October 5, 2009

အမျိုးသားညီညွတ်ရေး

အမျိုးသားညီညွတ်ရေး

ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင်ကျင်းပသော (ဖ-ဆ-ပ-လ) ပြည်လုံးကျွတ် ညီလာခံ သဘင်ကြီးသို့ မြန်မာတပြည်လုံးမှ လူထုကိုယ်စားလှယ်များနှင့် ပရိတ်သတ်ပေါင်း နှစ်သိန်းကျော် တက်ရောက်ကြ၏။ ယင်းလူထုညီလာခံကြီးတွင် ၂၃.၁.၄၆ နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုကို အကျယ်တ၀င့် ရှင်းလင်း တင်သွင်းခဲ့လေသည်။ အဆိုတင်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း ပြောသွားခဲ့သည်။

ခုနက ပြည်သူ့ရဲဘော်တပ်အဖွဲ့အဆိုနှင့် ပက်သက်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချတဲ့အနက်မယ် အချက်လေးချက်ပါတယ်။ ကျွန်တော်တို့က ဒီမှာ ဟိုတုန်းက မဟာမိတ် စစ်သေနာပတိချုပ်လော့(ဒ်)လူဝီမောင့်ဘက်တန်နဲ့ ကျွန်တော်တို့ သဘောတူညီချက်အရ ပြန်လည်ဖွဲ့စည်းတည်ထောင်တဲ့ မြန်မာတပ်မတော်ဆိုတာထဲကို ပါဝင်နိုင် မဲ့ ရဲဘော်တိုင်းပါဖို့။ ဘာဖြစ်လို့ ပါရမလဲဆိုတာက ဗမာပြည်ရဲ့အကျိုးကို သည်ပိုးရာ ရောက်တယ်လို့ ယူဆ လို့ဖြစ်တယ်။ ခုတော့ တချို့ ကထုံးစံအတိုင်း (အစကတည်းက ဒါတွေကို ကြိုတင်ပြီး မြင်ထားပါတယ်)။ စကတည်းကလည်း ပြောတန်သလောက် ပြောထားပါတယ်။ မလွတ်လပ်တဲ့ တိုင်းပြည်ရဲ့အဆင့်အတန်း၊ လွတ်လပ်တဲ့လူမျိုးရဲ့အဆင့်အတန်းမျိုးကိုတော့ မျှော်လင့်လို့ မဖြစ်နိုင်သေးဘူး။ အနည်းအကျဉ်းအားဖြင့်ဖြစ် စေ၊ အများအားဖြင့်ဖြစ်စေ၊ နစ်နာချက်တွေ သဘောမကျစရာတွေ ရှိတန်သလောက်ရှိမယ်။ သို့ပေမဲ့ ခုကတည်းကနေပြီး အချေစပြီး ပျိုးထားမှ တိုင်းပြည်ရဲ့ အကျိုးကို ဆောင်ရွက်နိုင်မယ်။

ဒါကြောင့်မို့လို့ မင်းတို့ဝင်ကြပါလို့။ အစကတည်းက ရဲဘော်တွေကိုပြောထားတယ်။ အဲဒီလို ပြောထား ပေမယ်လို့ကာ နည်းနည်းပါးပါး အောက်ပိုင်းက နည်းနည်းပါးပါး ပုလိပ်ဘက်ကဖြစ်စေ၊ အစိုးရ အရာရှိပိုင်း က ဖြစ်စေ၊ နောက်ပြီးတော့ အောက်လက်ငယ်သားက ဖြစ်စေ အစရှိသည်အားဖြင့် အနှောင့်အရှက် ပေး တာတွေရှိတယ်။ ခုနလို အဖမ်းအဆီး ခံရတာရှိတယ်။ ခုနလို ဖမ်းတာဆီးတာ ကျွန်တော်တို့ သိတာလဲရှိ တယ်။ မသိတာလဲရှိတယ်၊ သိတဲ့ကိစ္စဆိုယင် ကျွန်တော်တို့ တတ်နိုင်သမျှ ဆောင်ရွက်တယ်။ အဲဒီလိုဆောင်ရွက်လို့ လွတ်တာလဲရှိတယ်။ မလွတ်တာလဲရှိတယ်။ အဲတာမျိုးတွေ နည်းနည်းပါးပါးရှိတယ်။ တချို့ က စိတ်ပျက်ပြီး မ၀င်ချင်ကြဘဲ ဖြစ်နေတဲ့စိတ်မျိုးဖြစ်နေတယ်။ အဲဒီလို မ၀င်ချင်ကြတဲ့ စိတ်မျိုးမဖြစ်ဘဲ နဲ့ (အမှန်စင်စစ်တိုင်းပြည်ရဲ့ လွတ်လပ်ရေးကိစ္စ ဆိုတာ ကျွန်တော်တို့ ခဏခဏ ပြောနေကြတဲ့အတိုင်း အ ခက်အခဲတွေ အများကြီးရှိတယ်။ အနှောင့်အရှက်တွေကို ကျွန်တော်တို့ သိပ်ပြီး အရးဂရုမပြုဘဲ တပ်ထဲဝင် နိုင် လူတွေအားလုံးဝင်ကြပါ။ ကျန်တဲ့ မ၀င်နိုင်တဲ့ရဲဘော်ဟောင်းတွေကို ထောက်ပံ့ဘို့ကိစ္စတွေကို ကျွန် တော်တို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနဲ့ တိုင်းပြည်ကပါ ၀ိုင်းဝန်းပြီး အားပေးမဲ့အကြောင်း၊ နောက်ပြီး တော့ကာ ဒီလိုတိုင်းပြည်ရဲ့လွတ်လပ်ရေး၊ ကမ္ဘာရဲ့လွတ်လပ်ရေးအတွက် ရဲဘော်ရဲခေါင်ပြောက်ကျားတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ချီးကျူးတဲ့အကြောင်း၊ နောက်ပြီးတော့ကာ ဒီလိုဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကို လေးစားတဲ့သဘောအားဖြင့် ကျွန်တော်တို့ တိုင်းသူပြည်သားတွေကသော်၎င်း၊ တိုင်းသူပြည်သားတွေ ရဲ့ ကိုယ်စားလှယ်အဖွဲ့ ကြီးဖြစ်နေတဲ့ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကသော်၎င်း၊ ကျွန်တော်တို့ဟာ တိုင်း ပြည်နဲ့ လူထုလွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆိုတဲ့အကြောင်း ပဋိညာဉ် ကတိပေး ထားပါတယ်။

အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ခုဒီညီညွတ်ရေး အဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ကာ လွတ်လပ်ရေး လုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အ လုပ်လုပ်မှ ဖြစ်နိုင်မှာမို့ဘဲ၊ ဒီလိုမလုပ်ယင် ညီညွတ်ရေး မရဘူးဆိုလို့ရှိယင် တိုင်းပြည်နှင့်လူမျိုးလွတ်လပ် ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်လို့ရှိယင် ညီညွတ်ရေးကို ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့လူတွေ ကျွန်တော်တို့ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ရွက်ဆောင်ခြင်းမရှိယင် ခုန တိုင်းပြည်အတွက်၊ လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့လူတွေကို သစ္စာဖောက်ရာ မလေးစားရာ ကျမှာမို့လို့ဒီညီညွတ်ရေးအဆိုကို ကျွန်တော်တင်သွင်းခြင်းဖြစ်ပါတယ်။

“မြန်မာပြည်သည် အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် (၀ါ)လွတ်လပ်ရေးရအောင် အလိုဆုံးသော အရာမှာ ညီညွတ်ရေးပင် ဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တူညီသော အကျိုး၊ တူညီသောအလုပ်နှင့် တူညီသောရည်ရွယ်ချက်တို့တွင် အခြေပြုရမည်ဖြစ်ကြောင်း”

ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးဆိုလို့ရှိယင် ညီညွတ်ရေးလိုတယ်။ ဘာကြောင့် ညီညွတ် ရေးလိုသလဲ။ ကျွန်တော်တို့ မြန်မာပြည်ဟာ အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့်ရှိ သော အခြေအနေမျိုး ဆိုက်ရောက်အောင် (၀ါ) လွတ်လပ်ရေးရအောင် ကျွန်တော်တို့ ဗမာ ပြည်သားတွေဟာ လွတ်လပ်ရေးရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လွတ်လပ်ရေး ဆိုတော့ကား ကျွန်တော်တို့ လွတ်လပ်တဲ့ နိုင်ငံတည်ထောင်မယ် ဆိုရင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးက တည်ထောင် ရမယ်။ အဲဒီ တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက လွတ်လပ်တဲ့ တိုင်းနိုင်ငံ တည်ထေင်တဲ့ အခါကျရင် ဖွဲ့စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစံနစ်နဲ့ အုပ်ချုပ်မလဲ သမ္မတစံနစ်နဲ့ အုပ်ချုပ်မလား၊ ဘယ်စံနစ်နဲ့ အုပ်ချုပ်မလဲ။ ဘယ်လိုတိုင်းပြည်မျိုး ထူထောင်မလဲ။ ဘယ်လိုလုပ်ရမလဲ ဆိုတာ စီစဉ်ရမယ်။ အဲဒီလိုစီစဉ်ပြီးတဲ့ အခါကျတော့မှ လွတ်လပ်ရေးလုပ်ငန်းဟာ ပေါ်လာမယ်။

ဂျပန် လက်ထက်တုန်းကဆိုယင် လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ဆိုတာ လူမသိ ဘာမသိ တိတ်တိတ်ပုန်းလုပ်လိုက်ပြီး နောက်ဆုံး အချုပ်အခြာ အာဏာနဲ့ ပြည့်စုံတဲ့ နိုင်ငံဆိုပြီးတော့ လုပ်လိုက်တယ်။ အဲဒီလိုဟယမျိုး ကျွန်တော်တို့ မလိုချင်ဘူး။ ရှေးအခါက ကျွန်တော်တို့ လိုချင်တာက အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်မျိုး၊ တတိုင်းတပြည်လုံးက တင်မြှောက်လိုက်တဲ့ လွှတ်တော်၊ အကုန်လုံး ယောင်္ကျားတိုင်း။ မိန်းမတိုင်း အရွယ်ရောက်သူတိုင်း မှန်သမျှ မဲပေးနိုင်ပြီတော့ အဲဒီလူတွေက လွတ်လပ်တဲ့ နိုင်ငံသစ်ကြီး ထူထောင်ဖို့ အာဏာပေးလိုပ်တဲ့ အာဏာပိုင် တိုင်းပြုနိုင်ငံပြု လွှတ်တော်ရအောင် ကျွန်တော်တို့က ဘာလုပ်ရမလဲ ဆိုရင် ညီညွတ်ရမယ်၊ မညီညွတ်ရင်မရဘူးလား ဆိုတော့ အင်မတန် ကြာမယ်။ ခရီးရှည်မယ်၊ဒီတော့ကာ ညီညွတ်ရေးဟာ အင်္ဂလိပ်လို ပြောရမယ်ဆိုရင်တော့ (Historical necessity) အချိန် အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို အကြီးဆုံးဆောင်ရွက် နိုင်မဲ့လက်နက်ကြီး ဖြစ်နေတယ်။ အဲဒီတော့ ညီညွတ်ရေးမျိုးရအောင် လုပ်ရမယ်

“ညီညွတ်ရေးအတွက်ပစ္စည်းမဲ့လူတန်းစားသည်တူညီသောအလုပ်နှင့် တူညီသောရည်ရွယ်ချက်တို့တွင် အခြေပြု ကာ အလုပ်သမားများ အဖွဲ့များ ဖွဲ့၍ခိုင်မြဲသော ညီညွတ်ရေးကို တည်ဆောင်ရန်ဗမာပြည်တွင် အလုပ်သမားတို့ အတွက် အစည်းအရုံးတခုသာရှိရန်နှင့် အလုပ်သမားတိုင် ညီညွတ်ရန် လိုပေကြောင်း”

ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ဒီတော့်ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့ အကြောင်းကို သရုပ်ဖော်ပြထားတယ်။ တူညီသောအကျိုး ၊ တူညီသော အလုပ် ၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျွန်တော် တို့ ညီညွှတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက် ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှ မဟုတ်ယင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွင် ညီညွတ်ရမလဲ။ အဲဒီတော့ကာ ကျွန်တော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြာ်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး။ လူတမျိုး လုံးရဲ့ အကျိုး။ အဲဒီလိုတူညီတဲ့ ရည်ရွယ်ချက်။ တူညီတဲ့အကျိုး ။တူညီတဲ့အလုပ် ။ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့ အကျိုး။ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။ ပါစပ်က ပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့ မဖြစ်ဘူး။ အလုပ်မှာလဲ တူရမယ်။ အကျိုးမှာ လဲတူရမယ်။ ရည်ရွယ်ချက်မှာလဲ တူရမယ်။အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်။ အဲဒီတော့ကာ ညီညွတ် ရေးအဆိုကို ဒီဝါကျမှာ ဖော်ပြထားတယ်။ နောက်ပြီး တော့ကာ အသေးစိတ် ထပ်ပြီးဖော်ပြထားတယ်။ ဘယ်လိုဖော်ပြထားသလဲဆိုတော့။

“လယ်သီးစား လယ်ကူလီနှင့် လယ်ယာမြေဧကအထိုက်အလျောက်ပိုင်ဆိုင် လုပ်ကိုင်သော တောင်သူလယ်သ မားများအားလုံးသည် တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသောရည်ရွယ်ချက်များတွင် အခြေုပြုကာ လယ်သမားအဖွဲ့များကို တည်ထောင်ကြရန် ဗမာပြည်တွင် တောင်သူလယ်သမားတို့အတွက် တခုတည်ေးငော အစည်းအရုံးကို တည်ဆောက်ရန်နှင့် တောင်သူလယ်သမားတိုင်း ည်ီညွတ်ရန်လိုပေကြောင်း။ကိုယ်ပိုင် ပစ္စည်း ဖြစ်အောင် မိမိအလုပ်ခွန်အားကလွဲလို့ အလုပ်မလုပ်ရင် ငတ်မယ်ဆိုတဲ့ အခုအခါ ပစ္စည်းမဲ့ အလုပ်သမားများ ဆိုရင် တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အလုပ်အပေါ်မှာ အခြေပြုပြီးတော့ကာ အလုပ်သမား အဖွဲ့တဖွဲ့တည်းရှိ ရမယ်။ အလုပ်သမားအချင်းချင်း ကွဲပြီးတော့စင်ပြိုင်တွေ မရှိစေရဘူး။ တဖွဲ့တည်းရှိပြီး အလုပ်သမားတွေအချင်း ချင်း ကိုယ်တိုင် ညီညွတ်ဖို့လိုတယ်။ နောက်ပြီးတော့ကာ တောင်သူလယ်သမားတွေကလဲ အလုပ်သမားတွေရဲ့ နည်းတူ တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အလုပ်နဲ့ တူညီတဲ့အကျိုး အခြေပြုပြီးတော့ကာ သူတို့အတွက်နဲ့ ဆိုင်တဲ့ တောင်သူလယ်သမား အဖွဲ့အစည်းကြီးတခုတည်းသာရှိပြီးတော့ လယ်သမားတွေက ညီညွတ်ဖို့လိုတယ်။ ထို့ အတူ ဈေးသည်၊ပွဲစား၊စာရေးစာချီ၊ပညာသည်၊ ရှေ့နေစသည်တို့သည်လည်း၊ ဆိုင်ရာဆိုင်ရာ သမ၀ါယမ အသင်းများနှင့် သမဂ္ဂများကို ဖွဲ့စည်း၍ ညီညွတ်ရေး တည်ဆောက်ရန် လိုပေကြောင်း”။

ဒါက ကျွန်တော်တို့ ရွှေတိဂုံစေတီတော်ကို တည်ဆောက်တဲ့အခါ အုတ်မြစ် အဆင့်ဆင့်အားဖြင့် တည်ဆောက် သလိုဘဲ၊ သူ့ဆိုင်ရာဆိုင်ရာ ဒီ့ပြင် လူပုဂ္ဂလ်တွေ တိုင်သူပြည်သားကလဲ မိမိတို့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေနဲ့ သမ၀ါယမအသင်းတွေထောင်၊ ဘာတွေထောင် ထောင်ပြီးတော့ကာ တူညီသောအကျိုး။တူညီသော ရည်ရွယ် ချက်၊တူညီသော အလုပ်တွေကို လုပ်ဖို့ တညီတညွတ်တည်း လုပ်ဖို့လိုတယ်။

“ဗမာနိုင်ငံရှိ တိုင်းရင်းသားများသည်လည်း သက်ဆိုင်ရာ လူမျိုးအလိုက် တခုတည်းတည်းသော အစည်းအရုံးကို တည်ထောင်၍ ညီညွတ်ကြရန် လိုပေသည်”

အဲဒီမှာလဲ တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်။ ရှမ်း။ ကချင်။ အစရှိတဲ့ နယ်တွေကလည်း မိမိတို့ ဆိုင်ရာ တို်င်းရင်းသား အစည်းအရုံးတွေကို တခုစီတခုစီ ရှိရမည်။ စင်ပြိုင်မရှိဖို့လဲ ဂရုစိုက်မယ်။ ကရင်အမျိုးသား အစည်းအရုံး၊ ရှမ်းအမျိုးသား အစည်းအရုံး၊ ကချင်အမျိုးသား အစည်းအရုံး။ တခုစီ ရှိဖို့လိုတယ်။ အဲဒါတွေကို တည်ထောင်ပြီးတော့ကာ သူတို့အခင်းချင်း ညီညွတ်ရမယ်၊ သူများ မညီညွတ်ခင် ကိုယ့်အချင်းချင်း ညီညွတ်ဖို့က ပထမဆုံး အရေးကြီးတယ်။ ဥပမာဆိုရင် ခုနေအခါမယ် ကျွန်တော်တို့ နယ်ချဲ့စံနစ် သမာတွေက တာတွေကို ခွဲဖို့ လုပ်နေတယ်။ ကရင်ဆိုရင် အစည်းအရုံးတခု။ ကချင်ဆိုရင်လဲ အစည်းအရုံးတခု၊ လယ်သမား အစည်းအရုံး။ အလုပ်သမားကလည်း ဒီအတိုင်းဘဲ၊ ဒါတွေကိုကွဲအောင် ၊ ပြဲအောင် အမျိုးမျိုး ကြိုးစားကြမယ်။ ဒီတော့ကို ဒီလိုမလုပ်နိုင်အောင် ပထမဆုံး ကိုယ့် ဆိုင်ရာဆိုင်ရာ အချင်းချင်းတွေက ညီညွတ်ဖို့လိုတယ်။ နောက်ပြီးတော့ကာ နိုင်ငံရေး ပါတီတို့သည်လည်း လုပ်ငန်း လုပ်နည်းနှင့် ၀ါဒဟူသော ပါတီအချင်းချင်း ပူးပေါင်းခြင်းဖြင့် ပိုမိုခိုင်မြဲအောင် တည်ဆောက်ရန် လိုအပ်ပေကြောင်း။ ပါတီတွေဆိုတာကလည်း ကျွန်တော်တို့ ဗမာပြည်မှာ “ဂျီ-စီ-ဘီ-အေ” ခေတ်လို မဟုတ်ဘူး။ ဟိုတုန်းကနိုင်ငံရေးပါတီဆိုတာ မရှိဘူး။ ခုတော့ ရှိနေကြတယ်။ လက်ငုတ်လက်စတွေ ကျန်နေတော့ အစမသိမ်းနိုင်လို့ရှိရင် ကျွန်တော်တို့ဟာ ဒီဟာတွေကို စံနစ်တကျဖြစ်တဲ့ ညီညွတ်ရေးကို ရှေးရှုပြီး အလုပ်လုပ်နိုင်အောင် စီမံပေးဖို့ လိုတယ်။

ဒီတော့ကာ နိုင်ငံရေးပါတီဆိုတဲ့ သဘောကို သေသေချာချာ နားလည်း ဖို့လိုတယ်။ ကျွန်တော်တို့ ဗမာပြည်မှာ အရင်တုန်းက နိုင်ငံရေးပါတီတွေကို သေသေချာချာ စမ်းစစ်ကြည့်မယ်ဆိုရင်။ ဘယ်သူ့ကိုမှ ပုတ်ခတ်လိုတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ပြောရရင် အမှန်စင်စစ် ပါတီသဘောရယ်လို့ သိပ်မခေါ်နိုင်ဘူး။ နိုင်ငံရေးစကားပြောရ မယ်ဆိုရင် (Personal Groups) တွေပဲ၊ ဘာမှ စံနစ်မကျနှင့် ဖွဲပစည်းထားတာ မဟုတ်ဘူး။

အမှန်ကတော့ ပါတီဆိုတဲ့ သဘောမျိုးကို တခြားနိုင်ငံတွေက ဖြစ်တာတွေကို လိုက်ကြမယ်ဆိုယင် ၊ နိုင်ငံရေး သဘောတရားအတိုင်း လိုက်ကြည့်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ဥပမာဝဘိလပ်မှာ လေဘာပါတီဆိုတာ ရှိတယ်။ လေဘာပါတီက ဘယ်သူ့အကျိုးကို အဓိကထားပြီး လုပ်ထားသလဲဆိုလို့ရှိရင် အလုပ်သမားတွေရဲ့ အ ကျိုကို ပိုပြီးဆောင်ရွက်တယ်။ တိုင်းသူပြည်သားတွေရဲ့ အကျိုးကို မဆောင်ရွက်ဘူးလားဆိုတော့ ဆောင်တော့ ဆောင်ရွက်တယ်။ ဆောင်ရွက်ပေမယ့်လို့ ဘယ်လိုအမြင်မျိုးနဲ့ ကြည့်သလဲဆိုရင် အလုပ်သမား အတန်းအစား မြင်တဲ့ အမြင်မျိုးနဲ့ ဆောင်ရွက်တယ်။ ကွန်ဆာဗေးတစ်ပါတီ။ အဲဒီပါတီကဆိုလို့ရှိရင် သူတို့အင်မတန်ရှေးကျတဲ့ အယူဝါဒတွေကို ယူပြီးတော့ ဘယ်နေရာအဆို နိုင်ငံရေးဖြစ်ဖြစ် လက်အောက်ခံတိုင်း နိုင်ငံတွေနဲ့ဖြစ်ဖြစ် ၊တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးဖြစ်ဖြစ် ၊အင်မတန် ခေတ်နောက်ကျပြီးတော့ကာ နောက်ပြန်ဆွဲတဲ့ အယူဝါဒ တွေများတယ်။

ဒီလိုအဖွဲ့တွေအထဲမှာ ဘယ်သူတွေပါသလဲဆိုတော့ကာ စက်ပိုင်ကြီးတွေ၊ အရင်းရှင်ကြီးတွေ။ ဒီလိုဟာမျိုး တွေပါ တယ်။ နောက်တော့ ဒီလိုအလုပ်သမား အဖွဲ့မျိုးကြားမယ် အလယ်အလတ် မဇ္ဈိမ ပဋ္ဋိပဒါဆိုတဲ့ စကားအတိုင်း ဆိုပါတော့ (သိပ်တော့ မှန်လှတဲ့စကား မဟုတ်ဘူး) အဲဒီလို လူတွေကလစ်ဘရယ်ပါတီဆိုပြီး ဖွဲ့ထားတယ်။ ဥပမာ အမေရိကန်ပြည် ကြည့်မယ်ဆိုလို့ရှိရင် ၊ဒီိမိုကရက်နဲ့ရီပတ်ပလစ်ကင်ပါတီလို့ ခွဲထားတာရှိတယ်၊လုပ်ငန်းစဉ်နဲ့ ပြည့်မယ်ဆိုဂင် ၊ တူတာတွေ ရှိတဲ့အခါရှိတယ်။ ဒါပေမယ့်လို့ တကယ်သူတို့မှာ ကျောထောက်နောက်ခံ ဖြစ်နေတဲ့ လူတတွေကိုကြည့်ရင် အဲဒီလူတွေရဲ့ သဘောတွေကို မှီလို့လဲဖြစ်တယ်။ အလုပ်မှာ ကြည့်လိုက်မယ်ဆိုရင် ဒီပါတီတွေဟာ သူတို့လူစုတစုရဲ့ အကျိုးကို ပထမရှေးဦးစွာ ကြည့်ပြီး အလုပ်လုပ်နေတဲ့အဖွဲ့ဖြစ်တယ်။ ဒီလိုလုပ်တဲ့အခါကျတော့၊ လူတဦးတယောက်အတွက်ကို ရည်ရွယ်တာ မဟုတ်ဘူး။ ဥပမာ ကျွန်တော်တို့ တိုင်းပြည်က နာမည်တပ်ပြီးတော့ ။ ဦးဖြူ - ဦးမဲအဖွဲ့ ဘယ်သူ့အဖွဲ့ရယ်လို့ရှိတယ်။ ဟိုတိုင်းပြည်တွေမှာတော့ ၊ဒီမှာလို ဦးဖြူ-ဦးမဲ အဖွဲ့မရှိဘူး။ အမေရိကန်ပြည်မှာဆိုရင် ဒီမိုကရက်တစ်ပါတီ၊ အင်္ဂလိပ်ပြည်မှာ ကွန်ဆာဗေး တစ်ပါတီ၊ လစ်ဘရယ်ပါတီ၊လေဘာပါတီ၊အဲဒါမျိုးဟာဘာလဲဆိုရင် ပုဂ္ဂုလ်စွဲ အဖွဲပတွေမဟုတ်ဘူး။ ဒီအဖွဲ့တွေမှာ ရာသက်ပန်ခေါင်းဆောင် မရှိဘူး။ ပါတီဆိုတာကသာ အမြဲတမ်းတည်နေတယ်။ အဲဒီပါတီဆိုတာဟာ သူတို့ဆိုင် ရာလူတွေရဲ့ အကျိုးကို အဓိကထားပြီး တည်ဆောက်ထားတယ်။ ဗမာပြည်မှာတော့ ဒီလိုမဟုတ်ဘူး၊ နောက် ဆုံးတနေ့မှာ တမျိုး၊ ကျွန်တော်တို့ ဗမာပြည်မှာ သေသွားတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ သေသွားပေမယ့်လို့၊ အဲဒီသေသွားတဲ့ခေါင်းဆောင်၊သေသွားတဲ့ ဆ၇ာတော်ရဲ့ နာမည်ကို ယူပြီး အခုထက်ထိ၊ ဒီနာမည် အစွဲပြုပြီး ခေါ်တုန်းရှိသေးတယ်။

ဗမာပြည်မှာ အဲဒီထိအောင် လွဲနေသေးတယ်။ အရင်တုန်းက နည်းနည်းပါးပါး နာမည်ရဘူးတဲ့လူတွေရဲ့ နာမည် ကို အသုံးပြုချင်တယ်။ အမှန်စင်စစ်ကတော့ ပါတီသဘောမျိုး သက်ဝင်တဲ့ရဲ့အဖွဲ့မျိုး မဟုတ်ဘူး။ လူလဲ မရှိဘူး။ ဆိုင်းဘုတ်ဘဲရှိတယ်။ နောက်ပြီးတော့ကာ အဲဒါမျိုးတွေရှိတယ်။သေသွားတဲ့ ကရင်အမျိုးသား တယောက်ရဲ့ နာမည်ကို အစွဲပြုပြီးတော့ ဒီလူရဲ့အဖွဲ့ဆိုပြီး ဖွဲ့ထားတယ်။ ဒီတော့ ဘယ့်နဲ့ဖြစ်နေသလဲဆိုတော့၊ ဒါတွေက သက်သက် နိုင်ငံရေး သဘောတရားဘာမှမပါတဲ့ အဖွဲ့မျိုးတော့ ဖြစ်နေတယ်။ ကျွန်တော်တို့က ဗမာပြည်မှာ ဘယ်လိုဖြစ်စေချင်သလဲဆိုလို့ရှိရင် အစွဲရှိနေတဲ့ အဖွဲ့တွေဟာ လက်ငင်း မဖျက်နိုင်လို့ရှိရင် (နောက်မှ ကျွန်တော် ပြောပြမယ်)။

ကျွန်တော်တို့ ဘယ်လိုတည်ဆောက်ရမယ် ဆိုလို့ရှိရင် ကမ္ဘာ့နိုင်ငံရေး အဆင့်အတန်းနှင့် လိုက်လျောညီစွာ ဗမာ ပြည်မှာရှိတဲ့ နိုင်ငံရေး အဆင့်အတန်းကို မြှင့်တင်တဲ့အနေ မျိုးဖြစ်အောင် သူ့ဆိုင်ရာဆိုင်ရာ အကျိုးနဲ့ ၊ လုပ်ငန်းရဲ့ သဘောနဲ့။ ရည်ရွယ်ချက်နဲ့ ဒီလိုရှိပြီးတော့ကာ စနစ်တကျ တည်ထောင်ဖွဲ့စည်းဖို့လိုတယ်။ အဲဒီလို ဖွဲ့စည်းတဲ့ အခါမှာ မှိုလိုပေါတ်တဲ့ အဖွဲမျိုးများများ မှရိဘဲ ကိုယ်အချင်းချင်း စုစုသွားကြလို့ရှိရင်၊ ဘာဖြစ်သွားမလဲ ဆိုရင် တ ဖြည်းဖြည်း ပါတီတွေဟာ နည်းပါးလာမယ်။ နောက်ဆုံးကျတော့ တခုတည်းသော အဖွဲ့အဖြစ်သို့ရောက်အောင် လုပ်ရမယ်။ ဒီလိုလုပ်တဲ့ အခါမှာ ကျွန်တော်တို့က ပါတီသဘောမျိုး နားလည်ပြီးတော့ နိုင်ငံရေးပါတီတွေကို တည်ထောင်ဖို့လိုတယ်။ ဒီတော့ကာ ပါတီတွေ အကြောင်းကျွန်တော် မပြောသေခင် ခုနကဖွဲ့တဲ့ အလုပ်သမား အဖွဲ့တွေ ၊ လယ်သမားအဖွဲ့တွေ ၊သမ၀ါယမ အဖွဲ့တွေ၊ ဘာ့ကြောင့် တည်ထောင်ရမလဲဆိုတာ နဲနဲ ပြောပြမယ်။ ဒီဟာတွေက ကျွန်တော်တို့ ရှေးတုန်းက ညီညွတ်ရေးဆိုပြီး လုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေ အမြှောက်အမြား လုပ်ခဲ့ တယ်။ နောက်ပျက်စီးသွားကြတယ်။ ဘာကြောင့် ပျက်စီးသွားသလဲဆိုလို့ရှိရင်၊ ကျွန်တော်တို့ လိုက်ပြီးစုံစမ်း ကြည့်ရင် အကြောင်းအမျိုးမျိုးရှိတဲ့ အနက်က အဓိက အကြောင်းကြီးက ဘာလဲဆိုတော့ ဆိုင်ရာဆိုင်ရာလူတွေရဲ့ အကျိုးကို အမြဲတမ်း အားဖြင့် ဆောင်ရွက်နေတဲ့ အစည်းအရုံးမျိုး မဟုတ်ဘူး။ ဆိုင်ရာဆိုင်ရာ လူတွေရဲ့ အကျိုးကို အမြဲတမ်း လုပ်မနေဘူး၊ မထားဘူး၊ လူတွေအဖို့မှာ လွတ်လပ်ရေးဆိုတဲ့ စကားဟာ မြေမထိ မိုးမထိ ဖြစ်နေတယ်။

အဲဒီတော့ လေဖမ်းဝရမ်းချည်းဆိုတာလိုဖြစ်နေတယ်။ လေဖမ်းဒါတွေနဲ့တူလို့ အကောင်အထည် မမြင်နိုင်ဘူး။
အကောင်အထည်နဲ့ လွတ်လပ် ရေးဆိုတာ ၊ နိုင်ငံရေးဆိုတာကို ထင်လာအောင် မြင်လာအောင် ဘယ်လိုလုပ် ရမလဲ ၊ လယ်သမားဟာ သူနေ့တိုင်းတွေ့နေရတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ အဖွဲ့ရှိရမယ်။ ဒီအဖွဲ့ရှိတဲ့ အခါ ကျတော့ ဒီအဖွဲ့ကြီးမှာ လယ်သမားတွေက အမြဲတမ်း အာရုံစိုက်ပြီး နေလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် သူတို့ အကျိုးကို ဆောင်ရွက်နေတဲ့အဖွဲ့ကြီး ဖြစ်တယ်။သူတို့ရဲ့ ပြဿနာတွေကို အမြဲတမ်း လုပ်နေတဲ့ အဖွဲ့ကြီးဖြစ် တယ်။ သူတို့ရဲ့ စိတ်ဝင်စားမှုဟာလျှော့ပါး မသွားနိုင်ဘူး။အဲဒီလို မဟုတ်ပဲနဲ့ မြေမထိ မိုးမထိ အဖွဲ့အစည်းတွေ ဖွဲ့ထားလို့ရှိရင် တိုင်းသူပြည်သားတွေက ခဏစိတ်ဓါတ်တက်တုန်း လိုက်ပါပြီးတော့ နောက်ဆုံး စိတ်မပါတဲ့ အခါ ကျတော့မှ အမြဲလူတွေရဲ့စိတ်ဆိုတာ အမြဲတမ်းပါနေမှာ မဟုတ်ဘူး။ အခုတခါ အစည်းအဝေးကြီးတွေလုပ်တယ်။ သိပ်ပြီးတော့ စိတ်တက်သွားတယ်။ တော်တော်ကြာ အိမ်ပြန်ရောက်သွားတော့ လူမူဒုက္ခတွေ့သွားတဲ့ အခါကျ တော့ လူတွေက စိတ်ပျက်လာရော။ ဟိုသတင်းကြား ဒီသတင်းကြားဆိုရင် စိတ်ပျက်လာမယ်။ ကိုယ့်ဝမ်းစာ အတွက် လုပ်ကိုင်စားသောက်ရတဲ့ အတွက်နေ့စာနေ့ ညစာ ည ကြောင့် မေ့ပျောက်ကုန်မယ်။ အဲဒီလိုစိတ်မျိုး မရောက်အောင် ဆိုင်ရာဆိုင်ရာ လူတွေရဲ့အကျိုး အမြဲကြည့်ပြီး လုပ်နေတဲ့ အဖွဲ့တွေအားဖြင့် ကျွန်တော်တို့က ထိန်းထားရမယ်။ နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်တဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်းလုပ်ရမယ် ၊ အမြဲတမ်း ရှိနေတယ်။

နိုင်ငံရေးဆိုတာက တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူကပြော၊နားထောင်တဲ့သူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ အမြဲအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ မိမိတို့ ပြဿနာတွေကိုလုပ်ပြီတော့ကာ ဖြေရှင်း ရန်အတွက် အမြဲတမ်းလုပ်နေတဲ့ကိစ္စ၊ ဒီတော့ကာ အားလုံးလူတွေရဲ့အကျိုးကိစ္စ၊ လူတွေရဲ့ နိုင်ငံရေး ၊ ဒီတော့ အဲဒီလိုဖြစ်အောင် လုပ်နိုင်ဖို့ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီးထိန်းထားမှသာ လူတွေလဲ အမြဲတမ်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးတော့ တတိုင်းတပြည်လုံးပေါ်မှာရှိတဲ့ လူေူတွဟာ နိုင်ငံရေးသမားဖြစ်လာအောင် ၊ နိုင်ငံရေး စိတ်ဝင်စားလာအောင် ဒီလိုအဖွဲ့တွေရှိရမယ်။

ပါတီတွေနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုတော့ကာ ဒီပါတီတွေကို ဖျက်ပစ်ရင် မကောင်းဘူးလားလို့ ပြော စရာရှိတယ်။ဒီပါတီဆိုတာက ခုနကပြောခဲ့တဲ့အတိုင်း ၊ကျွန်တော် သရုပ်ဘော်ပြချက်အတိုင်း ။ လူတစုရဲ့ အကျိုး ကို အဓိကထားပြီးတော့ ဆောင်ရွက်တာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ကာ ကျွန်တော်တို့ တိုင်းပြည်မှာ လူအမျိုးမျိုး ရှိတယ်။ အလုပ်သမားတွေရှိတယ်။လယ်သမားတွေရှိတယ်။ ဒိပြင်တခြားလူတွေရှိတယ်။ နောက်ပြီး တော့ အရင်းရှင်တွေ ဘာတွေညာတွေအစရှိသဖြင့်ရှိတယ်။ တိုင်းပြည်မှာဆိုရင် နယ်ချဲ့အရင်းရှင် သမားတွေရှိြ တယ်။ (ဥပမာ .... စတီး၊ ဘုံဘေဘားမား၊ ဘီအိုစီ) ဒီလူတွေဟာတဦးနှင့်တဦး အကျိုးချင်းမတူညီကြဘူး။ အကျိုး မတူတာတွေကို အကျိုးတူတယ်လို့ သွားပြောယင် အလကားပဲ၊ အလုပ်သမားနှင့် အလုပ်ရှင်ဟာအကျိုးချင်း နေ ရာတကာမှာ နေရာတကာမှာမတူဘူး။ အလုပ်သမားနှင့် အလုပ်ရှင်ဟာ အကျိုးချင်း နေရာတကာမှာမတူဘူး။ အ လုပ်သမားက အလုပ်လခကို ပိုရချင်တယ်၊ အလုပ်ရှင်ကလျှော့ပေးချင်တယ်၊ အလုပ်ရှင်က ဘာကြည့်သလဲဆို ယင်များသောအားဖြင့် အလုပ်ရှင်က အလုပ်သမားတွေရဲ့ လိုလားချက်တို့ ဘာတို့ညာတို့ကို အလုပ်သမားတွေရဲ့ လခကို သိပ်မပေးချင်ဘူး၊ လျှော့တန်သလောက်လျှော့ပစ်ချင်တယ်။ စောစောတုန်းက အလုပ်သမားသပိတ်တွေ သစ်စက်သပိတ်မှောက်တာနဲ့ ပက်သက်ပြီးတော့ ကျုပ်တို့ကြားပီးပီ။ လခလျှော့ပစ်လို့ စတီးသစ်စက်တွေ သပိတ် မှောက်တယ်ဆိုတာ။ အမှန်ကအလုပ်သမားတွေရဲ့ လခဟာ ရှေးတုန်းကရတဲ့အခလောက်တောင်မရှိဘူး။ ပြီး တော့စားကုန်သောက်ကုန်ဈေးတွေက အားလုံးသိကြတဲ့အတိုင်း၊ အများကြီးမြင့်နေတယ်၊ ဒီအထဲမှာရတာက လေးတောင် ပိုမပေးတဲ့အပြင် လျှော့တောင်ပေးချင်တယ်။ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ အကျိုးမတူဘူး။ ဒါ မျိုးတွေ ရှိတယ်၊ လယ်သမားနဲ့လယ်ပိုင်ရှင်ဟာ ဒီလိုဘဲ။ ဥပမာလယ်သမားမှာ ကြွေးမြီဟောင်းတွေတင်နေလို့ အ တိုးရောအရင်း ပါပေးပြီးတဲ့နောက် ကျန်ရှိနေတဲ့အကြွေးတွေဟာ လယ်သမားမျက်စေ့နဲ့ကြည့်မယ်ဆိုရင် ဒီကြွေး တွေကို လျှော်ပစ်ဘို့ ကောင်းတယ်။ သို့သော်အဲဒီကြွေးတွေကိုလယ်ရှင်က တောင်းရတယ်။ လယ်ရှင်ရဲ့ မျက်စေ့နဲ့ ကြည်မယ်ဆိုယင်၊ လျှော်ပစ်ချင်မှာ မဟုတ်ဘူး။

အဲဒါမျိုးဖြစ်ပေါ်နေတာတွေကို အဓိကထားပြီး၊ တည်ထောင်တဲ့အဖွဲ့ မျိုးဆိုတာ၊ ဘယ်တိုင်းပြည်မဆို ပေါ်ပေါက် စမြဲ၊ ပေါ်ပေါက်တတ်တယ်။ ရာဇ၀င်သဘောအတိုင်း ဖြစ်နေတာ၊ ဒီရာဇ၀င်သဘောအတိုင်း ဖြစ်နေတာ၊ ဒီရာဇ ၀င်သဘောတရားတွေကို လူတွေ ဟာမလွှဲဖယ်သာနိုင်ဘူး။ မလွှဲမရှောင်နိုင်တော့ကာ၊ ဒီဟာက အနည်းနဲ့အများ ပေါ်ပေါက်လာတော့ကာ၊ သူ့သဘောတရားနဲ့သူ ဖြစ်လာတာတွေကို ဖျောက်ပစ် ဘို့နည်းတစ်နည်းက ဒီဗမာ ပြည်မှာ လူတန်းစားမရှိတဲ့ အခြေအနေရောက်အောင်လုပ်မှ ဖြစ်နိုင်မယ်။ ဒီတော့ကာ လူချင်းအတန်းအစား ကွဲ ဒါမျိုး ရှိနေသမျှကာလပတ်လုံး အနည်းနဲ့အများ ပါတီတွေဟာ ပေါ်တန်သလောက်ပေါ်လာမယ်၊ ပေါ်တော့က ဒီလိုပေါ်တဲ့အခါမှာ လွတ်လပ်ရေးကိုလဲ သဘောတွေ၊ အယူအဆတွေ အမျိုးမျိုး ဖြစ်လာမယ်။ လွတ်လပ်ရေးဆို တဲ့သဘောက အမျိုးမျိုးရှိတယ်။

ဦးဘဖေကြီး ဟောပြောနေကြဆိုယင်လွတ်လပ်ရေးက လေးမျိုးရှိတယ်။ အမှန်ကတော့ လေးမျိုးမကဘူး၊ ဥပမာ - တိုင်းပြည် လွတ်လပ်တယ်ဆိုတာက နိုင်ငံကတော့ လွတ်လပ်တယ်၊ လူမျိုးကတော့မလွတ်လပ်ဘူး၊ ပြောချင် တာ မပြောရဘူး။ တရားသဖြင့် ခုထင်မြင်တာ မပြောရ၊ ဆိုချင်တာမဆိုရ၊ ရေးချင်တာ မရေးရ၊ လုပ်ချင်တာ မ လုပ်ရ၊ အဲဒါမျိုးဟာ ဂျပန်ခေတ်တုန်းက ခံခဲ့ရတယ်။ အဲဒီလို လွတ်လပ်ရေးမျိုးဟာ ပါးစပ်ပိတ်၊ ကြောက်လန့်ပြီး တော့ အမြဲတမ်းနေရတဲ့ လွတ်လပ်ရေးဖြစ်တယ်။ ဓားမိုးထားတဲ့ လွတ်လပ်ရေးပဲ၊ တိုင်းသူပြည်သားတွေမလွတ် လပ်ဘူး၊ ရှေးတုန်းက ဗမာမင်းလက်ထက်မှာ ဒီအတိုင်း၊ တိုင်းသူပြည်သားတွေ မလွတ်လပ်မှုတွေ ရှိတန်သ လောက်ရှိတယ်။ ဥပမာ - ရနောင်မင်းသား မောင်တုတ်၊ သီပေါမင်းလက်ထက်တုန်းက ရနောင်မင်းသား မောင် တုတ် လုပ်တာမျိုး၊ ရှင်ဘုရင့်ယောက်ဖလုပ်တာတွေဆိုတော့ မပြောရဲကြဘူး။ ဒီမင်းသား မောင်တုတ်က၊ ဘာ လုပ်သလဲဆိုယင်၊ ရှင်ဘုရင့်ယောက်ဖဆိုပြီး မြို့ ပြင်ဝေးရပ် ထွက်လယ်၊ ချောချောလှလှသမီးဆိုယင်၊ ဆိုင်ကန္နား အိမ်တွေ့ပီဆိုမှဖြင့် အိမ်ရှေ့ မှာ သူ့လှံစိုက်လိုက်တာဘဲ၊ ဒီတော့သမီးရှင် အုပ်ထိန်းသူများက ကန့်လန့်ကာတွေ ထောင်ပေးရတယ်၊ မောင်တုတ်ကလဲ ကိစ္စပီးတဲ့အခါ သည်ပြင်နေရာတွေမှာလဲ ဒီလိုဘဲလုပ်တာဘဲ၊ အဲဒီတော့ ကာ တိုင်းသူပြည်သားတွေက မလွတ်လပ်ဘူး၊ တိုင်းပြည်မှာ လွတ်လပ်တယ်ဆိုပေမဲ့၊ ဘယ်သူတွေက တိုင်းပြည် ကိုအုပ်ချုပ်မှာလဲ၊ ဘယ်သူတွေကဘယ်လိုလူတွေ အကျိုးအတွက်လုပ်မလဲဆိုတော့၊ အချို့ က ပြောလိမ့်မယ်၊ လွတ်လပ်ရေးဆိုတာ ဘယ်သူ့အတွက်လဲ လူနည်းစုအတွက်လား၊ လူများစုအတွက်လားဆိုတာ၊ မေးနေစရာ မလိုဘူး လူများစုအတွက်လို့ ပြောမှာဘဲ။

တချို့ လူတွေပါးစပ်အားဖြင့် ပြောပေမဲ့ လက်တွေ့အားဖြင့် လုပ်တဲ့နေရာမှာ ဒီလိုသဘောထားချင်မှာထားမယ်။ လုပ်တဲ့နေရာမှာကွဲသေးတယ်။ လယ်သမားတွေလယ်မြေရအောင် စီမံပေးတဲ့နည်းတွေ အမျိုးမျိုးရှိတယ်။ ဒီလိုအ ယူအဆတွေ အမျိုးမျိုး ပေါ်နိုင်တယ်။ နောက်ပြီးတော့ကာ လွတ်လပ်ရာ လွတ်လပ်ကြောင်း လုပ်တဲ့အခါမှာ လူ များစုရဲ့လွတ်လပ်ရေးရအောင် လူများစုရဲ့အားကိုယူပြီး၊ မတည်ပြီး အလုပ်လုပ်ဖြစ်မယ်လို့ ဒီလိုအယူအဆတွေ ရှိ တယ်။ တချို့ က လွတ်လပ်ရေးဆိုတာဟာ ပဌမရအောင် လုပ်ရမယ် နောက်ပြီးတော့မှ လွတ်လပ်ရေးရတဲ့အခါက မှ ဖြူမယ်၊ မဲမယ်ဆိုတာကို နောက်မှာ စဉ်းစားတာပေါ့လို့ပြောကြတယ်။ ဒါကဘာလဲဆိုတော့ ၀ိုးတိုးဝါးတားလုပ် ပြီး လူများစုတွေကို ဘမ်းပြရုံပြပြီး၊ တိုင်းသူပြည်သား လွတ်လပ်ရေးရအောင် လုပ်ပီး။ လူများစုကို အငိုက်ဖမ်းပြီး၊ မိမိတကိုယ်ကောင်း တစုကောင်းလုပ်ချင်တဲ့ သဘောဘဲ၊ တိုင်းသူပြည်သားလူထုကိုပြပြီးတော့ တနည်းအားဖြင့် ဆိုယင် မျောက်ပြပြီး ဆန်တောင်းတဲ့နည်းမျိုးဘဲ၊ ဒီလိုနည်းနဲ့ လွတ်လပ်ရေးရတာလား၊ လူများစု လူထုနဲ့လွတ် လပ်ရေး မဖြစ်နိုင်ဘူးလို့ ယူဆတဲ့လူတွေလည်း ရှိကြတယ်။ အဲဒီလိုအယူအဆတွေရှိတော့ကာ တဦးနှင့်တဦး လူ တစုနှင့်တစုသဘော ကွဲပြားလာပြီးတော့၊ ပါတီဆိုတာမျိုး ပေါ်ပေါက်လာကြတယ်။

ဒီလိုပေါ်ပေါက်လာတာတွေဟာရာဇ၀င်အလျောက် ဖြစ်ပေါ်လာတာ ဖြစ်လို့မို့၊ ကျုပ်တို့ အရမ်းတားလို့မဖြစ်နိုင် ဘူး၊ ဘိုးတော်ဘုရား လက်ထက်၊ ရှင်ဘုရင်ကနေပြီးတော့၊ ဦးပေါ်ဦးကို ဒီရေတက်လာတာသွားပြီး ကြိမ်နဲ့အရိုက် ခိုင်းတော့ကာ ဒီလိုမဖြစ်နိုင်ဒါအလုပ်ခိုင်းတော့ ဦးပေါ်ဦးက ပြန်လျှောက်တယ်။ ထိုခေတ်က တိုင်းသူပြည်သား တွေက ရှင်ဘုရင်စိတ်မဆိုးအောင်လျှောက်ရတာကိုး။ အရှင်ဘုရားရဲ့ ဘုန်းတော်ကြောင့် ပေးအပ်လိုက်တဲ့ကြိမ် ဒဏ်တော်ကို မခံနိုင်တဲ့အတွက် ဒီရေဟာရောင်ရောင်ထလာတယ်ဆိုတဲ့စကား သွားအမှတ်ရတယ်။ အမှန်စင်စစ် ကတော့ အရှင်ဘုရားလုပ်ခိုင်းတဲ့အတိုင်းမဖြစ်နိုင်ပါလို့ ပရိယာယ်သုံးပြီးတော့လျှောက်တာဘဲ၊ အဲဒီအတိုင်းဘဲ။ ဒီလိုဖြစ်နေတာတွေက ရာဇ၀င်အကြောင်းတရားတွေ၊ ရာဇ၀င်သဘောတရားတွေ၊ စေ့ဆော်ပြီး ပေါ်ခဲ့တဲ့အဖွဲ့အ စည်းမျိုးဆိုယင် တားဆီးဘို့ခဲယဉ်းတာကိုကျွန်တော်တို့ဒီအတိုင်းကြည့်နေရမလား၊ ဒီအတိုင်းကြည့်နေဘို့မလို ဘူး။ ဒီအတိုင်းကြည့်နေမယ်ဆိုတာ ကျွန်တော်တို့ကလူဆိုတဲ့ ကျွန်တော်တို့ သဘောကိုသေသေချာချာ နားမ လယ်လို့ ဖြစ်မယ်။

လူဆိုတာ ဖန်တီးနိုင်တဲ့သတ္တိရှိတယ်။ ခွန်အားရှိတယ်။ ဘာဘဲဖြစ်ဖြစ်၊ ကမ္ဘာလောကကြီးမှာ ဖြစ်နေတဲ့ သဘာဝ တရားတွေ၊ လူကနောက်ဆုံးမှာ လွှမ်းမိုးရမယ်၊ တောင်ကြီးပေမယ်လို့ ဖ၀ါးအောက်ရောက်တယ်၊ အဲဒီလိုဘဲ၊ ဘယ်လောက်အပြန့်ကျယ်တဲ့ သမုဒ္ဒရာကြီးတွေကိုတောင်မှ လူရဲ့ဥာဏ်နဲ့ဖန်တီးလိုက်တဲ့ သင်္ဘောတွေ၊ ရေငုပ်သ င်္ဘောတွေ၊ လေယာဉ်ပျံတွေနဲ့ ကူုးပြီး သွားလာနိုင်အောင် လူတွေဟာ ဖန်တီးလာခဲ့တယ်။

ဘာသတရားအရ ပြောရမယ်ဆိုယင်လူကမှ ဘုရားဖြစ်နိုင်တယ်၊ ဒီတော့ကာ လူမှာ ဖန်တီးနိုင်တဲ့ အစွမ်းသတ္တိရှိ တယ်၊ ရာဇ၀င်ကို ဘယ်သူက ဖန်တီးသလဲ။ လူကမှ ဖန်တီးတယ်မဟုတ်လား၊ လူကဖန်တီးတယ်ဆိုတာ၊ အ ကြောင်းမဲ့ အရမ်း ဖန်တီးဒါကို ပြောဒါမဟုတ်ဘူး။ အဲဒီလို အတင်းပြောင်းလို့မရဘူး။ ကျွန်တော်တို့က ဘာနား လည်ရမလဲ၊ ဖြစ်ပေါ်လာတဲ့ လောကရဲ့ အကြောင်းတွေ၊ ရာဇ၀င် သဘောတရားတွေကို နားလည်ပီးတော့ အလုပ် လုပ်ရမယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ကာ ဥပမာ - ရေတံခွန်ကြီး ဆင်းလာတာကို ကျွန်တော်တို့အမျိုး မျိုးသုံးနိုင်တယ်၊ ဒီရေတံခွန်ကြီးကို သေသေချာချာ ကျကျနန ဖမ်းလိုက်ပြီး၊ ရေတံခွန်က ပါဝါကို လျှပ်စစ်ဓါတ်ရ အောင် လုပ်နိုင်တယ်၊ မဖမ်းတတ်၊ မသုံးတတ်ယင်၊ ရေတံခွန်ဟာ လူတွေရဲ့အကျိုးဆုတ်ယုတ်အောင် လုပ်နိုင် တယ်။

ခုနကကျွန်တော်တို့ တပ်မတော်တွေ၊ ပဲခူးတိုက်ပွဲ၊ စစ်တောင်းတိုက်ပွဲတွေတုန်းက ဂျပန်ရန်ကို စိုးရိမ်ပြီးတော့ အင်မတန် ကြိုးကြိုးစားစား မြစ်ကျိုးရကာတာကို ကာကွယ်ခဲ့တယ်။ အကယ်၍သာ ရေကာတာကြီးသာပျက်စီး သွားမယ်ဆိုယင်၊ အဲဒီအောက်မှာရှိတဲ့အိမ်တွေ၊ အိုးတွေ၊ လယ်တွေ၊ မြေတွေဟာ အင်မတန် ပျက်စီးသွားမယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ရံဖန်ရံခါအားဖြင့် ရေလွှမ်းမိုးတာ ဖြစ်တယ်မဟုတ်လား၊ ရေလွှမ်းမိုးတာတွေကို ရေမ လွှမ်းမိုးရအောင် စီမံနိုင်တဲ့နည်းတွေရှိတယ်။ ဘာ့ကြောင့် ရေလွှမ်းသလဲ၊ အကြောင်းရှိတယ်၊ ဟိုလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်တုန်းက အခု ဖ-ဆ-ပ-လ အဖွဲ့ကြီးထဲမှာပါတဲ့ ဦးဘဖေတို့ကိုယ်တိုင် ဟိုတုန်းက ချယ်ယာ မင်လုပ်ပြီး စုံစမ်းရေးကော်မီတီဆိုပြီးတော့ စုံစမ်းခဲ့တယ်၊ ဒါတွင်မကသေးဘူး၊ ဘာ့ကြောင့်ရေလွှမ်းမိုးတယ်၊ ဘယ်လိုစီိမံဖို့ကောင်းတယ်၊ အဲဒါမျိုးတွေအကြံဥာဏ်ပေးတယ်။ ဒါတွေဟာ နတ်ဖမ်းစားတာနဲ့ မဆိုင်ဘူး၊ သိ ကြားမင်းကလဲ စိတ်ဆိုးလို့လုပ်တာမဟုတ်ဘူး၊ သူ့အကြောင်းနဲ့သ ဖြစ်လာတာ သေသေချာချာ နားလည်ပြီးလုပ် ကိုင်လို့ရှိယင်၊ လူတွေဟာ ရေမလွှမ်းမိုးနိုင်အောင် စီမံဖန်တီးနိုင်ရမယ်။

ဒီတော့ကာ ရာဇ၀င်အကြောင်းတရားတွေနဲ့ စေ့ဆော်လို့ပေါ်လာတဲ့အဖွဲ့အစည်းမျိုးရှိလာလို့ရှိယင်၊ ဒီလိုအဖွဲ့အ စည်းမျိုးတွေကို ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ၊ ရာဇ၀င်သဘောတရားတွေ၊ အကြောင်းတရားတွေအရ သေ သေချာချာ လုပ်ကိုင်ပြီးတော့ကာ ကျွန်တော်တို့ တိုင်းပြည်နဲ့လူမျိုးအကျိုး ရှိရာရှိကြောင်း လမ်းညွှန်ပြီးသွားနိုင်ရ မယ်၊ ဒီလိုမှသာ ကျွန်တော်တို့လိုချင်တဲ့ ရည်ရွယ်ချက်တူ၊ အကျိုးတူ၊ အလုပ်တူ ညီညွတ်ရေးကိုရအောင်လုပ်နိုင် ပြီး၊ တကယ့် ညီညွတ်ရေးဆီကို လှမ်းသွားနိုင်မယ်။

“ယခုအခါ ဗြိတိသျှ နယ်ချဲ့ သမားလက်အောက်မှ လွတ်မြောက်ရေး၌ တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသောရည်ရွယ်ချက်များရှိသော အထက်ပါ လူတန်းစား အစည်းအရုံးများ၊ တိုင်းရင်းသားလူစုအဖွဲ့များနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေးအင်အားစုပေါင်းဆုံရာ ဖြစ်သော ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးနှင့်တကယ့် အမျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင် တည်ဆောက်ကာ ဗမာပြည်လွတ်လပ်ရေးကို အရယှူုရန် ဤညီလာခံသ ဘင်ကြီးက ဆုံးဖြတ်ကြောင်း”

ဒါက ခုနပြောသလို သူ့အလိုလို တူညီတဲ့ အကျိုးတွေနဲ့ ဖွဲ့စည်းပြီးတော့ကာ အားလုံးရဲ့အကျိုးကို တူညီတဲ့ တမျိုး သားလုံးရဲ့ အကျိုးဟာ ဘာလဲဆိုယင် ခုနေအခါမှာ လွတ်လပ်ရေးဘဲ။ ဘယ်လို လွတ်လပ်ရေးလဲ၊ မလွတ်လပ်တဲ့ ကုန်သည်တွေဟာ အချုပ်အချယ် အမျိုးမျိုးခံနေရတယ်၊ မလွတ်လပ်တဲ့ တိုင်းနိုင်ငံမှာရှိတဲ့ လယ်သမားတွေလဲ အချုပ်အချယ် ခံနေရတယ်၊ အလုပ်သမားတွေဟာလဲ ဒီအတိုင်းဘဲ ခံနေရတယ်၊ ဒီတော့ကာ အားလုံးဟာ သူ့အ လျောက်သူ တူညီတဲ့ အကျိုးရှိတယ်၊ တူညီတဲ့ရည်ရွယ်ချက်ရှိတယ်၊ အဲဒီလိုတူညီတဲ့အကျိုး၊ တူညီတဲ့ရည်ရွယ် ချက်ရှိတဲ့အတွက် တူညီတဲ့အလုပ် လုပ်မှသာလျှင် ရမယ်၊ ဒီတော့ ဒီလိုရအောင်အင်အားတွေစုထားတဲ့ ဖ-ဆ-ပ- လ အဖွဲ့ချုပ်ကြီးထဲမှာ အားလုံးဝင်ပြီးတော့ဒီအဖွဲ့ချုပ်ကြီးရဲ့ခေါင်းဆောင်များ လမ်းညွှန်ရာကို နာခံပြီးတော့ကာ အဖွဲ့အစည်းထဲမှာမပါတဲ့ တိုင်းသူပြည်သား အများမပြားကလဲ ဒီအဖွဲပကြီးမှာ တသီးပုဂ္ဂလများအဖြစ် ပါဝင်ပူး ပေါင်းပြီးတော့ လွတ်လပ်ရေးကို ရယူဖို့၊ဒီညီလာခံသဘင်ကြီးက ဆုံးဖြတ်ဖို့ပဲ။ပါတီတွေနဲ့ ပတ်သက်ပြီးတော့ကာ သဘောထားကို ပြောပြီးတဲ့အတိုင်း ဒီညီညွတ်ရေးလုပ်တဲ့အခါမှာ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးရဲ့ အမျိုးသား စည်းရုံးခြင်းဟာ၊ ဂျီ-စီ-ဘီ-အေ အစည်းအရုံးနဲ့ မတူဘူး၊ အိန္ဒိယပြည်က လူအများသိနေတဲ့ (Indian National Congress) ကွန်ဂရက် အစည်းအရုံနဲ့လဲ အတူနိုင်ဘူး၊ နဲနဲဆင်တူသလောက် တူတာကိုပြောရယင်၊ ဘိလပ်မှာ ရှိတဲ့ လေဘာပါတီဆိုတဲ့ အလုပ်သမားအဖွဲ့မျိုးနဲ့တော့ ဆင်သလောက် ဆင်တယ်၊ အဲဒီအလုပ်သမား အဖွဲ့က ဘယ်သူတွေ ပါသလဲ ဆိုတော့ အလုပ်သမားအဖွဲ့၊ အလုပ်သမားသမဂ္ဂအဖွဲ့ (T.U.C) ၊သမ၀ါယမအသင်း အဲဒီ အဖွဲ့တွေ ပါတယ်။ ဒိပြင် တသီးပုဂ္ဂလအားဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့တွေလဲပါတယ်။ နောက်ပြီးတော့ တရုပ်ပြည်မှာ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်လောက်က ဒေါက်တာ ဆွန်ရက်ဆင် ကြီးမှုးပြီးတော့၊ တရုပ်ပြည်ကြီးရဲ့ သမ္မတနိုင်ငံ တည်ထောင်ဘို့အတွက် တော်လှန်ရေး လုပ်တဲ့အခါတုန်းက တည်ထောင်ခဲ့တဲ့ ကူမင်တန်အဖွဲ့အ စည်းခေါ်တဲ့ တရုပ်ပြည်က အမျိုးသားအဖွဲ့အစည်းနဲ့လဲ တူသလောက်တူတယ်။

အဲဒီအခါတုန်းက အဲဒီအဖွဲ့ထဲမှာ နိုင်ငံရေးပါတီတချို့ ထည့်ပေးထားတယ်၊ ဒေါက်တာဆွန်ရက်ဆင်ဟာ တသီး ပုဂ္ဂလအားဖြင့်လဲ ဖွဲ့စည်းတယ်။ အဲဒါမျိုး ရှိတယ်။ ဒီတော့ လူတွေက ဘယ့်နဲ့ဖြစ်သလဲဆိုတော့ ၊ ဖ-ဆ-ပ-လ အဖွဲ့ ချုပ်ကြီးမှာ အဖွဲ့အသီးသီးတွေလဲ ပါတယ်၊ လူအသီးသီးတွေလဲ ပါတယ်ဆိုတော့ တချို့က ဒီအဖွဲ့ပါတာကို သ ဘော မပေါက်နိုင်ဘူး။ အိန္ဒိယကွန်ဂရက်မှာလဲ အဖွဲ့တွေမရှိဘူး၊ ဂျီ-စီ-ဘီ-အေ တုန်းကလဲ ဒီလိုဘဲ လုပ်တယ်ထင် ပြီး ပြောနေတယ်၊ ကျွန်တော်တို့က အဲဒါတေံကို သေသေချာချာ သိဘို့လိုတယ်။

ကွန်ဂရက်အဖွဲ့ကြီးဆိုလို့ရှိယင် အမြင်အားဖြင့် ၊ ဘန်းပြအားဖြင့်အမျိုးသား အစည်းအရုံးလို့ထင်မြင်နေပေမယ် လို့၊ အဲဒီအချိန်အခါမှာ အမျိုးသား အစည်းအရုံး မခေါ်နိုင်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီနေရာမှာ မူစလင်လူမျိုးတွေရဲ့အားကိုယူပြီးတော့ ဖွဲ့စည်းထားတဲ့ မူစလင်အစည်းအရုံးကအင်မတန် အင်အားကြီးတယ်။ ဘယ်လိုထိအောင် ထင်ရှားနေသလဲလို့ဆိုတော့ကာ ရွေးကောက်ပွဲလုပ်တဲ့နေရာမှာ မူစလင်အတွက်လူ ၃၀ နေရာရထားတယ်။ ဒီနေရာမှာ မူစလင် ၃၀ စလုံးကို မူစလင်အစည်းအရုံးရသွားတယ်။ ဒီတော့ကာအိန္ဒိယပြည်ရဲ့ ကွန်ဂရက်အဖွဲ့ကြီးဟာ အမျိုးသားအစည်းအရုံး အနေမျိုး မဟုတ်တာ့ဘူး။

ပြည်နယ်တွေမှာလဲ ဒေသန္တရအဖွဲ့တွေ ရှိသေးတယ်။ ကျွန်တော်တို့ အိန္ဒိယပြည်သွားတုန်းကဆိုယင် အဖွဲ့ပေါင်း အများကြီးတွေ့ရတယ်။ တွေ့ရုံမကဘူး ကွန်ဂရက်ထဲမှာ ၀ါဒသဘောမျိုး လွတ်လပ်ရေးကို သဘောအဓိပ္ဂာယ်ခွဲပြီး တော့ လွတ်လပ်ရေးရအောင် ဘယ်လိုလုပ်ဘို့ကောင်းတယ်ဆိုတဲ့ သဘောတွေ ဒီအဖွဲအစည်းထဲမှာနေပြီးတော့ ညီလာခံသဘင်တွေကျယင် လွတ်လပ်ရေးဆိုတာ ဘယ်လိုသဘောမျိုး ဖြစ်ဖို့ကောင်းတယ်။ ဒီလွတ်လပ်ရေးကို အမြန်ရအောင် ဘယ်လိုလုပ်ဘို့ကောင်းတယ်ဆိုပြီး သဘောအယူအဆတွေ အများအပြား ကွဲကြတယ် အားလုံး သဘောကျပြီးပြီဆိုလို့ရှိယင် အများသဘောတူ ဆောင်ရွက်ကြတယ်။ဒါကြောင့် ဒီကွန်ဂရက်မှာလဲ အဲဒီအဖွဲ့မျိုး ရှိတယ်။ အဲဒီအဖွဲ့မျိုးဆိုတာ ဗမာပြည်မှာရှိတဲ့ အဖွဲ့မျိုးကို ပြောတာမဟုတ်ဘူး။

ဗမာပြည်မှာ လူတယောက်ရဲ့နာမည်ကို အခြေခံပြုပြီးဖြစ်တဲ့ အဖွဲ့၊ ဝေစား(၀ါးစေ)ရေး အဖွဲ့မျိုးမဟုတ်ဘဲနဲ့ ခုန ပြောခဲ့တဲ့အဖွဲ့ဟာ အနှေးနှင့်အမြန် ပေါ်ပေါက်မယ်။ ပေါ်ပေါက်တဲ့အခါကျတော့ ခုနပြောသလို အမျိုးသား အစည်းအရုံးဖြစ်တဲ့ ဖ-ဆ-ပ-လ အဖွဲ့ချုပ်လိုဟာမျိုးမျာ ၀င်ရောက်တော့ကာ၊ဒီဖ-ဆ-ပ-လ အဖွဲ့ကြီးရဲ့ ချုပ်ကိုင် ချက်၊ လမ်းညွန်ချက် ထိန်းသိမ်းခြင်းကို ခံယူပြီး လုပ်မယ်ဆိုရင် ညီညွတ်ရေးကို မထိခိုက်နိုင်ပါဘူး။ အဖွဲ့ချုပ် ကြီးက ဘယ်လိုချုပ်ကိုင်ရမလဲဆိုယင် ပါတီအချင်းချင်း ပြိုင်ဆိုင်မှုရှိယင် အကောင်းနည်း ပြိုင်စေရမယ်၊ အဆိုး နည်းမပြိုင်အောင်တားပေးရမယ်။

ဘယ်လိုအကောင်းနည်းပြိုင်ရမလဲဆိုယင်၊ တိုင်းပြည်နှင့် လူမျိုးအတွက် အဖွဲ့ချုပ်ကြီးအတွက် ဘယ်လောက်ထိ အောင်စွမ်းဆောင်နိုင်တယ်၊ လုပ်ပြနိုင်တယ်လို့ တဦးနှင့်တဦး ပြိုင်ကြမယ်ဆိုယင် အကောင်းပြိုင်နည်းမျိုးဘဲ။ ဒီလိုအကောင်းပြိုင်နည်းမျိုးမဟုတ်ဘဲ၊ တဦးနှင့်တဦး ပျက်စီးရာပျက်စီးကြောင်း ၊ တိုင်းပြည်နှင့်လူမျိုးအကျိုး၊ အဖွဲ့ချုပ်ကြီးရဲ့အကျိုးကို ဂရုမမူဘဲပြုလုပ်ကြမယ်ဆိုယင် ဒါ အဆိုးပြိုင်နည်းဘဲ။ ဒီလိုအဆိုးပြိုင်နည်းမျိုး မရှိအောင် အဖွဲ့ချုပ်ကြီးက တားပေးရမယ်။ ပြီးတော့ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ညီညွတ်သည်ထက် ညီညွတ် အောင် လုပ်ပေးရမယ်။ နိုင်ငံရေးပါတီဆိုတာမျိုးကို ပါတီသဘောမျိုး ဖွဲ့စည်းတာမျိုး ရှိစေရမယ်။ အဲဒီလို စည်းကမ်းတွေ သတ်မှတ်ပြီး နိုင်ငံရေးအဖွဲ့တွေကို လက်ခံမယ်ဆိုယင်၊ အဖွဲ့ချုပ်ကြီးဟာလဲ တည်တံ့မယ်။ အမျိုးသား ညီညွတ်ရေးဟာလဲ ပျက်စရာမရှိဘဲ တဆင့်ထက်တဆင့် တိုးပြီး ခိုင်မြဲသွားမယ်။

ဒီ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးထဲမှာ တသီးပုဂ္ဂလတွေလဲပါပါတယ်၊ အခု ကွန်ဂရက်ကြီးတက်တဲ့ လူတွေထဲမှာ တသီးပုဂ္ဂလသဘောမျိုးနဲ့ ကိုယ်စားလှယ်တွေဟာ၊ ပါတီကိုယ်စာလှယ်တွေထက် များပါတယ်။ ဒီတော့ တသီးပုဂ္ဂလလုပ်တဲ့ ပုဂ္ဂိုလ်တွေက ပါတီတွေကို ဂရုစိုက်ပြီး၊ ဒို့တော့ ဂရုမစိုက်ဘူးလို့မထင်ပါနှင့်။ ခင်ဗျားတို့အတွက်လဲ သီးသန့်စည်းမျဉ်းထဲမှာ ထည့်ထားပါတယ်။ အခြေအနေအလျောက်သာ ပါတီတွေကို လက်ခံရတယ်ဆိုကာ နားလည်စေချင်တယ်။ တသီးပုဂ္ဂလလုပ်တဲ့ လူတွေသာ လုပ်တက်လို့ ရှိယာ ပါတီတွေဟာ အဖွဲ့ချုပ်ကြီးလုပ်ငန်းကို အမြဲတစေ ထောက်ခံအောင် လုပ်ပေးနိုင်ပါတယ်။ ပါတီတွေက မဟုတ်တာလုပ်တဲ့အခါ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးကိုသာ ရှေ့ရှုအောင် ရိုက်သွင်းပေး၊ ရိုက်သွင်းမရယင် ၀ိုင်းပယ်ပစ်။ လူထုကို အမြဲတမ်း ဖ-ဆ-ပ-လ နောက် ရှိအောင်လုပ်ယင် ပါတီတွေဟာ ကောင်းကောင်းနေမှာဘဲ။ ဒါခင်ဗျားတို့အပေါ်မှာ တည်ပါတယ်။ ခင်ဗျားတို့လုပ်ဖို့ ဖြစ်ပါတယ်။

နိဂုံးချုပ်တွင် လူငယ်ခေါင်းဆောင်များကို ကျုပ်လဲလူငယ်ဖြစ်တဲ့အတိုင်းအထူး မေတ္တာရပ်ခံချင်တယ်။ လူငယ်တွေဟာ တိုင်းပြည်နှင့်လူမျိုးအတွက် ဘယ်လောက်လုပ်တယ်ဆိုတာ လူအများအပြားသိကြတာပဲ။ လူကြီးတွေဆိုတာလဲ ဒီတိုင်းပြည်မှာ အတော်ဘဲ မရှိကြတော့ဘူး။ လူငယ်တွေရဲ့ခေတ် ရောက်လာပါပြီ၊ ဒီလို မိမိတို့ခေတ် ရောက်လာတဲ့အခါ မိမိတို့ဟာ ရှေးက နိုင်ငံရေးသမားတွေမှားသလို မမှားကြတော့ဘဲနည်းသစ်၊ အလုပ်သစ်၊စိတ်သစ်၊ နိုင်ငံရေးသစ်ကိုလုပ်ဘို့ အထူးသတိပြုစေလိုပါတယ်။ တဦးနှင့်တဦးလဲ အယုံအကြည် အရမ်းမကင်းကြပါနှင့်၊တဦးနှင့်တဦးလဲ ဝေဖန်လွန်းအားမကြီးပါနှင့်၊ ရှေ့ကိုလဲ သိပ်လောမကြီးပါနှင့် သိပ်လောကြီးယင် စစ်ကျွံသလိုဖြစ်မယ် ဆိုတာကို သတိပြုပါ။ စစ်တပ်များဟာ သာမန်စစ်သားရဲ့ခြေလှမ်းနှင့် နှိုင်းချိန်ပြီး စစ်ချီသလို တနိုင်ငံလုံး တမျိုးသားလုံး လွတ်လပ်ရေးပန်းတိုင်ကို တပ်လုံးချီတဲ့အခါ ခြေလှမ်းညီညီညာညာနှင့် တပ်ချင်းပြတ်ပြီး တပ်မကျွံရအောင် ရန်သူက အမှည့်ချွေ၊ ချွေပြီး မတိုက်နိုင်အောင် ၊ ရာဇ၀င်မှာ မင်းရဲကျော်စွာ စစ်ကျွံသလို မကျွံရအောင် မှန်မှန်ကြီး ခရီးသွားဖို့ အထူးအရေးကြီးပါတယ်။ အဲဒီိလို ခြေလှမ်းမှန်မှန်နှင့် တနိုင်ငံလုံး တမျိုးသားလုံးရဲ့ လွတ်လပ်ရေးကို ရှေ့ရှုပြီး ညီညွတ်ရေးကို ဆောင်ရွက်တဲ့အခါ လူငယ်များဟာ တပ်ဦးက ခြေလှမ်းမှန်မှန် လှမ်းကြရန် အရေးကြီးပါတယ်။

ဖ-ဆ-ပ-လ ထဲတွင် အချို့လူကြီးများကို အချို့က သဘောမကျ ပုတ်ခတ်ကြတယ်။ သူတို့တတွေ ဟန်ပါ့မလား။ သူတို့နှင့်ပေါင်းလို့ ဖြစ်ပါ့မလားလို့ ပြောကြတယ်။ ဘုရားလက်လက်မှာတောင် အလဇ္ဖီရဟန်းများရှိယင် ကျုပ်တို့ ဖ-ဆ-ပ-လ မှာလဲ အလဇ္ဖီတွေ ရှိမှာပဲ။ ဒါပေမဲ့ဘုရားလက်ထက်က သူဌေးကြီး တဦးလုပ်သလို ၊ဒီလို နိုင်ငံရေး အလဇ္ဖီတွေကိုလဲ ဆက်ဆံစေလိုတယ်။ ဘယ်လိုလဲဆိုယင်၊ဘုရားလက်ထက်က မဟာဒုတ် ဆွမ်းကျွေးတဲ့အခါ အလဇ္ဖီရဟန်းတပါးကို သူဌေးကြီးတဦးက မဲကျတော့ ကောင်းကောင်းမွန်မွန် သူ့ကို ကျွေးမွေးလွှတ်လိုက်တယ်။ ဒီတော့ ရဟန်းတုက ငါတော့ အမဲမိပြီိလို့ သဘောရပြီး နောက်တခါ သူဌေးကြီးဆီလာပြီး တူရွင်းလာငှားတယ် ဒီတော့ သူဌေးကြီးက ခြေထောက်နှင့်ထိုးပြီး တူရွင်းကို ပေးလိုက်တယ်။ ဒါကို-ဒိပြင် သူတယောက်ကမြင်တော့၊ ခင်ဗျား အရင်တမျိုး။ခုတမျိုး ဘာလို့လုပ်သလဲလို့ မေးတဲ့အခါ သူဌေးကြီးက ဒီရဟန်းက အလဇ္ဖီဖြစ်မှန်း ငါသိတယ်။အရင်တခါ ငါ့ဆီလာတဲ့အခါ သူဟာ သံဃာရဲ့ကိုယ်စားလှယ်အဖြစ်လာတယ်။ သံဃာကို ကြည်ညိုတဲ့သဘောနဲ့ သူ့ကို ဆွမ်းကျွေးလိုက်တယ်။ အခုတခါ သူလာတာဟာ ပုဂ္ဂိုလ်အနေနဲ့ဖြစ်တယ်။ ဒါကြောင့် ဘုရားဟောအတိုင်း ငါမကြည်ညိုချင်ယင် ဖြစ်တယ်လို့ ပြန်ပြောပြတယ်။ အဲဒီအတိုင်းဘဲ၊ ကျုပ်တို့ ဖ-ဆ-ပ-လ ထဲမှာပါတဲ့ ခင်ဗျားတို့သိတဲ့အတိုင်း အလဇ္ဇီတွေရှိယင် ဖ-ဆ-ပ-လ ကို ကြည်ညိုသောအားဖြင့် သူတို့ ကိုဆက်ဆံပါ၊ သို့သော် သူတို့ဖာသာသူတို့ လုပ်တဲ့အခါ ဖ-ဆ-ပ-လ မှစာအထောက်အထားမပါဘဲ၊ သူတို့အကျိုး သူတို့လုပ်တဲ့အခါ ခင်ဗျားတို့မထောက်ခံပါနှင့် ခင်ဗျားတို့ သဘောအတိုင်းဘဲ၊ ဒီလိုလူတွေဟာလဲ၊ တဖြေးဖြေးကျ ရင် ဆန်ပြာသလို ပြာပစ်ရမှာဘဲ၊ ဒီတော့ နောက်ဆုံးကျယင် စင်ကြယ်တဲ့ညီညွတ်ရေး၊ စင်ကြယ်တဲ့နိုင်ငံရေးလုပ် မဲ့လူတွေဟာ၊ ဖ-ဆ-ပ-လ ကြီးမှာရှိပြီး ဖ-ဆ-ပ-လကြီးကို တိုင်းပြည်က အမြဲအားပေးယင်၊ ဘယ်နည်းနှင့်မဆို လွတ်လပ်ရေးဟာ မြေကြီးလက်ခတ်မလွဲတန်း ရမှာဘဲ၊ ဒါကြောင့်ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးထဲ အားလုံး တိုင်းသူ ပြည်သားများဟာ ၀င်ပြီးတော့စင်ကြယ်တဲ့ညီညွတ်ရေး၊ စင်ကြယ်တဲ့နိုင်ငံရေးကို တည်ဆောက်ကြပါလို့မေတ္တာ ရပ်ခံလိုပါတယ်။

၎င်းနောက်ဗိုလ်ချူပ်အောင်ဆန်းက အောက်ပါအဆိုကို တင်သွင်းကြောင်း။

ညီညွှတ်ရေး
“ဗမာပြည်သည် အာဏာပိုင်တိုင်းပြုပြည်ပြုလွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် (၀ါ)လွတ်လပ်ရေး ရအောင်အလိုဆုံး အရာမှာ ညီညွတ်ရေးပင်ဖြစ်ကြောင်း၊ ညီညွတ်ရေး သည် တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည်ဖြစ်ကြောင်း၊ ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားသည် တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့ တွင် အခြေပြုကာ၊ သမဂ္ဂများဖွဲ့၍ ခိုင်မြဲသော ညီညွတ်ရေးကို တည်ဆောက်၍၊ ဗမာပြည်တွင် အလုပ်သမားတို့အ တွက် အစည်းအရုံးတခုသာ ရှိရန်နှင့် အလုပ်သမားတိုင်း ညီညွတ်ရန်လိုပေကြောင်း၊ လယ်သီးစားလယ်ကူလီနှင့် လယ်ယာမြေ ဧကအထိုက်အလျောက်ပိုင်ဆိုင် လုပ်ကိုင်သော တောင်သူလယ်သမားများ အားလုံးသည်တူညီ သောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသောရည်ရွယ်ချက်များတွင် အခြေပြုကာ လယ်သမားသမဂ္ဂများကို တည်ထောင်ကြရန် ဗမာပြည်တွင် တောင်သူလယ်သမားတို့အတွက် တခုတည်းသောအစည်းအရုံးကို တည် ဆောက်ရန်နှင့် တောင်သူလယ်သမားတိုင်းညီညွတ်ရန်လိုပေကြောင်း၊ ထို့အတူ ဈေးသည်၊ ပွဲစား၊ စာရး၊ စာချီ၊ ပညာသည်၊ ရှေ့ နေ စသည်တို့သည်လည်း ဆိုင်ရာဆိုင်ရာ သမ၀ါယမအသင်းများနှင့် သမဂ္ဂများကိုဖွဲ့စည်း၍ ညီ ညွတ်ရေး တည်ဆောက်ကြရန် လိုပေကြောင်း"

“ဗမာနိုင်ငံရှိ တိုင်းရင်းသားများသည်လည်း သက်ဆိုင်ရာ လူမျိုးအလိုက် တခုတည်းသော အစည်းအရုံးကို တည် ထောင်၍ ညီညွတ်ကြရန်လိုပေသည်"

“နိုင်ငံရေးပါတီတို့သည်လည်း လုပ်နည်းနှင့်ဝါဒဟူသော ပါတီအချင်းချင်းပူးပေါင်းခြင်းဖြင့် ပိုမိုခိုင်မြဲအောင် တည်ဆောက်ရန် လိုအပ်ပေကြောင်း အထက်ပါနည်းအရ လူတန်းစား အစည်းအရုံးများ၊ တိုင်းရင်းသား လူနည်း စုအဖွဲ့များနှင့်နိုင်ငံရေးပါတီများသည် အမြန်ဆုံး ခိုင်မြဲညီညွတ်စွာ တည်ဆောက်ရမည် ဖြစ်ကြောင်း။

ယခုအခါ ဗြိတိသျှ နယ်ချဲ့ သမားလက်အောက်မှ လွတ်မြောက်ရေး၌တူညီသော အကျိုး၊ တူညီသောအလုပ်နှင့် တူညီသောရည်ရွယ်ချက်များရှိသော အထက်ပါ လူတန်းစားအစည်းအရုံးများ၊ တိုင်းရင်းသား လူစုအဖွဲ့များနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေးအင်အားစု ပေါင်းဆုံရာ ဖြစ်သော ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးနှင့် တကဲ့အ မျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင်တည်ဆောက်ကာ ဗမာပြည် လွတ်လပ်ရေးကို အရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း။”

အဆိုကို ညီလာခံလူထုက ထောက်ခံအတည်ပြုလိုက်ကြောင်း။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။