October 7, 2009

ကန့်ကွက်ပွဲမိန့်ခွန်း

ပြည်သူ့လွတ်လပ်မှု ချုတ်ချယ်ခြင်း ကန့်ကွက်ပွဲမိန့်ခွန်း

မျိုးချစ်ဗမာ့တပ်မတော်သည် ဖက်ဆစ် ဂျပန်များကို တော်လှန်ခဲ့၏။ ဂျပန်ကို တော်လှန်ပြီးနောက် ဗြိတိသျှတို့နှင့် (ဖဆပလ) အဖွဲ့ချုပ်တို့သည် “ကန္ဒီစာချုပ်” ကို ချုပ်ဆိုခဲ့ကြသည်။ ယင်းကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိနှင့် တပ်သား ၅ ၅၀၀ ခန့်ကို အသစ် ထပ်မံဖွဲ့စည်းသည့် ဗမာ့တပ်မတော်ထဲသို့ ပူးပေါင်းလိုက်လေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကျန်နေသော မျိုးချစ် ဗမာ့တပ်မတော်မှ အရာရှိ အကြပ် တပ်သား အားလုံးကို ဥမကွဲ သိုက်မပျက် လွတ်လပ်ရေးတိုက်ပွဲကို ဆင်နွှဲနိုင်စေခြင်းငှါ “ပြည်သူ့ရဲဘော် တပ်ဖွဲ့” အဖြစ်ပြောင်းလဲ ဖွဲ့စည်းထား ရှိလေသည်။ အဆိုပါ ပြည်သူ့ရဲဘော် တပ်ဖွဲ့သည် ပြည်သူလူထုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရင်း၊ ပြည် သူ့လူထု အကြားဝယ် ရပ်တည်ခဲ့ကြသည်။ ဗြိတိသျှတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီးသော အ ဆိုပါ ပြည်သူ့ရဲဘော် တပ်ဖွဲ့သည် ဗြိတိသျှတို့အဖို့ အန္တရယ် တခု ဖြစ်ကြောင်း သိမြင်ထားလေသည်။ ထို့ကြောင့် ဗြိတိသျှအုပ်ချုပ်ရေးအဖွဲ့သည် ဗမာပြည် ကာကွယ်ရေးဥပဒေအရ “အစိုးရ တပ်ဖွဲ့များမှတပါး မည်သည့် အပျော် တမ်း တပ်ဖွဲ့မျှယူနီဖောင်းမ၀တ်ရ၊ စစ်ရေးမပြရ၊ အခွင့်မရဘဲ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းများ မပြုလုပ်ရ” ဟု အမိန့်ထုတ်ပြန် တားဆီးထားလိုက်သည်။ အဆိုပါဗြိတိသျှ တို့ ထုတ်ပြန်သော အမိန့်သည် ပြည်သူ့လွတ်လပ် ခွင့်များကို ပိတ်ပင် တားဆီးရာ ရောက်ရှိနေ၏။

(ဖဆပလ)အဖွဲ့ချုပ်ကြီးနှင့် ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဌာနချုပ်တို့ကလည်း ယင်းသို့သော ပြည်သူ့လွတ်လပ်မှု ချုပ် ချယ်ချက်များကို လူထုနည်းနှင့် အာဏာဖီဆန်ရန် ဆုံးဖြတ်ထား၏။ ၁၉၄၆ ခု၊ မေလ ၁၃ ရက်၊ ၁၄ ရက်နေ့များ တွင် အင်းစိန်ခရိုင် ထန်းတပင်မြို့ မှ ပြည်သူ့ရဲဘော်များသည် ပြည်သူ့လွတ်လပ်ခွင့် ချုပ်ချယ်မှု ဥပဒေများကို ကန့်ကွက်သောအနေဖြင့် ထန်းတပင်မြို့  ဘောလုံးကွင်း၌ စစ်ယူနီဖောင်း ၀တ်စုံများတူညီ ၀တ်ဆင်ကာ စစ်ရေး လေ့ကျင့်ခဏ်း ပြုလုပ်ကြလေသည်။ ထိုအခါထန်းတပင်မြို့  ပုလိပ် အင်စပက်တော် ဦးမောင်ကလေးသည် ပြည် သူ့ ရဲဘော် ခေါင်းဆောင် လေးဦးတို့အား ကာကွယ်ရေး ပုဒ်မဖြင့် ဖမ်းဆီးလိုက်လေသည်။ မေလ ၁၅ ရက်နေ့တွင် ထပ်မံ၍ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်ခုနစ်ဦးကို ဖမ်းဆီးပြန်သည်။

ဤသို့ ပြည်သူ့လွတ်လပ်ခွင့်များကို ပိတ်ပင်ပြီးလျှင် ပြည်သူ့ရဲဘော်တို့အား မတရားဖမ်းဆီးခြင်းကို အကြောင်းပြု ၍ မေလ ၁၈ ရက်နေ့တွင် ထန်းတပင်မြို့ ၌ လူထုဆန္ဒပြ ကန့်ကွက် ၀ီတန်း လှည့်လည်ပွဲကို ကျင်းပကြလေသည်။ ယင်းလူထု ဆန္ဒပြ ကန့်ကွက် လှည့်လည်ပွဲတွင် ပရိသတ် အင်အား ၁ ၅၀၀ ခန့် ရှိလေရာ ထိုအထဲ၌ ပြည်သူ့ရဲ ဘော် တပ်ဖွဲ့ဝင် ၁၀၀ ခန့်နှင့်အမျိုးသမီး ၁၅၀ ခန့်ပါရှိသည်။ ကျန်သော လူစုမှာ တောင်သူလယ်သမားများဖြစ် လေသည်။ အဆိုပါ လူထုကြီးကို ပုလိပ်အင်စပက်တော်ဦးမောင်ကလေးခေါင်းဆောင်သော ပုလိပ် ၁၈ ဦးတို့က သေနတ်ဖြင့် ပစ်ခတ်ရာ လယ်သမားသုံးဦး သေဆုံး၍ ၁၅ ဦး ဒဏ်ရာရရှိခဲ့လေသည်။ ဤသို့ လက်နက်မပါ၊ တရားသဖြင့် စီတန်း လှည့်လည်ဆန္ဒပြသော ပြည်သူ ပြည်သားများကို သေနတ်ဖြင့်ပစ်ခတ်ရာ လယ်သမားသုံး ဦး သေဆုံး၍ ၁၅ ဦး ဒဏ်ရာရရှိခဲ့လေသည်။ ဤသို့ လက်နက်မပါ၊ တရားသဖြင့် စီတန်းလှည့်လည်ဆန္ဒပြသော ပြည်သူပြည်သားများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းသည် အလွန် ရိုင်းစိုင်းရာကျလေသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော (ဖဆပလ) အဖွဲ့ချုပ်ကြီးသည် ဗြိတိသျှတို့၏ ဤသို့ ပြည်သူ့လွတ်လပ်ခွင့်များကို ချုပ်ချယ်ခြင်းကိုကန့်ကွက် ရှုတ်ချသော အနေဖြင့် ၁၉၄၆၊ ဇွန်လ ၇ ရက်နေ့တွင် ကန်တော်မင် ပန်းခြံ၌ လူထုဆန္ဒ ပြ ကန့်ကွက်ပွဲ အစည်းအဝေးကြီးကို ကျင်းပခဲ့ရာ လူထု တသိန်းကျော် တက်ရောက်ခဲ့၏။ ထိုအစည်းအဝေးကြီး တွင်ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒီနေ့ ကျင်းပရတဲ့ ကန့်ကွက်ပွဲဟာ၊ ပြည်သူ့ရဲဘော်ကိစ္စနှင့် ပက်သက်ပြီး အစိုးရက ပြည်သူ့လွတ်လပ်မှု ချုတ်ချယ် ခြင်းများကို မကျေနပ် ဖြစ်ကြလို့ အင်းစိန်နယ် ထန်းတပင်မြို့ တွင် သွေးချင်းသားချင်း လယ်သမားတွေက ချုတ် ချယ်မှုများကို ကန့်ကွက်ရာမှာ သေနတ်ပစ်ခံရခြင်းနှင့် အကြောင်းကြောင်းများကို ထောက်ပြီး ကန့်ကွက်စည်း ဝေးတဲ့ ပွဲကြီးဖြစ်တယ်။ အားလုံးနားလည်ဖို့ အချက်က ဒီကိစ္စဟာ ပြည်သူ့ရဲဘော်အတွက် သက်သက်မဟုတ်ဘူး ။ ပြည်သူ့လွတ်လပ်မှုကို အလွန်အကျွံ ချုတ်ချယ်ခြင်းကြောင့်ကန့်ကွက်ရခြင်းဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲလို့ မဆိုနိုင်သေးဘူး။ အခုလောလောဆယ် အရေးကြီးနေတဲ့ ပြဿနာဖြစ်ကြတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းဆရာများ အရေးတွေ၊ အစားအစာ ပြဿနာတွေ၊ အစိုးရလုပ်ပုံကိုင်ပုံတွေဟာ သိပ်ပြီး အခြေမလှဘူး။ အစားအသောက်အတွက် တိုင်းပြည်မှာ လုံလောက်နိုင်ပေမဲ့ သူတို့စီစဉ်မှုဟာ တတိုင်းပြည်လုံး ငတ်ကုန်လိမ့်မယ် ။ ပဲခူးနယ်မှာဆိုယင် ယခု လောလောဆယ် ငတ်ကုန်ကြပြီ။

မကျေနပ်မှုတွေ ရှိသေးတယ်

ဒါတင်မကသေးဘူး။ အစိုးရ အမှုထမ်း အရာရှိ အရာခံ ပုလိပ်များမှစ၍ နစ်နာမှုတွေ အများကြီး ရှိကြတယ်။ အဲဒီ လို အစစ အရာရာ အဖက်ဖက်နစ်နာမှုတွေ ဖြေရှင်းရအောင် ဆွေးနွေးခွင့် မပြုဘဲ၊ အချိန်ဆွဲနေကြတယ်။ ဘုရင် ခံနှင့် တွေ့ပြီး ဆွေးနွေးကြပြန်တော့လဲ အကြောင်းမထူးတော့ ဒါတွေဟာ လောလောဆယ် တိုင်းသူပြည်သား တွေရဲ့ နစ်နာမှု ဖြစ်ရတယ်။ အဲဒီပြဿနာတွေကို အစိုးရက ရှင်းပေးခြင်းမပြုတဲ့ပြင် ပြည်သူ့လွတ်လပ်မှုတွေကို ချုတ်ချယ်ခြင်း၊ သေနတ်နှင့်ပစ်သတ်ခြင်းများကို ပြုလုပ်နေတဲ့အတွက်အခုလို ကန့်ကွက်ပွဲ ကျင်းပရခြင်းဖြစ် တယ်။ ဒါကို ချုတ်ချယ်ထားတာတွေဟာ စင်စစ်မတရားလို့ ကျုပ်တို့က တရားသဖြင့် တောင်းဆိုခြင်းဖြစ်တော့၊ ဒီ ကိစ္စမှာ တိုင်းသူပြည်သားများဟာ ဆူပူရုံနှင့် မပြီးသေးဘူး။ လိုလားချက်ရအောင် ဆူရသည့် အဓိပ္ပါယ်ကို သိရှိရ မယ်။ အခုတိုက်ပွဲတွေဟာလဲ လွတ်လပ်ရေးတိုက်ပွဲမဟုတ်သေးဘူး။ လောလောဆယ် ပြဿနာဖြေရှင်းရန်အ တွက်သာ ဖြစ်တယ်။ တမျိုးသားလုံး အတွက်ကိုလဲ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးက ၁။အမျိုးသားအစိုးရ၊ ၂။၁၈နှစ်မဲ ပေးရေး ၃။ တိုင်းပြုပြည်ပြု လွှတ်တော်တည်ထောင်ရေးတို့ကို တောင်းဆိုထားတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အ ရေးတွေကို တရားသဖြင့် တောင်းဆိုခြင်းကိုလမ်းကုန်အောင် ဆောင်ရွက်ရလိမ့်မယ်။ ယခုလိုတရားသဖြင့် တောင်းဆိုချက်တွေကို မရယင် ဘာလုပ်မယ် ဆိုတာတွေလဲ ဖ-ဆ-ပ-လ ဥက္ကဋ္ဌမိန့်ခွန်းမှာ ဖြေရှင်းပြခဲ့ပြီး ဖြစ် တယ်။ လွတ်လပ်ရေး တိုက်ပွဲအထိ ရောက်ချင်မှ ရောက်လိမ့်မယ်။ သို့ပေမဲ့ ပြင်ဆင် ထားရမယ်။ လွတ်လပ်ရေး ဆိုတာဟာ ချက်ခြင်း ရချင်မှရတာ။ ကျုပ်တို့လိုလားချက်ဟာ တရားသဖြင့် နည်းနဲ့ ရချင်မှရမယ်လို့ သံသယရှိ တယ်။ အဲဒီ ကိစ္စတွေဟာ တိုင်းပြည်တွင်သာ မဟုတ်ဘူး။ ဗြိတိသျှအစိုးရအပေါ်မှာလဲ တာဝန်ရှိတယ်။ ဗြိတိသျှ အစိုးရဟာ သူတို့နယ်အတွင်းရှိတိုင်းပြည်များ ဆူပူခြင်းကို မလိုဘူးလို့ ဆိုပေမဲ့ သူတို့ ဒီလို လုပ်နေယင်မပေါ်သင့် ဘဲနဲ့ ဆူပူမှုတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့ကလဲ လွတ်လပ်ရေးတိုက်ပွဲမဆင်နွှဲဘဲနဲ့ ပြီးမြောက်သွားလိုပေမဲ့ ကျုပ်တို့ တဖက်ထဲ အပေါ်မှာ တည်နေတာ မဟုတ်ဘူး။

တိုင်းသူပြည်သားတွေကို ယုံကြည်ပါတယ်

ပြည်သူ့ လွတ်လပ်မှုတွေချုတ်ချယ်မှုကြောင့် ကန့်ကွက်ပွဲတွေ ပြုလုပ်ရခြင်း၊ အစိုးရနဲ့ အရေးဆိုရခြင်းများ ဖြစ် ပေါ်နေပြီ။ တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာဟာ ပရိယာယ် အကြီး၊ ပရိယာယ် အသေးဆို တာတွေနဲ့ သူ့နေရာသူ တိုက်ရတယ်။ နောက်ဆုတ်သင့် ဆုတ်၊ ရှေ့ တိုးသင့်တိုးပြီး အခြေအနေကိုကြည့်ကာ ပရိ ယာယ်သုံးသွားရတယ်။ ကျုပ်တို့တိုင်းသူပြည်သားများကို ယုံကြည်ပါတယ်။ အခုပြောယင် အခုလုပ်ကြမယ်ဆို တာ သိရပေမဲ့ လွတ်လပ်ရေး တိုက်ပွဲအထိ မရောက်စေဘဲ၊ တိုက်ပွဲကလေးများနဲ့ပင် လိုရာ ရောက်အောင် တိုင်း ပြည်အခြေအနေကို ကြည့်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်က ကျောင်းသား၊ အလုပ်သမား ရေနံမြေ သပိတ်တွေမှောက်ပြီး တိုက်ကြတုန်းမှာ ဆေးလိပ်ခုံတွေကပါရောပြီး သပိတ်မှောက်ကြတယ်။ အမှန်မှာ နယ်ချဲ့ စနစ်ထဲက သူလျှိုတွေက သပိတ်တွေများပြီး ထမင်းမကျွေးနိုင်ဘဲ ကစဥ့်ကလျား ဖြစ်အောင် လုပ်တဲ့ စနစ် ဘဲ။ ကျုပ်က ဆူကြပါဆိုယင် ဆူကြမှာဘဲ ဆိုတာယုံကြည်ပါတယ်။ ဆူတာကလွယ်ပါတယ်။ သို့ပေမဲ့ ဆူတိုင်းလဲ အရာမရောက်နိုင်ဘူး၊ စည်းကမ်းသေသေ၀ပ်ဝပ်နှင့် အလုပ်လုပ်သွားဖို့က ပိုပြီး အရေးကြီးတယ်။

ဝေဖန်တာနဲ့ဘဲ အချိန်ကုန်နေတယ်

အချို့ လူတွေဟာ ကျုပ်တို့ကို သမရိုးကျ စနစ်ဖြစ်တဲ့ အာဏာဖီဆန်ရေး စင်ပြိုင် အစိုးရ တည်ထောင်ရေးတွေကို သာ တိုက်တွန်းချင်ကြတယ်။ တိုင်းပြည်အခြေအနေကိုသာကြည့်ပြီး ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရမဲ့ အချိန်မှာ ခွက်စောင်ခုတ် ၀ါဒတွေ ပေါ်လာတာတွေ့ရတယ်။ ဒီဟာက တိုင်းပြည်အားနည်းအောင် လုပ်တဲ့ နည်းဖြစ်တဲ့ အ တွက် တနည်းနည်းနဲ့ကာကွယ်ရမယ်။ ပရိယာယ် အသေးစိတ်ကို အသုံးပြုပြီး ဗဟိုဌာနက လတ်တလောပြောင်း လဲသင့်တာက ပြောင်းလဲရလိမ့်မယ်။ ခေါင်းဆောင်တွေဟာ လူတိုင်းကောင်းလိမ့်မယ်လို့ မဆိုနိုင်ဘူး။ အဲဒါကိုဘဲ တဆိတ်ရှိ ဝေဖန်ရတာနဲ့၊ အပြစ်ပြောရတာနဲ့ အချိန်ကုန်နေတာဘဲ။ အရေးကြီးတာက ဒါဟာ ကိုယ်ကတကွက် စားပြီး တဖက်လူက နှစ်ကွက်စားမည်ကို သတိပြုရမယ်။

မကျေနပ်လျှင် ဖယ်ပေးမယ်

ကျွန်တော် တယောက်တည်းအတွက် ပြောရမယ်ဆိုယင် လွတ်လပ်ရေးကို သစ္စာရှိရှိနဲ့အစအဆုံးအထိ ရအောင် လုပ်မှာဘဲ။ ကိုယ့်နောက်လိုက်လာတဲ့လူကို ထမင်းဝအောင်မကျွေးနိုင်ယင် ဒီခေါင်းဆောင်ဟာ အလကားဘဲ။ သခင်စိုးဂိုဏ်းသားများဟာလဲ အခု ပိုက်ဆံမရဘဲနဲ့ အစိုးရ ဒလံလို ဖြစ်နေတယ်။ နယ်ချဲ့ သမားတွေထံက ပုန်းရှိုး ကွယ်ရှိုး ပိုက်ဆံစားပြီး လုပ်နေတဲ့ သတင်းစာတွေလဲ ရှိသေးတယ်။ ကျုပ်တို့ ခေါင်းဆောင်နေတဲ့ အချိန်မှာ ကျုပ် တို့ရဲ့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြပါ။ ဒါမှာ မကျေနပ်ယင် ခင်ဗျားတို့ သဘောကျသူကို တင်ပြီး လုပ် ခိုင်းပါ၊ ကျုပ်ဖယ်ပေးပါ့မယ်။

မြန်မာ့အလင်းသတင်းစာ
၈-၆-၄၆




0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။