေ၊ ရွာတွေ၊ တိုက်ပွဲတွေအကြောင်းအစုံအလင်ကို တော့ နောက်မှ စာအုပ်စာတမ်းကျကျနနထုတ်တဲ့အခါ ခင်ဗျားတို့သိကြမှာဘဲ။ ထူးခြားတဲ့အချို့ အချက်တွေကို ဖော်ပြရရင် ဂျပန် လက်ဖတင်နင် ဂျင်နရယ်တယောက်၊ မေဂျာ ဂျင်နရယ်နှစ်ယောက်နှင့် အခြားအရေးကြီးတဲ့ ဂျ ပန်အရာရှိအမြာက်အမြားကို သတ်ဖြတ်ခဲ့တယ်။ တောင်ငူနယ်မှာ ပြောက်ကျားတပ်များက ကူညီတိုက်ခိုက်ခဲ့တဲ့ အတွက် မဟာမိတ်တပ်များ ရန်ကုန် အရောက်မြန်ခဲ့တယ်ဆိုတာကိုလဲ မဟာမိတ်များက အသိအမှတ်ပြုခဲ့တယ်။ မှောဘီ လေယာဉ်ပျံကွင်းမှာဂျပန်လေယာဉ်ပျံသုံးစင်းကို ဖျက်ဆီးခဲ့တယ်။

ဂျပန်တွေ သိမ်းထားတဲ့ စပါးအမြောက်အမြား၊ ပစ္စည်းအမြောက်အမြားတွေကို အပြေးမြန်တဲ့အတွက်မီးမရှို့ နိုင်ဘဲ ထားပစ်ခဲ့ရတယ်။ အဲဒါတွေထဲက အမြောက်အမြား ပစ္စည်းတွေကို စနစ်ကျတဲ့ နယ်သူနယ်သားတွေကို ဝေပေးနိုင်ခဲ့တယ်။ ပေါင်းတည်ဖက်မှ ချွေးတပ်ရှစ်ထောင်လောက်ကို ဂျပန်တွေဆီက ထွက်ပြေးသွားနိုင်အောင် လုပ်ခဲ့တယ်။ ရန်ကုန်မှာဆိုရင်လဲ ထောင်ကိုဖောက်၊ ဖမ်းထားတဲ့ ရဲဘော်တွေလွှတ်ပစ်လုပ်ခဲ့တယ်။ ကျွန်တော်တို့ တိုက်လိုက်တဲ့အတွက် ရန်ကုန်မြို့  ဂျပန်တွေ အပြေးမြန်ပြီး ဂျပန်အဖျက်အဆီး နည်းသွားတယ်။ နောက်ဆုံး စစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြတယ်။

ဒီလို ကျွန်တော်တို့ တိုက်တာကို ဘိလပ်မှာရှိတဲ့ သတင်းစာကြီးတွေကရော၊ ဥရောပတိုက်၊ အမေရိက၊ အိန္ဒိ ယ၊ တရုတ်ပြည်မှာရှိတဲ့ သတင်းစာကြီးတွေကရော ချီးကျူးရေးသားရတယ်။ အထူးသဖြင့် ဘိလပ်မှာ ရှိတဲ့နာ မည်အကြီးဆုံး လန်ဒန်တိုင်းသတင်းစာကြီးက ခေါင်းကြီးပိုင်းကနေပြီးကျကျနနရေးသားရတယ်။ အရင်တုန်းက ဗမာပြည်ရဲ့အကြောင်းကို ဒီသတင်းစာခေါင်းကြီးပိုင်းက သာမညလောက် ရေးသားဘူးရုံဘဲရှိတယ်။ ဒီတခါဘဲ ကျကျနန ကျွန်တော်တပ်မတော်ကိုချီးကျူးရေးသားတယ်။ ဘိလပ် ပါလီမန်မှာရော၊ သူတို့ထုတ်တဲ့ စက္ကူပြာတို့ စက္ကူဖြူတို့မှာရော ကျုပ်တို့ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနှင့် တပ်မတော်တို့ အကြောင်းကို အရေးတယူ ပြောဆိုရေးသားရတယ်။ ဒါတောင် သူတို့ ကျုပ်တို့တိုက်တာတွေ အကုန်မပြောသေးဘူး။ ထိမ်နိုင်သလောက် ထိမ်နိုင်သလောက် ထိမ်ထားသေးတယ်။

ဒါဖြင့် ကျုပ်တို့ ဘာအမြတ်ရသလဲဆိုယင် မူလအစ ကျုပ်တို့ ဂျပန်တို့ ထချတုန်းက ဘာကတိမှ ဗြိတိသျှအ စိုးရဆီက မရခဲ့ဘူး။ ဒါပေမဲ့ကျုပ်တို့က ဘာဈေးမှမဆစ်ဘဲ မှန်တယ်ထင်တဲ့ဖက်က ထွက်တိုက်ခဲ့တယ်။ ထင်တဲ့ အတိုင်းလဲ ဟုတ်တယ်ဆိုတာ အခုဖြစ်တဲ့ အဖြစ်အပျက်တွေက သက်သေခံနေတယ်။

ကမ္ဘာကြီးတခုလုံ: ဒီလိုကျုပ်တို့ဂျပန်ကို တိုက်တဲ့အကြောင်းသိတော့ ကမ္ဘာမှာရှိတဲ့မဟာမိတ်နိုင်ငံပေါင်းစုံ အကြည်ညိုလဲမပျက်ရအောင်၊ ဘိလပ်တိုင်းသူပြည်သားတို့ကလဲ အပြစ်မတင်နိုင်အောင်၊ ပြီးတော့ ဗမာပြည်ကို လဲ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာ သိတော့၊ ဗြိတိသျှအစိုးရက ခင်ဗျားတို့ချင်းသာ ညီညွတ်ပြီပြောကြ၊ လွတ် လပ်ရေးလိုချင်တောင်ပေးမယ်ဆိုတဲ့စကားမျိုးပြောနေရပြီ။ အခုကမ္ဘာကြီးအခြေအနေဟာသိပ်ကောင်းနေတယ် ။ ကမ္ဘာကြီးဟာ အများပြည်သူတို့ ဆန္ဒအရ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း ကိုယ့်အရေးကို ဆုံးဖြတ်နိုင်တဲ့ အခွင့် အရေးကို အရင်စစ်ကြီးပြီးစကထက် ပိုခရီးရောက်ရောက်နှင့် အသိအမှတ်ပြုနေရတယ်။ လမကြာခင် ဆန်ဖရန် စစ်စကို ကွန်ဖရင့်မှာ ရုရှားက လက်အောင်နိုင်ငံဟူသမျှ လုံးဝလွတ်လပ်ရေးပေးရမယ်။ မပေးနိုင်သေးတဲ့ တိုင်း ပြည်တွေကို နိုင်ငံပေါင်းစုံ သမာဓိအဖွဲ့တဖွဲ့က အုပ်ချုပ်ရမယ် အစရှိသဖြင့် ပြောခဲ့တယ်။ အင်္ဂလိပ်၊ အမေရိကန်တို့ ကဒီလောက်မလုပ်ပါနှင့်၊ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးလောက်ဘဲလုပ်ပေးလိုက်ပါလို့ လိုက်လျောပြောရတယ်။

ဘာဘဲဖြစ်ဖြစ် အရင် ကမ္ဘာစစ်ပြီးတုန်းက နိုင်ငံပေါင်းချုပ်အသင်းတုန်းက ဒီစကားမျိုး မပါဘူး။ အခု ပါလာရပြီ။ ဆန်ဖရန်စစ်စကို ကွန်ဖရင့်မှာ တရုတ်ပြည်က ကိုယ်စားလှယ်များက ဗမာပြည်ရဲ့ အရေးကို ထောက်ခံ အားပေးစကား ပြောကြားတယ်လို့လဲ သိရတယ်။ အရင်နိုင်ငံပေါင်းချုပ် အသင်းထက်၊ အခု နိုင်ငံပေါင်းချုပ်အ သင်းက လုံးဝခိုင်မာတယ် မဆိုနိုင်တောင် ပိုခိုင်မာတယ်ဆိုတာ ကမ္ဘာ့သတင်းစာကြီးများက ရေးကြ၊ ပြောကြ တယ်။ အရင်က ပထမ ရုရှားကို ၀ိုင်းပယ်ထားတယ်။ အရင်က နိုင်ငံပေါင်းချုပ်အသင်းကို ပြင်သစ်နှင့် အင်္ဂလိပ်က အုပ်စားမယ်ဆိုတဲ့ သဘောလုပ်ထားတယ်။ အခု ဘယ်သူမှ အုပ်စားချင်ပေမဲ့အုပ်မစားနိုင်အောင် အားချင်းမျှနေ တယ်။ ရုရှားကလဲ အားတောင့်တာဘဲ၊ အမေရိကန်ကလဲ အားတမျိုး တောင့်တာဘဲ။ အင်္ဂလိပ်နှင့် အမေရိကန်က ပေါင်းပြီး အုပ်စားမယ်စိတ်ကူးတောင် ရုရှားနှင့် နိုင်ငံကလေးပေါင်းများစွာကပေါင်းပြီးဖျက်လိုက်ရင် တဦးအပေါ် တဦး လွှမ်းမိုးဖို့ အင်မတန် ခဲယဉ်းမယ်။ ဘိလပ်မှာရှိတဲ့ လူတွေ၊ ဥရောပမှာရှိတဲ့လူတွေ၊ ကမ္ဘာမှာရှိတဲ့လူတွေက လဲ အားလုံးနိုးကြားပြီး ရှေးက ညာစားကြတဲ့လူတွေ အကုန်ဖြုတ်ချပစ်ပြီး ဥရောပတိုက်မှာ ဆိုလျှင် ပိုလန်ပြည် မှာ ပိုလန်ပြည်သူ ပြည်သားများအတွက် တကယ်လုပ်တဲ့လူတွေဟာ တွင်ကျယ်နေတယ်။

အစတုန်းကတော့ ဘိ လပ်ကို ပြေးသွားတဲ့ ပိုလန်ပြည်သူပြည်သားတွေကို အုပ်စားတဲ့လူညာအစိုးရ (ပိုလန်ပြည်မှာ သည့်ပြင်လူတွေက တိုက်နေတုန်း၊ သူတို့ဘိလပ်မှာ ထိုင်နေပြီး၊ ညာနေကြတာဘဲ)။ အဲသည် လူညာအစိုးရကို ဖျက်ပြီး တကယ်လုပ် တဲ့ လူတွေနဲ့ ပူးပေါင်းပြီး အစိုးရ အဖွဲ့သစ်ဖွဲ့ရတယ်။ ဘဲလ်ဂျီယန်မှာ လူတွေဟာ ရှင်ဘုရင်ဆိုတဲ့မျောက်ပြ ဆန် တောင်းတဲ့စနစ်ကို မကြိုက်တော့ဘဲ၊ အရေးကျတော့ ရှင်ဘုရင်တွေက ဘာမှခေါင်းဆောင် ခေါင်းရွက်မလုပ်နိုင် တော့၊ ရှင်ဘုရင်စနစ်ကို ဖြုတ်ကြလိမ့်မယ်လို့ ယူဆတယ်။ ဂရိတ်ပြည်မှာ အဲသည်အတိုင်းဘဲ။ ယူဂိုစလပ်ပြည်မှာတော့ မုချပြုတ်မှာဘဲ။ အဲဒီမှာ မာရှယ်တီးတိုးဆိုတဲ့ ပုဂ္ဂိုလ်ကြီးကလူမျိုးပေါင်းစုံကို ခေါင်းဆောင်ပြီး ဂျာမန်တွေကို အင်မတန် အောင်အောင်မြင်မြင် တိုက်နိုင်တဲ့အတွက် ဒီပုဂ္ဂိုလ်ကြီးနှင့် အဖွဲ့တွေဘဲတက်မှာဘဲ။ ပြင်သစ်မှာ ဆိုယင် လက်ဝဲဂိုဏ်းသားတွေ တက်နေကြပြီ။ မျူနီစီပယ် ရွေးကောက်ပွဲတွေမှာဆိုယင် သူတို့က အားများတယ်။

ဘိလပ်မှာတော့ ခင်ဗျားတို့ သိပြီးတို့အတိုင်း လေဘာတီက တက်တယ်။ အရင်တုန်းက တိုင်းပြည်အုပ်စားပြီး သူတို့ ဖျင်းလို့ ဂျာမန်နာဇီ ဂိုဏ်းတို့၊ အီတလီ ဖက်ဆစ်ဂိုဏ်းတို့ အားကြီးသွားခဲ့တယ်။ အဲဒီတော့တောင် ကထမ ကောင်းကောင်း မတိုက်ဘူး။ ဒါကြောင့် ပထမအကြီးအကျယ်ရှုံးခဲ့တယ်။ စစ်မရှည်သင့်ဘဲ ရှည်ခဲ့တယ်။ အဲဒီလို ညာစားခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီ ပြုတ်သွားပြီး၊ လေဘာပါတီဟာ အင်္ဂလိပ်ရာဇ၀င်မှာ ဒီတကြိမ်ဘဲ အပြတ်အသတ် ရွေးကောက်ပွဲ နိုင်ဘူးတယ်။ အရင်တုန်းက နှစ်ခါ နိုင်ဘူးပါရဲ့  ပြတ်ပြတ်သတ်သတ် မနိုင်လို့ ကောင်းကောင်း မလုပ်နိုင်ဘူး။ ကြာကြာ မခံဘူး။ အခုတော့ အပြတ်အသတ်နိုင်တယ်။ ဒါတင်မကဘူး၊ ရှေ့ ကို လေဘာပါတီက လူကြီးတွေ သိပ်မရှော်ယင်၊ တတက်တဲ တက်ဖို့လမ်းဘဲမြင်တယ်။ အလားအလာရှိတယ်။ အဲဒီလိုကမ္ဘာကြီး အခြေအနေက သိပ်ကောင်းတယ်

ဗမာပြည်က အခြေအနေကတော့ ကျုပ်ခုနက ပြောခဲ့သလိုဘဲ၊ ကျုပ်တို့ လုပ်ငန်းတွေဟာ ခြေရာလက်ရာ အကောင်အထည်နှင့် ရှိပြီးသားဘဲ။ ကျုပ်တို့ဟာ ဘယ်သူ့မှ ပုန်ခက်တာလဲမဟုတ်ဘူး။၊ ကျုပ်ပြောရဲတယ်။ ဒီဗမာ ပြည်မှာတိုင်းပြည်အတွက် ကျုပ်တို့ထက် ပိုလုပ်တဲလူ၊ အနစ်နာခံတဲ့လူ မရှိဘူးဆိုတာ ကျုပ်ပြောရဲတယ်။ ကျုပ်တို့ဆိုလို့ရှိရင် ဂျပန်လက်ထက်မှာဖြစ်ဖြစ်၊ အခုဖြစ်ဖြစ် ကျုပ်လိုချင်ရင် လိုချင်တဲ့ရာထူးရဖို့ မခဲယဉ်းပါဘူး။ ဂျပန်တွေတုန်းက မင်းတောင်ရှင်ဘုရင် ဖြစ်နိုင်သားဘဲ ဆိုတဲ့စကားမျိုး အပြောခံရတာဘဲ။ ဒါပေမယ့် ကျုပ်ဒီလို ရာထူးတွေကိုသာ ရည်ရွယ်ပြီး နိုင်ငံရေး အလုပ်ဘူမှတ်ပါ။ အခု ဒီလောက် ခဲယဉ်း ပင်ပန်းဘေးများတဲ့အလုပ် (အခုဟန်လို့သာ အသက်ရှင်နေတာ။ မဟန်ရင် ကြာလှပြီ ကျုပ်သေတာ။ အဲဒီလိုဆိုရင် ခင်ဗျားတို့ ကျုပ်နာမည်တောင် ကောင်းကောင်းပြောရဲမှာမဟုတ်ဘူး။) ကိုယ် လုပ်တယ်ဆိုတာ တိုင်းပြည်လွတ်လပ်ရေး လိုချင်လို့ဘဲ။

ကျုပ်တွင်လား၊ ကျုပ်ခေါင်းဆောင်နေတဲ့ တပ်မတော်သားတွေကအစ ဒီလောက် အပင်ပန်းခံ တိုက်နေတာ။ လခလဲ တပြားမှမရသေးဘူး။ အ၀တ်အစားလဲ ချို့ တဲ့တယ်၊ ဆေးဝါးလဲ ကောင်းကောင်း မလုံလောက်ဘူး။ လက်နက် ခဲယမ်းမီးကျောက်လဲ မပြည့်စုံဘူး။ အနားဆိုလို့လဲ မရဘူး။ မဟာမိတ်တွေဆီက အကူအညီဆိုတာလဲ ရသင့်သလောက် မရဘူး။ ဒီပြင်ဆိုရင် လူငယ်တွေလုပ်ရင် အထင်သေးချင်တဲ့ အချို့ လူကြီးတွေရဲ့ အသိမသာ နှောင့်ယှက်မှု၊ သိသိသာသာ နှာင့်ယှက်မှုကိုလည်း ခံရသေးတယ်။ အသက် စွန့်ရတယ်။ သေတဲ့လူတွေ သေကုန်ပြီ လူစဉ်မမှီတဲ့လူတွေ ရှိကုန်ပြီ။ ဒီလောက်အပင်ပန်းခံပြီး ကျုပ်တို့ တတပ်လုံး တိုက်နေတာဟာ တနေ့က ကျုပ်တို့ တပ်ခေါင်းဆောင်တွေရဲ့  ကြေညာချက်အတိုင်း၊ လူတစ်စုတည်း ကောင်းစားဖို့လဲ မဟုတ်ဘူး။ ကျုပ်တို့ ကိုယ်ရေးကိုယ်တာ ကောင်းစားရေးအတွက်လည်း မဟုတ်ဘူး။ ကျုပ်တို့တိုက်နေတာဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနှင့် တိုင်းပြည်၏ လူထုကြီး ကောင်းစားရေးကိုသာ ရည်ရွယ်ပြီး တိုက်တယ်ဆိုတာကို တထစ်ချ သိစေချင်တယ်။ အခု ကျုပ်တို့တိုင်းမှူး တပ်မှူးတစ်ချို့ လဲ စစ်မြေပြင်မှာ စစ်သားတွေစိတ်ထားကို ကျုပ်တို့ထက် ပိုစုံစုံလင်လင် ပြောပြလိမ့်မယ်။ ကျုပ်တို့ တပ်မတော်တစ်ခုလုံဟာ ယခုအခါ ကြိမ်မီးအုံသလို ပူပန်နေတယ်။ စစ်တိုက်တော့မဲ့ဆဲဆဲ စစ်တိုက်လို့ ကျဉ်ဆံသင့်သေမယ့်ဆဲဆဲမှာ ဒို့တိုက်တာ လွတ်လပ်ရေး ရမှရပါ့မလားဟေ့။ ကျုပ်တော့ဖြင့် သွားပြီး၊ တိုင်းပြည်မှာ ကျန်ရစ်မယ့် ခေါင်းဆောင်မယ့် လူကြီးတွေကိုပြောလိုက်ပါ။ ကျုပ်တိုပတာဝန်ကျေပြီ ခင်ဗျားတို့တာဝန်ကျေအောင်လုပ်ပါ။ မလုပ်ရင်တော့ ကျုပ်တို့ ဘ၀အဆက်ဆက် တိုင်းကဘာလုပ်မယ်၊ ညာလုပ်မယ် အစရှိသဖြင့် မြည်တမ်းသွားတာတွေဟာ ကျန်ရစ်နေတဲ့ ရဲဘော်တွေနဲ့ ကျုပ်တို့အားလုံး စိတ်ကို အင်မတန် ထိခိုက်အောင်ဖြစ်တယ်။

ဒါကြောင့် တနေ့က ပဲခူးနှင့် ရန်ကုန်မှာ လုပ်တဲ့တိုင်းမှူးတွေနဲ့ကျုပ်တို့ရန်ကုန်စစ်ဌာနချုပ်မှာရှိတဲ့ အရာရှိကြီးတွေ အစည်းဝေးက ကျုပ်တို့တိုင်းပြည် ညီညွတ်ရေးဟာ အလုပ်ထင်ရှား ဖြစ်နေပြီ။ ကမ္ဘာသိတဲ့ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို ဗဟိုပြုပြီး ညီညွတ်ရေး ရအောင်လုပ်ပါ ဆိုတဲ့အတိုင်း ဒီအဖွဲ့ချုပ်မှာလဲ အခု ကျုပ်ဥက္ကဌ ဖြစ်တဲ့ အတိုင်း အခုအစည်းအဝေးခေါ်တာဘဲ။ အင်္ဂလိပ်ကလဲ အလိမ္မာစကားလုံးသုံးထားတယ်။ ခင်ဗျားတို့ကသာ ပြောကြ၊ (ပြောကြဆိုတာက ညီညီညွတ်ညွတ် ပြောဖို့ဆိုလိုတာ) ခင်ဗျားတို့ လွတ်လပ်ရေး လိုချင်သပဆိုရင် ရစ်ေမယ်လို့ ဆိုထားတယ်။ ဒါဟာ အလိမ္မာစကားပဲ။ သူတို့တိုးချင်ရင် တိုး၊ လျော့ချင်ရင်လျော့ နိုင်တဲ့စကားပဲ။ ဒါကြောင့် အခုဒီအစည်းအဝေးခေါ်ပြီး ဒီရန်ကုန်မြို့ မှာ ရှိတဲ့တိုင်းသူ ပြည်သားတွေက အစပြုပြီး၊ တိုင်းပြည်တပြည်လုံးကို ဘယ်သူကမှ ယုံမှား သံသယ မရှိအောင် ကမ္ဘာကလဲသိ၊ အလုပ်အားဖြင့် ထင်ရှားနေတဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးကို တညီတညွတ်တည်း ၀င်ရောက်လုပ်ကိုင်ပြီး ကျုပ်တို့ရဲ့ ပြင်းပြတဲ့ ဆန္ဒဖြစ်တဲ့ လွတ်လပ်ရေးနှင့် လူများစု ကောင်းစားရေးကို ဖြစ်မြောက်အောင် ကူညီ လုပ်ကိုင်ပေးပါလို့ တိုက်တွန်းတာပါပဲ။

ဒီပြင်လဲ တိုင်းပြည်ကို လိမ်နေကြတဲ့ လူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေဟာ ကိုယ့်အစွမ်းကို အားမကိုးဘဲ လူတွေက ကြည်ညိုတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦးကို ဗန်းပြပြီး လာစေကာမူ၊ ဘယ်နည်းနဲ့မှ အားမပေးကြပါနဲ့။ ခင်ဗျားတိုပလည်ပင်း ခင်ဗျားတို့ ကြိုးတပ်ချင်ရင်ဖြင့် ကျုပ်ဘာမှမပြောလိုတော့ဘူး။ သို့သော်လည်း ခင်ဗျားတို့ ဒါမျိုးအလုပ်မခံချင်ရင် ချင်ဗျားတို့ အကျိုးဖြစ်စေချင်ရင် ဒီလူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေကို ရှောင်ရှားကြပါ။ တိုင်းပြည် လွတ်လပ်ပြီး၊ ခင်ဗျားတို့ အကျိုးတွေကို ထင်ထင်ရှားရှား ဘယ်သူမှ လက်တလုံးခြား မလိမ်နိုင်အောင်စီမံနိုင်မှ ခင်ဗျားတို့အကျိုးရှိနိုင်မှာပဲ။ ကျုပ်နောက်ဆုံး သတိပေးချင်တာက တိုင်းပြည်မှာ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ဘယ်လိုလူမှ စိတ်မချနဲ့။ မလိမ်နိုင်အောင် ကြိုးချည်ထားပါလို့ ပြောချင်ပါတယ်။

နိဂုံး မချုပ်မီ တပ်မတော် ကိစ္စကိုလဲ ပြောပြချင်သေးတယ်။ အခုကျွန်တော်တို့ တပ်မတော်ကို နာမည်သာရှိတဲ့ ဗြိတိသဗျ အစိုးရရဲ့  မြန်မာပြည် တပ်မတော်ဆိုတာထဲ သိမ်းသွင်းမယ်လို့သာမန်ဆိုထားတယ်။ အဲဒါကို ကျွန်တော်တို့ မရှင်းတဲ့ အချက်တွေ အများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ လိုလားချက်များအတိုင်း၊ အဖွဲ့ချုပ်ကြီးက ဒီအစည်းအဝေးပွဲကြီးမှာ တပ်မတော်နှင့် ပတ်သတ်ပြီး ဒီတောင်းဆိုချက်တွေ တင်ပြလိမ့်မည်။ဒီအတိုင်း တိုင်းပြည်ကထောက်ခံမယ်ဆိုရင် ကျွန်တော်တို့ တပ်မတော်သားတွေဟာ ကြိတ်မှိတ်ပြီး ၀င်ရောက်လုပ်ကိုင်နိုင်မယ့် အခြေအနေကို ရနိုင်မည်လို့ ယုံကြည်တယ်။ ဒါပေမယ့် မလွတ်လပ်တဲ့ ဗမာပြည်ရဲ့  တပ်မတော်ကို တပ်မတော်မှာ ရှိတဲ့ လူ ၁၀၀ မှာ ၉၉ ယောက်ဖြစ်နိုင်ရင် အမှုမထမ်းလိုကြဘူးဆိုတာကို ခင်ဗျားတို့လေးလေးနက်နက် သိစေချင်တယ်။ ဒါကြောင့် လွတ်လပ်တဲ့တိုင်းပြည် အောက် တပ်မတော် အမြန်ပြန်ရောက်နိုင်အောင် ခင်ဗျားတို့က လွတ်လပ်ရေးကို အေးအေးချမ်းချမ်း ရယူပေးနိုင်တဲ့ တိုင်းပြည် ညီညွတ်ရေးကို ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးမှာ ၀င်ရောက်ပြီးရအောင် လုပ်ပေးကြပါလို့ နောက်မှားမှာချင်ပါတယ်။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။